မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေထုတ်ပေးရန် စင်ကာပူနိုင်ငံမှ ငွေးကြေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Diamond Asia ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ဇန်နဝါရီလအတွင်း ရရှိမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
ဗီယက်နမ် ဘဏ်တစ်ခု ဖြစ်သည့် BIDV ဘဏ်ထံမှလည်း ဒေါ်လာ သန်း ၃၀ ချေးရန် သဘောတူညီထားပြီး ဖြစ်ပြီး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးရန် ကျန်နေသေးကြောင်း ၎င်းက ပြောဆိုသည်။
“ပြည်တွင်းမှာတော့ ဗဟိုဘဏ်ချေးတဲ့ဟာက လွဲပြီး အခြားရစရာ မရှိဘူး။ ပြည်ပကို ခြေဆန့်နေတယ်” ဟု ၎င်းက ရှင်းပြသည်။
နိုင်ငံတော်သမ္မတ၏ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်တွင် လိုက်ပါခဲ့စဉ်က ကိုရီးယားဘဏ် အချို့ထံမှ ငွေချေးရန် အဆက်အသွယ် ရရှိခဲ့ပြီး မတ်လဆန်းတွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းလုပ်ဆောင်ရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း ဦးမောင်မြင့်က ဆက်လက်ပြောကြားသည်။
“ငွေချေးဖို့ ကိစ္စပါပဲ” ဟု ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ ၎င်းကဆိုသည်။
SME လုပ်ငန်းများကို ချေးငွေထုတ်ပေးရန် နိုင်ငံတော်က ကျပ်ငွေ ဘီလီယံ ၃၀ ထုတ်ပေးထားပြီး ၁၀ ဘီလီယံကို လုပ်ငန်းရှင် ၆၂ ဦးကို ချေးခဲ့ကာ ကျန်ဘီလီယံ ၂၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များကို တစ်ဘီလီယံစီ ထုတ်ပေးခဲ့ကြောင်း၊ ကျန်လေးဘီလီယံကို SME လုပ်ငန်းများ ဆက်တိုက် ပေါ်ပေါက်လာသည့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့ကို ထုတ်ချေးခဲ့ကြောင်း ဦးမောင်မြင့်က ပြောကြားသည်။
၁၉၆၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ SME လုပ်ငန်းများကို ချေးငွေထုတ်ပေးခြင်းသည် ပြောပလောက်သည့် အခြေအနေတွင် မရှိခဲ့ကြောင်း၊ BIDV ဘဏ်ထံမှ ငွေချေးရာတွင် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပေးရမည့် အာမခံကို စက်မှုဝန်ကြီးက တာဝန်ခံကာ မြန်ဆန်ရန် လုပ်နေသဖြင့် အားရကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးမြင့်စိုးက ပြောဆိုသည်။
အစိုးရက SME လုပ်ငန်းများကို ထုတ်ချေးရန် ပေးထားသည့် ကျပ် ၃၀ ဘီလီယံမှာ ပမာဏအားဖြင့် များပြားသော်လည်း လုပ်ငန်းရှင်များအတွက ဆိုက နည်းပါးကြောင်း ၎င်းကဆိုသည်။
“လုပ်ငန်းရှင် အားလုံးကို မျှဝေလိုက်ရင် ဆင်ပါးစပ်ကို နှမ်းပက်တာဆိုတာ အားလုံးသိပါတယ်” ဟု ဦးမြင့်စိုးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း ၄၆,၀၀၀ ကျော် ရှိသည်။
Ref:http://www.thevoicemyanmar.com/index.php/business/item/5516-sme
No comments:
Post a Comment