ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၆၃၊ ၆၄၊ ၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့ပါ အချက်များအပေါ် ဝေဖန်အကြံပေးမှုများ ရှိနေ
ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန်အတွက် နိုဝင်ဘာလ ၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ၆၄၊၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့အပေါ် နည်းပညာ နယ်ပယ်မှ ကျွမ်းကျင်သူများသာမကဘဲ အများပြည်သူကပါ ဝေဖန်အကြံ ပြုမှုများ ရှိနေကြောင်း သိရသည်။
အခန်း (၂၀) ပါဝင်သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် အခန်း (၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်း၌ ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ဥပဒေ ပုဒ်မ ၆၄၊ ဥပဒေ ပုဒ်မ ၆၆ ဥပဒေပုဒ်မခွဲ (ဃ) နှင့် (င) တို့အပါအဝင် အခန်း (၂) အထွေထွေတွင် ပါဝင်သော ဥပဒေပုဒ်မ (၇၃)၊ ဥပဒေပုဒ်မ (၇၄)နှင့် ဥပဒေပုဒ်မ (၇၅) တို့မှာ အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့ခြင်းဖြစ်သည်။
ယခုထွက်ရှိလာခဲ့သော ဥပဒေကြမ်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ အချက်အလက်များကို အသားပေး ဖော်ပြခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ မီဒီယာအပါအဝင် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးစေနိုင်သည့် ဥပဒေပုဒ်မများ ပါဝင်နေသည့်အတွက် ယခုကဲ့သို့ အကြံပေး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေကြမ်း ဥပဒေပုဒ်မ ၆၃ တွင် ‘မည်သူမဆို သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ပင်မ ဝင်ပေါက် ထွက်ပေါက်ဖြင့် ဆက်သွယ်အသုံးပြုထားခြင်းမှ အပ ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းဖြင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ခေါ်ဆိုမှု သို့မဟုတ် ချိတ်ဆက်မှုပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်’ ဟု ဖော်ပြခဲ့သည်။
“ပုဒ်မ ၆၃ မှာ မည်သူမဆိုသတ် မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးပင်မ ဝင်ပေါက်၊ ထွက်ပေါက်ဖြင့် ဆက်သွယ်အသုံးပြုခြင်းမှအပ ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းဖြင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ခေါ်ယူမှု၊ ချိတ်ဆက်မှုတွေကို တားမြစ်ထားတာ တွေ့ရပါတယ်။ ဒါဟာ နည်းပညာကို ကန့်သတ်တာ၊ လက်ဝါးကြီးအုပ်တာလို့ မြင်ပါတယ်။ ငါတို့ ခွင့်ပြုတာပဲ လုပ်ရမယ်၊ ငါတို့ ခွင့်ပြုချက်မရှိတာ မလုပ်ရဘူးဆိုတဲ့ အာဏာရှင်ဆန်ဆန် သတ်မှတ်ချက်လို့ ယူဆပါတယ်။ တရုတ်မှာလည်း ဒီအတိုင်းလုပ်တယ်။ Facebook၊ Twitter မသုံးရဘူး ဆိုတာမျိုး တွေပေါ့။ ဒီလို သတ်မှတ်ချက် လုပ်ခြင်းဟာ အပေးအယူလုပ်ထားတဲ့ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းအတွက် မျက်နှာသာပေးပြီး၊ ဈေးပေါပေါ သို့မဟုတ် အခမဲ့ ဖွင့်ပေးထားတဲ့ လိုင်းတွေကို ပြည်သူတွေ သုံးခွင့်မရှိဘူး။ ငါတို့ လိုင်းပဲ သုံးရမယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်” ဟု itizen ဂျာနယ်၏ အယ်ဒီတာချုပ် ဖြစ်သည့်အပြင် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးတင်ညွန့်က ပြောပါသည်။
ဥပဒေပုဒ်မ ၆၄ တွင် “မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် သတ်မှတ်ထားသော ဆက်သွယ်ရေး ပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ဖော်ပြခဲ့သည်။
အဆိုပါ ပုဒ်မအရ မိမိတွင်ရှိနေသော လက်ကိုင်ဖုန်းပင်လျှင် မှတ်ပုံတင်ထားခြင်း မရှိပါက ဥပဒေနှင့် ငြိစွန်းနေသည့် သဘောသက်ရောက်နေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းအဖွဲ့ဝင်နှင့် ABC Computer & Mobile မှ ဦးအောင်မျိုးလွင်က ပြောသည်။
“ကိုယ့်အိတ်ထဲမှာ ထည့်ထားတဲ့ဖုန်းတောင် အခုဥပဒေအရ မှတ်ပုံတင် မတင်ထားရင်၊ ပြီးတော့လက် တော့ပ်မှာ ဝိုင်ဖိုင်ပါရင်တောင် ဥပဒေနဲ့ငြိနေတာမျိုးဆိုတော့ ဒီအချက်ကို ဖြုတ်ပေးသင့်ပါတယ်” ဟု ဦးအောင်မျိုးလွင်က ပြောပါသည်။
“ပုဒ်မ ၆၄ မှာလည်း မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် သတ်မှတ်ထားသော ဆက်သွယ် ရေးပစ္စည်းလို့ပါတယ်။ အဲဒီပစ္စည်းတွေကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိရင်၊ အသုံးပြုရင် အပြစ်ရှိတယ် လို့ပါတယ်။ ဆက်သွယ်ရေးပစ္စည်း ဆိုတာတွေကို အဓိပ္ပာယ်ရှင်းလင်းချက်မှာ ကြည့်လိုက်တော့ “တယ်လီဖုန်း၊ ဖက်စ်၊ တဲလက်စ်၊ ဆက်သွယ်ရေးဆိုင်ရာ အခြားပစ္စည်းကိရိယာ၊ ယင်းပစ္စည်းတစ်မျိုးမျိုးနဲ့ ဆက်စပ်အသုံးပြုသည့် ပစ္စည်းနှင့် ဆက်သွယ်ရေးဆိုင်ရာ စမ်းသပ်ပစ္စည်းတွေလို့ ပါနေတယ်။ ဒါဆိုရင် လိုင်စင်မရှိဘဲ အဲဒီပစ္စည်းတွေကို ကိုင်ခွင့်မရှိဆိုပြီး ကိုင်တွယ်သုံးစွဲခွင့်ကို လိုင်စင်နဲ့ ထပ်ပိတ်လိုက်ပြန်တော့ ခွင့်ပြုနိုင်တဲ့သူတွေဆီကလွဲပြီး အဲဒီပစ္စည်းတွေကို ဝယ်သုံးရင် ရယူသုံးစွဲရင် အပြစ်ဖြစ်နေပြန်ရော။ လူတိုင်း ပစ္စည်းသုံးစွဲခွင့်မှာတောင် လွတ်လပ်မှုမရှိတဲ့ အနေအထားကို ရောက်နေပါတယ်” ဟု ဦးတင်ညွန့်က ဆက်လက်ပြောပြသည်။
ဥပဒေပုဒ်မ ၆၆ ဥပဒေ ပုဒ်မခွဲ (က) တွင် မမှန်ကန်သော သတင်းအချက်အလက်များကို မရိုးဖြောင့်သော သဘောဖြင့် လက်ခံခြင်း၊ ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊ ပုဒ်မခွဲ(ခ)တွင် မိမိနှင့် မသက်ဆိုင်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ခွင့်ပြုချက်မရှိဘဲ လက်ခံခြင်း၊ ကြားဖြတ်ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း၊ ဥပဒေပုဒ်မခွဲ(ဂ)တွင် သတင်းအချက်အလက် ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊ ဥပဒေပုဒ်မခွဲ(ဃ)တွင် အများပြည်သူ ဝင်ထွက်သွားလာခြင်း မပြုရန် ဦးစီးဌာန၏ သဘောတူညီချက်ဖြင့် တားမြစ်ထားသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် နေရာအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ဥပဒေပုဒ်မခွဲ (င) တွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းလိုင်စင် ရရှိသူက တာဝန်ပေးအပ်ခြင်း ခံထားရသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန် ဝတ္တရားထမ်းဆောင်မှုကို တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း စသည်တို့ကို ပြုလုပ်မည်ဆိုပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြခဲ့သည်။
“ပုဒ်မ ၆၆ အတိုင်းဆိုရင် Facebook၊ Twitter၊ Google+ စတဲ့ ဆိုရှယ်မီဒီယာတွေကို သုံးခွင့်တောင် မရှိသလို ဖြစ်သွားပါတယ်။ ဆက်သွယ်ရေးဌာနကို အကာအကွယ်ပေးထားတဲ့ ဥပဒေကိုလည်း ပုဒ်မ ၆၆ အပိုဒ် (ဃ) နဲ့ (င) တွေမှာ တွေ့ရပါတယ်။ ငါတို့ကို မထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ ဥပဒေမျိုး ဖြစ်နေပါတယ်။ မီဒီယာတွေ ငါတို့ဆီမလာနဲ့ ငါတို့ကို ပြဿနာလာမရှာနဲ့ ဝတ္တရားနှောင့်ယှက်မှု ဖြစ်သွားမယ်ဆိုတဲ့ သဘောကတော့ ဆက်သွယ်ရေးအနေနဲ့ လက်ရှိကျင့်သုံးနေတဲ့ တင်းမာတဲ့ သဘောထားအတိုင်း ဆက်သွားမလိုလို ဖြစ်နေတယ်ဆိုတာ သတိပြုသင့်ပါတယ်” ဟု ဦးတင်ညွန့်က ပြောပါသည်။
“ပုဒ်မ ၆၆ (ခ)မှာ ဖော်ပြထားချက်အတိုင်းဆိုရင် အဲဒီသတ်မှတ်ချက်ဟာ ကနေ့ခေတ်လို Social Media ခေတ်မှာ သတင်းအချက်များဟာ ကိုယ်တိုင်သိသည်ဖြစ်စေ၊ မသိဘဲဖြစ်စေ ဖြန့်ဝေခြင်း၊ ဖြန့်ဝေသကဲ့သို့ ဖြစ်နေခြင်းများ ရှိနေပြီး မရိုးဖြောင့်သောသဘော ဟုတ်၊ မဟုတ် တိကျစွာ သက်သေသက္ကာယ ဖော်ပြရန် ခက်ခဲတဲ့အတွက်ကြောင့်မို့ ယခုထက်ပိုပြီး အသေးစိတ် ဖွင့်ဖို့ လိုကောင်း လိုနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဒီပြဋ္ဌဌာန်းချက်ဟာ နည်းပညာနဲ့ ကွာဟမှုဖြစ်နေပြီး မသမာမှုများကို ကာကွယ်ရမယ့်အစား နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိုသာလျှင် ထိခိုက်သွားစေနိုင်တဲ့ သဘောဖြစ်နိုင်ပါတယ်” ဟု Fairway Web Development ၏ Project Manager ကိုအိမောင်က ပြောပါသည်။
ဥပဒေပုဒ်မ ၆၆ တွင်ပါဝင်သော ပုဒ်မခွဲ (က)နှင့် (ခ)တွင် ဖော်ပြခဲ့သော အချက်များသည် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးစေနိုင်သည့်အပြင် မီဒီယာသမားများ အတွက်လည်း ရည်ရွယ်ပြဋ္ဌဌာန်းသည်ဟု သံသယရှိမိကြောင်း ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ပြောသည်။
“ ပုဒ်မ ၆၆ (က)နဲ့ (ခ) မှာပါတဲ့ ပြဋ္ဌဌာန်းချက်အချို့ဟာ အများပြည်သူကို အထူးသဖြင့် မီဒီယာသမား တွေကို လိုရင်တစ်မျိုး မလိုရင်တစ်မျိုး နှိပ်ကွပ်အရေးယူလို့ရအောင် ရည်ရွယ်ပြဋ္ဌဌာန်းထားတာလားလို့ ရိုးသားစွာသံသယ ရှိမိပါတယ်။ ကျွန်တော်တို့နိုင်ငံ ဦးတည်လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီလူ့ဘောင်နဲ့ လုံးဝမဆီလျော်တဲ့ ပြဋ္ဌဌာန်းချက်ဖြစ်ပါတယ်။ ဒီဥပဒေရဲ့ အခန်း(၂)ပါ ရည်ရွယ်ချက်တွေနဲ့လည်း လုံးဝဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်” ဟု ဦးအောင်လှထွန်းက ပြောသည်။
ဆက်သွယ်ရေး ဥပဒေမူကြမ်း ဥပဒေပုဒ်မ ၇၃ တွင် “ပြည်ထောင်စု အစိုးရအဖွဲ့သည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး သို့မဟုတ် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်သော မည်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကိုမဆို ကြားဖြတ်ဖမ်းယူရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ညွှန်ကြားနိုင်သည်” ဆိုသော အချက်နှင့် ပုဒ်မ ၇၄ တွင် ‘ဝန်ကြီးဌာန သို့မဟုတ် ယင်းက တာဝန်ပေးအပ်သော ဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကိစ္စများအတွက် သော်လည်းကောင်း၊ အများပြည်သူ အကျိုးအတွက် သော်လည်းကောင်း၊ လုပ်ငန်းလိုင်စင် ရရှိသူ တစ်ဦးဦးက လုပ်ကိုင်လျက်ရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်အတွင်း ဝန်ဆောင်မှု ပြုလုပ်နေသည်ကို လိုအပ်ပါက ဝင်ရောက် ကြည့်ရှုစစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စာတမ်းအမှတ်အသားတို့ကို တင်ပြစေခြင်း ပြုနိုင်သည်’ ဟု ဖော်ပြခဲ့သည်။
ထို့အပြင် ဥပဒေပုဒ်မ ၇၅ တွင် ဝန်ကြီးဌာနသည် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်လာသည့်အခါ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှုအမျိုးအစား တစ်ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီးထိန်းသိမ်းထားရှိရေး၊ ကြားဖြတ်ဖမ်းယူရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ်ရေး ပစ္စည်းများကို ယာယီထိန်းချုပ် သုံးစွဲရေးတို့အတွက် လုပ်ငန်းလိုင်စင်ရရှိသူအား ညွှန်ကြားနိုင်သည်” ဟု ဖော်ပြခဲ့သည်။
နိုင်ငံတော်လုံခြုံရေးအတွက် မည်သည့် သတင်းအချက်အလက် ဆက်သွယ်ရေးကိုမဆို အစိုးရမှ ကြားဖြတ်ဖမ်းယူရေး ကိစ္စရပ်မှာ နိုင်ငံတိုင်း၏ ဥပဒေတွင် ရှိထားပြီး ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အခြားသော အသေးစိတ် ဖော်ပြချက်များ မပါရှိဘဲ ယေဘုယျဆန်သည့် သဘောဖြင့်သာ ဖော်ပြခဲ့ခြင်းသည် အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိပါသည်။
နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်ပြီး ကြားဖြတ်ဖမ်းယူရေး ဥပဒေနှင့် စပ်လျဉ်းပြီး အမေရိကန်နိုင်ငံမှာပင် စက်တင်ဘာလ ၁၁ အရေး ကိစ္စပေါ်ပြီးနောက် Patriot Act ဟု ထွက်ပေါ်လာခဲ့သော်လည်း ထိုဥပဒေတွင် Section ပေါင်းများစွာ ပါဝင်ပြီး အခြားဆက်စပ် ဥပဒေများကိုလည်း ပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်း ကိုအိမောင်က ပြောပါသည်။
“ကြားဖြတ်ဖမ်းယူရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ညွှန်ကြားနိုင်သည်လို့ ယေဘုယျ သတ်မှတ်ချက်ဟာ နိုင်ငံသားများရဲ့ Privacy နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာနိုင်တဲ့အတွက် ဒီဥပဒေရဲ့ အတိုင်းအတာဟာ ဘယ်လောက်ထိ ခွင့်ပြုသင့်တယ်။ ဘယ်လို ခွင့်ပြုတယ် စသဖြင့် အခုထက်ပိုပြီး အသေးစိတ် ဖြည့်စွက်ဖော်ပြသင့်တယ်လို့ ယူဆမိပါတယ်” ဟု ကိုအိမောင်က ပြောပါသည်။
“ဥပဒေပုဒ်မ ၇၃ နဲ့ ၇၅ကို ကြည့်ရင် ဆက်သွယ်ရေး လုပ်ပိုင်ခွင့် ရရှိထားသူတွေလည်း အစိုးရကို ကြောက်နေရမှာပဲ။ မထင်ရင် မထင်သလို ရပ်လိုက်၊ စစ်လိုက် လုပ်နေတော့ တာဝန်ယူဆောင်ရွက်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေလည်း စိတ်ညစ်ရမယ်ထင်တယ်။ ဥပဒေ အတိုင်းဆိုတာထက် အထက်က ညွှန်ကြားချက်အတိုင်း ဆိုတာတွေ မစွက်ဖက်ပါဘူးလို့ အာမခံနိုင်ရင်တော့ ကိစ္စမရှိပါဘူး” ဟု ဦးတင်ညွန့်က ပြောပါသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ပြဋ္ဌဌာန်းခဲ့သော ဥပဒေများအနက် The Myanmar Telegraph Act (1885)၊ The Myanmar Wireless Telegraphy Act (1943)၊ ကွန်ပျူတာဖွံ့ဖြိုးရေး ဥပဒေ (၁၉၉၆) နှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂၀ဝ၄) တို့မှာ အသုံးပြုမှု အများဆုံး ဥပဒေများဖြစ်ပါသည်။ The Myanmar Telegraph Act (1885)၊ The Myanmar Wireless Telegraphy Act (1943)တို့ကို ယခုပြဋ္ဌဌာန်းမည့် ဆက်သွယ်ရေးဥပဒေဖြင့် ပယ်ဖျက်မည်ဖြစ်သဖြင့် အနာဂတ်တွင် ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေ၊ ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေ (၁၉၉၆) နှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂၀ဝ၄) တို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ ထိုဥပဒေ သုံးခုအနက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂၀ဝ၄)မှာ အားနည်းချက်များစွာ ရှိနေပြီး နည်းပညာသုံးစွဲသူများကို အကာအကွယ်ပေးမှု နည်းပါးကာ နိုင်ငံသားများ၏ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် မီဒီယာသမားများကိုပါ ခြိမ်းခြောက်သည့် ဥပဒေဖြစ်နေသဖြင့် ပယ်ဖျက်ပေးရန် တောင်းဆိုမှု များရှိခဲ့သည်။ ထို့အပြင် အဆိုပါ ဥပဒေဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ဖူးသည်။
အထူးသဖြင့် ထွက်ရှိခဲ့ပြီးသော ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေ (၁၉၉၆) နှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂၀ဝ၄) တို့တွင်လည်း ရည်ရွယ်ချက်နှင့် ပြဋ္ဌဌာန်းချက်များ ကွဲလွဲမှုရှိနေသဖြင့် ပယ်ဖျက်ပေးရန် လိုသည်ဟု ဦးအောင်လှထွန်းက ပြောသည်။
“၁၉၉၆ ကွန်ပျူတာဖွံ့ဖြိုးရေး ဥပဒေဆိုတာနဲ့ ၂၀ဝ၄ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှစ်ခုရဲ့ ရည်ရွယ်ချက်နဲ့ ပြဌာန်းချက်တွေက လုံးဝတစ်လွဲစီ ဖြစ်နေပါတယ်။ လက်ရှိအခြေအနေနဲ့ လုံးဝမအပ်စပ်တော့လို့ သုံးသပ်ပြင်ဆင်ဖို့ ဒါမှမဟုတ် လုံးဝ ဖျက်သိမ်းပေးဖို့လိုပါတယ်” ဟု ဦးအောင်လှထွန်းက ပြောပါသည်။
ဆက်သွယ်ရေး ဥပဒေမူကြမ်း၌ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတွင် ပြဋ္ဌဌာန်းခဲ့သော အချက်တချို့ကိုလည်း တိုက်ရိုက်ကူးယူ ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။
ထိုအချက်မှာ ဆက်သွယ်ရေး ဥပဒေကြမ်း၏ ပုဒ်မ ၆၀ သည် အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေပုဒ်မ ၃၃ ပြဋ္ဌဌာန်းချက်နှင့် တူညီနေခြင်း ဖြစ်ပါသည်။
ဆက်သွယ်ရေး ဥပဒေမူကြမ်း ပုဒ်မ ၆၀ တွင် ပြဋ္ဌဌာန်းထားသည်မှာ မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ရာတွင် ဖြစ်စေ၊ ဆက်သွယ်ရေးပစ္စည်းကို အသုံးပြု၍ဖြစ်စေ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး ခုနှစ်နှစ်မှ အများဆုံး တစ်ဆယ့်ငါးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အောက်ပါပြစ်မှု တစ်ရပ်ရပ် ဆိုသည်မှာ
(က)နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေမည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊
(ခ)နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း၊ သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
ပုဒ်မ၆၀၏ ပြဋ္ဌဌာန်းချက်သည် ယခင်အစိုးရလက်ထက်က နိုင်ငံရေးသမားများနှင့် ဘလော့ဂါများကို နှစ်ရှည်ထောင်ဒဏ်ချမှတ် အရေးယူရာ၌ သုံးစွဲခဲ့သော အချက်တစ်ချက်ဖြစ်ခဲ့ကာ မီဒီယာသမားများကိုလည်း ခြိမ်းခြောက်မှု ပြုလုပ်ထားသည့် အချက်ဖြစ်ပါသည်။ အဆိုပါ ပြဋ္ဌဌာန်းချက်ကိုပင် ယခုဆက်သွယ်ရေး ဥပဒေမူကြမ်း၌ ဆက်လက်ထည့်သွင်းထားခဲ့သဖြင့် နိုင်ငံရေးသမားများနှင့် မီဒီယာသမားများအတွက် စိုးရိမ်ဖွယ်အနေအထား ရှိပါသည်။
မည်သို့ပင်ဆိုစေကာမူ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို ပြည်သူအများ လေ့လာအကြံပြုနိုင်ရန်အတွက် အပြည့်အစုံ တရားဝင် ထုတ်ပြန်ခဲ့ခြင်းသည် ကြိုဆိုရမည့် ကိစ္စဖြစ်ပြီး ပြည်သူ့အကျိုးအတွက် ခုခံကာကွယ် တားဆီးနိုင်မည့် ဥပဒေဖြစ်လိုကြောင်း ဆန္ဒပြုမှုများ ရှိနေခဲ့ပါသည်။
ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သော အမြင်အချို့
အခန်း(၁၁)အသုံးပြုသူကို အကာအကွယ်ပေးခြင်းဆိုတဲ့ အခန်းမှာ ဝန်ဆောင်ခနှုန်းထားကို ဝန်ကြီးဌာနက သတ်မှတ်ပေးမယ်ဆိုတဲ့ ကိစ္စကတော့ နည်းနည်းပြဿနာရှိပါတယ်။ ဒါကပြိုင်ဆိုင်မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ မြင်ပါတယ်။ နောက်ပြီးကျွန်တော်ကတော့ ဝန်ဆောင်ခကိစ္စကို စားသုံးသူကပဲ ဆုံးဖြတ်စေချင်ပါတယ်။ သူတန်တယ်ထင်ရင်သုံးမယ်၊ မတန်ဘူးထင်ရင် မသုံးဘူးပေါ့။
အခန်း(၁၉)ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းမှာ စိတ်ဝင်စားဖို့ ကောင်းတာတွေ တွေ့ရပါတယ်။ အချို့သော စကားလုံးတွေအတွက် အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ထပ်မံဖြည့်စွက်ဖို့ လိုအပ်မယ်ထင်ပါတယ်။ ကျွန်တော်တို့ကို အရေးယူခဲ့တဲ့ ၃၃(က)က အခု ၆၀(က) ဖြစ်သွားပါတယ်။ ပုဒ်မ(၆၀)ပုဒ်မခွဲ(က)မှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ပြုလုပ်မှုတစ်ရပ်ရပ်ဆိုတာက ဘာလဲ။ ထိခိုက်ခြင်း မထိခိုက်ခြင်းကို ဘယ်သူက သတ်မှတ်မှာလဲ ဘယ်သူက ဆုံးဖြတ်မှာလဲ။ Email Address တစ်ခုရှိရုံနဲ့ အဲဒီ့ပုဒ်မ အတပ်ခံခဲ့ရသူတွေ ရှိပါတယ်။
နောက်ပြီး အပိုဒ်ခွဲ(ခ)မှာပါတဲ့သတင်းအချက်အလက် တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်းဆိုတဲ့ စကားလုံးတွေမှာလဲ ပိုမိုတိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လိုပါတယ်။ ကိုယ့် Email Address ကိုသိပြီး ပို့တဲ့သူက ပို့လို့ ကိုယ့်ရဲ့ Email Inbox ထဲ ရောက်နေတာကို ရယူခြင်းလို့ သတ်မှတ်မလား၊ Facebook ပေါ်မှာ Like လုပ်တာကိုရော ဖြန့်ချိခြင်းလို့ သတ်မှတ်မလား၊ ပါဝင်ဆောင်ရွက်ခြင်း ဆိုတာကရော ဘာကိုဆိုလိုတာလဲ။ မှတ်မိသလောက်တော့ ကျွန်တော့်ကို တရားစွဲတဲ့ ၃၃(က)မှာ အဲဒီ့ ပါဝင်ဆောင်ရွက်ခြင်းဆိုတဲ့ စကားလုံး မပါဘူးလို့ ထင်ပါတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း လုပ်ထားဖို့လိုပါတယ်။ ကျွန်တော့်ကို အမှုစွဲ၊ တရားစီရင်တုန်းကဆို Inbox ထဲမှာ သူ့အလိုလိုရောက်နေတဲ့ မေးလ်တွေ၊ ပုံတွေကို တရားမဝင် သိမ်းဆည်းပါတယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။ ကိုယ့်ကွန်ပျူတာထဲကို ဒေါင်းလုပ်ချလိုက်တာမျိုး၊ အပြင်ကို print ထုတ်လိုက်တာမျိုးကိုမှ ရယူသိမ်းဆည်းတယ်လို့ သတ်မှတ်သင့်ပါတယ်။
ပုဒ်မ ၆၆ မှာပါတဲ့ ပုဒ်မခွဲ(ဂ)ကတော့ အရင်ကဆို လုံးဝမတွေ့ရတဲ့ Humanright အတွက် အကာအကွယ်ပေးထားတဲ့ပုဒ်မဖြစ်တာကို ထူးထူးခြားခြား တွေ့ရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လုံခြုံရေးအမြင် တစ်ခုတည်းကိုမကြည့်ဘဲ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရအောင်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်အောင် ဆိုတာတွေကိုပါ စဉ်းစားပြီး ပြန်လည်ရေးဆွဲသင့်ပါတယ်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး ပြန်လွတ်လာသူ ဘလော့ဂါ နေဘုန်းလတ်
ဆက်သွယ်ရေး ဥပဒေကြမ်း ဥပဒေပုဒ်မ ၇၃ နဲ့ ၇၅ ကို ကြည့်ရင် ဆက်သွယ်ရေးလုပ်ပိုင်ခွင့် ရရှိထားသူတွေလည်း အစိုးရကို ကြောက်နေရမှာပဲ။ မထင်ရင် မထင်သလို ရပ်လိုက်၊ စစ်လိုက်လုပ်နေတော့ တာဝန်ယူဆောင်ရွက်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေလည်း စိတ်ညစ်ရမယ်ထင်တယ်။ ဥပဒေအတိုင်း ဆိုတာထက် အထက်ကညွှန်ကြားချက်အတိုင်း ဆိုတာတွေ မစွက်ဖက်ပါဘူးလို့ အာမခံနိုင်ရင်တော့ ကိစ္စမရှိပါဘူး။
နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) ပုဒ်မ ၃၈၁ မှာ အောက်ဖော်ပြပါ အခြေအနေနှင့် အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့် သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ-(က)တိုင်းတစ်ပါးမှ ကျူးကျော်ဝင် ရောက်တိုက်ခိုက်ချိန် (ခ)ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန် (ဂ)အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေချိန် လို့ပါတယ်။
ဒီလိုအခြေအနေမျိုးတွေမှာပဲ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို စွက်ဖက်ပိုင်ခွင့် ရှိပါလျက် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့်အခါလို့ ဆိုလိုက်ပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်မယ်ဆိုတော့ အဲဒီအခြေအနေဆိုတာကို ကွဲပြားစွာရှင်းလင်းဖို့ လိုမယ်ထင်တယ်။ အခုလို ဆန္ဒပြတာတွေ ခေတ်စားနေချိန်မှာ အတွင်းသတင်းကို ပြင်ပမရောက်စေချင်လို့ ဆက်သွယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းဖို့ မကြာခဏ အမိန့်ပေးနေရင် ဥပဒေအထက်မှာ အမိန့်ပေးနိုင်တဲ့လူတွေ ရောက်နေမှာ စိုးရိမ်ရပါတယ်။
နောက်ပြီးတော့လည်း ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဒီပုဒ်မတွေကို အလေးထားသင့် ပါသေးတယ်။ ပုဒ်မ ၃၅၃ မှာမည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရလို့ပါတယ်။ ပုဒ်မ ၃၅၄ အပိုဒ် (က)မှာလည်း မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ဆိုတာတွေပါတယ်။ ပုဒ်မ ၃၅၇ မှာ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။ ပုဒ်မ ၃၇၁ မှာ နိုင်ငံတော်သည် အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန် ကူညီရမည်။
ဒီဥပဒေတွေကို ပြန်ကြည့်ရင် (၁) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကို မဆုံးရှုံးစေရဘူး (၂) မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ် (၃) မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ရေးသားဖြန့်ဝေခွင့် ရှိတယ် (၄) နိုင်ငံသူ နိုင်ငံသားတွေရဲ့ စာပေးစာယူနဲ့ ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုကို ဥပဒေအရ အကာအကွယ်ပေးရမယ်လို့ နားလည်ပါတယ်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ မှာ ပါရှိတဲ့ အချက်တွေအရ (၁) မမှန်ကန်သောသတင်း၊ မှန်ကန်သော သတင်း ဆိုတာတွေကို ဘယ်သူတွေက အတည်ပြုပေးမှာလဲ (၂) မိမိနှင့် သက်ဆိုင်တယ် မသက်ဆိုင်ဘူးဆိုတာကို ဘယ်သူက သတ်မှတ်ပေးမှာလဲ (၃) ဆက်သွယ်ရေးဌာနဆိုတာ ပြည်သူ သို့မဟုတ် မီဒီယာတွေ ဝင်ထွက်သွားလာ သတင်းယူပိုင်ခွင့်မရှိတဲ့ နေရာလား (၄) ဆက်သွယ်ရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေဟာ တို့ထိလို့မရတဲ့ untouchable တွေလား မေးရမလို ဖြစ်နေပါတယ်။
ဥပဒေထုတ်တယ်ဆိုတာ ဥပဒေထုတ်ပိုင်ခွင့်ရှိတဲ့ သူတွေထုတ်ရတယ်ဆိုတာကိုတော့ နားလည် ပါတယ်။ ဒါပေမယ့် အဲဒီဥပဒေကို လွှတ်တော်ကနေ အပြန်အလှန် ဆွေးနွေးပြီး အတည်ပြုမှသာ ဥပဒေကြမ်းကနေ အတည်ပြုနိုင်တဲ့ ဥပဒေဖြစ်ရတာပါ။ ခုလည်း ကျွန်တော့်ထက် လွှတ်တော်က အမတ်မင်းတွေက ပိုပြီးမြင်မယ်ထင်ပါတယ်။ မမြင်ရင်လည်း မြင်တတ်တဲ့ ပြည်သူတွေတွေထံကနေ ဖြစ်သင့် မဖြစ်သင့်တာတွေကို အကြံတောင်းပြီး တရားနည်းလမ်း မကျတဲ့၊ ပြည်သူ့အတွက် မဟုတ်တဲ့၊ ပြည်သူနဲ့ မဆီလျော်တဲ့ ဥပဒေပြဋ္ဌဌာန်းချက်တွေကို ပြည်သူ့အကျိုးအတွက် ခုခံတားဆီး ကာကွယ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ဦးတင်ညွန့် (itizen ဂျာနယ်၏ အယ်ဒီတာချုပ်)
ကျွန်တော့်အနေနဲ့ နည်းပညာဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ရင် ကဏ္ဍဍအားဖြင့် (၄) ရပ်ခွဲပြီး မြင်ပါတယ်။ နံပါတ်(၁)ကတော့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပုဂ္ဂလိကအနေနဲ့ လုပ်ကိုင်ခွင့်ပြုရေး ဖြစ်ပါတယ်။ နံပါတ်(၂)ကတော့ ဒစ်ဂျစ်တယ် အသိဉာဏ်ပညာဆိုင်ရာ မူပိုင်ခွင့်ဥပဒေများ ဖြစ်ပါတယ်။ နံပါတ်(၃)ကတော့ ကွန်ပျူတာဆော့ဖ်ဝဲကို ထုတ်ကုန်အဖြစ် နိုင်ငံတကာသို့ တင်ပိုနိုင်ခြင်းဆိုင်ရာ ဥပဒေတွေဖြစ်ပါတယ်။ နံပါတ်(၄)အချက်တော့ နည်းပညာ ရာဇဝတ်မှု (Cyber Crime) ကာကွယ်တားဆီးရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေဖြစ်ပါတယ်။
ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာ နံပါတ်(၁)ဖြစ်တဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုရေးနဲ့ နံပါတ်(၄)အချက်ဖြစ်တဲ့ နည်းပညာရာဇဝတ်မှု တားဆီးရေးဆိုင်ရာ ကဏ္ဍဍတွေ ပါဝင်နေတာကို တွေ့ရတယ်။ ပထမကဏ္ဍဍဖြစ်တဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုရေးမှာ လုပ်ငန်းမှတ်ပုံတင်ခြင်းကစပြီး ပူးပေါင်းဆောင်ရွက်ခြင်း ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်၊ အငြင်းပွားမှု ဖြေရှင်းခြင်းစတဲ့ သတ်မှတ်ချက်တွေ သူ့အပိုင်းနဲ့သူသတ်မှတ်ပါဝင်နေလို့ နည်းပညာသမား တစ်ယောက်အမြင်အနေနဲ့ အားနည်းချက်၊ လိုအပ်ချက်ရယ်လို့ အထူးသတိပြုမိတာမျိုး မရှိပါဘူး။
ကောင်းတဲ့အချက်များအနေနဲ့ကတော့ အသုံးပြုသူရဲ့ Privacy ကို ကာကွယ်ပေးဖို့ သတ်မှတ် ထားတဲ့အချက်တွေ၊ ဈေးနှုန်းသတ်မှတ်ထိန်းညှိပေးခြင်းဆိုင်ရာ အချက်တွေပါဝင်တဲ့အတွက် ဆက်သွယ် ရေးလုပ်ငန်းလုပ်ကိုင်လိုသူ လုပ်ငန်းရှင်များအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးထားတဲ့ ဥပဒေကြမ်းတစ်ရပ် ဖြစ်တယ်လို့ မြင်မိပါတယ်။
ဒါပေမဲ့ ဒုတိယကဏ္ဍဍဖြစ်တဲ့ ကွန်ရက်ချိုးဖောက်ဝင်ရောက်မှု အပါအဝင် အခြားသော ကွန်ပျူတာနဲ့ ဆက်သွယ်ရေးအခြေပြု ရာဇဝတ်မှုများ တားဆီးရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍဍမှာတော့ အားနည်းချက်အချို့ ရှိနေတယ်လို ထင်မြင်ယူဆမိပါတယ်။ ဒီဥပဒေရဲ့ ပထမကဏ္ဍဍက လုပ်ငန်းဆောင်ရွက်မှုကို အသားပေးပေမဲ့ ဒုတိယကဏ္ဍဍမှာတော့ လုပ်ငန်းတွေကိုသာမက နိုင်ငံသားတစ်ဦးချင်းအထိကို သက်ရောက်နိုင်တဲ့ ပြစ်မှုနှင့် ပြစ်ဒဏ်တွေကို သတ်မှတ်ထားတာကိုလည်း တွေ့ရှိရပါတယ်။
ဥပမာ-ပုဒ်မ(၆၂)(က)မှာ ဖော်ပြထားတဲ့ ‘မည်သူမဆို ဆက်သွယ်ရေးကွန်ရက်အတွင်းသို့ ယင်း၏ ပိုင်ရှင်သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီမှုမရှိဘဲ ဝင်ရောက်ခြင်း၊ ကြည့်ရှုခြင်း၊ ဝင်ရောက်အသုံးပြုခြင်း၊ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကို ဖြစ်စေ၊ မူလအနေအထားကို ဖြစ်စေ၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကျူးလွန်ကြောင်း ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေချမှတ်ရမည်’ ဆိုတဲ့ သတ်မှတ်ချက်မျိုးဟာ ဆက်သွယ်ရေး လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းနဲ့ လုပ်ငန်းရှင်များကိုသာမက အဆိုပါလုပ်ငန်းများကပေးတဲ့ ဝန်ဆောင်မှုကို အသုံးပြုတဲ့ အသုံးပြုသူများ ကိုပါ သက်ရောက်တဲ့၊ သက်လည်းသက်ရောက်သင့်တဲ့ ပြဋ္ဌဌာန်းချက်မျိုးဖြစ်ပါတယ်။
ဒီဥပဒေဟာ ပထမပိုင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများလုပ် ကိုင်လိုသူတွေအတွက် ရပိုင်ခွင့်၊ တာဝန်တွေနဲ့ စည်းကြပ်ကန့်သတ်ခြင်းဆိုင်ရာတွေကို သတ်မှတ်တဲ့ ဥပဒေတစ်ရပ်သာ ဖြစ်သင့်ပြီး နည်းပညာရာဇဝတ်မှုဆိုင်ရာ ဥပဒေတွေကိုတော့ အသေးစိတ်သီးခြား သတ်မှတ်ပြဋ္ဌဌာန်းဖို့ လိုအပ်တယ်လို့ ထင်မြင်ယူဆပါတယ်။ နည်းပညာရာဇဝတ်မှုတွေ တားဆီးတဲ့ ဥပဒေပြဌာန်းချက်တွေ ပါဝင်လာတာကို ကြိုဆိုရမှာဖြစ်ပေမယ့် ဒီဥပဒေတွေဟာ နည်းပညာရာဇဝတ်မှု တားဆီးရေးဆိုတဲ့ ဦးတည်ချက်အတွက်ဆိုရင် လက်တွေ့မှာ ပြည့်စုံလုံလောက်ခြင်း မရှိသေးပါဘူး။
နည်းပညာရာဇဝတ်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကဏ္ဍဍပေါင်းများစွာ ပါဝင်ပါတယ်။ ကွန်ရက် ချိုးဖောက် ဝင်ရောက်မှုတွေ ပါဝင်ပါတယ်။ အချက်အလက်တရားမဝင်ရယူဖြန့်ဝေမှုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်မူပိုင်ခွင့် ချိုးဖောက်မှုတွေ၊ ကလေးသူငယ် ဖြားယောင်းသွေးဆောင်မှုတွေ၊ နည်းပညာ အကာအကွယ်ချိုးဖျက်မှုတွေ(Cracking)၊ ငွေကြေးလိမ်လည်မှုကဲ့သို့ နယ်စပ်ဖြတ်ကျော်နည်း ပညာရာဇဝတ်မှုတွေ၊ ကွန်ပျူတာစနစ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးကို Virus၊ Malware၊ DDoS Attack စတဲ့ နည်းပညာများ အသုံးပြုပြီး ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားထိခိုက်အောင် တိုက်ခိုက်မှုတွေ၊ ထောင်ချောက်ဆင် လိမ်လည်တဲ့ အင်တာနက်ဝက်ဘ်ဆိုက် လွှင့်တင်မှုတွေ၊ ကိုယ်ရေးအချက်အလက် အထောက်အထားများ (Identity) ခိုးယူပြီး အယောင်ဆောင် ဆောင်ရွက်မှုတွေ နည်းပညာအခြေပြုခိုးမှု၊ ခြောက်လှန့်တောင်းယူမှုတွေ Spam လို့ခေါ်တဲ့ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဆောင်ရွက်မှုတွေ၊ အင်တာနက်နဲ့ ကွန်ရက်ပေါ်မှာ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လူမျိုးရေး၊ ဘာသာရေးအခြေပြု အကြမ်းဖက်အချက်အလက်များ၊ ဝါဒဖြန့်မှုများ စတဲ့လုပ်ဆောင်ချက်တွေ၊ အသေရေဖျက်မှုကအစ၊ မူးယစ်ကုန်သွယ်မှု အပါအဝင် အကြမ်းဖက်မှုတွေအထိ အခြားအခြားသော ရာဇဝတ်မှုများကိုလည်း နည်းပညာအသုံးပြု ကျူးလွန်ခြင်းကနေ ကာကွယ်တဲ့ ဥပဒေတွေ လိုအပ်တာဖြစ်တဲ့အတွက် သီးခြားဥပဒေများအနေနဲ့ လိုအပ်မယ်လို့ ထင်မြင်ယူဆခြင်း ဖြစ်ပါတယ်။
ဒီလို သီးခြားပြဋ္ဌဌာန်းတော့မှသာ ‘ပိုင်ရှင်သဘောတူညီချက်မရှိဘဲ ဝင်ရောက်ခြင်း’ ‘ကွန်ပျူတာ ဗိုင်းရပ်စ်’ ‘ညစ်ညမ်းသော သတင်းအချက်အလက်’ ‘ကြားဖြတ်ဖမ်းယူခြင်း’ ‘စီးပွားရေးအလို့ငှာ မူပွားခြင်း’ ‘မိမိနှင့် မသက်ဆိုင်သော အချက်အလက်’ ‘ဖြန့်ဝေခြင်း’ စတဲ့ ပြစ်မှုဆိုင်ရာ စကားရပ်တွေကို ပြစ်မှုများကိုလည်း တားဆီးစေနိုင်အောင် လွတ်လပ်စွာ ပြောဆိုခွင့်ကိုလည်း မထိခိုက်စေအောင် တိကျသေချာစွာ အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေရှိမှသာ တရားစီရင်ရာမှာလည်း ပိုမိုပြီး ထိရောက်မှုတွေရှိစေမှာ ဖြစ်ပါတယ်။
အဲဒီအပြင် ဒစ်ဂျစ်တယ်နဲ့ နည်းပညာအချက်အလက်များဟာ အလွယ်တကူကူးယူ ပြန့်ပွားစေနိုင်ခြင်း၊ အလွယ်တကူ ပြင်ဆင်နိုင်ပြီး ပြင်ဆင်မှုမှတ်တမ်းကို ခြေရာကောက်နိုင်ရန် ခက်ခဲခြင်းတို့ကြောင့် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်သူ စုံစမ်းရေးအရာရှိများနဲ့ ဒစ်ဂျစ်တယ်သက်သေခံဆိုင်ရာ သတ်မှတ်စည်းကမ်း ဥပဒေတွေ ရှိတော့မှသာ တရားစီရင်ရာမှာ ထိရောက်စေနိုင်မှာ ဖြစ်ပါတယ်။ ဒစ်ဂျစ် တယ်အချက်အလက်များကို သက်သေအဖြစ် တင်ပြတဲ့အခါမှာ ရည်ညွှန်းကိုးကား စာရွက်စာတမ်းသာမက ယုံမှားသံသယကင်းစွာ ကောက်ချက်ချ?
Ref:https://www.facebook.com/notes/aye-chan-mon/
Myanmar Communication Law ~ ဆက်သွယ်ရေးဥပဒေ by Ko Nge on Scribd
No comments:
Post a Comment