Popular Posts!

Monday, April 20, 2015

နိုင်ငံခြားဘဏ်များ ကျပ်ငွေဖြင့် ငွေချေးရာ၌ ဗဟိုဘဏ် အတိုးနှုန်းဖြင့် ချေးရမည်

ဗဟိုဘဏ်, နိုင်ငံခြားဘဏ်များ
ရန်ကုန်မြို့လယ်တွင် တွေ့ရသော ပြည်တွင်း ပုဂ္ဂလိက ဘဏ်တခု ဖြစ်သည့် AGD ဘဏ်(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ပြည်တွင်း၌ ဘဏ်လုပ်ငန်းလိုင်စင် လုပ်ပိုင်ခွင့်ရရှိထားသော နိုင်ငံခြားဘဏ်များသည် ကျပ်ငွေဖြင့် ငွေချေးငှား လုပ်ကိုင်ရာတွင် ပြည်တွင်း ဘဏ်များကို သတ်မှတ်ပေးထားသည့် ဗဟိုဘဏ် အတိုးနှုန်း သတ်မှတ်ချက် အတိုင်းသာ ချေးရမည် ဖြစ်သည်ဟု သိရ သည်။

နေပြည်တော် ဗဟိုဘဏ်ရုံးချုပ်၌ အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သော နိုင်ငံခြားဘဏ်များကို လိုင်စင် ချပေးခြင်းနှင့် ပတ် သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်က အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ပြည်တွင်း ကျပ်ငွေဆိုရင် နိုင်ငံခြားဘဏ်တွေ အနေနဲ့ နိုင်ငံခြား ကုမ္ပဏီကို ချေးလည်း ကျနော်တို့ သတ်မှတ်ထားတဲ့ ပြည်တွင်းက အတိုးနှုန်းနဲ့ပဲ ချေးရမှာပါ”ဟု ဦးဆက်အောင်က ဆိုသည်။
နိုင်ငံခြားဘဏ်များ လာရောက် လုပ်ကိုင်မည့် အချိန်တွင် ငွေကြေးဆိုင်ရာ အနေဖြင့် ထိုဘဏ်များက အမေရိကန် ဒေါ်လာ ၇၅ သန်း ယူဆောင်လာရမည်ဟု သတ်မှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ဗဟိုဘဏ်က အောက်တိုဘာ ၁ ရက်တွင် နိုင်ငံခြားဘဏ် ၉ ခုအား ပြည်တွင်း၌ ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်ချပေးကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ဘဏ်များတွင် ဂျပန်၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ သြစတြေးလျနှင့် နယူးဇီလန်ဘဏ်များ ပါဝင်သည်။
နိုင်ငံခြားဘဏ်များသည် ပြည်တွင်း၌ ၀င်ရောက် လုပ်ကိုင်ရာတွင် ပြည်တွင်းဘဏ်များက လက်ရှိ ဝန်ဆောင်မှု ပေးနေသော စနစ်ဖြစ် သည့် လက်လီ ဘဏ်လုပ်ငန်းစနစ်ဟု ခေါ်ဆိုကြသော Retail Banking စနစ်ဖြင့် လုပ်ပိုင်ခွင့်မပေးဘဲ ငွေကြေး အဖွဲ့အစည်းများ၊ ဘဏ်များဖြင့်သာ လုပ်ကိုင်ရသော Whole Sale Banking စနစ်ကိုသာ လုပ်ပိုင်ခွင့် ပေးမည်ဟု ဦးဆက်အောင်က ဆိုသည်။
လုပ်ကိုင်ခွင့် ရရှိထားသော နိုင်ငံခြားဘဏ်များသည် Whole Sale Banking စနစ်ဖြင့် နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ ၂ မျိုး စလုံး လုပ်ပိုင်ခွင့် ရရှိမည် ဖြစ်သည်။
ပြည်တွင်း ဘဏ်များဖြင့် ပူးပေါင်းပြီး ချေးသည့် စနစ်တွင် ပြည်တွင်းဘဏ်များက ပမာဏများပြားစွာ ထုတ်မချေးနိုင်သည့် အချိန်၌ နိုင်ငံခြားဘဏ်က ပူးပေါင်းပြီး ချေးငွေပေးသည့် စနစ် ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားဘဏ်များက ပြည်တွင်း လုပ်ငန်းရှင်များသို့ ချေးငွေပေးရာတွင် ပြည်တွင်း ဘဏ်များမှ တဆင့် သော်လည်ကောင်း၊ ပြည်တွင်းဘဏ်နှင့် ပူးပေါင်းပြီးသော် လည်ကောင်း ချေးငွေပေးနိုင်မည်ဟု သိရသည်။
ပြည်တွင်းဘဏ်များမှ တဆင့် ချေးသည့် စနစ်မှာ ပြည်တွင်းဘဏ်က နိုင်ငံခြားဘဏ်များထံမှ အတိုးနှုန်း တမျိုးဖြင့်ယူပြီး ပြည်တွင်း လုပ်ငန်းရှင်များသို့ ဗဟိုဘဏ် သတ်မှတ်အတိုးနှုန်းဖြင့် ပြန်လည် ချေးသည့်စနစ်မျိုးသာ ဖြစ်သည့်အတွက် လုပ်ငန်းရှင်များက အတိုး နှုန်း အပြောင်းအလဲ မရှိဘဲ ငွေပိုချေးနိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အရင်က သန်း ၁၀၀ ချေးနိုင်တယ် ဆိုရင် အခု နိုင်ငံခြားဘဏ်တွေ ၀င်လာတော့ သန်း၂၀၀ တိုးချေးနိုင်မယ်ဆိုတဲ့ သဘောပါ”ဟု ဦးဆက်အောင်က ပြောသည်။
ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များ အကြား ဘဏ်အချင်းချင်း ချေးယူသော အတိုးနှုန်း အခြေအနေနှင့် ပတ်သက်ပြီး ဦးဆက်အောင်က “ဘဏ်အချင်းချင်း ချေးတာမှာ Interbank money ဖြစ်သွားပြီ။ ဒေါ်လာပဲ ဖြစ်ဖြစ် ကျပ်ပဲ ဖြစ်ဖြစ်။ အဲဒီမှာ ကျပ်နဲ့ဆိုလည်း သူတို့ အချင်းချင်းကြား ယူတဲ့နှုန်းက ကျနော်တို့ သတ်မှတ်တဲ့နှုန်း ဟုတ်ချင်မှ ဟုတ်မှာ။ ဘဏ်အချင်းချင်း ချေးတဲ့ အတိုးနှုန်း နဲ့ ဘဏ်ကနေ ပြန်ချေးတဲ့ အတိုးနှုန်း မတူကြဘူး”ဟု ပြောသည်။
ဗဟိုဘဏ်က ယခု လုပ်ကိုင်ခွင့် လိုင်စင်ပေးလိုက်သော နိုင်ငံခြားဘဏ်များသည် လိုင်စင်ချပေးသော နေ့မှ ၁၂ လအတွင်း ဖွင့်လှစ် ရမည် ဖြစ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန် ကြေညာထားသည်။
နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့်ရရန် ကတိက၀တ်များစွာ ရှိကြောင်း၊ ဘဏ်မဖွင့်လှစ်ခင် ကတိက၀တ်များထက် ဘဏ်ဖွင့်လှစ်ပြီး နောက်ပိုင်း လုပ်ဆောင်ရမည့် ကတိက၀တ်များက ပိုမိုများပြာသည်ဟု ဘဏ်အသိုင်းအ၀န်းက သိရသည်။
အဆိုပါ ကတိက၀တ်များတွင် ဘဏ်လိုင်စင် ပြန်လည် ရုပ်သိမ်းလို့ ရနိုင်သည်အထိ ဖိအားပေး၍ရသော အချက်များ ပါရှိသည်ဟု ဆို သည်။
ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များ ဖက်စပ်စနစ် JV စနစ်ဖြင့် လုပ်ပိုင်ခွင့်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပြင်ဆင်ပြီးမှသာ ဖြစ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်က ဗဟိုဘဏ်က ကြေညာလိုက်သော ပြည်တွင်းသို့ ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင် ရရှိသည့် ဘဏ်များမှာ သြစတြေးလျနှင့် နယူးဇီလန် ဘဏ်ဂရု ANZ၊ ထိုင်းနိုင်ငံ Bangkok Bank၊ ဂျပန်မှ BTMU၊ MIZUHO Bank နှင့် SMBC၊ မလေးရှား နိုင်ငံမှ Maybank၊ စင်္ကာပူမှ OCBC နှင့် UOB၊ တရုတ်နိုင်ငံမှ ICBC တို့ ဖြစ်သည်။

Ref:http://burma.irrawaddy.org/business/2014/10/02/65463.html

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!