Popular Posts!

Monday, October 7, 2013

့မြန်မာနိုင်ငံ အပစ်ခတ်ရပ်ဆဲမှု အဘယ်ကြောင့် မအောင်မြင်ပါသနည်း

လွန်ခဲ့သည့်နှစ် အစိုးရဖက် ရင်ကြားစေ့သူများမှ သဘောတူညီချက်များပြုလုပ်ခဲ့သော လူမျိုးစုတော်လှန်ရေးအုပ်စု ၆ ခုကျော်အနက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှာ တစ်မျိုးတစ်ဖုံ ထူးခြားသည့် အခန်းကဏ္ဍ၌ ပါဝင်နေပေသည်။ အောက်လွှတ်တော်အမတ် ဦးအောင်သောင်း ၏လက်ထောက်အရာရှိမှာ ဖီဆန်သူအုပ်စုခေါင်းဆောင်ဖြစ်ကြောင်းတွေ့ရ သဖြင့် ဦးအောင်သောင်းသည် ငြိမ်းချမ်းရေး ချိုးဖောက်သူအဖြစ် များမကြာသေးမီက ရာထူးမှအနားပေးခြင်း ခံခဲ့ရသည်။ ကချင်အာဏာပိုင်များနှင့် ၅ ကြိမ်ထက်မနည်း အဆင့်မြင့်ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း မည်သည့် အဖြေမှ မရရှိခဲ့။ ထို့ပြင် ရှေ့တန်းစစ်မျက်နှာပြင်သို့ စစ်ကူထပ်မံစေလွှတ်လိုက်ခြင်းက အပစ်အခတ်ရပ်စဲရေး အလားအလာကိုဆိုးဝါးသွားစေခဲ့သည်။
သဘောတူညီချက်အား ချိုးဖောက်၍ ချိန်ခါမရွေး ပဋိပက္ခပြန်လည်စတင်လာနိုင်သည့်အနေအထားကြောင့် ကချင်တို့သည် အစိုးရအား အယုံအကြည်ကင်းမဲ့နေသည်ဟု သတင်းများကဆိုသည်။ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကာလအတွင်း လက်တွေ့မျက်တွေ့ ကြုံဆုံရသည့် အချက်များကြောင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား လက်မှတ်ထိုးရန် စိတ်အားထက်သန်မှု မရှိကြချေ။ အပစ်အခတ်ကို ရပ်စဲရမည်၊ ၄င်းနောက် နိုင်ငံရေးဆွေးနွေးမှုဖြင့် အဖြေရှာမည်၊ ထို့နောက်တွင်မှ စီးပွားရေးဖွံ့ဖြိုးမှုဖက်သို့ ဦးတည်ရမည် ဆိုသော ဦးအောင်သောင်း၏ တောင်းဆိုချက်သုံးရပ်မှာ လက်ခံနိုင်စရာမရှိ ဖြစ်နေသည်။
ကချင်ပြည်သူများအကြား ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမှာ ရွှေရည်စိမ်ပြည်နယ်ဖွံ့ဖြိုးရေး အသွင်ဆောင်ရန် သာဖြစ်ကြောင်း၊ ၃၃နှစ်တာတော်လှန်ရေးကာလသည် သဲထဲရေသွန်ဖြစ်သွားကြောင်း မြင်တွေ့ခဲ့ကြသည်။ လှိမ့်ဝင်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ သဘာဝပတ်ဝန်းကျင်နှင့်တစ်ကွ သတ္ထု၊ ကျွန်းသစ်နှင့် ရေအားလျှပ်စစ် ထုတ်ယူနိုင်သော အရင်းမြစ်ပေါကြွယ်လှသည့် ဒေသ၀န်းကျင်အား ပျက်ပြားစေနိုင်သော အချက်ပေးသံဖြစ်လာ၏။ တိုက်ပွဲများ၊ အဓမ္မချွေးတပ်ဆွဲခြင်း နှင့် လိင်ပိုင်းဆိုင်ရာစော်ကား မှုများ လျော့နည်း လာသည့်တိုင်တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် လူပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ကြရသည်။ ယင်းရှုံ့ချဖွယ်ရာကိစ္စများသည် ပဋိပက္ခနှစ်ကာလများထက်ပင် ပိုပြီး ခံစားချက်ပြင်းထန်သွားတတ်ပေ၏။
“ ဖွံ့ဖြိုးရေးစီမံကိန်းတွေအကောင်အထည်ဖော်ပြီး ကချင်ပြည်နယ်က သဘာဝသယံဇာတတွေကို တစ်ပြုံတစ်ကျင်း ထုတ်ယူနေခြင်းဟာ ဒေသခံပြည်သူများရဲ့ဘ၀ကို မြှင့်တင်ရာမရောက်တဲ့အပြင် ပိုမိုဆိုးရွားသွားစေပါတယ် ” ဟု ကချင်အခြေစိုက် အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်သော Kachin Development Networking Group (KDNG) မှ ပြောဆိုသည်။
အစောပိုင်းကာလ အပစ်အခတ်ရပ်စဲရေး နှင့် ဒေသတွင်းတည်ငြိမ်မှုဖော်ဆောင်ရေးကို နေပြည်တော်အား အဓိကတွန်းတိုက်မောင်းနှင်ခဲ့သည်မှာ အိမ်နီးချင်း တရုတ်နိုင်ငံဖြစ်၏။ ၁၉၈၈ ခုနှစ်က ဘေဂျင်းသည် မြန်မာအစိုးရဟောင်းနှင့် အထူးကျွမ်းဝင်သောဆက်ဆံရေးတစ်ရပ်ကို ထူထောင် ခဲ့သည်။ ထိုနှစ်တွင်ပင် နှစ်ဖက်အစိုးရသည် ကချင်ပြည်နယ်မှ အဖိုးတန် ကျွန်းသစ်နှင့်ကျောက်စိမ်းကို တရုတ်ပြည်သို့ အကန့်အသတ်မဲ့တင်သွင်းနိုင်သည့် ကုန်သွယ်ရေးနားလည်မှုစာချွန်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ဘေဂျင်းသည် KIA ကိုလည်း လက်နက်ကိုင်လမ်းစဉ်မှစွန့်လွှတ်ရန် ဖိအားပေးခဲ့သည်။ လွန်ခဲ့သောနှစ်များစွာကတည်းက မြန်မာစစ်တပ်အားဆန့်ကျင်ရေး၌ ထောက်ခံကျားကန်ပေးခဲ့သည့်အနေအထားမှ ထင်ရှားစွာ ကျောခိုင်းခွာထုတ်ခဲ့သည်။
၁၉၈၀ ခုနှစ်များနောက်ပိုင်း တရုတ်ပြည်အပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံခြားဆက်ဆံရေးမူဝါဒ၌“အယူအဆအပေါ် ပကတိတရားဖုံးလွှမ်းရေး” ဟူသောလမ်းကြောင်းကို ကျင့်သုံးလာကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ မိမိတို့၏ဈေးကွက်ဝေစုရရှိရေး၊ သယံဇာတများနှင့်စွမ်းအင်ရင်းမြစ်ပေါကြွယ်လာရေးအတွက် မြန်မာအစိုးရနှင့်ခိုင်မာအားကောင်းသည့်ဆက်ဆံရေးထူထောင်ရန်အလို့ငှာ တော်လှန်ရေးအုပ်စုများ အား ထောက်ပံ့ကျားကန်နေမှုကို လျှော့ချလိုက်ခြင်းဖြစ်သည်။

ဖွံ့ဖြိုးရေးလော ဆုတ်ယုတ်ရေးလော
မြန်မာနိုင်ငံတွင်းရှိ ဖွံ့ဖြိုးတိုးတက်ရေးအမည်ခံထားသော ပါရာဒိုင်းများမှာ မည်မျှအထိ ပျက်စီးဆုတ်ယုတ်စေကြောင်း ကချင်ပြည်နယ်ဖြစ်ရပ်များက သက်သေခံနေပေသည်။ ၁၉၉၀ ခုနှစ်တွင် တရုတ်ပြည်က အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကို အတိုးမဲ့ချေးငွေအဖြစ် မြန်မာနိုင်ငံအား ပေးလိုက်ပြီးဖြစ်သည်။ ယင်းချေးငွေအများစုမှာ ကချင်ပြည်နယ်၏အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၌ အသုံးချစေရန်ဖြစ်၏။ သို့မှသာ သစ်ချောထည်၊ကျောက်စိမ်းများအပါအ၀င် သယံဇာတတို့မှာ နယ်စပ်ကိုဖြတ်၍ ကုန်စည်စီးဆင်းမှု ချော့မွေ့သွားမည်ဖြစ်သည်။ (၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် မြန်မာပြည်အတွင်း တရုတ်ပြည်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ လေးပုံတစ်ပုံမှာ ကချင်ပြည်နယ်၌ ပြုလုပ်ခဲ့ကြောင်း ခန့်မှန်းချက်တစ်ရပ်က ဆိုသည်)။
သို့သော် သစ်ခုတ်ခြင်း၊ သစ်ချောထုတ်လုပ်ခြင်းနှင့်စပ်လျဉ်း၍လူမှုဝန်းကျင်ဆိုင်ရာစည်းကမ်းချက်များကို ၁၉၉၀ ခုနှစ်များအစောပိုင်းကာလအထိ မသတ်မှတ်ခဲ့ချေ။ ထိုစဉ်က သယံဇာတထုတ်ယူမှုအပေါ် တင်းကြပ်စွာထိန်းချုပ်မှုသည်စစ်အစိုးရ၏စီးပွားရေး ရည် မှန်းချက်များနှင့် ၀ိရောဓိ ဖြစ်နေခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်း၌ စစ်တပ်အသုံးစားရိတ်မြှင့်တင်ရန်ကြိုးပမ်းချက်များကြောင့် နယ်စပ်ဒေသရှိ သယံဇာတများအပေါ် တန်ဖိုးထားရန် မသိမြင်နိုင်ခဲ့တော့ချေ။
သို့သာမက ကချင်ပြည်နယ်အတွင်း သစ်ထုတ်လုပ်မှုပမာဏကိုလည်း ကန့်သတ်မထားခဲ့ပါလေ။ သစ်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ဗဟိုအစိုးရဖက်မှစောင့်ကြည့်နိုင်ရေး နှင့် အခွန်ငွေရရေးအတွက် ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့ရန် ဟူ၍သာ ညွှန်းဆိုသတ်မှတ်ခဲ့သည်။ သို့သော် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ Global Witness ၏ ၂၀၀၃ ခုနှစ်တင်ပြချက်အရ မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ဝင်ရောက်သည့် ၉၈ % သော သစ်များအနက် အများစုမှာ နယ်စပ်ဒေသမှ တရားမ၀င်တင်ပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းအကျိုးအမြတ်များကို အကျင့်ပျက်ထိပ်တန်း အာဏာပိုင်များ၊ အစိုးရနှင့်KIA နှစ်ဖက်စလုံးနှင့်သင့်မြတ်သော မှောင်ခို ဒုစရိုက်သားများမှ အညွန့်ခူးခဲ့ ဖွယ်ရှိကြောင်း ထိုအစီရင်ခံစာက ဖော်ပြထား၏။
KIA သည်လည်း လက်ပိုက်ရပ်ကြည့်နေသူများထဲ မပါဝင်ပါ။ ၁၉၉၄ သဘောတူညီချက်နှင့်အတူ မိမိတို့၏ ကိုယ်ပိုင် အခြေခံ အဆောက်အဦးဆိုင်ရာ စီမံကိန်းများ စတင်သောအခါဝယ် ထိုကိစ္စများနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်လာတော့သည်။ ၁၉၉၇ ခုနှစ်တွင် ရေအားလျှပ်စစ် ထုတ်ယူရန် မာလိချောင်း နှင့် ဒါဘက်မြစ်အပေါ် ဆည်တမံနှစ်ခုကို တရုတ်ကုမ္ပဏီ Jinxin အား တည်ဆောက်စေခဲ့သည်။ စီမံကိန်းရံပုံငွေရရှိရေးအတွက် KIA ထိန်းချုပ်ဧရိယာအတွင်း ယင်းကုမ္ပဏီအား သစ်ထုတ်လုပ်ခွင့်ကိုပါ ပေးခဲ့သည်။ ၄င်းမှ ဒေါ်လာ သန်းချီ၍ အကျိုးအမြတ်ရရှိခဲ့၏။ ထိုစဉ်က Jinxin သည် ကချင်ပြည်နယ်၏ အကြီးမားဆုံး သစ်ထုတ်လုပ်သည့်ကုမ္ပဏီ တစ်ခုဖြစ်ခဲ့သည်။
ယင်းရံပုံငွေများသည် KIA ထဲမှ ထိပ်တန်းအဆင့်ဝင်တို့၏လက်ထဲ စီးဝင်သွားသည်ဟု လူသိများလှပေသည်။ အဖွဲ့အစည်းမှာမူ အခြေခံဖွံ့ဖြိုးရေး နှင့် လူမူရေးကဏ္ဍများအတွက် ရံပုံငွေလုံလုံလောက်လောက်ရရှိအောင် မနည်းရုန်းကန်ခဲ့ကြရ၏။ (ယင်းအဖွဲ့အစည်းသည် နောင်သောအခါ ကချင်ပြည်နယ် အနောက်ပိုင်းဒေသကြီး၏ ဒေသခံ အာဏာပိုင်များ ဖြစ်လာခဲ့သည်)။
ဒေသတွင်း အလွန်အကျွံသစ်ထုတ်လုပ်ခြင်း၏ဆိုးကျိုးက အသံမဲ့စွာ တစ်စစ ကြီးထွားလာသည်။ ကုမ္ပဏီများသည် ၀င်ငွေရွှင်လှသည့် ခြေကုပ်သစ် တစ်ရပ်ရရှိသွားရာ ၁၉၉၄ ခုနှစ်နောက်ပိုင်း သစ်ထုတ်လုပ်ရေးသည် အချိန်တိုတိုအတွင်း ကျယ်ပြန့်သွား၏။ သို့သော် ဒေသခံတို့၏ အစစ်အမှန် အကျိုးခံစားခွင့်များမှာ အကြွင်းမဲ့ကွက်လပ်အဖြစ် ကျန်ရစ်နေလေသည်။ အရှေ့တောင်အာရှ၏ အကြီးမားဆုံးဘေးမဲ့တော နှင့် ကမ္ဘာ့နောက်ဆုံး ကျားသတ္တ၀ါမျိုးစိတ်တို့ရှင်သန်ရာဒေသဖြစ်သည့် ကချင်ပြည်နယ်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းအတွင်း ရှိ တောတောင်နှင့်စိုက်ပျိုးမြေ ဧကပေါင်း ၂ သိန်းကျော်မှာ ၂၀၀၇ ခုနှစ်တွင် ဇီဝလောင်စာများအတွက် သစ်ခုတ်ခြင်းကြောင့် ပြောင်သလင်းခါသွားပါသည်။ ယင်းလုပ်ငန်းရှေ့ဆက်နိုင်ရန် ရွာပေါင်း ၁၀၀ ခန့်ကို တပ်ပိုင်ဒေသတစ်ခုအတွင်း ရွှေ့ပြောင်းစေခဲ့သည်။ လွန်လေပြီးသောပဋိပက္ခဖြစ်စဉ်မှာပင်လျှင် ထိုမျှလောက်အထိ နစ်နာဆိုးဝါးမှုမျိုး မရှိခဲ့ချေ။
၁၉၉၀ ခုနှစ်များကာလအလယ်ပိုင်းတွင် တအုံတကျင်းသစ်ထုတ်လုပ်မှုမှာ တစ်စစဖြင့် အန္တရာယ်ပိုကြီးသွားစေကြောင်း တရုတ်မှ သိမြင်ခဲ့သည်။ ၁၉၉၈ ခုနှစ် တရုတ်ပြည်ယန်စီမြစ်ရေလျှံခြင်းကြောင့် လူပေါင်း ၄ ထောင်ကျော် သေကြေပြီးပျက်စီးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၂၅ ဘီလီယံအထိ ရှိခဲ့သည်။ သစ်တောပြုန်းတီး၍ မြေပြိုနေခြင်းသည် အရေးပေါ်ပြဿနာတစ်ရပ် ဖြစ်လာသည်။ တရုတ်ပြည်တွင်း လူမှုအဖွဲ့အစည်းများ၏ သစ်ထုတ်လုပ်မှုဆန့်ကျင်ရေးကို ထိရောက်စွာလုပ်ဆောင်ချက်ကြောင့် မြန်မာဖက်သို့ အကြီးစား စီမံကိန်းများ ခြေဆန့်နေခြင်းအပေါ် ဘေဂျင်းကို ဖိအားပေးနိုင်ခဲ့သည်။
တစ်ချိန်က သစ်တောများ ဖုံးလွှမ်းစိမ်းစိုခဲ့သော ကျောက်စိမ်းနယ်မြေ ဖားကန့်သည်လည်း အချိန်ကြာလာသည်နှင့် အမျှ တောင်ကတုံးများ ဖြစ်သွားလေရာ ၂၀၀၉ နှင့် ၂၀၁၀ နှစ်နှစ်လုံး ရေလွှမ်းမိုးမှု ခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်အတွင်း သေဆုံးသူ အရေအတွက် ၇၀ ကျော်ရှိခဲ့ပြီး၊ ၂၀၁၀ အစီရင်ခံချက်၌ တွင်းသားပေါင်း ၁၀၀၀ ၀န်းကျင် သေကြေပျက်စီးရသည်ဟု ဆိုသည်။ အနီးရို ဥရုမြစ်ကမ်းပါးပွင့်ထွက်၍ ကုန်းတွင်းပိုင်းသို့စီးဝင်ကာ ရေလျှံလွှမ်းမိုးကုန်သောကြောင့်ဖြစ်၏။ ပျက်သုဉ်းပစ္စည်းအစုအပြုံများ က သဘာဝရေသွားရေလာစံနစ်ကို ပျက်စီးစေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ကချင်ပြည်နယ်ရှိ မြန်မာစစ်တပ်တည်ရှိရာ နှင့် KIA ပိုင်နက်ဝန်းကျင်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးကိစ္စ ရုတ်ခြည်း ဖြစ်ပေါ်လာသည်။ ထိုနေရာများ၌ တူးဖော်ရေး လုပ်ငန်းသစ်များအပေါ် မြန်မာအစိုးရမှ မျက်စေ့ကျလာခဲ့ကြသည်။ တိုက်ခိုက်ရေးကို အဆုံးသတ်စေမည့်အစား ငြိမ်းချမ်းရေးကာလသည် နှစ်ဦးနှစ်ဖက်စလုံး လူသူလက်နက်အင်အား
အကြီးအကျယ် ထုတ်လုပ်ဖြည့်ဆည်းမှု၊ အရေးပါသောဗျူဟာမြောက်နေရာများတွင် အခိုင်အမာ တပ်စွဲမှု ပြုလုပ်ရန်အတွက် ဦးတည်သွားစေသည်။ သို့ဖြစ်ရာ ထိုအနေအထားအရ စစ်မက်ကို အပြီးတိုင်အဆုံးသတ်ရေး မဖြစ်နိုင်တော့ဘဲ အပစ်အခတ်ရပ်စဲရေးက အသက်ငင်နေပါတော့သည်။

သာဓကအားဖြင့် KIA ပိုင်နက်မှ ၃၂ ကီလိုမီတာမျှသာကွာဝေးသော ဗန်းမော်တွင် ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ်အတွင်း အစိုးရ တပ်ဖွဲ့များစွာကို တပ်စခန်း ၄ ခုမှ ၁၂ ခုဖြစ်လာသည်အထိ သုံးဆတိုး၍ တပ်စွဲစေခဲ့သည်။ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်ဒေသများ နှင့် ဖားကန့်တစ်ဝိုက် သတ္ထုတူးဖော်ရေးလုပ်ငန်းများအား ကာကွယ်ရန် မကြာခဏ စေလွှတ်ခဲ့ကြသည်။
ဒေသခံပြည်သူတို့၏ဝေမျှအကျိုးခံစားခွင့်မှာ နတ္ထိ
ဤဒေသများ၌ တပ်စွဲဖြန့်ကျက်လာမှုက ဒေသခံပြည်သူများအပေါ် ၀န်ထုပ်ဝန်ပိုး ကြီးမားစေခဲ့သည်။ ကချင်ပြည်နယ် ဒေသတွင်း စီးပွားရေးမှာလည်း တိုတောင်းလှသည့် ကာလတစ်ရပ်ဝယ် သိသိသာသာ ပြောင်းလဲသွားခဲ့ရ၏။ ၁၉၉၄ သဘောတူချက် အရ ဖားကန့်ဒေသကျောက် စိမ်းတွင်းများထိန်းချုပ်ထားမှုကို KIA မှ ဖြေလျော့လိုက်သောအခါ အစိုးရကျောထောက်နောက်ခံလုပ်ငန်းများ ၀င်ရောက်လာလျက် တူးဖော်ထုတ်လုပ်မှုကို အတိုင်းထက်အလွန် ပြုလုပ်ခဲ့လေသည်။
သတ္ထုတူးဖော်ရေးကဏ္ဍသည် တစ်နိုင်စာလုပ်ငန်းငယ်လေး ရာပေါင်းများစွာကို အထောက်အကူပြုနေရာမှ ကုမ္ပဏီကြီး ၃၀ ၏ သြဇာလွှမ်းမိုးမှုကိုခံရသော အသွင်ပုံဟန်သို့ ကူးပြောင်းသွားခဲ့သည်။ ယင်းကုမ္ပဏီကြီးတို့သည် တရုတ်ပြည် နှင့် မြန်မာပြည်တွင်းရွှေ့ပြောင်း လုပ်သား များ စွာကို ခေါ်ယူကာ တွင်းခြေအထိဆင်း၍ လုပ်ကိုင်စေခဲ့သည်။
အလုပ်နှင့်မသက်ဆိုင်သည့်ကဏ္ဍများကိုလည်း အကြပ်ကိုင် လုပ်ဆောင်စေခဲ့သည်။ ၄င်းတို့အထဲဒေသခံကချင်များလည်း ပါဝင်ကြသည်။ လက်ရှိထိပ်တန်းအဆင့်ဝင် Northern Star Trading ကဲ့သို့သော ကုမ္ပဏီများက စစ်တပ်နှင့်တရုတ်တူးဖော်ရေးကုမ္ပဏီများကို အနီးကပ်ဆက်ဆံမှုအားဖြင့် မြန်မာ့သတ္ထုတူးဖော်ရေးလုပ်ငန်း၌လက်ဝါးကြီးအုပ်ထားလျက်ရှိသည်သာမက တူးဖော်ရေးနယ်မြေများ အတွင်း ၀င်ရောက်နိုင်ခွင့်ကိုပါ ဆုံးဖြတ်နိုင်သူများအဖြစ် အခွင့်ထူးခံများ ဖြစ်နေကြလေသည်။ လွတ်လပ်သောစီမံကိန်းများ၌ ရာဇ၀တ်မှုဆိုင်ရာစည်းကမ်းချက်များကိုပင်လျှင် ထုတ်ပြန်ဆောင်ရွက်လာသည်။ ၄င်းတို့၏ကိုယ်ကျိုးစီးပွား ထိခိုက်စေသည်ဟုထင်မြင်သူတို့အား လုံခြုံရေးအကြောင်းပြချက်ထုတ်၍ မြန်မာစစ်တပ်ဖြင့် ဖမ်းဆီးစေခြင်း၊ နှင်ထုတ်စေခြင်းများကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးလျက်ရှိ၏။
စစ်တပ်အင်အားတိုးမြှင့်ဖြည့်ဆည်းခြင်းနှင့်အတူ ကချင်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်မှာ လူနည်းစုတိုင်းရင်းသားတို့၏လူမှု အဆောက်အဦးအား အစိပ်စိပ် အမြွာမြွာ ဆွဲဖြဲလိုက်သကဲ့သို့ ဖြစ်နေချေသည်။ ဖားကန့်ဒေသတွင် အာဏာမဲ့နှင့်အလုပ်လက်မဲ့ သူတို့အကြား မူးယစ်ဆေးဝါးသုံးစွဲမှု ကျယ်ပြန့်များပြားလားခြင်းက သာဓကတစ်ရပ်ပင်။
“ ဘိန်းရှူနိုင်တဲ့၊ စိတ်ကြွဆေးဝယ်ယူရရှိနိုင်တဲ့ ဘိန်းခန်းတွေက တူးဖော်ရေးအသိုင်းအ၀ိုင်းထဲမှာ နေရာအနှံ့ပါဘဲ။ စခန်းချတဲ့နေရာကနေ မလှမ်းမကမ်းလောက်သာလျှောက်ရတဲ့ တဲလေးတွေမှာတော့ ဘိန်းဖြူရောင်းနေကြတယ်။ ဖားကန့်ဒေသတစ်ခုလုံးမှာ အဲ့ဒီလိုတဲစခန်းမျိုး ၅၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ် ” ဟု Kachin News Group ၏ သတင်းတင်ပြချက်၌ တွေ့ရ၏။
လိင်ဖျော်ဖြေရေးလုပ်ငန်းကလည်း ပွင့်အံကြီးမားလာသည်။ မိမိနေအိမ်မှထွက်ပြီး တူးဖော်ရေးလုပ်ငန်းတွင် ရက်သတ္တပတ်ပေါင်းများစွာ သွားရောက်လုပ်ကိုင်သော်လည်း မိသားစုဝင်ငွေ လုံလောက်စွာမထောက်ပံ့နိုင်သူတို့၏ ဇနီးများ၊ သမီးများက ထိုကဏ္ဍ၌ ဦးဆောင်နေကြ၏။ သို့ဖြင့် ယခုအခါ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်ပြန့်ပွားမှုအမြင့်မားဆုံး နယ်ပယ်တစ်ခုအဖြစ် စာရင်းဝင်လာသည်။ ( KIA ၏ အပစ်အခတ်ရပ်စဲရေးနယ်နမိတ်အတွင်း HIV/AIDS ကူးစက်မှုမှာ တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် ၁၆ ဆခန့် များပြားနေကြောင်း အရပ်ဖက်ဆိုင်ရာလူ့အဖွဲ့အစည်းတစ်ရပ်က ဆိုသည်။ ယင်းသို့ဖြစ်ခြင်းမှာ ၂၀၀၈ ခုနှစ်တွင် ဒေသတွင်းသို့ ကူညီရေးလုပ်သားများဝင်ရောက်ခွင့်ကို အစိုးရမှပိတ်ပင်လိုက်ခြင်းအကြောင်းကလည်း အပါအ၀င်ဖြစ်သည်ဟု သိရ၏)။
ကချင်ပြည်နယ်ဖွံ့ဖြိုးရေးပြဿနာမှာ လတ်တစ်လောတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးဖက်သို့ ကူးပြောင်းသွားသည်။ ရေအရင်းအမြစ် ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ KIA နှင့် အစိုးရအကြား အငြင်းပွားမှု ဖြစ်လာသည်။ လွန်ခဲ့သော ၁၇ နှစ်က သဘာဝရင်းမြစ်များကို အမြတ်ထုတ်နေသော တရုတ်ကျောထောက်နောက်ခံ ဒါးပိန်ဆည်နှင့်ပတ်သက်ပြီး ၂၀၁၁ ခုနှစ် ဇွန်လ၌ တိုက်ခိုက်မှုဖြစ်ပွားရသည်။ အလားတူကိစ္စများလည်း မထင်မှတ်ဘဲဖြစ်ပေါ်လာရာ ယမန်နှစ်မှစ၍မြစ်ဆုံစီမံကိန်း၏ပြဿနာဆက်တိုက်ဖြစ်ပွားမှုက အနည်း ဆုံး တရုတ် လုပ်သားတစ်ဦးကို သေဆုံးစေခဲ့သည်။
၁၉၉၄ ခုနှစ်ကတည်းက စွမ်းအင်ထုတ်လုပ်မှုအကြီးစားစီမံကိန်းအပေါ် ကချင်လူထု၏မကြေနပ်ချက် မြင့်မားနေခဲ့၏။ ထိုစဉ်က ပြည်နယ်၏အဖိုးတန်မြေယာ အများအပြားမှာ နိုင်ငံရေးဖလှယ်မှုကုန်စည်ပစ္စည်းအဖြစ် အသွင်ပြောင်းခဲ့ရ၏။ ဒေသခံအင်အားစုကို ဖွံ့ဖြိုးကြီးထွားလှသည့်စီမံကိန်းများ၌ ထည့်သွင်းပါဝင်စေရန် အကြီးအကျယ် ပျက်ကွက်ခဲ့သဖြင့် ယခုသော် မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားရဆဲ အနေအထား ဖြစ်သွားလေသည်။ ၄င်းမှ ထွက်ရှိသောစွမ်းအင် စုစုပေါင်း၏ ၉၀ % မှာ တရုတ်ပြည်သို့တင်ပို့ရန် လျာထားခဲ့ခြင်းလည်း အကြောင်းတစ်ရပ်ဖြစ်၏။
သတ္ထုတွင်းများပိုင်ဆိုင်မှုကို KIA မှ အစိုးရလက်သို့ လွှဲအပ်ပေးလိုက်ခြင်းက ဒေသခံများအဖို့ အထိနာစေခဲ့သည်။ Northern Star ကဲ့သို့ ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခြင်းမရှိသော လုပ်သားတို့မှာ တူးဖော်ရေးနယ်ပယ်အတွင်း ၀င်ရောက်ခွင့်ကို ပိတ်ပင်ခံရသည်။ လုပ်ခွင့်ရရှိသူများကလည်း သတ္ထုတွင်း ၀န်ကြီးဌာနအား ၅၀ % အထိ အခွန်ဆောင်နေရကြောင်း KDNG က ဆိုသည်။
ကချင်ပြည်နယ်ဖြစ်ရပ်သည် Karen National Union (KNU) ၊ Shan State Amy (SSA) တို့အပါအ၀င် အခြားလက်နက်ကိုင် တိုင်းရင်းသား အုပ်စုများအတွက် သတိကြီးစွာထားရမည့် သင်ခန်းစာတစ်ရပ်ကို ပေးကမ်းနေပါသည်။ ထိုအဖွဲ့များကလည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားကြပြီးဖြစ်နေသည်။ များမကြာသေးခင် နော်ဝေအစိုးရမှ ငြိမ်းချမ်းရေးရံပုံငွေထူထောင်ပေးလိုက်သောအဖွဲ့အပါအ၀င် ကြားဝင်စေ့စပ်သူများက ၄င်းတို့အား “တိုးတက်ဖွံ့ဖြိုးရေး အတွက် ငြိမ်းချမ်းရေးဖြင့် လမ်းခင်းပေးမည်” ဟူသော ကတိက၀တ်များဖြင့် လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်လိုက်ရန် ဆွယ်တရားဟောလျက်ရှိနေကြ၏။
ယင်းကမ်းလှမ်းချက်များမှာ ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုများကိုလတ်တစ်လောဆိုင်းငံ့ရေး ဟူသောအချက်နှင့်အတူ ကျယ်လောင်လာခြင်းဖြစ်သည်။ သယံဇာတပေါကြွယ် လှသည့် နယ်စပ်ဒေသများ၌ အနောက်တိုင်း၏ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းရရှိရေးအတွက် ဖြစ်တန်ရာ၏။ ကချင်ပြည်နယ်သည် ယင်းလမ်းကြောင်းထဲ နစ်မြုပ်သွားခဲ့ပေပြီ။ ၄င်းတို့သည် မြန်မာအစိုးရ၏တိုးတက်ဖွံ့ဖြိုးရေးရုပ်လုံးဖြစ်သော အလွဲသုံးစားပြုချက် နှင့် ဆုတ်ယုတ်နိမ့်ကျသွားစေခြင်းတို့ကြောင့် တိုက်ခိုက်ရေးလမ်းကြောင်းကိုသာ ရွေးချယ်ရန် ဆုံးဖြတ်တော့မည်လောဟု တွေးမြင်မိပေသည်။
မြန်မာနှင့်အရှေ့တောင်အာရှရေးရာသုတေသီ အလွတ်တန်းဂျာနယ်လစ် Francis Wade ၏ Why ceasefires fail in Myanmar ဆောင်းပါးကို သာကီထက်ကောင်း မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
မူရင်းဆောင်းပါးရှင်၏လက်ရာများကို The Guardian ၊ Al Jazeera English ၊ Asia Times Online နှင့် News Internationalist တို့တွင် တွေ့မြင်နိုင်ပါသည်။

Ref;m-mediagroup

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!