Popular Posts!

Tuesday, December 4, 2012

ငရုတ်သီးမှုန့်(၁၇၅)နှင့် နနွင်းမှုန့်(၃၉)တွင် ဆိုးဆေးများထပ်တွေ့

ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်အချို့တွင် ကင်ဆာနှင့် မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သည့် ဆိုးဆေးများတွေ့

Photoမြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ကင်ဆာဖြစ်စေပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များနှင့် နနွင်းမှုန့်များ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအား ကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်မျိုးတို့တွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“ထုတ်လုပ်သူတွေဆီ အကြောင်းကြားထားတယ်။ ဥပဒေနဲ့ အညီ အရေးယူသွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သက်ဆိုင်ရာ ကြီးကြပ်စစ်ဆေးသည့် အဖွဲ့အစည်းကလည်း မကြာခဏ စားသုံးရန် မသင့်သည့် အစားအသောက်ဆေးဝါးများအား ထုတ်ပြန်ကြေညာလေ့ရှိသော်လည်း ဈေးကွက်အတွင်း စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသည့် အရာများ လျော့နည်းပပျောက်မှုမရှိဘဲ တဖြည်းဖြည်း ပိုမိုများပြားလာကြောင်း မှတ်ချက်ပြုပြောကြားသူများလည်းရှိသည်။
“ဥပဒေအရ အရေးယူတာ တွေရှိခဲ့တယ်။ ဒါပေမဲ့ ပေါ့ပေါ့ပျက်ပျက်ပဲ အရေးယူခဲ့တာဖြစ်တဲ့အတွက် လျော့နည်းသွားတယ်ဆိုတာမျိုးမရှိဘဲ ဘာမှလုပ်မှာမဟုတ်ပါဘူးဆိုပြီး တဖြည်းဖြည်း ကမ်းတက်လာကြတော့ ဥပဒေက အကျိုးသက်ရောက်မှု မရှိဘူးဖြစ်နေတယ်” ဟု တရားရုံးချုပ်ရှေ့နေ ဦးအောင်သန်းစိုးကပြောသည်။
အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)သည် ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ် ကျပ်သုံးသောင်း (သို့မဟုတ်) ထောင်ဒဏ် နှင့် ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဦးအောင်သန်းစိုးကပြောသည်။
စစ်ဆေးသည့် ငရုတ်သီးမှုန့် နမူနာ ငါးရာကျော်တွင် ၁၇၅ မျိုးမှာ စားသုံးသူအား ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရပြီး နနွင်းမှုန့်နမူနာ ၄၃၀ ကို စစ်ဆေးရာ ၃၉ မျိုးတွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း FDA ကထုတ်ပြန်ကြေညာထားသည်။
ထိုငရုတ်သီးမှုန့်များနှင့် နနွင်းမှုန့်များတွင် အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းနှင့် ရေရှည် စားသုံးပါက ကင်ဆာရောဂါများ ဖြစ်လာစေသည့် အနီရောင်ဆိုးဆေး Rhodamine B အမျိုးအစား ဓာတုပစ္စည်းနှင့် ရေရှည်တွင် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်းနှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည့် Auramine-O တို့ ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“လူ့အသက်အန္တရာယ်တွေနဲ့ သက်ဆိုင်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးယူလို့ရတယ်။ လူတွေကို အစားအသောက်နဲ့ ပတ်သက်ပြီး အန္တရာယ်မဖြစ်အောင် ချမှတ်ထားတာဖြစ်တဲ့အတွက် ထိထိရောက်ရောက်တော့ လုပ်သင့်တယ်” ဟု တရားရုံးချုပ်ရှေ့နေက ဆက်လက်ပြောသည်။
အရောင်စိုပြည်မှုကို သဘောကျနှစ်သက်သည့် စားသုံးသူများကြောင့် အစားအသောက်များတွင် ဆိုးဆေးများ အသုံးပြုမှု များပြားနေသည့်အကြောင်းအရာ တစ်ခုလည်းဖြစ်ကြောင်း ရန်ကုန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စားသုံးသူဘက်ကလည်း အန္တရာယ်ဖြစ်စေတဲ့ အရောင်တွေပါဝင်နေတယ်ဆိုတာကို လက်ခံပြီးရှောင်မှ ဒီဆိုးဆေးပြဿနာက ဖြေရှင်းလို့ရမယ်လို့ ထင်တယ်။ မဟုတ်လို့ စားတဲ့သူတွေက အရောင်လည်းမပါလို့ မကြိုက်လို့ မ၀ယ်ဘူးဆိုနေသမျှတော့ ဒီပြဿနာက သံသရာလည်နေဦးမှာပဲ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း တွေ့ရှိထားသည့် အမှတ်တံဆိပ်များမှာ ၀င်းမိုး ငရုတ်သီးမှုန့်၊ မော်လမြိုင် ငရုတ်သီးမှုန့်၊ ရွှေမန်းဝန် ငရုတ်သီးမှုန့်၊ အိအိချို ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ စံပယ်ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ နှင်းပုလဲ ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ ဘုရင် ငရုတ်သီးမှုန့်၊ ညိုညို ငရုတ်သီးမှုန့် (အနုမှုန့်)၊ အောင်ကြည်သိန်း ငရုတ်သီးမှုန့်၊ နိုင်း ငရုတ်သီးမှုန့် (အနုမှုန့်)၊ ရွှေမြင့်မိုရ် ငရုတ်သီးမှုန့် (အနုမှုန့်)၊ ဓူဝံငရုတ်သီးမှုန့်(အရောင်တင်မှုန့်)၊ ဖိုးဝ ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ ရွှေဝတီငရုတ်သီးမှုန့်(အရောင်တင်မှုန့်)၊ ညွန့်သဘာဝ ငရုတ်သီးမှုန့် (အလှော်မှုန့်)၊ ရဲသီဟငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ သွယ်သွယ်အေးငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ မြန်မာရနံ့ ငရုတ်သီးမှုန့်(အကြမ်းမှုန့်)၊ စွဲကြိုက် ငရုတ် သီးမှုန့်(အရောင်တင်မှုန့်)၊ မွှေးမွှေးလေး နနွင်းမှုန့်၊ ရွှေမိနနွင်းမှုန့်နှင့် ဖိုးဝနနွင်းမှုန် တို့ဖြစ်ပြီး ထိုထဲတွင် ဈေးကွက်အတွင်း နာမည်ရနေသည့် အမှတ်တံဆိပ်များလည်း ပါဝင်သည်။
“အစကတည်းက သဘာဝအတိုင်းလုပ်ခဲ့တာ။ တစ်ခါမှလည်းအဲဒီလိုမဖြစ်ဖူးပေမယ့် အခုဘာကြောင့် ဒီစာရင်းထဲမှာ ပါသွားလဲဆိုတာ မသိပါဘူး” ဟု ဖိုးဝငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မှတ်ပုံတင်ထားခြင်း မရှိသည့် အစားအသောက်များ ဆေးဝါးများ၊ အန္တရာယ်ဖြစ်စေသဖြင့် တားမြစ်ထားသည့် ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ ဆေးဝါးများ၊ စံချိန်မမီဆေးဝါးများ၊ နယ်စပ်မှ တရားမ၀င်ဝင်ရောက်လာသည့် ကျန်းမာရေးအား ဆိုးကျိုးဖြစ်စေနိုင်သည့် အစားအစာများ၊ စားသုံးဆီများ၊ အနောက်တိုင်း အကိုက်အခဲပျောက်ဆေးများပါ ရောကြိတ်ပြီး ထုတ်လုပ်ထားသည့် မြန်မာတိုင်းရင်းဆေးများ၊ သန့်ရှင်းမှုမရှိသည့် ရေသန့်များစသည့် လူအများနေ့စဉ် မဖြစ်မနေ ပတ်သက်နေရသည့် အစားအစာများတွင် အန္တရာယ်ဖြစ်နေသည့် အရာများအား နိုင်ငံပိုင် သတင်းစာများမှ မကြာခဏ ထုတ်ပြန်ကြေညာလေ့ရှိသည်။
Ref:7daynewsjournals

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!