Popular Posts!

Sunday, January 12, 2014

မြန်မာနိုင်ငံ တရားစီရင်ရေးကို လက်ရှိ အနေအထား!

တရားစီရင်ရေးကို လက်ရှိအနေအထားမှ ပြုပြင်ပြောင်း လဲရေး (၁)

Written by  ဦးအောင်ဝင်း (တရားရေး/ငြိမ်း)
မြန်မာနိုင်ငံ တရားစီရင်ရေးကို လက်ရှိ အနေအထားကနေ ပြုပြင်ပြောင်းလဲကြဖို့ သန္နိဋ္ဌာန် ချထားကြောင်း ပြောဆို ကတိပေးထားတာတွေ ရှိခဲ့ဖူးတယ်လို့ ပြောကြပါတယ်။ သန္နိဋ္ဌာန်တွေ ဘယ်လိုပင် ချထားခဲ့ဖူးကြပါစေ၊ ပြုပြင်ပြောင်းလဲဖို့ လုပ်ငန်း အတတ်ပညာ၊ အသိပညာ၊ လုပ်ငန်း အတွေ့အကြုံ၊ လုပ်ငန်းဆိုင်ရာ အတွေးအခေါ်တွေ မရှိခဲ့ရင် နှစ်သက်တမ်းတွေသာ တရွေ့ရွေ့နဲ့ များစွာကြာညောင်း ကုန်ဆုံး သွားပါလိမ့်မယ်။ ခြေတစ်လှမ်းမှတောင် ပြင်ဖို့ မဖြစ်နိုင်ပါဘူး။ လုပ်ငန်း ဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံနဲ့ အတွေးအခေါ်တွေ ရှိဖို့က ပထမအဆင့် လိုအပ်ပါတယ်။
ဘယ်လိုပြုပြင် ပြောင်းလဲမှုတိုင်းမှာ ဖြစ်ဖြစ်၊ တီထွင်ဆန်းသစ်မှုတိုင်းမှာ ဖြစ်ဖြစ် ဒါတွေက ပထမ ခြေလှမ်းတွေ ဖြစ်ကြပါတယ်။ ဒါတွေ မရှိခဲ့လို့လည်း မပြုပြင်၊ မပြောင်းလဲနိုင်တဲ့အပြင် ယခုအထိ ငုတ်တုတ်ထိုင်နေ ဖြစ်ရာကနေ နောက်ပြန် ဆုတ်လဲကျမှုတွေ ဖြစ်နေဆဲပါပဲ။


ဒီတော့ လက်ရှိ ရှိနေတာတွေ၊ သိထားတာတွေ၊ ကြုံတွေ့လာရတာတွေနဲ့ ဖြစ်သင့် ဖြစ်ထိုက်တာတွေထဲကမှ ဘယ်လို ပြုပြင်ပြောင်းလဲ သင့်တယ် ဆိုတာတွေနဲ့ ပတ်သက်လို့ တင်ပြချင်ပါတယ်။ တရားစီရင်ရေးကို လွတ်လပ်ရေး ရစကလို ပြည်သူတွေ ယုံကြည်ကိုးစားမှု ပြန်လည် စတင်ရရှိ ကောင်းမွန်လာစေရေးနဲ့ ဒီလိုပြုပြင်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါရကောင်း စေသဘောနဲ့ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဝန်ထမ်းတစ်သက် ကိုယ်လုပ်ခဲ့တဲ့ဌာန၊ အထူးသဖြင့် အမြင့်ဆုံးရုံးမှာ ယခင်အခြေအနေဆိုးတွေထက် နောက်ပြန်ဆုတ်နေတယ် ပြောလာ ကြတာတွေ၊ အမှန်လည်း နောက်ပြန်ဆုတ် နေတာတွေကို ပြန်လည် ပြုပြင်သင့်ပြီ။ 



ခေတ်မီဖွံ့ဖြိုးတဲ့ တရားစီရင်ရေးစနစ်၊ အဲဒီကမှ ခေတ်နဲ့တစ်ပြေးညီနဲ့ အမြဲတမ်းထူးကဲ ကောင်းမွန် ထက်မြက် ထွန်းတောက်နေတဲ့ တရားစီရင်ရေးစနစ် စတာတွေကို တစ်ဆင့်ပြီးတစ်ဆင့် မဖြစ်လာနိုင် သေးရင်တောင်မှ ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ တရားစီရင်ရေး လောက်ကိုတော့ စတင်ရရှိ ဖြစ်ပေါ်လာစေရအောင် ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီမို့လည်း ဖြစ်ပါတယ်။ ဒီအဆင့်လောက်ကတော့ အခုကစလုပ်ရင် အခုပင် စတင်ရရှိခံစားနိုင်ပြီမို့ ကုန်လွန်ခဲ့တဲ့ ကာလတွေအတွက် နှမြောဖို့ ကောင်းလှပါတယ်။ အများနားလည် လက်ခံနိုင်အောင် သာဓက ဆောင်မှုတွေ၊ ရှင်းပြမှုတွေနဲ့ စာကရှည်မှာမို့ တစ်ပိုင်းစီခွဲပြီး တင်ပြသွားရတာ ဖြစ်ပါတယ်။



ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့  ပထမဦးဆုံးနဲ့ အဓိကအကျဆုံး၊ အရေးကြီးဆုံး အနေနဲ့ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ တိုင်းပြည်ရဲ့တရားစီရင်ရေးမျက်နှာ တစ်ခုတည်းအတွက် ကြည့်ပြီး စပြောရရင်တော့ လူ (လူ) ပြင်ရပါလိမ့်မယ်။ ၁၇-၁၁-၂၀၁၁ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်မှာ ရှေ့နေဦးသြရေးခဲ့တဲ့ ‘ပြည်သူတွေ ယုံကြည် ကိုးစားသော တရားစီရင်ရေး စနစ်ဆီသို့’ ဆောင်းပါးမှာ ပါသလိုပါပဲ။ တရားစီရင်ရေးကို (အထူးသဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို) ဥပဒေရေးရာနဲ့ တရားစီရင်ရေးရာ အမှန်တကယ် ပညာရှင်များနဲ့သာ ဖွဲ့စည်းရမှာပါ။ တရားသူကြီး ဆိုတာဟာ ဥပဒေနဲ့အညီ အမှန်ကို ဆုံးဖြတ်နိုင်သူလို့ ဆိုကြပါတယ်။ 



အမြင့်ဆုံးရုံး ဖြစ်တာနဲ့အညီ အောက်ရုံး အဆင့်ဆင့်က မှားလာသမျှတွေကို ဥပဒေနဲ့အညီ ပြန်လည် တည့်မတ်ပြီး မှန်ကန်စွာ စီရင်ဆုံးဖြတ် ပေးနိုင်သူတွေနဲ့သာ ဖြစ်သင့်ပါတယ်။ နိုင်ငံတကာမှာလို တရားစီရင်ရာမှာ အကြံပေးဆိုတဲ့ အမှီအခို များမလိုအပ်ဘဲ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြားနာ စီရင်ဆုံးဖြတ် နိုင်သူတွေနဲ့သာ ဖြစ်သင့်နေပါပြီ။ တရားသူကြီး ဆိုသူများဟာ မှုခင်းလက်ခံ ဆောင်ရွက်ရာမှာ ဖြစ်ဖြစ်၊ စစ်ဆေးကြားနာရာမှာ ဖြစ်ဖြစ်၊ စီရင်ဆုံး ဖြတ်ရာမှာဖြစ်ဖြစ်၊ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနဲ့အညီ မိမိတို့ကိုယ်တိုင် ကိုယ်ကျ ကျကျနန၊ မှန်မှန်ကန်ကန်၊ မျှမျှတတ ဆောင်ရွက်နိုင်သူတွေသာ ဖြစ်ရ ပါမယ်။



ဒီမိုကရေစီစနစ်မှာ အများခံယူ ကျင့်သုံးနေကြသလို မြင်သာထင်ရှားမှု (transparency) ရှိရပါမယ်။ ရိုးသားရပါမယ်။ အများပြည်သူကို ကွယ်ဝှက်ထိမ်ချန်ပြီး မရိုးမသား လုပ်ဆောင်ထားတာမျိုး မဖြစ် သင့်၊ မရှိသင့်တော့ပါဘူး။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ထိပ်ဆုံးဆိုသူက စလို့ အရပ်ဘက် တရားစီရင်ရေး အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ မဆောင်ရွက်နိုင်သူတွေ အများစု ပါဝင်နေကြတာမို့ အကြံပေးဆိုသူတွေနဲ့ အမှုလက်ခံနေရခြင်း၊ စစ်ဆေး ကြားနာနေရခြင်း၊ စီရင်ဆုံးဖြတ် နေရခြင်းနဲ့ စီရင်ချက် ရေးသားပေးစေပြီး လက်မှတ်ရေးထိုး ချမှတ်နေခြင်းတွေ ရှိနေလေတော့ ဒီလိုရှိနေကြောင်း ရိုးသားစွာ ထင်သာမြင်သာ ဖြစ်နေစေရပါမယ်။



လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော်တွေမှာ ယခင်ကညွှန်ကြားရေးမှူး အဆင့်ရှိခဲ့ကြတဲ့ တွဲဖက် ညွှန်ကြားရေးမှူးဟောင်းတွေ၊ ပြည်နယ်နဲ့ တိုင်း တရားသူကြီးဟောင်းတွေ၊ တွဲဖက်ပြည်နယ်နဲ့ တိုင်းတရားသူကြီးဟောင်းတွေ အများစု ပါဝင်တဲ့ တရားသူကြီးတွေရဲ့ စီရင်ဆုံးဖြတ် လာမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ လက်ရှိအားဖြင့် ဒုတိယညွှန်ကြားရေးမှူး အဆင့်ဖြစ်တဲ့ ခရိုင်တရားသူကြီး အဆင့်တွေရဲ့ အကြံပေးမှုများနဲ့ စီရင်ချက် ရေးသားပေးမှုများအပေါ် မှီခိုဆုံးဖြတ် နေတာဟာ ဖြစ်သင့်ရဲ့လား။ တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော်များရဲ့ စီရင် ဆုံးဖြတ်လာမှုများကို အမှန်တကယ် တည့်မတ်ပေးပြီး ပိုမိုမျှတ မှန်ကန်အောင် ဘယ်လိုစီရင် ဆုံးဖြတ်နိုင်ကြမှာလဲ။ 



တရားစီရင်ရေးရာ အကြံပေးများ ဆိုတာတွေဟာ ဘယ်နိုင်ငံရဲ့၊ ဘယ်ခေတ်၊ ဘယ်စနစ်မှာမှ မရှိခဲ့ဖူးတဲ့ အာဏာ တည်မြဲရေးအတွက် ကြိုးနီစနစ် ကျင့်သုံးအုပ်ချုပ်ခဲ့တဲ့ ခေတ်နောက် ပြန်ဆွဲ မဆလနဲ့ ယခင်စနစ်တွေမှာသာ ကျင့်သုံး အုပ်ချုပ်ခဲ့တဲ့ ခေတ်ဆွေးလက်ကျန် တွေမျှသာပါ။ ဒီအချက်က ယခင်ခေတ်ဆွေး အခြေအနေဆိုးတွေထက် ပိုမိုဆိုးဝါးစွာ ဆုတ်ယုတ် ကျဆင်းနေစေတဲ့ သာဓကတစ်ခုပါပဲ။



အမှန်အားဖြင့် စစ်ဘက် တရားစီရင်ရေး ဆိုတာက ပြစ်မှုလို့ခေါ်တဲ့ ရာဇဝတ်မှု တရားစီရင်ရေး သက်သက်မျှသာ ဖြစ်ပါတယ်။ ဒီလိုတရားစီရင် ရာမှာလည်း အရပ်ဘက် ပြစ်မှုတရားစီရင်ရာမှာ အမှုလက်ခံခြင်း၊ စစ်ဆေးကြားနာခြင်း၊ စီရင်ဆုံးဖြတ်ခြင်းတွေနဲ့ ပတ်သက်လို့ အတိအကျ လိုက်နာ ဆောင်ရွက်ရတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေဟာ ဒီစစ်ဘက် တရားစီရင်မှုနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ အရပ်ဘက် တရားရုံးတွေ လိုက်နာဖို့သာ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ အခြားပြစ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ၊ တရားရုံးများလက်စွဲ၊ စီရင်ထုံးတွေ၊ အမိန့်၊ ညွှန်ကြားချက်တွေ ဆိုတာတွေနဲ့က ပိုပြီးအလှမ်းဝေးနေပါတယ်။ ဒီတော့ စစ်ဘက် တရားစီရင်ရေးမှာ ကျွမ်းကျင် နှံ့စပ်လာသူတွေဟာ ရှုပ်ထွေး မြားမြောင်လှတဲ့ တရားမ တရားစီရင်ရေး မပြောပါနဲ့။ အရပ်ဘက် ပြစ်မှု တရားစီရင်ရေးကိုတောင်မှ ကျွမ်းကျင်ပိုင်နိုင်စွာ လက်ခံစစ်ဆေးကြားနာ စီရင်ဆုံးဖြတ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ 



ဒါကြောင့် လက်ရှိ အမြင့်ဆုံး တရားရုံးရဲ့ ဖွဲ့စည်းမှုဟာ အရပ်ဘက် တရားစီရင်ရေးမှာ အရေးအပါဆုံး လုပ်ထုံးလုပ်နည်းများ ဖြစ်ကြတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံး ဥပဒေ၊ ပြစ်မှုနဲ့ တရားမ ဥပဒေများမှာပါတဲ့ သီးခြား လုပ်ထုံးလုပ်နည်း ဥပဒေတွေ၊ တရားရုံးများ လက်စွဲ၊ စီရင်ထုံး တွေ၊ အမိန့်ညွှန်ကြားချက်တွေ၊ အခြားအရပ်ဘက် ပြစ်မှုနဲ့ တရားမဥပဒေတွေနဲ့ တစ်ခါမျှ အလုပ်မလုပ်ဖူးသူ (ဒီအထဲမှာ ဘယ်အဆင့်နဲ့ဖြစ်ဖြစ် ရောက်လာပြီး သုံးလေးနှစ်ခန့်သာ အရပ်ဘက် တရားစီရင်ရေးကို အကြံပေးတွေနဲ့ အလုပ်လုပ်ဖူးသူ အပါအဝင်) တွေ အများစု ပါဝင်နေပါတယ်။ ဒါကြောင့်မို့လည်း တရားစီရင်ရေးကို အကြံပေးဆိုတဲ့ အကူမပါဘဲနဲ့ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့တာပါ။



လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၀၁ (ဃ) နဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၃၀ (ဃ) မှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်ထိုက်တဲ့ အရည်အချင်းများကို ပြဆိုထားရာမှာ (၁) တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ၊ (၂) တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ၊ (၃) တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက် ခဲ့သူ၊ (၄) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ စတဲ့သူတွေ တစ်ဦးဦး ဖြစ်ရပါမယ်။ ဒီမှာလည်းပဲ တရားလွှတ်တော်ရှေ့နေ လိုင်စင်ရယူထား တာဟာ နှစ်မည်မျှပင် ကြာညောင်းနေပါစေ၊ ဘယ်လို အမှုမျိုးတစ်မှုကိုမှ မလိုက်ပါဖူးရင် တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ မဖြစ်နိုင်ပါဘူး။ 



ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ ဆိုရာမှလည်း ဖဲချပ်နဲ့ လောင်းကစားရာမှာသုံးတဲ့ ဂျိုကာဖဲချပ်လိုမျိုး လိုရာသုံးနိုင်ခြင်း မရှိပါဘူး။ အရပ်ရပ် စကားရပ်များအနက် အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေအရ ဥပဒေကို အနက်အဓိပ္ပာယ် ကောက်ယူရာမှာ ရှိရင်းစွဲအတိုင်း အဓိပ္ပာယ် ကောက်ယူရတာမို့ အမှန်အားဖြင့် တရားစီရင်ရေးကို ကိုယ်တိုင်ကိုယ်ကျ အဆင့်မြင့်မားစွာ လုပ်ကိုင်နိုင်လောက်တဲ့ ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင် အမှန်ဖြစ်ဖို့ မလွဲမသွေ လိုအပ်မှာပါ။ နိုင်ငံရဲ့အမြင့်ဆုံး နေရာကို ရရှိထားသူပီပီ ပေါ့ပေါ့တန်တန် ယူဆရခြင်း မရှိတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ ရည်ရွယ်ထားပြီး ဖြစ်နေပါတယ်။



ဒီတော့ နိုင်ငံတော် တရားစီရင်ရေးရဲ့ Last resort ဖြစ်တဲ့ နောက်ဆုံးအားထားရာ အမြင့်ဆုံးရုံးမှာ အခြေအနေမှန်ကို သိရင် ဥပဒေနဲ့အညီ အမှန်တရား ရရှိနိုင်မယ်လို့ ဘယ်သူက ဘယ်လို မျှော်မှန်းနိုင်ကြမှာလဲ။ ဆိုခဲ့သလိုပဲ အရည်အချင်းစံမမီ ပျက်ယွင်းနေရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၀၂ (က) (၄)အရ လူလဲဖို့ ဆောင်ရွက် သင့်နေကြောင်း ဦးစွာတင်ပြရခြင်း ဖြစ်ပါတယ်။



နိုင်ငံတော်ရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ ယခုလို Democratization Process ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ မိမိတို့ တတ်နိုင်သမျှ အစွမ်းကုန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေကြတယ်ဆိုတာ ကမ္ဘာနဲ့ မြန်မာပြည်သူတွေ သိနေကြ၊ အသိအမှတ် ပြုနေကြပါပြီ။ ဒါပေမဲ့ ကမ္ဘာသိ မြန်မာသိ ပြုပြင်ပြောင်းလဲမှု အနှေးကွေးဆုံး ဖြစ်နေတဲ့ ဒီတရားစီရင်ရေး အခြေအနေတွေကို ယခင်က မသိနိုင်သော အကြောင်းတရားတွေကြောင့် ထားခဲ့ရပေမယ့်၊ နောက်ပြီးတော့ ကြားရတဲ့ သတင်းများအရ အကြောင်းကြောင်းကြောင့် ထားခဲ့ရပေမယ့် ယခုအခါ နဖူးတွေ့၊ ဒူးတွေ့ တွေ့နေရပြီမို့ ဆိုခဲ့သလို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းဖို့ လုပ်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်နေကြ ရပါကြောင်း တင်ပြပါတယ်။ ဆိုခဲ့သလိုပဲ ကြားရတဲ့ သတင်းများအရ ပြောမယ့်သာ ပြောရပေမယ့် ပတ်သက်ရာ ပတ်သက်ကြောင်းတွေကြောင့် တရားစီရင်ရေးဆိုတာ တဖြည်းဖြည်းချင်း ပြောင်းယူရမှာ ဆိုတာနဲ့ အမေ့ခံထားဦးမှာကို စိုးရိမ်နေရကြောင်းပါ။

"""ကျားမနိုင်ဆင်မဲနေတဲ့ ဇာတ်လမ်းဆင်နေတာပါ...."""
လူထုတွေနိုင်ငံရေးထဲ တအားစိတ်ဝင်စားနေမှာဆိုးလို့ လှည့်ကွက်ဖန်တီးမှုတခုပါ....


တင်းချည်လျော့ချည် မူများကြားက တရားမဝင် ယမကာ ဇာတ်ကြောင်း

Written by  စစ်ငြိမ်းသူ
လတ်တလောတွင်မူ ယမကာဈေးများ မိုးထိုးသွားခဲ့သည်။ 
တရားမဝင် ကုန်စည် ဝင်ရောက်မှု စစ်ဆေးရေး ဝက်အူရစ် တဖြည်းဖြည်း တင်းလာချိန်တွင် ဈေးကွက် အတွင်းရှိ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များကို ပြောင်ပြောင်တင်းတင်း ရောင်းချမှုများ နည်းပါးလာသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးလက်လီ အရောင်းဆိုင် City Mart သည်လည်း ယင်းကုန်ပစ္စည်းများ ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
တားမြစ် ကန့်သတ် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသော နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်တို့ကို ဟိုတယ်လုပ်ငန်း လိုင်စင်နှင့် Duty Free ဆိုင်များအတွက်သာ တင်သွင်းခွင့် ပေးထား ပြီး ဈေးကွက်အတွင်း ကျန်ရှိသည့် ဆိုင်များအတွက် သီးသန့် ရောင်းချခွင့် ပေးမထား သော်လည်း နှစ်ပေါင်းများစွာ ယင်းကုန်ပစ္စည်းများကို အရက်၊ ဘီယာရောင်းချသည့် ဆိုင်များတွင် တွေ့မြင်နေရသည်။


ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ရှုထောင့်များအရ မူးယစ် စေတတ်သော အရက်၊ ဘီယာ၊ စီးကရက် စသည့် ကုန်ပစ္စည်းတို့ကို တင်သွင်း ရောင်းချခွင့်ကို ကန့်သတ်ထားပြီး ဟိုတယ်လုပ်ငန်းနှင့် Duty Free ဆိုင်များတွင်သာ အကန့်အသတ်နှင့် ရောင်းချခွင့် ပေးထားသည်။



တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီက ဖွဲ့စည်းထားသော လှုပ်ရှား စစ်ဆေးရေးအဖွဲ့ (Mobile Team) ၏၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် ကုန်စည်စီးဆင်းရာ ဝင်ပေါက်များကို စစ်ဆေးပြီးနောက်တွင် ယခုနှစ် စက်တင်ဘာလမှ စတင်ကာ ရန်ကုန် ပြည်တွင်းဆိပ်ကမ်း ခုနစ်နေရာနှင့် ဈေးကွက်အတွင်း တရားမဝင် ကုန်စည် စစ်ဆေးမှုများ စတင်လာသည်။



တရားဝင်ခြင်း၊ တရားမဝင်ခြင်း ပြဿနာ



တားမြစ် ကန့်သတ်ထားသည့် ကုန်စည်များ ဖြစ်သည့်အတွက် တင်သွင်း ရောင်းချခွင့် မရှိသည်မှာ တည်ဆဲဥပဒေ ဖြစ်ပြီး လက်ရှိ ကျင့်သုံးနေသည့် ကုန်သွယ်မှု မူဝါဒဟု သတ်မှတ်မည် ဆိုလျှင်လည်း ရကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။



လက်ရှိ ကုန်သွယ်မှု မူဝါဒ ကောင်းခြင်း၊ မကောင်းခြင်းနှင့် ပြင်ခြင်း၊ မပြင်ခြင်းသည် တစ်ကဏ္ဍဖြစ်ပြီး လက်ရှိတည်ဆဲ ဥပဒေအရ တားမြစ်ကန့်သတ် ကုန်စည်များကို ရောင်းချနေခြင်းသည် တရားမဝင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“လက်ရှိ တည်ဆဲဥပဒေကို မပြင်ဆင်သေးသရွှေ့ ဒါကအတည်ပဲ။ ခေတ်နဲ့ မလျော်ညီလို့ မူဝါဒပြင်၊ မပြင် ဆိုတာက သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တာဝန်ပဲ” ဟု ၎င်းကဆိုသည်။



ဥပဒေအရ ကန့်သတ် တားမြစ်ထားသည့် မည်သည့် ကုန်ပစ္စည်းကိုမဆို ဈေးကွက်အတွင်း ရောင်းချခြင်း မပြုသင့်ကြောင်းနှင့် ရောင်းချမည် ဆိုပါကလည်း တရားမဝင်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွား အကြံပေး ကောင်စီအဖွဲ့ဝင် ခင်မောင်ညို (ဘောဂဗဒ) က ပြောကြားသည်။
“စီးပွားရေးအရ ကြည့်ရင်တော့ ဈေးကွက်အပေါ် အကျိုးသက်ရောက်မှု ရှိတယ်ဆိုပေမယ့် ဒါကတရားဝင်ခြင်း၊ မဝင်ခြင်း ပြဿနာပဲ” ဟု ၎င်းကဆိုသည်။



ကုန်သွယ်မှု ဝင်ပေါက်များမှ တရားမဝင် ကုန်စည်များ ဝင်ရောက်နေမှု၊ မှတ်ပုံတင် လိုင်စင်မရှိဘဲ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချနေမှုများသည် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကို ပြသနေခြင်း ဖြစ်ကြောင်း အခွန် ကောက်ခံရေး စိစစ်ကြပ်မတ်မှု ဘုတ်အဖွဲ့ဝင် ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။



ဈေးကွက်တွင် အမှန်တကယ် ဝယ်လိုအား (လိုအပ်ချက်) ရှိနေသည့်အတွက် ယင်းလိုအပ်ချက်ကို ဖြည့်ဆည်း ပေးခြင်းသည် စီးပွားရေး လုပ်ခြင်းပင် ဖြစ်ကြောင်း City Mart Holdings ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ဆိုသည်။
“ဈေးကွက်ထဲမှာ Demand ရှိတိုင်း ရောင်းရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီလိုဆို အများပြည်သူကို ဘေးဥပဒ် ဖြစ်စေမယ့် ပစ္စည်းမျိုး ဟုတ်၊ မဟုတ် ဆိုတာကို စဉ်းစားဖို့လည်း လိုတယ်” ဟု စီးပွားရေး မူဝါဒပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။



City Mart Holdings ကုမ္ပဏီ၏ လက်ခွဲ ကုမ္ပဏီ တစ်ခုဖြစ်သော Premium Food Services Products ကုမ္ပဏီအမည်နှင့် သိုလှောင်ထားသော နိုင်ငံခြားဖြစ် အရက်နှင့် ဝိုင်ပုလင်း မျိုးစုံအတွက် တရားဝင် တင်သွင်းသည့် အထောက်အထားများ ပြသရန် လှုပ်ရှား စစ်ဆေးရေးအဖွဲ့က တောင်းဆို သော်လည်း တရားဝင် အထောက်အထား မပြသနိုင်သည့်အတွက် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယင်းကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးကို တရားစွဲ အရေးယူလိုက်ပြီ ဖြစ်သည်။



တာဝန်ရှိသည့် လူပုဂ္ဂိုလ်ကို ပို့ကုန် သွင်းကုန် ဥပဒေနှင့် တရားစွဲဆိုထားပြီး စစ်ဆေးတွေ့ရှိသည့် အရက်နှင့် ဝိုင်ပုလင်းတို့ကို ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေနှင့် အရေးယူသွားမည် ဖြစ်ကြောင်း လှုပ်ရှား စစ်ဆေးရေးအဖွဲ့က ပြောကြားသည်။



ပို့ကုန် သွင်းကုန် ဥပဒေတွင် ကန့်သတ် တားမြစ်ထားသော ကုန်ပစ္စည်းကို တင်သွင်း၊ တင်ပို့ခြင်း မပြုရန်နှင့် ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ တင်သွင်း၊ တင်ပို့ခြင်း မပြုရန် ပြဋ္ဌာန်းထားသည်။ ဖောက်ဖျက် ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 



အရှုံးနှင့် ရင်ဆိုင်ရမည့် ကုန်သည်၊ လုပ်ငန်းရှင်များ



လက်ရှိ ဆောင်ရွက်လျက်ရှိသော လှုပ်ရှားအဖွဲ့၏ ဆောင်ရွက်ချက် များကြောင့် ရှောင်တခင် ဝင်ရောက် စစ်ဆေးပါက ကုန်သည် လုပ်ငန်းရှင်များ အနေနှင့် အရှုံးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ပြောကြားသည်။



ယင်းသို့ စစ်ဆေးဖမ်းဆီးမှုများ မပြုလုပ်မီ ကုန်သွယ်မှု မူဝါဒကို ရှေးဦးစွာ ပြုပြင် ပြောင်းလဲသင့်ပြီး လုပ်ငန်းရှင်များအတွက် လုပ်သာကိုင်သာ ရှိမည့်၊ ခေတ်နှင့် လျော်ညီသည့် ကုန်သွယ်မှု မူဝါဒတစ်ခုကို ချမှတ်ရန် လိုကြောင်း ၎င်းကဆိုသည်။



သာကေတမြို့နယ်ရှိ သိုလှောင်ရုံ တစ်ခုအတွင်း နိုင်ငံခြားဖြစ် ဝိုင်ပုလင်းမျိုးစုံ ရှစ်သောင်းကျော်၊ အရက်မျိုးစုံ ပုလင်း တစ်ထောင်ကျော်နှင့် အေးခဲအသား (Food Stuff) မျိုးစုံ ၃၇ တန်နီးပါးကို လှုပ်ရှားအဖွဲ့က ဝင်ရောက် စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် ရောင်းချမှုကို ရပ်ဆိုင်းလိုက်ကြောင်း City Mart က ထုတ်ပြန် ကြေညာသည်။



ယင်းကုန်ပစ္စည်းများ အရောင်းရပ်ဆိုင်း လိုက်မှုကြောင့် နေ့စဉ်ရောင်းအား၏ ၃ ရာခိုင်နှုန်း သို့မဟုတ် ကျပ် ၂၅ သိန်း၊ သိန်း ၃၀ နီးပါး လျော့နည်းသွားမည် ဖြစ်ကြောင်း ဒေါ်ဝင်းဝင်းတင့်က ဆိုသည်။



အိမ်နီးချင်း နိုင်ငံများနှင့် အခြားသော ဒေသတွင်း နိုင်ငံများတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာစသည့် ကုန်စည်တို့နှင့် ပတ်သက်၍ တိကျသည့် ကန့်သတ်ချက်များနှင့် တင်သွင်း ရောင်းချခွင့် ပြုထားမှုများရှိ ပြီး မြန်မာနိုင်ငံတွင်လည်း ခေတ်နှင့် လျော်ညီသော ကုန်သွယ်မှု မူဝါဒတစ်ခုရှိရန် လိုကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက မှတ်ချက်ပြုသည်။
“ခေတ်နဲ့ လျော်ညီတဲ့ မူဝါဒတစ်ခု ရှိဖို့လိုတယ်။ ဒီလိုမှ မဟုတ်ဘဲ အခုလို စစ်ဆေးတာတွေ လုပ်မယ်ဆိုရင် ဈေးကွက်ပုံစံ Distort ဖြစ်သွားမယ်။ ဈေးကွက်ပျက်မယ်၊ ကမောက်ကမ ဖြစ်မယ်။ ပြီးတော့ အတုအပ အန္တရာယ် ဝင်လာမယ်” ဟု ၎င်းက ဈေးကွက် အခြေအနေကို သုံးသပ် ပြောကြားသည်။



ဈေးကွက်အတွင်းရှိ တရားမဝင် ကုန်စည်များကို ရှာဖွေ တားဆီးခြင်းထက် အဓိကကျသည့် ကုန်သွယ်မှု ဝင်ပေါက်များကိုသာ ပိတ်ဆို့ တားဆီးရန် ပြင်ဆင်ထားပြီး မလွှဲမရှောင်သာ ဈေးကွက်အတွင်း ဝင်ရောက် စစ်ဆေးသည့် အခါတွင်လည်း လုပ်သင့် လုပ်ထိုက်သည်ကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်နေကြောင်း လှုပ်ရှားအဖွဲ့ တာဝန်ခံတစ်ဦးက ပြောကြားသည်။



ဘောင်အပြင်မှ အကျိုးအမြတ် ရှိနေသူများ



ကုန်သွယ်မှု လျာထားချက် ပြည့်မီရန်၊ နိုင်ငံတော် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာမှု မရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်အဆင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းကာ ယင်းကော်မတီ၏ လုပ်ငန်းအဖွဲ့ လှုပ်ရှား အဖွဲ့များနှင့် တရားမဝင် ကုန်သွယ်မှုများကို စတင်တားဆီး ထိန်းချုပ်လာသည်။



တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် တရားဝင် ကုန်သွယ် လမ်းကြောင်းတွင် လုပ်ကိုင်နေသူများကို အကာအကွယ် ပေးရန်နှင့် တရားမဝင် လမ်းကြောင်းတွင် ရောက်နေသူများကို လမ်းကြောင်း မှန်ပေါ်သို့ ရောက်ရှိစေရန် ဖြစ်ကြောင်း လှုပ်ရှားအဖွဲ့ တာဝန်ခံတစ်ဦးက ဆိုသည်။



လှုပ်ရှားအဖွဲ့များ (Mobile Team) ၏ လုပ်ဆောင်ချက်များကို ကျေနပ်မှုမရှိဘဲ ကုန်သွယ်မှု လုပ်ငန်းစဉ်များ များပြားခြင်း၊ နှောင့်နှေး ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လျက် ရှိကြောင်း ကုန်သည် လုပ်ငန်းရှင်အချို့က ဝေဖန်ကြသည်။



ထို့အပြင် ယင်းသို့ ရှာဖွေ တားဆီးမှု များကြောင့် ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်မှု၊ ပစ္စည်းပြတ်လပ်မှု၊ မှောင်ခိုဈေးကွက် ကြီးထွားလာမှုနှင့် အတုအပ အန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း လုပ်ငန်းရှင်ကြီး တစ်ဦးက ဆိုသည်။



နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များကို အများအပြား ရောင်းချနေသည့် ဆိုင်ကြီး အချို့တွင်မူ ယခုအချိန်ထိ ဆက်လက် ရောင်းချနေဆဲ ဖြစ်သည်။



တရားမဝင် ကုန်သွယ်မှုကြောင့် အကျိုးအမြတ် ရနေသော ကုန်သည်များ၊ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအချို့၏ မကျေနပ်မှုများကို ရင်ဆိုင်နေရကြောင်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။
“Give and Take ဆိုတဲ့ စကားအတိုင်းပေါ့။ ပေးသူရှိရင် ယူသူရှိမယ်။ ပေးသူက ကုန်သည်ဆိုရင် ယူသူက ဒီကုန်သည်နဲ့ ဆက်စပ်နေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းက သက်ဆိုင်ရာ တာဝန်ခံပေါ့” ဟု ၎င်းကဆိုသည်။



မည်သူ့တွင် တာဝန်ရှိ



လက်ရှိ လိုက်နာကျင့်သုံးနေဆဲ ဥပဒေ၊ မူဝါဒ လုပ်ထုံး လုပ်နည်းများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ မူဝါဒများ ဖြစ်ပြီး ယင်းဥပဒေ၊ မူဝါဒများ ခေတ်နှင့် လျော်ညီခြင်း ရှိ၊ မရှိနှင့် ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းသည် သက်ဆိုင်ရာ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ တာဝန်သာ ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။



ကုန်သွယ်မှု မူဝါဒမရှိဘဲ ဈေးကွက်အတွင်း ရှာဖွေတားဆီး နေသည် ဆိုသည်မှာ လွဲမှားနေပြီး နိုင်ငံခြားဖြစ် အရက်၊ ဘီယာ စသည်တို့ကို တားမြစ်ကန့်သတ် ထားခြင်းသည် တည်ဆဲ မူဝါဒပင် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။



“ခေတ်နဲ့ မလျော်ညီတဲ့ ကုန်သွယ်မှု ဥပဒေ၊ မူဝါဒကို ပြင်ဆင် ပြောင်းလဲ သင့်တယ်လို့ အကြံပြုတာကို ကြိုဆိုတယ်။ လက်ခံတယ်။ ဒါပေမဲ့ ဒါကို အဆုံးအဖြတ် ပေးရမှာက အကြီးပိုင်းက တာဝန်ရှိသူ တွေပါ” ဟု ၎င်းကဆိုသည်။



ဈေးကွက်အတွင်း လိုအပ်ချက် ရှိနှင့်ပြီးဖြစ်သော ကုန်ပစ္စည်းများကို တားမြစ် ကန့်သတ်ခြင်းထက် ပျော့ပျောင်းသော၊ အကန့်အသတ်နှင့် ခွင့်ပြုသော တိကျသည့် ကုန်သွယ်မှု မူဝါဒ တစ်ခုကို ဦးစွာ ချမှတ်သင့်ကြောင်း ဒေါက်တာ မောင်မောင်လေးက ဝေဖန်သည်။



အရောင်း ပိတ်လိုက်သော်လည်း City Mart ပိုင် နိုင်ငံခြားဖြစ် အရက်နှင့် ဝိုင်ပုလင်းမျိုးစုံ စစ်ဆေး တွေ့ရှိမှုအတွက် ယခုအခါ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်း ရတော့မည် ဖြစ်သည်။ 
တင်းချည်လျော့ချည် မူများအကြား တရားမဝင် ယမကာ ဇာတ်ကြောင်းက မည်သို့ရှိမည် မသိသေး။ 



နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် တင်သွင်းခွင့်အတွက် ကောင်းမွန်သည့် မူဝါဒတစ်ခု ပြောင်းလဲနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အဆိုပြု တင်ပြထားပြီး အပြုသဘောဆောင်သည့် တုံ့ပြန်မှု ရှိသော်လည်း ရေရေရာရာ မသိရှိရသေးကြောင်း ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်တွင် ကုန်သွယ် လုပ်ငန်းခွန် အဆင့် (၆) တွင် ရပ်တည်နေသူ ဒေါ်ဝင်းဝင်းတင့်က ထုတ်ဖော် ပြောကြားသည်။ 



“မူဝါဒ ပြောင်းလဲလာတဲ့ အချိန်ထိ အရောင်းရပ်ထားမှာပါ။ ပြောင်းလဲမယ့် အချိန်က ကြာမြင့်မယ် ဆိုရင်တော့လည်း ကံပေါ့” ဟု ဒေါ်ဝင်းဝင်းတင့်က ဆိုသည်။
Ref:the voice myanmar

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!