Popular Posts!

Sunday, January 26, 2014

ရင်းနှီးမြှုပ်နှံမှုများနောက် အလုပ်နေရာပါမလာ

ပြည်သိမ်း၊ အေးမြတ်သူ

Photo
ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံခြားရ င်းနှီးမြှုပ်နှံမှုများ တစ်နှစ်ထက်တစ်နှစ် အားကောင်းလာသည်။ အထူးစီးပွားရေးဇုန်စီမံကိန်းများ ရေနံပိုက်လိုင်း စီမံကိန်းများ၊ ဟိုတယ်တည်ဆောက်ရေးနှင့် အခြား တည်ဆောက်ရေးစီမံကိန်းများ ၀င်ရောက် လာခြင်းဖြစ်သည်။
သို့သော်လည်း နိုင်ငံသားများမှာ အောက်ခြေ လုပ်ငန်းများမှာပင် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု လွန်စွာနည်းပါးနေသေးသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ မြန်မာအလုပ်သမားများ နိုင်ငံခြားကုမ္ပဏီများတွင် အလုပ်ရရှိမှုမှာ လွန်စွာနည်းပါးနေသည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ အထင်ကရစီမံကိန်းကြီးတစ်ခုဖြစ်သော ကျောက်ဖြူ-ကူမင်းဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းများ၌ တရုတ်နိုင်ငံမှ အလုပ်သမားရှစ်သောင်းကျော်ခေါ်သွင်းပြီး အလုပ်ပေးခဲ့သည်။ တည်ဆောက်ရေးကုမ္ပဏီက မြန်မာနိုင်ငံသားများကို အခြေခံဝန်ထမ်းများဖြစ်သည့် ပန်းရန်၊ လက်သမားလုပ်ငန်းများကိုပင် ခန့်ထားခြင်းမရှိပေ။
“အဓိကအခက်အခဲက လက်မှတ်ပဲ။ ပန်းရန်၊ လက်သမားတွေမှာ ဒါတွေမရှိတော့ သူတို့က ခန့်လို့မရဘူးဖြစ်နေတယ်”ဟု မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်ဦးရဲမြတ်သူက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ၌ တည်ဆောက်ရေးလုပ်ငန်းများတွင် အခြေခံအလုပ်သမားများဖြစ်သည့် လက်သမား၊ ပန်းရန်၊ သံချည်သံကွေးအလုပ်သမားများကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှု မရှိသလောက်ပင်ဖြစ်နေသည်။ သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနက အသိအမှတ်ပြုလက်မှတ်များပေးနေသော်လည်း ကျယ်ကျယ်ပြန့်ပြန့်မရှိခြင်းကြောင့် မြန်မာအလုပ်သမားများအတွက် အလုပ်အကိုင်ရရှိရန် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်ကပြောသည်။
“တရုတ်နိုင်ငံက အလုပ်သမားပေါတော့ လုပ်ခပိုပေးရသော်လည်း သူ့နိုင်ငံသားပဲခန့်တာပေါ့။ အစပိုင်းဆိုတော့ အစိုးရဘက်ကလည်း နည်းနည်းလျှော့ပေးထားတာပါ”ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် အမှုထမ်းအလုပ်သမားများ ခန့်ထားရာ၌ အတတ်ပညာရှင်များနှင့် ၀န်ထမ်းများကို လုပ်ငန်းစတင်သည့်နှစ်မှ ပထမ ၂ နှစ်အတွင်း နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့် ထားရမည်ဟုပါရှိသည်။ သို့သော် အသိပညာအခြေခံသော ၀န်ထမ်းများအတွက် ကော်မရှင်က သင့်လျော်သောအချိန်ကန့်သတ်ချက်ကို တိုးမြှင့်ပြောင်းလဲနိုင်သည်ဟုပါရှိသည်။
“ပန်းရန်၊ လက်သမားလို အခြေခံအလုပ်သမားတွေကိုတော့ နိုင်ငံခြားက လုံးဝခေါ်လာခွင့်ပေးမထားဘူး”ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောကြားသည်။
သို့သော် ရန်ကုန်မြို့၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်နေသော ဟိုတယ်စီမံကိန်းဆောက်လုပ်ရေးစီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပန်းရန်၊ လက်သမားများကို အသုံးပြုမှုလွန်စွာနည်းပါးနေသည်။ ၎င်းတို့နိုင်ငံသားများကိုသာ လုပ်သားများအဖြစ်ခေါ်ယူလာပြီး အလုပ်ပေးထားခြင်းဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို မျက်ကွယ်ပြုပြီး ရင်းနှီးမြှုပ်နှံမှုများကို ရေရှည်မပြုလုပ်လိုသူများက လက်တစ်လုံးခြားလုပ်နေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောကြားသည်။
ဝန်ထမ်းခန့်ထားရာ၌လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ဦးရဲမင်းအောင်ကအကြံပြုသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၉၄ ခုမှ အလုပ်အကိုင်နေရာငါးသောင်းကျော်နှင့် ၂၀၁၃-၁၄ ဒီဇင်ဘာ ၃၁ ရက်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၇၁ ခုမှ အလုပ်အကိုင်နေရာငါးသောင်းကျော်ကို ဖန်တီးပေးနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရင်းများက ဖော်ပြထားသည်။
အထက်ပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ လစာဝင်ငွေနည်းပါးပြီး လုပ်သားအခြေပြုလုပ်ငန်းများဖြစ်သော အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ အအေးခန်းစက်ရုံအများစုတွင်ဖြစ်သည်။ စီမံကိန်းကြီးများဖြစ်သော တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်မှုအနည်းငယ်သာရှိသည်။
ထိုင်း၊ မြန်မာ၊ ဂျပန် သုံးနိုင်ငံပူးတွဲအကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်မှာ မူလက အီတာလျံထိုင်းကုမ္ပဏီက မြေပြင်ပြုပြင်မှုကို လုပ်ကိုင်ခဲ့သည်။ ၎င်းကုမ္ပဏီ၏ လုပ်ငန်းများတွင် မြေတူး၊ မြေသယ်၊ ယာဉ်မောင်းလုပ်ငန်းများကို ဒေသခံမြန်မာလူမျိုးများ အနည်းငယ်ခန့်ထားပြီး ထိုင်းလူမျိုးများကိုသာ အဓိကအလုပ်အကိုင်ပေးခဲ့သည်။
“အလုပ်ရဖို့က သူတို့သတ်မှတ်တဲ့ စည်းကမ်းတွေနဲ့ အလုပ်လုပ်နိုင်သူပဲခေါ်ကြတယ်။ သူတို့သတ်မှတ်တဲ့စံနှုန်းတွေနဲ့က ဒီကလူတွေမကိုက်တာများတယ်”ဟု ကောင်းမြတ်သူပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာဦးစိုးမင်းကဆိုသည်။
ထို့အပြင် ပြည်တွင်းသို့ လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားလုပ်ငန်းများမှာ လူများစွာကို အင်တာဗျူးပြီးမှ အနည်းငယ်ကိုသာ အလုပ်ခန့်အပ်လေ့ရှိသည်။
“လူနှစ်ထောင်လောက်လျှောက်တာ လူနှစ်ရာအင်တာဗျူးပြီး ၁၇ ဦးပဲ ခန့်တယ်”ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ ဒါရိုက်တာတစ်ဦးကဆိုသည်။
ပြည်တွင်း၌ ပညာရေးခြေခံအားနည်းခြင်း၊ လုပ်နိုင်စွမ်းရည်ရှိသော်လည်း အထောက်အထားလက်မှတ်များ မရှိခြင်းတို့ကြောင့် အလုပ်အကိုင်ရမှုနည်းပါးနေသည့်အပြင် ရာထူးနှင့်တာဝန်ချင်းတူသော်လည်း သတ်မှတ်သည့် လစာနှုန်းထားအတိုင်းမရဘဲ ခေါင်းပုံဖြတ်မှုများရှိနေကြောင်း ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမည်ဟု လူအများကမျှော်လင့်ထားကြသည်။ သို့သော် အချိန်ကာလတစ်ခုကြာမြင့်လာသည့်အခါ အခြေခံလူတန်းစား အလုပ်သမားများအတွက် မေးခွန်းထုတ်စရာဖြစ်လာသည်။ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့်အတွက် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသူ သုံးသန်းခန့်ရှိကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က မကွေးမြို့တွင်ပြောကြားသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားများ အဆင်သင့်မဖြစ်သေးချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခဲ့ခြင်းကြောင့် ပေးကားပေး၏မရဆိုသည့်ကိန်းဆိုက်ရ၏။
မြန်မာနိုင်ငံတွင် ယနေ့ထိ အများဆုံးရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်ထိ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်
ရင်းနှီးမြှုပ်နှံထားသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ ၃၂ ရာခိုင်နှုန်း ရှိနေသည်။
Ref:7daynewsjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!