Popular Posts!

Monday, March 30, 2015

အချိန်တိုအတွင်း သိသိသာသာ ဖွံ့ဖြိုးတိုးတက် လာတဲ့ ရန်ကုန်မြို့စွန်က မြို့သစ် နှစ်မြို့


မင်္ဂလာဒုံမြို့နယ်၏ နောက်တိုးမြို့သစ် တစ်ခုဖြစ်သည့် ပုလဲမြို့သစ်အတွင်းရှိ စီမံကိန်းနေရာ တစ်ခုကို တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)မင်္ဂလာဒုံမြို့နယ်၏ နောက်တိုးမြို့သစ် တစ်ခုဖြစ်သည့် ပုလဲမြို့သစ်အတွင်းရှိ စီမံကိန်းနေရာ တစ်ခုကို တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)
လူဦးရေတိုးပွားလာပြီး မြေနေရာလိုအပ်ချက်တွေ များလာတာကြောင့် မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လာကြသလို မြို့စွန်ဘက်က မြို့သစ်တွေဆီလည်း ပြောင်းရွှေ့နေထိုင်မှုတွေ ပိုများလာကြပါတယ်။

တစ်နေ့တခြား စည်ပင်ဖွံ့ဖြိုးတိုးတက်လာတဲ့ ရန်ကုန်မြို့နယ်နိမိတ်ထဲမှာ မြို့သစ်ပေါင်းဆယ်ဂဏန်းဝန်းကျင် သာရှိပြီး အခုချိန်မှာ မျှော်လင့်ထားတာထက် ပိုစည်ကားလာတဲ့ မြို့တော်တွေထဲမှာမင်္ဂလာဒုံမြို့နယ်ရဲ့ မြောက်ဘက်စွန်းအပိုင်းမှာ တည်ရှိတဲ့ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေလည်းအပါအ၀င် ဖြစ်လာပါတယ်။

အရင်က အစိုးရ၀န်ကြီးဌာနများ၊ ငါးမွေးကန်များ၊ စိုက်ပျိုးရေးခြံများနဲ့ စက်ရုံများသာ တည်ရှိခဲ့တဲ့ ပုလဲမြို့သစ် ကို  ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အဓိကလမ်းမကြီးတွေကို ပြောင်းလဲ ဖောက်လုပ်ခဲ့ပြီးတဲ့နောက်ပိုင်း နေထိုင်သူတွေ စတင်စိတ်ဝင်စားလာကြကာ တဖြည်းဖြည်း ပြောင်းရွှေ့သူလည်း
များပြား လာခဲ့ကြတာ ဖြစ်ပါတယ်။

"၂၀၁၂ နောက်ပိုင်းကစပြီး ဒီမြို့သစ် နှစ်ခုမှာ နေထိုင်ဖို့ ပြောင်းလာသူတွေ များခဲ့သလိုမြေဈေးကစားဖို့ ၀ယ်ရောင်းလုပ်သူတွေလည်း များလာတယ်။ ၂၀၁၂ နောက်ပိုင်းမှာ ပုလဲမြို့ရဲ့အိမ်ခြံမြေ အရောင်းဈေးကွက် က သိသိသာသာ မြင့်တက်လာပြီး ဈေးတွေ တစ်ရက်ပြီးတစ်ရက်ပိုမြင့်တက်လာခဲ့ပါတယ်"လို့ ပုလဲမြို့သစ် မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးကျော်အောင်ကပြောပါတယ်။

"မင်္ဂလာဒုံမြို့နယ် အထည်ချုပ်စက်ရုံတွေ၊ မွေးမြူရေးခြံတွေ အများကြီးရှိတော့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့ မြို့သစ်တစ်ခုပေါ့။ ဒီစက်ရုံတွေမှာ အလုပ်လုပ်တဲ့ သူတွေက သူတို့
အလုပ်နဲ့လည်းနီးတဲ့ မြေဈေးလည်းနည်းတဲ့ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်ကို ပြောင်းလာကြတာများတယ်။ ပုလဲမြို့သစ်က မြေကွက်တွေကကျယ်တော့ လူနေဖို့ဆိုရင် မြေကွက်မကျယ်တဲ့ပတ္တမြားမြို့သစ်ကို တဖြည်းဖြည်း ပိုပြောင်းလာခဲ့ကြတယ်"လို့ သူကပြောပါတယ်။

ပတ္တမြားမြို့သစ် မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးဇော်ဇော်ကလည်း "ပုလဲမြို့သစ်ကို ၀ယ်ရောင်းလုပ်မယ့်သူတွေ ပိုစိတ်ဝင်စားကြပေမယ့် ပတ္တမြားမြို့သစ်ကိုတော့ အခြေချနေထိုင်ချင်သူတွေ
ပိုစိတ်ဝင်စားကြတယ်။ ဒီမြို့သစ် နှစ်ခုစလုံးရဲ့ တစ်စတုရန်းပတ်လည် မြေကွက်ဈေးကသိပ်မကွာပေမယ့် ပုလဲမြို့သစ်က မြေကွက်တွေက စတုရန်းပေ ၁၀,၀၀၀ လောက်ကျယ်တော့စီးပွားရေး လုပ်မယ့်သူတွေ စိတ်ဝင်စားကြတယ်။ ပတ္တမြားမြို့သစ်က မြေကွက်တွေကတော့၁,၈၀၀ စတုရန်းပေလောက်ပဲ ရှိတယ်ဆိုတော့ အခြေချနေထိုင်ချင်တဲ့ သာမန်ဝန်ထမ်းတွေအတွက်သင့်တော်ပြီး အခြေချနေထိုင်သူလည်းများတယ်"လို့ ပြောပါတယ်။

ပုလဲမြို့သစ်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စတဲ့အစိုးရ၀န်ကြီးဌာနတွေ စက်ရုံတွေ၊ ငါးမွေးမြူရေးကန်တွေ၊ ကြက်ဘဲ မွေးမြူရေးခြံတွေ အစရှိတဲ့လုပ်ငန်းတွေကို ပိုမြင်တွေ့နိုင်ပြီး ပတ္တမြားမြို့သစ်မှာတော့ လူနေအိမ်တွေကို ပိုတွေ့ရမှာပါ။

အိမ်ခြံမြေ အကျိုးဆောင်နဲ့ အာရှဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာ ဦးရန်အောင်က "ပတ္တမြားနဲ့ပုလဲမြို့သစ်တွေက လမ်းသစ်တွေ ဖောက်လုပ်ပြီးခဲ့တဲ့ အတွက် ၂၀၁၂ နှောင်းပိုင်းနဲ့ ၂၀၁၃ နှစ်
ဆန်းပိုင်းလောက်ကစပြီး မြေ၀ယ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့တဲ့ မြို့သစ်တွေဖြစ်လာတယ်။
မြို့ထဲမှာ ကန်ထရိုက်တိုက်တွေ အဆောက်များပြီး မြေဈေးတွေမြင့်လာတဲ့အခါ မြို့ပေါ်ကလူတချို့က မြို့ထဲကအိမ်ကိုရောင်းပြီး မြို့စွန်ဘက်ကို ပြောင်းကြတာတွေများတယ်။ မြို့ထဲကတိုက်ခန်းကို ရောင်းပြီး မြို့စွန်ဘက်မှာ လုံးချင်းအိမ်လေးတွေ ၀ယ်နေကြတယ်"လို့ ပြောပါတယ်။

လျှပ်စစ်မီး ရရှိမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကလည်း ဒီမြို့နယ်နှစ်ခုကိုဝယ်သူတွေ ပိုမိုစိတ်ဝင်စားလာစေတဲ့ အဓိကအချက်တွေဖြစ်ကြောင်း သူက ပြောပါတယ်။
ပုလဲမြို့ခံတစ်ဦးဖြစ်တဲ့ ဦးဝင်းစိုးက "၂၀၁၀ လောက်ကစပြီး ဒီမြို့သစ်နှစ်မြို့ရဲ့ ကားလမ်းမတွေကိုစဖောက်ခဲ့တယ်။ လျှပ်စစ်မီးကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စသုံးနိုင်ခဲ့တယ်။
ရေက လက်ယက်တွင်းနဲ့ ၁၀ ပေကနေ ၁၅ ပေ လောက်တူးရင်တောင် ရေထွက်တယ်။ အ၀ီစိဆိုရင်တော့ ပေ ၄၀ လောက် တူးရတယ်။ ကားလမ်းမတွေ ဖောက်ပြီးချိန်ကစလို့ ဒီမြို့ကိုနေထိုင်ချင်သူတွေ ပိုစိတ်ဝင်စားလာတာ ဖြစ်ပါတယ်"လို့ ပြောပါတယ်


မင်္ဂလာဒုံမြို့နယ် အစွန်ပိုင်းတွင်တည်ရှိသော ပတ္တမြားမြို့သစ်ရှိ နေရာတစ်နေရာကို တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)မင်္ဂလာဒုံမြို့နယ် အစွန်ပိုင်းတွင်တည်ရှိသော ပတ္တမြားမြို့သစ်ရှိ နေရာတစ်နေရာကို တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ပုလဲမြို့သစ်ရဲ့ မြေဈေးတွေကတော့ လမ်းမတန်းဘက်တွေမှာ စတုရန်းပေ ၁၈,၀၀၀ အကျယ်မြေတစ်ကွက်ကို သိန်း ၇,၅၀၀၊ ပေ ၂၀,၀၀၀ ရှိတဲ့ လမ်းမကြီး နောက်ကျောဘက်လမ်းကမြေကွက်တွေကတော့ သိန်း ၃,၅၀၀ နဲ့ အတွင်းလမ်းတွေက စတုရန်းပေ ၄,၀၀၀ ရှိတဲ့မြေကွက်တွေကတော့ တည်နေရာပေါ် မူတည်ပြီး သိန်း ၈၀၀ ကနေ ၁,၂၀၀ အထိ ရှိပါတယ်။
"မြေအရောင်းဈေးကွက်က ပုလဲမြို့နယ်မှာ အရမ်းကောင်းပါတယ်။ မြေဈေးကစားသူတွေက ဒီမြို့သစ်တွေက မြေတွေ ၀ယ်ထားဖို့ အရမ်းစိတ်ဝင်စားကြတယ်။ အခုအချိန် အိမ်ခြံမြေဈေးကွက် အရမ်းအေးနေလို့ ဒီမှာလည်း ဈေးကွက်နည်းနည်း အေးနေပေမယ့် လွန်ခဲ့တဲ့လထိ နေ့တိုင်းမြေကွက် အရောင်းအ၀ယ်ဖြစ်တယ်"လို့ မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးသန်းဝင်းက ပြောပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်း အိမ်ခြံမြေဈေးကွက် အေးစက်လာချိန်မှာ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေမှာလည်း အတွင်းလမ်းတွေမှာ မြေဈေးအနည်းငယ် ပြန်ကျခဲ့ပေမယ့် လမ်းမတန်းတွေမှာဈေးပြန်မကျဘဲ တက်မြဲ အတိုင်းသာ တက်ခဲ့ကြောင်း သူကပြောပါတယ်။

ပုလဲမြို့ခံတစ်ဦးဖြစ်သူ ဒေါ်ခင်မေက "ပုလဲမြို့သစ်မှာ နေလာတာ နှစ် ၄၀ ကျော် သွားပြီ။ ဒီကိုစပြောင်းလာတုန်းက ပုလဲမြို့သစ် စတည်တဲ့အချိန်ဖြစ်ပြီး လူနေတဲ့ အိမ်က အရမ်းကိုနည်းတယ်။
ဒီမှာ မြေကွက်ဝယ်ပြီး အိမ်စဆောက်တော့ စည်ပင်က အိမ်နံပါတ် လာတပ်ပေးတယ်။ကျွန်မအိမ်နံပါတ်က အိမ်နံပါတ် (၂) ပါ။ မြေခွန်တွေ ရေခွန်တွေကလွဲရင် အိမ်ဆောက်လို့ဘာဖိုးမှပေးဖို့ မလိုဘူး"လို့ ပြောပါတယ်။

"ကျွန်မတို့အိမ် အပါအ၀င် ဒီရပ်ကွက်ထဲက အိမ်အများစုက ဂရန်မရှိဘဲ အရပ် စာချုပ်နဲ့ဝယ်ထားတဲ့ အိမ်တွေပဲ။ မြေကွက် ရောင်းချင်ရင် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ သွားရောင်းတယ်။ဂရန်ရဖို့က ရုံးအဆင့်ဆင့်ကို လိုက်ရတာနဲ့ မလွယ်ဘူး။ ဂရန်ရထားတဲ့ မြေကွက်တွေလည်းရှိပါတယ်။ ဂရန် ရှိ မရှိကလည်း မြေကွက်ရောင်းတဲ့ဈေးကို သိသိသာသာ မကွာခြားစေပါဘူး"လို့သူက ပြောပါတယ်။

ပုလဲမြို့ခံတစ်ဦးဖြစ်တဲ့ မကေသီက "ပုလဲမြို့နယ်မှာ နေရတာ အဆင်ပြေပါတယ်။ အခုချိန်မှာလျှပ်စစ်မီးလည်း ရှိတယ်။ အခြေခံအဆောက်အအုံတွေလည်း ရှိလာပြီ။ လမ်းပန်း ဆက်သွယ်ရေး
လည်း ကောင်းလာပါပြီ။ ဒီမြို့သစ်တွေကနေ မြို့ထဲကိုသွားမယ်ဆိုရင် ကားစီးချိန် နှစ်နာရီလောက်ကြာပေ မယ့် တစ်ဆင့်တည်း စီးနိုင်တဲ့ ဘတ်စ်ကားတွေလည်း ရှိလာပါပြီ။ ဒီမြို့နယ်ရဲ့လမ်းမကြီးမှာပဲ ဘတ်စ်ကားတွေရှိပြီး အတွင်းလမ်းမတွေကို သွားချင်ရင်တော့ ဆိုက်ကယ်ကယ်ရီနဲ့ပဲ သွားလို့ရပါသေးတယ်"လို့ ပြောပါတယ်။

ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေဟာ မင်္ဂလာဒုံမြို့နယ်ရဲ့ အစွန်းဆုံးဘက်တွေမှာ တည်ရှိပြီးရန်ကုန်-မန္တလေးအမြန်လမ်းနဲ့လည်း ကပ်လျက်ဖြစ်ပါတယ်။

ဒီမြို့နယ်တွေမှာ အဆောက်အအုံကောင်းတွေ မရှိသေးပေမယ့် ဆေးခန်း၊ ကျောင်းစတဲ့ အခြေခံအဆောက်အအုံတွေတော့ ရှိလာပါပြီ။

ဒီပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေကို ၁၉၇၀ ခုနှစ်ဝန်းကျင်က စတင်တည်ထောင်ခဲ့ပြီးပါမစ်မြေတွေ အဖြစ်သာ ချပေးထားခဲ့ရာက နောက်ပိုင်းမှာတော့ စလစ်မြေအဖြစ်ပြောင်းလဲပေးခဲ့တာဖြစ်ပြီး ကားလမ်းမပေါ်မြေတွေကို အခုအချိန်မှာတော့ ဂရန်အဖြစ်တောင်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။
ဒီ မြို့သစ် နှစ်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ၂၀၁၂ နောက်ပိုင်းမှ စတင်ပြီး လျင်လျင်မြန်မြန်တိုးတက်လာတာ ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ် နယ်နိမိတ်ထဲမှာ တည်ရှိတဲ့ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေဟာမင်္ဂလာဒုံမြို့နယ်ရဲ့ ရပ်ကွက် ၃၁ ခုစာရင်းထဲမှာ အခုအချိန်ထိ မပါဝင်နိုင် သေးပေမယ့်လည်းအချိန်တိုအတွင်း စည်ပင်ဖွံ့ဖြိုးလာတဲ့ မြို့သစ်တွေတော့ ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်ရဲ့ အရှေ့ဘက်မှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ အနောက်ဘက်မှာ အင်းစိန်နဲ့ရွှေပြည်သာမြို့နယ်၊ တောင်ဘက်မှာ မရမ်းကုန်းမြို့နယ်နဲ့ မြောက်ဘက်မှာ မှော်ဘီမြို့နယ်တွေနဲ့
ထိစပ်နေပါတယ်။

ဒါတင်မကပဲ မင်္ဂလာဒုံမြို့နယ်ဟာ မင်္ဂလာဒုံ လေယာဉ်ကွင်း၊ မင်္ဂလာဒုံစက်မှုဥယျာဉ်နဲ့ မင်္ဂလာဒုံဂေါက်ကွင်းတွေကြောင့်လည်း နောက်ပိုင်းထင်ရှားတဲ့ မြို့နယ်တစ်ခု ဖြစ်လာပါတော့တယ် ။
Ref;myanmartime

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!