JOB seekers Journal
ဆရာသုတ
Job Seekers Journal vol.2,no.31
တစ်ခါက ကမ္ဘာကျော်ကုမ္ပဏီ ကြီးတစ်ခုမှာ ဒုတိယဥက္ကဌ အဆင့် ရှိတဲ့သူတွေကို အဆင့်မြင့်ခေါင်းဆောင်မှုသင်တန်းပေးဖို့ အမျိုးသမီး သင်တန်း ဆရာမတစ်ယောက်ကို ရွေးချယ်လိုက်တယ်။ သင်တန်း ဆရာမက သင်တန်းပို့ချဖို့နေရာကို တောအရပ်က သူပိုင်ဆိုင်တဲ့ မြင်းမွေး တဲ့ ခြံထဲမှာလုပ်ဖို့ ရွေးချယ် လိုက်ပါသတဲ့။ သင်တန်းစပြီး လက်တွေ့လေ့ကျင့်ခန်းအနေနဲ့ အဆင့် မြင့်ရုံးခန်းထဲမှာ စတိုင်ကျကျ ခမ်း ခမ်းနားနား အလုပ်လုပ်နေကျ ကုမ္ပဏီ ဒုတိယဥက္ကဌကြီးတွေကို သစ် သားတိုင်ခတ်ထားတဲ့ ခြံကလေးတစ်ခုထဲ တစ်ယောက်ချင်း ၀င်ခိုင်း ပြီး မြင်းတစ်ကောင်ကိုပါ ထည့်ပေးလိုက်တယ်။ လုပ်ရမယ့် လေ့ကျင့်ခန်းက အဲဒီမြင်း အသာတကြည် လိုက်လာအောင် ဆွဲခေါ်ဖို့ပါတဲ့။ စဉ်းစားကြည့်ပါ။ မြို့မှာမွေးပြီး တစ် သက်လုံး မြို့မှာပဲနေတယ်၊ အလုပ်လုပ်တော့လည်း တစ်ကမ္ဘာလုံးမှာ လုပ်ငန်းတွေ ဖြန့်ကြက်ပြီး လုပ် နေတဲ့ ကုမ္ပဏီကြီးတွေမှာ ရာထူး ကြီးကြီးတွေရတဲ့အထိ တစ်သက် လုံးလုပ်လာကြတယ်၊ တစ်ခါမှ လည်း မြင်းတွေ နွားတွေနဲ့ မထိတွေ့ဖူးဘူး။အဲဒီလိုလူတွေကိုသစ်သားတိုင် ခတ်ထားတဲ့ ခြံကလေးတစ်ခုထဲမှာ ရုတ်တရက်ကြီး မြင်းတစ်ကောင်နဲ့ တစ်ယောက်တည်း လက်ချည်းဗလာရင်ဆိုင်ခိုင်းလိုက်တော့သူတို့ရဲ့ ပင်ကိုသဘာဝ ပေါ်လာတော့မှာပါ။ မြင်းဆိုတာက လူစကားတတ် ကို မတတ်တာမို့ လူလိုအချိုသတ်တာတို့၊ ချော့စားတာတို့၊ ဟောက်စားတာတို့၊ ညာခိုင်းတာတို့လည်း လုပ်လို့မရဘူး။ ပင်ကိုခေါင်းဆောင်နိုင်မှု အရည် အသွေးကို မြင်ရတော့မှာပါ။
အဲဒီလို ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ နယ်ပယ်ထဲကထွက်ပြီး ကိုယ့်ကို ငယ်ကြောက်ဖြစ်နေလို့ အလွယ်တကူကိုင်တွယ်လို့ ရနေသူတွေလည်း တစ်ယောက်မှမရှိ၊ အကြောင်းသိ ယုံကြည်စိတ်ချရတဲ့ အပေါင်းအသင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေလည်းမရှိတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်သုံးနေ ကျနည်းလမ်း တွေကိုလည်း တစ်ခုမှသုံးလို့မရတော့တဲ့ အနေအထားကို ဘယ်သူမဆို မရောက်ချင်ကြဘူး ထင်ပါတယ်။ အလုပ်ဝင်စမှာ မလွှဲမရှောင် သာ အဲဒီလို အနေအထားမျိုးကို ဖြတ်သန်းရရင်လည်း နောက်တစ် ကြိမ်ထပ်ပြီး မကြုံတွေ့ရအောင် အတတ်နိုင်ဆုံး ကြိုးစားရှောင်ရှား တတ်ကြပါတယ်။ ဒါပေမဲ့အဲဒီ ကမ္ဘာကျော်ကုမ္ပဏီကြီးကတော့ ကုမ္ပဏီရဲ့ လက်ရွေးစင်တော်ပြီး တတ်ပြီး လူတော်တွေကို အဲဒီအတွေ့အကြုံ မျိုးရအောင်လို့ ငွေကုန် ကြေးကျခံပြီး သင်တန်းတက်ခိုင်း ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို အတွေ့အကြုံမျိုးက လူတစ်ယောက်ရဲ့ ခံယူချက်ကို အခြေခံ ကျကျ ပြောင်းလဲတိုးတက်စေနိုင်တယ်။ လူစကားမတတ်တဲ့ မြင်းကို တစ်နေ့လုံး ဒုက္ခခံ အမျိုးမျိုး ကြိုးစားပြီး ဆွဲခေါ်၊ မြင်းကမလိုက်ဘဲရုန်း၊ နောက်တစ်နည်း ထပ်ပြီး စမ်းသပ်၊ စသည်ဖြင့် နောက်ဆုံးမြင်းကို ဆွဲခေါ်လို့ ရသွားပြီးတဲ့နောက် အဲဒီလူဟာ အလုပ်ထဲမှာဘယ်လောက်ပဲ လက်ပေါက်ကပ်တဲ့လူနဲ့ ဆက်ဆံရ သည်ဖြစ်စေ“အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ မြင်းကိုတောင် ငါရအောင် ဆွဲခေါ်နိုင်ခဲ့သေးတာပဲ” ဆိုပြီး အလွယ်နဲ့တော့ လက်လျှော့တော့မှာ မဟုတ်ဘူး။
အလုပ်ရှာနေတဲ့ လူငယ်တွေ နဲ့ အလုပ်ဝင်စ လူငယ်တွေဟာ ဘာသင်တန်းမှ ငွေကုန်ခံ အချိန်ကုန်ခံ တက်နေစရာ မလိုဘဲ အဲဒီလို သင်တန်းမျိုးက ရမယ့်အတွေ့အကြုံမျိုးကို မကြုံတွေ့ချင်မနေရ ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။ အဲဒီအခါ “ငါ့ဘ၀ အတိတ်ကံမကောင်းလေချင်း”၊ “ငါ့မှာ မိဘဆွေမျိုး အသိုင်းအ၀ိုင်း အဆက်အသွယ် မကောင်းလေချင်း”၊ “ဟိုဘွဲ့ သည်ဘွဲ့တွေ မရလေချင်း”၊ ဟိုသင်တန်း သည်သင်တန်းတွေ မတက်ခဲ့ ရလေချင်း”ဆိုပြီး လို၍မရသော ဆင်းရဲ တွေကို ခံစားမနေဘဲ ကိုယ့်ကိုယ်ကို လူစကားမတတ်တဲ့ မြင်းနဲ့ခြံ ကလေးတစ်ခြံထဲ ရောက်နေသလို သဘော ထားပြီး ကိုယ်နဲ့သင့်တော်တဲ့ အလုပ်မရမချင်း၊ အလုပ်ရပြီး ရင်လည်း ကိုယ်နဲ့ထိုက်တန်တဲ့ အောင်မြင်မှု မရမချင်း ဒုက္ခခံပြီး အမျိုးမျိုးစမ်းသပ် ကြိုးစား လေ့လာဆည်းပူး စဉ်းစားကြံဆ လက်တွေ့ လုပ်ဆောင်နေ ရမှာ ဖြစ်ပါတယ်။ ဒုက္ခခံရလေချင်းဆိုပြီး စိတ်ဓာတ်မကျဘဲ ဒီလောက်ဒုက်္ခကို ခံလိုက်ခြင်းဖြင့် ဒီထက်မက အဆများစွာ တန်ဖိုးရှိတဲ့ ဘ၀သင်ခန်း စာတွေ၊ အောင်မြင်မှုကို ပေးစွမ်းနိုင်မယ့် ခံယူချက်တွေ ရလာနိုင်တယ် လို့ လောကဓံကပေးတဲ့ အတွေ့အကြုံ နဲ့ ပညာကို လိုလိုချင်ချင်ရှိရမှာ ဖြစ် ပါတယ်။
ဒီနေရာမှာ အရေးကြီးတာ တစ်ခုက ဘာကိုမဆို သေချာပါတယ်ဆိုပြီး လက်ခံလိုက်တာမျိုး မဟုတ်ဘဲ တတ်နိုင်သလောက် ကိုယ်တိုင်စမ်းသပ် စစ်ဆေးတတ်တဲ့ အလေ့အထကို မွေးမြူဖို့ပါ။ တစ်ခါက လယ်သမား တစ်ယောက်ဟာ ရိတ်သိမ်းခါနီး စပါးခင်းတစ်နေရာမှာ ကောက် ပင်တွေ တော်တော်များများပျက်စီးနေတာတွေ့လို့ ဒေါသတကြီးနဲ့ အနီးအနားကို လှည့်ပတ် ကြည့်လိုက်တော့ နွားချေးပုံတစ်ပုံကိုတွေ့တယ်။ “ဒါဘယ်နွားပါသွား တာလဲ။ အဲဒီနွား စပါးခင်းကို ၀င်ပြီး ဖျက်ဆီးသွား တာ ဖြစ်ရမယ်။ အဲဒီ နွားကို ရှာပြီး မှတ်လောက်အောင် ရိုက်မယ်” ဆိုပြီးတုတ်ဆွဲဓါးဆွဲ လုပ်ပါလေရော။ အဲဒါကိုဆွမ်းခံကြွရာ က ပြန်လာတဲ့ ဆရာတော်က တွေ့လို့ “ဒကာ အဲဒီနွားချေးပုံက လတ်လတ်ဆတ်ဆတ် ပါထားတာရော ဟုတ်ရဲ့လား။ အရင်ကတည်းက ရှိနေတဲ့ နွားချေးပုံ များလား” လို့ မေးတယ်။ လယ်သမားကမကြည်မသာ နဲ့ “လတ်လတ် ဆတ်ဆတ် ပါထားတာမှအစိုဓာတ်တောင်မပျောက်သေးဘူး၊ အရှင်ဘုရား ကြည့်ပါလား” လို့ဘောက်ဆတ်ဆတ်ပြန်လျှောက်တယ်။ ဆရာတော်က “သေချာသွား အောင် ဒကာသစ်ကိုင်းခြောက်နဲ့ ထိုးကြည့်ပါလား”လို့ အကြံပေးတယ်။ လယ်သမားလည်းသစ်ကိုင်းခြောက် နဲ့ နွားချေးပုံကို ထိုးကြည့်လိုက်တာ သစ်ကိုင်းခြောက် ကျိုးသွားတယ်။ အဲဒီတော့မှ “သိပါပြီဘုရား၊ စပါးခင်းကိုနွားဝင်လို့ပျက်စီးတာမဟုတ် ဘူးထင်ပါတယ် ဘုရား” လို့ ဆရာတော်ကို လျှောက်တယ်။
အဲဒီလိုပါပဲ၊ အလုပ်ရှာနေတဲ့ လူငယ်တွေနဲ့ အလုပ်ဝင်စ လူငယ်တွေ ဟာ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေ ကို အတိတ်ကံမကောင်းလို့၊ မိဘဆွေမျိုး အသိုင်းအ၀ိုင်း အဆက်အသွယ် မကောင်းလို့၊ ဘွဲ့မရလို့၊ သင်တန်းမတက်ရလို့ စသည်ဖြင့် ထင်တတ်ကြ တယ်။ ပတ်ဝန်းကျင်က လည်းသူတို့ထင်သလိုပဲလက်ခံထားတတ်ကြတယ်။ သူတို့ထင်တဲ့အတိုင်း ဟုတ်ချင်လည်းဟုတ်မှာပါ။ ဒါပေမဲ့ ဟုတ်မဟုတ်နဲ့ ဟုတ်သည့်တိုင်ဘယ်လောက်အတိုင်းအတာအထိ ဟုတ်သလဲဆိုတာသေ ချာအောင် သစ်ကိုင်းခြောက်ကလေးနဲ့တော့ ထိုးကြည့်သင့်တယ်လို့ ထင်ပါတယ်။ အဲဒီလိုသစ်ကိုင်းခြောက်နဲ့ ထိုးကြည့် တဲ့အလေ့အထမရှိဘဲ နဲ့တော့ ဘ၀ အတွေ့အကြုံတွေ ဘယ်လောက်ပဲ များများယုံကြည်ချက်ခံယူ ချက်တွေ တိုးတက်ပြောင်းလဲလာတာမျိုးမရှိ တဲ့အပြင်ကြုံတွေ့နေရတဲ့ အသိုင်းအ၀ိုင်းနဲ့တကွ လောကကြီးအပေါ် နာကြည်းစိတ်တွေ ဖြစ်လာ တတ်ပါတယ်။
— with Zayar Linn and Saw Shwe Htay
https://m.facebook.com/photo.php?fbid=503137083138400&id=212650538853724&set=a.212667695518675.47563.212650538853724&source=48&__user=100003941173332
Credit @ Ko Nge
No comments:
Post a Comment