Burma Convoy

ခုတလော နာမည်ကြီးနေတဲ့ The Lady ကို အခါအခွင့်သင့်လို့ ကြည့်ရတော့ မြန်မာပြည်အကြောင်း၊ ဒါမှမဟုတ် မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းတွေအကြောင်းကို ရှာဖွေကြည့်မိပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တချို့ကိုတော့http://www.britishpathe.com/ နဲ့ ယူကျုပေါ်ကနေတဆင့်လည်း ရှာဖွေကြည့်နိုင်ပါတယ်။ British Pathe မှာတော့ ဒုတိယကမ္ဘာစစ်အတွင်း မှတ်တမ်းကားတွေကို ပိုပြီး ရှာတွေ့နိုင်ပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်ပြီး နိုင်ငံခြားက ထုတ်ဝေသူတွေ၊ ရိုက်ကူးသူတွေရိုက်တဲ့ ဇာတ်လမ်းတွေထဲမှာ မြန်မာပရိတ်သတ် သိတဲ့ ဇာတ်ကားတွေက The Lady (2011) ပြီးရင် Beyond Rangoon (1995) နဲ့ The Purple Plain (1954) တို့ပဲ ဖြစ်ပါတယ်။ ခရမ်းရောင်လွင်ပြင် (The Purple Plain) မှာ တချိန်က ဗိုလ်စင်္ကြာရဲ့ ကတော် ၀င်းမင်းသန်းက ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သလို မြန်မာပါဝင်တဲ့ အခြားသော နိုင်ငံခြားဇာတ်ကားတွေကိုပါ စဉ်းစားကြည့်မယ်ဆိုရင် အများကြီးရှိပါတယ်။ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ ပူးပေါင်းပြီး ရိုက်ကြတဲ့ “ရွှေရုပ်လွှာ” (Chabbi) (အရစ်ရှ်ကူးမား၊ မာလာဆင်ဟာ၊ ညွှန့်တင်၊ ဆွေဆွေလဲ့)၊ ဗမာ့စောင်း (Rentaro Mikuni ၊ Shoji Yasui)၊ “ချစ်မုန်တိုင်း” (ထိုင်းသရုပ်ဆောင် နိုင်ကြုံမလပ်၊ ခင်လေးဆွေ၊ အေ၀မ်းမအုန်းကြည်) ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ ၀တ္ထုကို ပြန်ရိုက်ထားတဲ့ “သွေး” (မင်းမော်ကွန်း၊ ကျော်သူ၊ ယုမိ) ရုပ်ရှင်တွေ ရှိသလို  နိုင်ငံရပ်ခြားမှာ သွားရောက် ရိုက်ကူးတဲ့ ဇာတ်ကားတွေအနေနဲ့ “ဂျပန့်ရင်သွေး” (မောင်မောင်စိုး၊ ညီပု၊ တာကာကို ဆူဇူကီး (အေးမိစံ))၊ “ငွေပေးလို့မရ” (အေးကို၊ ခင်မေလေး) ၊ “လောကစင်္ကြာ” (အေးကို၊ ခင်မေကြီး)။ ဒါတွေဟာ ရုပ်ရှင်ငွေရတုကာလတွေက ရိုက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ၀င်းမင်းသန်း ပြီးရင် မောင်တင်နဲ့ စိန်စိန်တို့ဟာ နိုင်ငံခြားရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူတွေပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မြန်မာစာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ စန္ဒာဝင်း (Laila Kham) ကတော့ ဘောလိဝုဒ် ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ ပထမဆုံး မြန်မာအမျိုးသမီးလို့ ပြောလို့ရမယ်ထင်တယ်။

A Girl from Mandalay
မင်းသမီး ၀င်းမင်းသန်းရဲ့ အကြောင်းကတော့ တော်တော်များများမှာ ဖော်ပြပြီးသားမို့ အထူး မပြောတော့ပါဘူး။ မောင်တင်ဆိုတာကတော့ “ခရမ်းရောင် လွင်ပြင်” မှာ ရတနာကုန်သည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူပါပဲ။ သူက ဗန်းမော်က ဖြစ်ပြီး အမေရိကန်မစ်ရှင်ကျောင်းကနေ အထက်တန်းအောင်မြင်လာခဲ့တာမို့ John Ali Tin လို့လည်း သူ့ကို ခေါ်ကြပါသေးတယ်။ ညွှန့်မြန်မာက ရိုက်တဲ့ “အောင်ပင်လယ်” နဲ့ “ဤလူ့ဘောင်” ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မောင်တင်ဟာ နိုင်ငံခြားဇာတ်ကားအနေနဲ့ “ခရမ်းရောင်လွင်ပြင်” ရိုက်ပြီးတဲ့နောက်မှာ “Widow’s Way” နဲ့ “Keeping the Peace” နှစ်ကားကို ရိုက်ခဲ့ပါသေးတယ်။ အမျိုးသမီးသရုပ်ဆောင် နောက်တစ်ဦးဖြစ်တဲ့ စိန်စိန်ကတော့ နာမည်ကျော် ဂျိမ်းစ်ဘွန်းရုပ်ရှင် “Dr.No” မှာ  သူနာပြုဆရာမတယောက်အနေနဲ့ ပါဝင်ခဲ့ပြီး “The Road to Hong Kong” ဆိုတဲ့ ဟောလိဝုဒ်ဇာတ်ကားမှာလည်း ၀င်သရုပ်ဆောင်ခဲ့ပါသေးတယ်။ စိန်စိန်ကလည်း ရန်ကုန် စိန့်ဂျွန်းကွန်ဗင့်ကျောင်းသူမို့ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပါတယ်။ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ သရုပ်ဆောင်နေတဲ့ စန္ဒာဝင်းကတော့ မလေးရှားတက္ကသိုလ်မှာ အမ်ဘီအေ ကျောင်းတက်ပြီး ဒူဘိုင်းက ကြော်ငြာကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်ရင်းကမှ အိန္ဒိယရုပ်ရှင်လောကနဲ့ ချိတ်ဆက်မိသွားတာပါ။ သူ့ရဲ့ ပထမဆုံး ဇာတ်ကားက Kool Nahin Hot Hain Hum (2008) ဖြစ်ပါတယ်။ အမေရိကားမှာ နေထိုင်တဲ့ (ဦး)မျိုးမြင့်ကိုလည်း “Burma Solider” မှတ်တမ်းရုပ်ရှင်ကားမှာ အဓိက ပါဝင်သရုပ်ဆောင်သူအဖြစ် မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၀ Sundance Institute ၊၂၀၁၀ Irish ရုပ်ရှင်ပွဲတော်ဆုတွေ ရရှိခဲ့ပြီး၊၂၀၁၀ ဗြိတိန်၊ နယ်သာလန်၊ နော်ဝေ၊ ရူမေးနီးယား နဲ့ ၂၀၁၁ မြောက်ကာရိုလိုင်းနား၊ ဘော်စတွန် ရုပ်ရှင်ပွဲတော်တွေမှာ အကောင်းဆုံး နိုင်ငံတကာမှတ်တမ်းရုပ်ရှင်တွေအဖြစ် ရွေးချယ်ပြသရာမှာလည်း လူကြိုက်များခဲ့တယ်လို့ သိရပါတယ်။

ဆောင်းပါးရှေ့ဆုံးမှာ ရေးခဲ့သလို နိုင်ငံခြားထုတ်လုပ်သူတွေကနေ မြန်မာပြည်အကြောင်း (သို့) မြန်မာပြည်မှာ အခြေတည်တဲ့ ဇာတ်လမ်းကို ရိုက်ခဲ့တဲ့အထဲမှာ A Maid of Mandalay (1913) က အဦးဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။ မင်းသား Marurice Costello က Tommy Wikins ၊ မင်းသမီး Clara Kimball Young က မမေ ဆိုပြီး သရုပ်ဆောင်ထားကြတယ်။ ဇာတ်လမ်းကတော့ Rudyard Kipling ရဲ့ ကဗျာကို အခြေခံပြီး ဇာတ်အိမ်ဖွဲ့ထားတာပါ။ ဒါရိုက်တာကလည်း Marurice Costello ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ မန္တလေးမှာ ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းအပြီးမှာ အခြား မန္တလေးဇာတ်ကားတွေလည်း ထပ်ပြီး ထွက်လာပါသေးတယ်။ The Road to Mandalay (1926), Mandalay (1934) နဲ့ The Girl from Mandalay (1936) တို့ ဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ကားတွေထဲမှာ အမျိုးသားသရုပ်ဆောင် Lyle Talbot နဲ့ အမျိုးသမီး သရုပ်ဆောင် Kay Francis တို့ ခေါင်းဆောင်ပါဝင်တဲ့ Mandalay ဇာတ်ကားက ပိုနာမည်ကြီးပါတယ်။ ချစ်သူပစ်သွားလို့ ဘ၀အသစ်ကို ထူထောင်ဖို့ မန္တလေးကို မီးသဘောင်္စီးရင်း ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက် ခရီးနှင်လာခဲ့တဲ့ Tanya Borodoff နဲ့ သင်္ဘောပေါ်မှာမှ ကြုံကြိုက်တွေ့ဆုံရတဲ့ ဆရာဝန်ကိုကို Dr.Gregory Burton တို့ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Moon Over Burma
အဲ့ဒီနောက်မှာ ထွက်လာခဲ့တဲ့ Burma Convoy (1941), Moon over Burma (1940), A Yank on the Burma Road (1942), Bombs over Burma (1942), Rookies in Burma (1945), Burma Victory (1945), Objective Burma (1945) တို့ဟာ ဒုတိယကမ္ဘာစစ် နောက်ခံ စစ်တိုက်ခန်းတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာ နာမည်ကြီးမင်းသမီး Dorothy Lamour ပါဝင်သရုပ်ဆောင်ထားတဲ့ Moon over Burma က နာမည်ကြီးပါတယ်။ Rookies in Burma ကတော့ အက်ရှင်ကားလို့ ပြောလို့ရသလို ဟာသကားလည်းဖြစ်တယ်လို့ အင်တာနက်စာမျက်နှာတွေကို ၀င်ရောက်မွှေနှောက်ရင်း သိခဲ့ရပါတယ်။ Objective Burma ရိုက်ပြီးလို့ ကိုးနှစ်လောက်ကြာမှ ခရမ်းရောင်လွင်ပြင်ကို ရိုက်ခဲ့တာပါ။ H.E.Bates ရဲ့ ၀တ္ထုကို ရိုက်တာဖြစ်ပြီး ဇာတ်ကားကို သီဟိုဠ်မှာပဲ ရိုက်ကူးခဲ့တာပါ။  နိုင်ငံခြားက ရိုက်ကူးတဲ့ မြန်မာဇာတ်ကားတွေအကြောင်းကိုhttp://en.wikipedia.org/wiki/List_of_films_set_in_Burma မှာလည်း လေ့လာလို့ရပါတယ်။ The Lady မတိုင်ခင် မင်းသမီး Sharon Stone ပါဝင်သရုပ်ဆောင်သွားတဲ့ Largo Winch II – The Burma Conspiracy (2011) က မြန်မာပရိသတ်တွေကြားမှာတော့ သိပ်ရေပန်းစားမှုမရှိပါဘူး။ ၀ီကီပီးဒီးယားမှာ ဖော်ပြထားတဲ့ ဇာတ်ကားတွေထဲမှာ မြန်မာပြည်ကို စီးပွားရေးကိစ္စအတွက်လာရင်း ကမောက်ကမတွေ ဖြစ်ရတာတွေကို ဟာသလုပ်ပြီး ရိုက်ထားတဲ့ The Philanthropist: Myanmar တော့ မပါပါဘူး။ ဒီဇာတ်ကားဟာ The Philanthropist ဇာတ်လမ်းတွဲတွေထဲမှာ ပရိသတ်နှစ်ခြိုက်တဲ့ ဇာတ်ကားတကားလဲ ဖြစ်ပါတယ်။

ဝီကီပီးဒီးယားတွင် ဖော်ပြထားသော နိုင်ငံခြားရိုက် မြန်မာဇာတ်ကားများ

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ A Maid of Mandalay ကို ဒီဝဘ်ဆိုက်မှာ download လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခြားဇာတ်ကားတွေကိုလည်း နာမည်ရိုက်ထည့်ပြီး အင်တာနက်မှာ ရှာဖွေကြည့်လို့ရပါတယ်။ တချို့ဇာတ်ကားတွေကိုတော့ အကုန်လုံး ကြည့်ခွင့်ရပေမယ့် တချို့ကိုတော့ နမူနာအဖြစ်ပဲ ကြည့်ခွင့်ရမှာပါ။


မျက်ရှု
Ref:http://www.myatshu.com/2012/05/05/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%9C%E1%80%99%E1%80%B9%E1%80%B8-%E1%80%9B%E1%80%AD%E1%80%AF%E1%80%80/