Popular Posts!

Thursday, April 16, 2015

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ



"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား"

"No I'havent"

"ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က အခုထတော့ ပြီးရင် ထမင်းစားလို့ရအောင် သားသားစားဖို့ မေမေ စားစရာ သွားလုပ်လိုက်တော့မယ်"
"Yes I will. Don't worry May May I don't have much homework because our class teachre did not come to work today. I can finish my homework in a short time" ထိုင်ရာက မထသေးဘဲ နောက်ထပ်ဂိမ်းတခုကို ထပ်စဖို့ လုပ်ရင်း ပြောလိုက်တယ်။

" သားသား မေမေ့ကို ဆင်ခြေမပေးနဲ့ နင်ဂိမ်းကစားနေတာ ဘယ်လောက်ကြာနေပြီလဲ အခု ထရင်ထ မထရင် နင့်ကိုငါ ရိုက်တော့မယ်"
"May May don't threat me I'm not paying ဆင်ခြေ Just one more game please"
"မောင်တိုး နင်အတွန့်မတက်လာနဲ့နော့် နင့်ကိုငါ ခြိမ်းချောက်နေတာ မဟုတ်ဘူး တကယ်ရိုက်ဖို့ ပြောနေတာ နင့်ကိုပါးစပ်နဲ့ ပြောလို့မရရင် အင်္ကျီချိတ်နဲ့ လာမယ် နင်ဘယ်လိုကလေးလဲ အခုထဆိုထ" လို့ ကျွန်မဒေါသထွက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တော့ သူထလာတယ်။ ပြီးတော့ အိမ်စာမလုပ်သေးဘဲ စာအုပ်ကို ကိုင်ပြီးသူပြောချင်တာ ဆက်ပြောနေတယ်။

"May May it's nothing to be angry about. I don't like shouting and screaming don't treat me like that I am not that stupid"
"အော်.. နင်က အော်တာတော့ မကြိုက်ဘူး အေးအေးဆေးဆေး ပြောတာလည်း နားမထောင်ဘူး နင် အခုပါးစပ်ပိတ်ထားစမ်း လူကြီးကို ပြန်မပြောနဲ့ နင်ဆက်ပြောရင် နင်နာပြီသာမှတ်တော့ ငါအင်္ကျီချိတ်နဲ့ကိုလာမယ်"

"I can't shut up May May. I don't care your အင်္ကျီချိတ်. I need to say what I have to. You Burmese adults have no idea with problem solving and the only way what you do is screaming shouting and hurting children. I hate aggressive behabiour I wonder why our Burmese adults are that aggressive. You should go to the training to learn how to bring up children.
သားက အဲလို ပြောလိုက်တဲ့အချိန်မှာတော့ ကျွန်မဟာ ဆတ်ဆတ်တုန်အောင် နာပြီး ဘာပြောလို့ ပြောရမှန်းမသိနဲ့ "နင်ပြောလေကဲလေပါလား" လို့ ပြောပြီး ကျွန်မ အိမ်ခန်းထဲက အင်္ကျီချိတ်သွားယူလာပြီး သူ့ကိုရိုက်ဖို့ ချိန်ရင်း "ဆက်ပြော ခုနက ပြောနေတာတွေ နင်ဆက်ပြောစမ်း ဒီလောက်ပြောချင်တဲ့ကလေး" နင့်ကိုဝအောင် ပေးပြောမယ်" လို့ ပြောပြီး ရိုက်ဖို့ရွယ်ထားတော့ "That's all" တဲ့ ဘာမှ ဆက်မပြောတော့ဘူး ကြောက်တဲ့ပုံလည်း လုံးဝမပြဘူး။




ကျွန်မ တော်တော်ကို ဒေါသထွက်နေပေမဲ့ သူဆက်မပြောတော့ ရိုက်ဖို့ရွယ်ထားတဲ့ လက်ကိုချလိုက်ပြီး မရိုက်ဖြစ်ခဲ့ဘူး။ "ဒီနိုင်ငံကို ရောက်လာတာ နင့်အတွက်ရောက်လာတာ ဒီလို အချိုးမျိုးလုပ်နေရင် နင်ငါ့သား မဟုတ်တော့ဘူး၊ နင့်ကိုငါ မချစ်တော့ဘူး မချစ်တော့ နင့်ကိုငါ ရိုက်စရာလည်း မလိုဘူး နင့်ကိုဒီမှာ မိဘမဲ့ဂေဟာမှာ ထားခဲ့ပြီး နင့်အဖေနဲ့ငါ နယ်စပ်ကိုပြန်မယ် နင်ဒီနိုင်ငံမှာ တယောက်တည်း နေခဲ့" လို့ ကျွန်မ စိတ်တိုပြီးပြောလိုက်တော့ သားက ကျွန်မ မျက်နှာကို စူးစိုက်ကြည့်ပြီး မျက်နှာ နည်းနည်းညို့လာတာ "Don't leave me alone May May" "Don't leave me alone May May"လို့ ပြောပြီး ကျွန်မရင်ခွင်ထဲကို တိုးဝင်လာတာနဲ့ ကျွန်မလည်း မအောင့်နိုင်တော့ဘဲ သားကို ရင်ခွင်ထဲမှာ ပွေ့ဖက်မိတဲ့အချိန်မှာ သားက ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ " May May, please don't say me that again, never ever say me that again. If you want me to do somethings, don't yell at me, tell me nicely, I'll listen to you" လို့ ပြောပြီး ဆက်ငိုနေလို့ ကျွန်မကပဲ ရင်ခွင်ထဲမှာ ပွေ့ချီထားပြီး မေမေ သားကို ကောင်းစေချင်လို့ ပြောတာ ဒေါသနည်းနည်း ပါသွားတယ် နောက်အဲလို ဒေါသနဲ့ မဆူတော့ဘူးလို့ ပြောပြီးပြန်ချော့လိုက်ရတယ်။

ဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ သုံးနှစ် သားသား လေးတန်းနှစ်တုန်းက ဖြစ်ခဲ့တဲ့ အပြစ်အပျက်လေး တခုဖြစ်တယ်။ ကျွန်မလည်း အဲဒီအချိန်ကစပြီး ကျွန်မသားကို ကျွန်မ ဘယ်တော့မှ မရိုက်တော့ဘူး သူမလုပ်ချင်တာကိုလည်း အတင်း ဘယ်တော့မှ မလုပ်ခိုင်းတော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။ ဒီအဖြစ်အပျက်ကို လေ့လာကြည့်ရင် ကျွန်မတို့ သားအမိရဲ့ ပြောဆိုဆက်ဆံရာမှာ ကလေးတွေရဲ့ သဘောထားနဲ့ ဘာသာစကား သုံးစွဲထားပုံကို သတိထားမိပါလိမ့်မယ်။ နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေးတွေ မြန်မာလို အပြောနည်းပြီး မိခင်ယဉ်ကျေးမှု အလေ့အထတွေကို ကျင့်သုံးမှု နည်းတာနဲ့ပတ်သက်တဲ့ အွန်လိုင်းပေါ်မှာ ပို့စ်တချို့ကို ဖတ်ဖူးပါတယ်။ ဖတ်ရသလောက်တော့ အကောင်းဘက်က မြင်ခြင်း (သို့) ပကတိအတိုင်း မြင်ခြင်းထက် အဆိုးဘက်က မြင်တာက ပိုများတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချက်တွေကလည်း တချိန်က ကျွန်မကိုယ်တိုင်ရဲ့ ထင်မြင်ချက်တွေနဲ့ ထပ်တူထပ်မျှ တူတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းရင်းကိုတော့ ကျွန်မတို့ ဆန်းစစ်သင့်ပါတယ်။

ကလေးတွေ ဗမာလို မပြောတာ ဗမာလိုပြောရမှာ ရှက်လို့၊ မိမိလူမျိုးကို အထင်သေးလို့ မိဘတွေကိုယ်တိုင်က ဗိုလ်ရူးရူးနေပြီး သားသမီးကို ဗမာလို မသင်ပေးလို့ စသည်ဖြင့် အမျိုးမျိုး အပြစ်တင်ဝေဖန်ကြတာ ဖတ်ဖူးပါတယ်။ တကယ်တော့ လေ့လာကြည့်ရင် အဲဒါတခုမှ မဟုတ်ဘူး၊ မိမိကိုယ်တိုင် ဒီပတ်ဝန်းကျင်မှာ ဒီလိုဘ၀ကို ဖြတ်သန်းဖူးမှ ဒီအခြေအနေကို ခံစားနားလည်နိုင်မှာ အမှန်ပဲဖြစ်တယ်။ သားကို ခပ်ငယ်ငယ်က ဗမာနဲ့တွေ့ရင်ဖြစ်စေ၊ မိဘနဲ့ အိမ်မှာ စကားပြောရင်ဖြစ်စေ ဗမာလိုပဲ ပြောရမယ်လို့ ပြောထားတယ်။ သားက လည်း သူငယ်တန်းပထမနှစ်ဝက်အထိ ဗမာလိုကို ကောင်းကောင်း ပြောပါတယ်။ ဒုတိယနှစ်ဝက်ကစပြီး အင်္ဂလိပ်လို ညှပ်ညှပ်ပြီး ပြောလာရာကနေ နောက်တော့ အင်္ဂလိပ်လို ပြောပြီးဆက်ဆံရတဲ့ အချိန်က ပိုများနေလို့ အင်္ဂလိပ်လိုကိုပဲ လုံးဝ အားသန်သွားတယ်။ မြန်မာကျောင်းတွေ ဘုန်းကြီးကျောင်းတွေလည်း တပတ်တခါ သွားပို့ပေမဲ့ ဟိုမှာလည်း မြန်မာကလေးတွေအချင်းချင်း ဗမာလို မပြောဘဲ အင်္ဂလိပ်လိုပဲ ပြောကြတာ တွေ့ရတယ်။

ဒါက ကျွန်မသား တယောက်တည်း မဟုတ်ပါဘူး၊ ဒါဟာ နိုင်ငံခြားရောက် မြန်မာကလေးတိုင်းနီးပါး ဖြစ်နေတဲ့ အခြေအနေ ဖြစ်တယ်။ ဒီဒေသ ဒီပတ်ဝန်းကျင်မှာ ကြီးပြင်းတဲ့ ကလေးတွေအားလုံးအတွက် အင်္ဂလိပ်လိုကို ပိုသန်သွားတာဟာ တကယ်တော့ ဘာမှ မထူးဆန်းပါဘူး၊ သဘာဝအတိုင်း ပုံမှန်သာ ဖြစ်ပါတယ်။ ဗမာလိုကောင်းကောင်း ကျွမ်းကျင်ဖို့ဆိုရင် ဒီနိုင်ငံမှာ ကလေးစိတ်မပါဘဲနဲ့ အတင်းတွန်းလို့ မရတဲ့အတွက် ကလေးကလည်း စိတ်ပါဝင်စားမှ မိဘကလည်း အချိန်ပေးကာ အထူးကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်မှသာ ကလေးတွေက ဗမာလိုကို ကောင်းကောင်း ပြောနိုင်ကြတာ ဖြစ်ပါတယ်။

အထက်ပါ ဖေါ်ပြတဲ့ အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း သားနဲ့ ကျွန်မဟာ ပိုပြီး ရင်းနှီးပွင့်လင်းသွားတော့ ကလေးတွေရဲ့ ခံစားချက်ကို ကျွန်မအရင်ကထက် ပိုနားလည်လာတယ်။ ကိုယ်ဖြစ်ချင်တာကိုပဲ အတင်းတွန်းပြီး ဦးစားမပေးတော့ဘူး။ ဒီနှစ် နွေရာသီမှာ ကျွန်မ အလုပ်ပါးတော့ သားနဲ့ အေးအေးဆေးဆေး မကြာခဏ စကားပြောဖြစ်ပါတယ်။ ဗမာကလေးတွေဟာ သူများထင်သလိုပဲ မိမိလူမျိုးကို အထင်သေးလို့ နိုင်ငံခြားဘာသာစကားကို ပြောတာတကယ်များ ဖြစ်နေပြီလားတွေးပြီး ကလေးစိတ်ထဲမှာ ဘယ်လိုရှိလဲဆိုတာ သိချင်လို့ ကျွန်မသားကို မေးကြည့်တယ်။ သားဆီက သိရသမျှ ဗမာလို မပြောတာကတော့ တချို့ထင်နေသလို လုံးဝမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာလူမျိုး လူကြီးတွေရဲ့ အမူအကျင့်မှာ ကလေးတွေ မကြိုက်တာ အထင်သေးနေတာတွေ အများကြီး ရှိတာကို သားဆီက ကျွန်မ သိလိုက်ရတယ်။ "ဗမာလို မပြောချင်တဲ့ အဓိကအကြောင်းအရင်းက ဗမာလိုဟာ အင်္ဂလိပ်လိုနဲ့ စာရင် သိပ်ကိုခက်ခဲတယ် ဒါက ပထမအချက် ဖြစ်တယ်" လို့ ဆိုတယ်။ နောက်တချက်က "ဗမာလိုကို ဗမာလိုတကယ်တတ်တဲ့ ဗမာတွေနဲ့ ပြောမှဖြစ်တယ် ဒါပေမဲ့ ဗမာလူကြီးတွေဟာ သိပ်ကိုရိုင်းတယ်၊ ကလေးတွေ စကားပြောလို့ မပီရင် (သို့) မှားနေရင် မပြင်ပေးတဲ့အပြင် သူတို့ ပြောတဲ့အတိုင်း ပုံစံတူ လိုက်ပြောပြီး တဟီးဟီး တဟားဟားနဲ့ ရယ်ကြတယ်။ ဒါဟာ သိပ်ရိုင်းတဲ့ အပြုအမူဖြစ်ပြီး သားတို့ကို နောက်ထပ် ဗမာလို ထပ်မပြောချင်လောက်အောင် အရှက်ရစေတယ်" လို့ ပြောပြတယ်။ ဒါဟာ သူတယောက်တည်းရဲ့ သဘောထား မဟုတ်ဘူး ကလေးအတော်များများရဲ့ သဘောထား ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဖြစ်နိုင်ပါတယ်၊ တခြားကလေးတွေက သူတို့မိဘနဲ့ သူတို့ကြားမှာ သားနဲ့ ကျွန်မလောက် ရင်းနှီးပွင့်လင်းမှု မရှိတဲ့အတွက် သူတို့စိတ်ထဲမှာ ဒီလိုရှိနေတယ်ဆိုတာ မိဘကို ဘယ်တော့မှ ပြောမယ် မထင်ဘူး။ မြန်မာလူကြီးတွေက ရိုင်းတယ်လို့ ပြောတာနဲ့ ပတ်သက်ပြီး သူတို့ထင်တဲ့ အချက်အလက်တွေက ကျွန်မတို့ လူကြီးတွေအတွက် ဘာမှမဟုတ် ပျော်သည်ပျက်သည်ပြောတာ ဖြစ်ပေမဲ့ ဒီနိုင်ငံမှာ ကြီးတဲ့သူတို့ကလေးတွေအတွက် တကယ်ကို ဆင်ခြင်သင့်တာကို ကျွန်မသတိထားမိပါတယ်။

သူတို့ ရိုင်းတယ်ထင်တဲ့ အချက်အဲတွေကတော့ ကျွန်မတို့အချင်းချင်း တွေ့ကြရင် အဖြူတွေလို ဖက်လဲတကင်း နှုတ်ဆက်ပြီး ကောင်းတဲ့အချက်တွေကို ရှာပြီး ချီးကျူးတာမျိုး မဟုတ်ဘဲ ၀မ်းသာအားရနဲ့ ဟေး.. နေကောင်းလား မင်းပိန်ပြီး မဲသွားလိုက်တာ ကုလား/ကုလားမပုံပေါက်နေတာပဲ၊ ၀နေတဲ့သူဆိုရင်လည်း ဗိုက်ကြီးက တွဲနေတာပဲ ဘီယာလား ကလေးလား ဘယ်နှစ်လ ရှိပြီလဲ ဘယ်တော့မွေးမလဲ၊ ဆံပင်တွေဖြူလာလိုက်တာ တော်တော် အရွယ်ကျသွားတယ်နော့် အိုပြီးကိုး စသည်ဖြင့် လူကြီးတွေက တယောက်နဲ့တယောက် ရင်းရင်းနှီးနှီးစနှောက်ပြီး နှုတ်ဆက်ကြတာကို သူတို့မျက်စိနဲ့ နားမှာ အားနည်းချက်တွေကိုမှ ရှာပြီး ရီစလုပ်ရတယ်ဆိုပြီး သိပ်ကိုရိုင်းတယ်ဆိုတာ သားပြောမှ ကျွန်မသတိထားမိတယ်။ ကျွန်မတို့အတွက်တော့ တယောက်နဲ့တယောက် ရင်းနှီးလို့ ပြောတာ ဘာမှမခံစားရပေမဲ့ သူတို့စိတ်ထဲမှာတော့ လူတယောက်ရဲ့ အားနည်းချက်ကို ကြည့်ပြီး အပျော်လုပ်ကြတာဟာ အဲဒီအလုပ်ခံရတဲ့သူကို စိတ်ဓါတ်ရေးရာအရ သိမ်ငယ်စေလို့ Bully လုပ်ခြင်းဖြစ်တယ်၊ အဲလို Bully လုပ်ပြီး ပျော်ကြတာကို ဘယ်လိုမှ ခံစားနားလည်လို့ ရမှာမဟုတ်ဘူး။

အတွေ့အကြုံတခုကို ဥပမာပေးရရင် ခရစ်စမတ်တုန်းက ကမ်းခြေမှာ ရေသွားကူးကြတော့ ကျွန်မတို့မိတ်ဆွေထဲက အသားခပ်ညိုညို သားသူငယ်ချင်း ကလေးတယောက်က ရေကူးတာ Sun cream လုံလောက်အောင် လိမ်းခဲ့ပုံမရဘူး ရေထဲမှာ အကြာကြီးနေပြီး အပေါ်တက်လာတော့ မဲတူးနေတာကို လူကြီးတွေက ၀ိုင်းရယ်ပြီးတော့ မင်းကကုလားလား၊ ကပ္ပလီလားနဲ့ လိုက်စကြတယ်။ ပြီးတော့ မိတ်ဆွေတယောက်ကလည်း သူ့အမေကို နင်ဆေးရှုံမှာ ဒီကောင်ကိုမွေးတုန်းက ကပ္ပလီကလေးနဲ့ မှားပြီးပါလာလားမှ မသိတာလို့ စလိုက်တော့ သူ့အမေအပါအ၀င် လူကြီးတွေက ဒါကို သဘောကျပြီး တ၀ါးဝါး တဟားဟားနဲ့ ဟားတိုက်ပြီး အကုန်ရယ်ကြတယ်။ ကလေးတွေကတော့ တယောက်မှ မရီတာ ကျွန်မသတိထားမိလိုက်တယ်။

အိမ်ပြန်ရောက်ပြီး နောက်ပိုင်း သားသားနဲ့ ကျွန်မနဲ့ ဒီအကြောင်း စကားစပ်မိတော့ ကမ်းခြေမှာတုန်းက အဲဒီကလေးကို bully လုပ်တာတင်မကဘူး သူများလူမျိုးတွေဖြစ်တဲ့ ကုလားတွေ၊ ကပ္ပလီတွေကိုပါ သွားပြီး ထိခိုက်စေတယ်လို့ သားက မကျေမနပ်နဲ့ ပြောနေတယ်။ ပြီးတော့ ဗမာလူမျိုးတွေလောက် လူသားအချင်းချင်းခွဲခြားတတ်တာ ကမ္ဘာာမှာ မြန်မာလူမျိုးပဲ ရှိမယ်ထင်လို့ ပြောပြီး မြန်မာလူကြီးတွေဟာ လူကြီးအချင်းချင်းတွေ့ရင်လည်း တယောက်ကိုတယောက် အားနည်းချက်ကို ရှာပြီး Bully လုပ်ကြတယ်။ ကလေးတွေ ဗမာလို ပြောတာ စကားပြောမပီရင်လည်း ရီစရာမဟုတ်တာကို ရယ်စရာလုပ်တယ်၊ ကလေးတွေကို ငိုအောင် လိုက်စပြီး ကလေးတွေငိုရင်လည်း ဟားတိုက်ပြီး ရယ်စရာ လုပ်ကြတယ်၊ တခြားလူမျိုးတွေကိုလည်း လူသားအချင်းချင်းလည်း ထိခိုက်စော်ကားပြီး သိပ်ခွဲခြားတတ်တယ် ဘယ်လိုမှ နားလည်လို့ကို မရဘူးလို့ ပြောတယ်။ မြန်မာလူမျိုးတွေမှာ ကောင်းတဲ့အတုယူစရာဆိုလို့ ဘုန်းကြီးကျောင်းသွားတာနဲ့ အလှူအတန်း ရက်ရောတာပဲ တွေ့တယ် ကျန်တဲ့အတူယူစရာ ကောင်းတဲ့အချက်ဆိုလို့ မြန်မာလူမျိုးတွေမှာ သူဘာမှမတွေ့ကြောင်းလည်း ပြောလိုက်တယ်။ ဒါဟာ သူ့တယောက်တည်းရဲ့ သဘောထားမဟုတ် ကလေးတော်တော်များများက ဒီလိုပဲခံစားရပြီး သူတို့မိဘတွေကို မပြောပြရဲလို့ (သို့) ပြောလို့ အကျိုးမရှိဘူး ထင်လို့သာ မပြောကြောင်း သားက ကျွန်မကို ပြောပြပါတယ်။

ကျွန်မလည်း ကလေးတွေကို လုပ်တဲ့အပြုအမူတွေ ဖြစ်တဲ့ စကားမပီရင် ရယ်တာ၊ လိုက်စပြီး ရယ်တာနဲ့ ကုလားလိုပဲ ကပ္ပလီလိုပဲလို့ ကလေးတွေကို ပြောတာတွေနဲ့ ပတ်သက်ပြီး အဲဒါကိုတော့ ရိုင်းတယ်ဆိုတာ ကျွန်မလက်ခံပေးလိုက်တယ်။ ကလေးစကားမပီလို့ ရီတာဟာ ကျွန်မတို့အတွက် ရည်ရွယ်ချက် မပါပေမဲ့ တဘက်သားကို ခံစားမှု ဖြစ်စေတာ အမှန်ပဲ။ ဒါပေမဲ့ လူကြီးအချင်းချင်း တယောက်နဲ့တယောက် ခင်မင်ရင်းနှီးလို့ ပိန်တာ၊ ၀တာ အရွယ်ကျလာတာကို ပြောကြတာကတော့ တစိမ်းတွေကို ဘယ်တော့မှ မပြောဘဲ တယောက်နဲ့တယောက် အင်မတန်ကို ခင်မင်ရင်းနှီးမှသာ ပြောကြတာ ဖြစ်တဲ့အတွက် ဒါကိုရိုင်းတယ်လို့ ပြောလို့မရကြောင်း သားကိုရော သားသူငယ်ချင်းတွကိုပါ ကျွန်မ ရှင်းပြလိုက်ပါတယ်။ ကာရကံရှင် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ဒါဟာ အားနည်းချက်ကို အခွင့်ကောင်းယူတာ ဖြစ်တဲ့အတွက် ယဉ်ကျေးတဲ့အပြုအမူတခု မဟုတ်ဘူးလို့ပဲ သူတို့သဘောထားကြတယ်။

မြန်မာလူမျိုးတွေဟာ ဘာသာရေးကိုင်းရှိုင်းတာနဲ့ အပေးအကမ်းလှူဒါန်း ရက်ရောတဲ့အပြေင် ကြီးသူရိုသေ၊ ငယ်သူသနား ရွယ်သူလေးစားတယ်။ အကြင်နာတရား ရှိတယ်စသည်ဖြင့် အတုယူစရာအဖြစ် ကောင်းတဲ့အချက်လေးတွေ ပြောပြတော့ ကြီးသူရိုသေတာပဲ သူတို့လက်ခံပေမဲ့ ကျန်တာကိုတော့ သူတို့လက်မခံဘူး။ ကြီးသူကိုရိုသေတာ တခုတော့ သက်ကြီးပူဇော်ပွဲတို့ နှစ်စဉ်လုပ်ပြီး အသက်ကြီးသူတွေကို တလေးတစား ဆက်ဆံတာ သူအမြဲတွေ့နေရလို့ သူကိုသက်သေပြလို့ရသွားတယ်။ အကြင်နာတရား ရှိတယ်ဆိုတာလည်း မြန်မာရုပ်ရှင်တွေထဲမှာ အမြဲတမ်း ဒေါသထွက်ကြ၊ ရန်ဖြစ်ကြတာ မကြာခဏတွေ့ရလို့ အကြင်နာတရားမှာ တခြားလူမျိုးတွေထက်တောင် နည်းသေးတယ်လို့ ထင်နေကြတယ်။

နိုင်ငံခြားမှာ ကြီးပြင်းတဲ့ ကျွန်မတို့သားသမီးတွေ ကိုယ့်ယဉ်ကျေးမှုကိုကိုယ် နားလည်ဖို့ဆိုတာ မိဘတွေမှာပဲ အများဆုံး တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျင့်သုံးဖို့ကိုကျတော့ အတင်းလုပ်လို့ရတဲ့အရာ မဟုတ်တဲ့အတွက် သူစိတ်ဝင်စားပြီး လက်ခံသဘောကျ ဆန္ဒရှိမှသာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်ပုံဟာ ကျွန်မတို့နိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်တာနဲ့ မတူသလို ဒီကကလေးတွေရဲ့ အခွင့်အရေးကလည်း မြန်မာနိုင်ငံက ကလေးတွေရဲ့ အခွင့်အရေးနဲ့ မတူပါဘူး။ ဒါကြောင့် မိဘပြောတာကို သူတို့လက်ခံဖို့ဆိုတာကလည်း လူကြီးတွေကိုယ်တိုင်က သူတို့ရဲ့ခံစားမှုကို နားလည်ဖို့ လိုအပ်ပါတယ်။ ဇီဝသိပ္ပံအရ သက်ရှိသတ္တ၀ါတိုင်းက သဘာဝ (Natural Selection) အရ သူရှင်သန်တဲ့ပတ်ဝန်းကျင်မှာသူနဲ့ Adaptation (လိုက်လျောညီထွေမှု) အံဝင်ခွင်ကျ ရှိပြီးသား ဖြစ်နေပါတယ်။ သူရှင်သန်တဲ့ ပတ်ဝန်းကျင်က မဟုတ်တဲ့ အလေ့အထတခုကို မိတ်ဆက်ချင်ရင် သူ့သဘာဝနဲ့ ဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် အထူး ပြုပြင်စီမံပြီး လုပ်ယူမှရပါတယ်။ ဒါကို Artificial Selection လို့ခေါ်ပါတယ်။

ကျွန်မတို့သားသမီးတွေအတွက် ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အလေ့အထက ဒီအတိုင်း သဘာဝအလျှောက် အလိုလျှောက် မဖြစ်နိုင်တော့ဘူး။ သဘာဝကို လွန်ဆန်ပြီး လုပ်ယူ သွတ်သွင်းယူမှရတဲ့ Artificial Selection ဖြစ်သွားပြီ။ ဒီလို လုပ်ရာမှာလည်း သဘာဝလျောက် ပူတဲ့ရာသီဥတုကို Artificial Selection ဖြစ်တဲ့ Aircon နဲ့ အေးအောင် လုပ်ရင် တချို့က နှာစေးအအေးမိသွားတတ်သူ ရှိသလိုမျိုးပဲ Artificial Selection ကို လက်ခံနိုင်စွမ်းမရှိတဲ့ ကလေးတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အမွေအနစ်ကို ကျွန်မတို့ သွတ်သွင်းနိုင်မှုနဲ့ သူတို့ လက်ခံနိုင်မှု နှစ်ခုစလုံးအပေါ် မူတည်ပြီးပဲ ကျွန်မတို့ရဲ့ အမွေအနစ် သူတို့ဆီမှာ လက်ဆက်ကမ်း ကျန်မှာဖြစ်တယ်။ လက်မခံနိုင်ရင်လည်း ဒါဟာ အပြစ်တင်စရာလည်းမဟုတ်ဘူး ၀မ်းနည်းစရာလည်း မဟုတ်ဘူး ဒါဟာ သဘာဝကို လွန်ဆန်သွားတာမဟုတ် သူကြီးပြင်းတဲ့ပတ်ဝန်းကျင်ရဲ့ သဘာဝတိုင်းသာ ဖြစ်တဲ့အတွက် ကျွန်မတို့က လက်ခံပေးရမှာ ဖြစ်တယ်။

ဒါကြောင့်မို့ ကျွန်မသားလေးကို ကျွန်မ ဒီလိုလုပ်ပါလို့ လမ်းပဲလမ်းညွန်ပါတယ် အတင်းဘယ်တော့မှ မလုပ်ခိုင်းဘူး။ အခု အထက်တန်းစတက်တဲ့အချိန်မှာ တခြားကလေးတွေ သူတို့ဘာသာစကားကို ကောင်းစွာပြောတတ်တာကို ကြည့်ပြီး သားက ဗမာလို ပြန်ပြောလာတာကို တွေ့ရပါတယ်။ သူတို့ မူလတန်းတုန်းကရော အခုအထက်တန်းစတက်ချိန်မှာပါ Culture Diversity ဆိုတာကို သင်ရပြီး Culture တခုမှာ ဘာသာစကားနဲ့ အလေ့အထ ထုံးတမ်းအစဉ်အလာတွေ ပျောက်ရင် Natural Selection ရဲ့ Convergent Evolution Process အတိုင်း လူမျိုးဆိုတာလည်း တခြားလူမျိုးတွေကြားမှာ တိမ်ကော ပျောက်ပျက်သွားနိုင်တယ်ဆိုတာ သဘောပေါက်သွားလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သားစကားပြောရင် ပုံတူလိုက်တုပြီး သူ့ကိုအမြဲတမ်း ရီတတ်တဲ့ သူ့အဖေကို သားဗမာလိုပြောလို့ အသံဝဲရင် ဗမာပီပီ မရီနဲ့နော့်လို့ သတိပေးထားရတယ်။ သူဗမာလို ပြန်ပြောအောင် ကျွန်မအတင်းတိုက်တွန်းတာ မဟုတ်ဘူး။ Multi-cultural ပတ်ဝန်းကျင်မှာ မိမိ Culture ကို မျိုးဆက်တိုင်းက ထိန်းသိမ်းရမယ်ဆိုတဲ့ အသိနဲ့ သူ့ဖါသာသူ ဗမာလို ပြန်ပြောတာ ဖြစ်တယ်။

တကယ်တော့ ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေဆိုတာ အခြေအနေ၊ အချိန်အခါ ကာလံဒေသံ အရသာ ဖြစ်ပြီး ဒါကို ကျွန်မတို့ လွန်ဆန်လို့မရ၊ မျက်ကွယ်ပြုလို့ မရပါဘူး။ ဒါကြောင့်လည်းပဲ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဆိုတဲ့ မြန်မာစကားပုံနဲ့ ရောမရောက်ရောမ ဆိုတဲ့ နိုင်ငံခြား စကားပုံတွေ ပေါ်လာတယ် မဟုတ်လား။ နိုင်ငံခြားမှာ ကြီးပြင်းတဲ့ မြန်မာကလေးတွေ မြန်မာလို အားမသန်တာ မြန်မာအမှုအမူ နည်းတာဟာ သူတို့ဘာမှ မမှားပါဘူး မိခင်ဘာသာစကားကို အထင်သေးလို့လည်း မဟုတ်ဘူး ဒီပတ်ဝန်းကျင်မှာ ကြီးတဲ့ ကလေးတွေအတွက် ဒါဟာ ပုံမှန်သာဖြစ်ကြောင်းကို တင်ပြလိုက်ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


Ref:http://nge-naing.blogspot.sg/2011/02/blog-post_08.html?m=1
Post a Comment

Gadget

This content is not yet available over encrypted connections.

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!