ကျွန်တော်ကတော့ ဒုတိယကမ္ဘာစစ်ကျန် စင်္ကာပူ က အမြှောက်ကြီးတွေရဲ့ ပုံကိုပဲပြေးပြေးပြီး မြင်မိတယ်။
တိတိကျကျ နဲ့ ရှင်းလင်းအောင် ပြောရရင် ၁၉၄၁ ဒီဇင်ဘာလ ဒု ကမ္ဘာစစ်အတွင်းက ဘယ်လိုမှ ထိုးဖောက်လို့မရနိုင်ဘူးလို့ နာမည်ကျော်တဲ့ အင်္ဂလိပ်တို့ရဲ့ စင်္ကာပူခံတပ်ကြီးက အမြောက်တွေဟာ ရန်သူ ဖက်ဆစ် ဂျပန်တွေကတော့ ပင်လယ်ဘက်က သင်္ဘောကြီးတွေကို စီးပြီး လာမှာပဲ လို့ အခိုင်အမာကိုယုံကြည်ပြီး ပင်လယ်ပြင်ဘက်ကို ခပ်တည်တည်နဲ့ အခိုင်အမာကို ချိန်ထားခဲ့ကြတာပါပဲ။
တကယ်တမ်း မှာတော့ ဂျပန်တပ်တွေဟာ ကုန်းလမ်းကနေပြီး သေနတ်ကလေးတွေလွယ် စက်ဘီးလေးတွေ စီးပြီး ဝင်လာကြတာပါ၊
စင်္ကာပူ မြို့ထဲမရောက်ခင် မြို့ထဲကို ရေလွှတ်တဲ့ သောက်ရေလှောင်ကန်တွေကိုသိမ်း ရေလွှတ်တဲ့ ပိုက်တွေကို ဖျက်ဆီးပြီး အင်္ဂလိပ်နဲ့ မဟာမိတ်တပ်သားတွေ ရေငတ်ပြီး ဆောက်တည်ရာမရ ရူးကြောင်ကြောင်တွေဖြစ်ကုန်တော့မှ သေနတ်မှာတပ်ထားတဲ့ လှံစွပ်တွေနဲ့ အသာလေး ထိုးသတ်ပြီး စင်္ကာပူကျွန်းကို အသာတကြည် သိမ်းနိုင်ခဲ့ပါတယ်။
ပင်လယ်ပြင်ဆီကို အမြောက်ကြီးတွေ တပြင်ပြင်နဲ့ ရှိနေခဲ့တဲ့ နေမဝင် အင်ပါယာ အင်္ဂလိပ်တွေအဖို့တော့ တကယ့်ကိုရှက်ဖွယ်လိလိပေါ့။
သည် ဥပမာ ဟာ ကျွန်တော်တို့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့ အင်မတန်မှကို လိုက်လျောညီထွေရှိနေသေးတဲ့ ဥပမာပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာလည်း အမျိုးသမီးတစ်ယောက်အတွက် ရည်ရွယ်ပြီး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွေရေးလိုရေးရ
ယောကျာ်းရင့်မာကြီးတွေ ဘောင်းဘီဝတ်ရာကနေ ချိတ်ထမီတွေ ပြောင်းဝတ်ရတဲ့ နိုင်ငံဆိုလို့ ရှားရှားပါးပါး ကျွန်တော်တို့ မြန်မာနိုင်ငံပဲ ရှိသေးတယ်ထင်ပါတယ်။
ကုလားဆန့်ကျင်ရေး အနေနဲ့ တနိုင်ငံလုံး တရားပွဲတွေလုပ် ကုလားမုန်းတီးရေးတွေ ဟောရ၊လက်ကမ်း စာစောင်တွေဖြန့်ဝေရနဲ့ အလုပ်ရှုပ်နေချိန်မှာ တရုတ်နိုင်ငံရဲ့ တိုးပွါးလာတဲ့ လူဦးရေနဲ့ အတူ မြင့်တက်လာနေတဲ့ သတို့သမီး လိုအပ်ချက်ဈေးကွက်ကြီးရဲ့ အဓိကရေသောက်မြစ်ဟာ မြန်မာပြည်ဖြစ်နေတယ်ဆိုတာ မသိရှာကြဘူး၊
ကမ္ဘာပေါ်မှာ ငါးရှဥ့် အများဆုံး တင်ပို့တဲ့နိုင်ငံ အဖြစ် နံပါတ်တစ် စွဲတာက တရုတ်နိုင်ငံဖြစ်နေပြီးတော့ အဲဒီပို့လိုက်တဲ့ ငါးရှဥ့်တွေ အားလုံးဟာ မြန်မာနိုင်ငံ အနှံ့အပြားက ချောင်းတွေမြောင်းတွေကပဲ လာကြတယ် ဆိုတာ မသိကြသေးဘူး။
တရုတ်နိုင်ငံဟာ ကျောက်စိမ်းဈေးကွက်မှာ ဘယ်နိုင်ငံမှ မယှဉ်နိုင်အောင်ဗိုလ်စွဲနေပေမဲ့ အကောင်းဆုံး ကျောက်စိမ်းတွေဟာ ကချင်ပြည်နယ်က ထွက်တဲ့ ကျောက်စိမ်းကုန်ကြမ်းတွေပဲဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ သတိလက်လွတ်ဖြစ်နေကြတုန်းပဲ။
အဲလို အဓိက ကျတဲ့ စီးပွါးရေး ရေလှောင်ကန်တွေကို အပိုင်သိမ်းပြီးနေတာတောင်မှ မဆီမဆိုင် မျိုးစောင့်ဥပဒေ
ကိုလွှတ်တော်မှာတင်သွင်းပြီး ပင်လယ်ပြင်ကို အမြောက်တွေချိန်ကောင်းဆဲ။
ကျွန်တော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီ ခရီးဟာ ဘာနဲ့တူသလဲဆိုတော့ ဆာလောင်ငတ်မွတ်နေတဲ့ ခရီးသည်တွေ အပြည့်တင်ထားပြီး ဝမ်းပေါက်ပြီး ရေတွေ ဒလဟောဝင်နေတဲ့ လှေကြီးတစ်စင်းနဲ့ တူပါတယ်။
လှေကဝမ်းပေါက်တာတင်မဟုတ်သေးဘူး။ပါလာတဲ့ ခရီးသည်တွေကလည်း ရောဂါဘယတွေ ထူပြော၊ ခရီးသည် အချင်းချင်းတွေ ထသတ်လိုသတ်နဲ့ မျောချင်ရာမျောတော့မဲ့လှေကြီး။
ဝမ်းပေါက်ကနေဝင်လာတဲ့ ရေတွေကို ခပ်ထုတ်သူက နည်းနည်း၊ ငါတို့လှေကြီးက အရင်တုန်းက ရွှေရောင်တဝင်းဝင်းနဲ့ အရမ်းကျက်သရေရှိတာခဲ့တာကွလို့ စားမြုံ့ပြန်နေသူကခပ်များများ၊
ဒါ့အပြင် လှေသူကြီး လုပ်သူကလည်း အတော်ကိုကြမ်းတမ်းပြီး ရက်စက်တဲ့ လှေသူကြီး၊ ကြမ်းတာမှ ဘာမျှတမှူမှ မရှိပဲ အသားလွတ် ကြမ်းချင်ရာ ကြမ်းတတ်တဲ့ တိရိစ္ဆာန်သာသာ။
ဆိုလိုချင်တာက ဒီမိုကရေစီဆိုတဲ့ လှေကြီးရွေ့ဖို့က စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှူ ဆိုတဲ့ လှော်တက်ကြီးနဲ့ လူသား အရင်းအမြစ် ဖြစ်တဲ့ ခရီးသည်တွေနဲ့ လှော်ခိုင်းမှရနိုင်မှာပါ။
လှေ သူကြီးက ဟိုခရီးသည်နဲ့ ဒီခရီးသည်နဲ့ ရန်တိုက်ပေးလိုက်၊ ထသတ်လိုက်ကြနဲ့ ဆိုရင်တော့ လှေမြုပ်ပြီး အကုန်လုံး မသာပေါ်ကုန်တာပဲ အဖတ်တင်မှာပဲ။
Posted From အတီး ဝါးလုံးရှည်
thithtoolwin
အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/blog-post_181.html#ixzz2qB42HdrW
Credit @ Ko Nge
No comments:
Post a Comment