Popular Posts!

Sunday, April 12, 2015

ဝတ်လစ်စလစ် စီးပွားရေး



ရုရှားငါးဖမ်းသင်္ဘော မြှပ်ရာမှာ ပါသွားတဲ့ မြန်မာသင်္ဘောသားတွေ၊ မလေးရှားမှာ တရားမ၀င် လုပ်ကိုင်လို့ အဖမ်းခံရသူတွေ၊ ထိုင်းငါးဖမ်းသင်္ဘောပေါ်မှာ ကျွန်အဖြစ် အရောင်းစား ခံရသူတွေ၊ ဒုက္ခသည်စခန်းကနေ တတိယ နိုင်ငံတွေဆီ ရွေ့ပြောင်းပြီး ဒုက္ခတွေ့နေသူတွေ၊ ပတ်ဝန်းကျင် နိုင်ငံတွေမှာ အောက်ကျနောက်ကျနဲ့  အလုပ်လုပ်နေရသူတွေ။
အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဒီလူတွေ ကျပန်းပမာ လွင့်စဉ်ထွက်သွားရတယ်ဆိုတာ ဘယ်လိုမှ ငြင်းမရဘူး။ အစိုးရမှာ အခါခပ်သိမ်း တာဝန်ရှိတယ်လို့ မပြောလိုပေမယ့် အစိုးရမှာ အတိုင်းအတာ တော်တော်များများ အထိ တာဝန်ရှိတာကိုတော့ ပြောရမှာပဲ။ ဘာဖြစ်လိုက်ဖြစ်လိုက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆင်ခြင်မပေးပါနဲ့။ အသွင်ကူးပြောင်းစမို့ ဆိုတဲ့ စကားတစ်ခွန်းဟာ အမြဲသုံးလို့ ကောင်းတာ မဟုတ်ဘူး။
တိုင်းပြည်စီးပွားရေး မကောင်းတော့၊ သံတမန်ရေး အားမကောင်းတော့ သာမန် ပြည်ပကို ထွက်အလုပ်လုပ်တဲ့သူတွေသာ မျက်နှာပန်း မလှတာ မဟုတ်ပါဘူး။ သမ္မတအပါအ၀င် နိုင်ငံ့ထိပ်ပိုင်း ခေါင်းဆောင်တွေပါ မျက်နှာမလှကြဘူး။ နိုင်ငံတကာ ပွဲတွေကို တက်တဲ့အခါ သိသာပါတယ်။ အခြားခေါင်းဆောင်တွေနဲ့ နှိုင်းယှဉ်ရင် ကိုယ့်ကို ဘယ်လို ဆက်ဆံသလဲဆိုတာ ကိုယ်တိုင် အသိဆုံးပါ။ နိုင်ငံရေးအရ သဘောမညီပေမယ့် အဲဒီလိုမျိုး အစိုးရပိုင်းတွေ ခွဲခြားဆက်ဆံသလို ခံရတဲ့အခါတိုင်း ကျနော်တို့လည်း မကြိုက်ပါဘူး။
ကျနော်တို့ဟာ နေရာတကာ စည်းခြားတာကို မလုပ်သင့်ဘူး။ အစိုးရ၊ အတိုက်အခံ စသဖြင့် သူထိရင် ငါပျော်မယ်ဆိုတဲ့ သဘောမျိုး မထားအပ်ပါဘူး။ ဒီလို တိုင်းပြည်စီးပွားရေး မကောင်းတာ၊ သံတမန်ရေးမှာ အားနည်းတာ၊ မြန်မာတွေ မျက်နှာငယ်ရတာကို ၀ိုင်းဝန်း အဖြေရှာဖို့ ကောင်းပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေဟာ ကိုယ်ကျိုးကြည့်လွန်းတယ်။ အမျိုးသားရေး ဆိုတာထက် ကိုယ့်ဝမ်းကို ကြည့်လွန်းတယ်။ ဘယ်ဆုံးဖြတ်ချက်ကို ချချ ငါ့အတွက် ဘယ်လို အကျိုးရှိမလဲ၊ ငါ့ကို ဘယ်လို အကျိုးယုတ်စေမလဲ ဆိုတာကို တွက်လွန်းတယ်။ ကိုယ်ကျိုးထိမယ်၊ ကိုယ့်လူတွေထိမယ်ဆိုရင် နိုင်ငံအတွက် ဘယ်လောက် အကျိုးရှိရှိ မလုပ်ချင်ကြဘူး။
ဥပမာ ဘဏ်လုပ်ငန်းကိုကြည့်။ ဘဏ်လုပ်ငန်းဟာ တိုင်းပြည် စီးပွားရေးအတွက် အလွန်အရေးပါတယ်။ ဘဏ်လုပ်ငန်း မကောင်းရင် စီးပွားရေးလုပ်ရ မတွင်ကျယ်ဘူး။ အခွန်အတုပ် ကောက်ခံရတာ ခက်တယ်။ ငွေစီးဆင်းမှု မလွယ်ကူဘူး။ လက်ရှိ မြန်မာ့ပုဂ္ဂလိက ဘဏ်တွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုက အလယ်ခေတ်ကလောက်တောင် မရှိဘူး။ ဒီနေရာမှာ နိုင်ငံတကာက ဘဏ်တွေနဲ့ အစားထိုးတန်ထိုး၊ ဖက်စပ်လုပ်တန် လုပ်ရမယ်။ ဒါပေမယ့် ကိုယ်ကျိုးစီးပွားအရ အဲဒီလိုသာ နိုင်ငံတကာဘဏ်တွေကို ဖွင့်ပေးလိုက်ရင် ပြည်တွင်းဘဏ်တွေ ထိကုန်မယ်ဆိုတဲ့ လက်တစ်ဆုပ်စာ ခရိုနီဘဏ်တွေကို ကာကွယ်ဖို့ တိုင်းပြည်အတွက် လိုအပ်တဲ့ ဘဏ်စနစ်ကို မပြင်ချင်ကြဘူး။
မြန်မာနိုင်ငံ လုပ်ငန်းတိုင်းလိုလိုမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသားပါ။ ဒါပေမယ့် မလိုက်နာကြဘူး။ ဥပမာ လမ်းဆောက်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ လမ်းကန်ထရိုက်ရတာက နီးစပ်သူတွေ။ ထိုသူတွေက စည်းမျဉ်းတွေကို မလိုက်နာဘူး။ ဆောက်ချင်သလို ဆောက်တယ်။ ခိုချင်သလို ခိုတယ်။ လာစစ်သူတွေကို ခွံတယ်။ ခွံလို့မရရင် အပေါ်က လူအထိ လိုက်တယ်။ အပေါ်ကလူက သူ့နီးစပ်သူတွေ မထိအောင် ၀င်ကာတယ်။ ဒါဟာ မြန်မာပြည်တစ်ဝန်း ဖြစ်နေတဲ့ ဇာတ်လမ်းတွေပါ။
ဒီလို ကိုယ်ကျိုးစီးပွား ကာကွယ်လွန်းတာကြောင့် တိုင်းပြည်စီးပွားရေးဟာ ကျသထက် ကျလာတယ်။ ဒါဟာ ဒီမိုကရေစီ မရသေးလို့ ဆိုတာနဲ့ တိုက်ရိုက်မဆိုင်ဘူး။ မြန်မာတွေရဲ့ ချိုကျိုးနားရွက်ပဲ့ မျိုးချစ်စိတ်နဲ့ ပိုဆိုင်တယ်။ ကိုယ်စားရဖို့ဆိုရင် တိုင်းပြည်ကို လက်ညှိုးထိုးရောင်းဖို့ ၀န်မလေးတဲ့ စိတ်ဓာတ်တွေနဲ့ ပိုဆိုင်တယ်။
အခုအစိုးရ သက်တမ်း လေးနှစ်ကျော်လာပြီ။ ဘယ်မှာလဲ လောက်လောက်လားလား အလုပ်အကိုင်။ ဘယ်ပေါ်မလဲ။ ဘာလုပ်ငန်း ဖြစ်ဖြစ် ကိုယ့်လူတွေ အသာရအောင် လုပ်ပြီးမှ သူများကို ဖွင့်ပေးချင်တာကိုး။ ကိုယ့်လူတွေကလည်း ခိုးဖို့ဝှက်ဖို့ကလွဲရင် ဘာအရည်အချင်းမှ မရှိ။ ဒီတော့ အလုပ်အကိုင် ဘယ်ပေါ်မလဲ။ အလုပ်အကိုင် ရှားတော့ ပြည်ပကို ထွက်ကြရတာပေါ့။ ဒါကို အမေကျော် ဒွေးတော်လွမ်းတယ်လို့ သမုတ်လို့ မရဘူး။ အစိုးရအနေနဲ့ တတ်နိုင်သမျှ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုတယ်။ အစိုးရ မလုပ်နိုင်တာကို မတန်ရင်ကာ လုပ်ပေးပါလို့ ပြောနေတာ မဟုတ်ပါဘူး။ အစိုးရရဲ့ ကိုယ့်လူကောင်းစားရေးဆိုတဲ့ လျှပ်ပေါ်လော်လီတဲ့ မျိုးချစ်စိတ်ကို ပယ်ပြီး၊ စည်းမျဉ်းစည်းကမ်းနဲ့ အညီ လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့ ဖွင့်ပေးရင် အလုပ်အကိုင် တော်တော်များများ ပေါ်လာမှာ သေချာပါတယ်။
ဒီမိုကရေစီဆိုတဲ့ ပါးစပ်နဲ့ မဆံ့တဲ့ စကားကို ခဏပိတ်ထားပြီး၊ ဆွေမျိုးကောင်းစားရေးဆိုတဲ့ စီးပွားရေး ပေါ်လစီကို ပြောင်းလိုက်မယ်ဆိုရင်ပဲ မြန်မာ့စီးပွားရေးဟာ တော်တော် အခြေအနေ ကောင်းလာမှာပါ။ အလုပ်အကိုင်သစ်တွေ ပေါ်လာမှာပါ။ အခုတော့ အစိုးရရဲ့ စီးပွားရေး ပေါ်လစီဆိုတာ သူပေးချင်သူကိုသာ ပေးတဲ့ ၀တ်လစ်စလစ် စီးပွားရေးသာသာပါပဲ။ ဒီပေါ်လစီ မပြောင်းသရွေ့ မြန်မာအများစုဟာ အတိုင်းတိုင်းမှာ ဒုက္ခသုက္ခမျိုးစုံ ခံနေရအုံးမှာပဲ။ ကယ်သူမဲ့ဘ၀ ရောက်နေအုံးမှာပဲ။ ပြည်တွင်းမှာလည်း အလုပ်အကိုင်မဲ့တွေ များသထက် များနေအုံးမှာပဲ။

Ref;ttps://www.facebook.com/aikyee/posts/10153259333189357?fref=nf&pnref=story

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!