Popular Posts!

Sunday, October 20, 2013

မြန်မာ့ ဆန်’ အရည်အသွေး ကောင်းလိုလျှင်….

Credit @ Ko Nge

အမိမြန်မာပြည်တ၀ိုင်းမှာ ၇၀% စိုက်ပျိုးနိုင်တဲ့ လယ်မြေတွေများပါရက်နှင့် နိုင်ငံတကာစံချိန်မှီ ဆန်တွေ မထွက်တာ ဘာကြောင့်ပါလိမ့်? ခေတ်မှီနည်းစနစ်ကျတဲ့ နည်းပညာတွေလိုအပ်နေတာပါ…
လွန်ခဲ့တဲ့ အနှစ် ၅၀လောက်က ကမ္ဘာ့အကောင်းဆုံးဆန်တွေထွက်ရှိခဲ့ပြီး၊ အခုနှစ် ၄၀လောက်မှာ အသုံးမကျတဲ့  တပါတီအုပ်ချုပ်မူတွေကြောင့် ၂၀ ရာစုခေတ်မှာ တိုးတက်လာတဲ့ ခေတ်မှီနည်းပညာတွေ မလိုက်နိုင်တော့ အိမ်နီးချင်းနိုင်ငံတွေရဲ့နောက်ကောက်ကျကျန်ရစ်ခဲ့ရတာပါ….
အခု အမြန်ဆုံး ပြုပြင်သင့်တဲ့ အချိန်ရောက်နေပါပြီ….ဒါကြောင့် အွန်လိုင်းမှာရှာဖွေတွေ့ရှိထားတာတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်…..

အရည်အသွေးကောင်း စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့လိုကြသည်ဟု ဆိုကြသော်လည်း လက်တွေ့တွင် မျိုးစေ့(seed) ကို အသုံးပြု စိုက်ပျိုးရန် အတွက် ကိုမူ..............



 
 ပြည်ပသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချသူများသည် အရည် အသွေးကောင်း သီးနှံများ တင်ပို့လိုကြသည်။ အရည်အသွေး (quality) ကောင်းမှ ဈေးကောင်းရမည်ဟု ပြောဆိုကြပါသည်။ မည်သည့် အတွက်ကြောင့် အရည်အသွေးကောင်း (quality) သီးနှံများ မရရှိကြ သနည်းဆိုသောအချက်ကိုမူ ပြည်ပ တင်ပို့ရောင်းချသူများက စိတ်ပါဝင်စားမှု နည်းပါးကြပါသည်။


မျိုးစေ့ (Seed) လား ၊ (သို့မဟုတ်) (Grain) လား ၊

စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ ကလည်း မိမိတို့ စိုက်ပျိုးနေ သောမျိုးသည် မျိုးကောင်းမျိုးသန့် ဟုပြော ဆိုကြပါသည်။ လက်တွေ့တွင် ရောင်းဝယ် ရန် စားသုံးရန် အတွက် အသုံးပြုသော သီးနှံ (Grain) ကိုသာ မျိုး (seed) အဖြစ် အသုံးပြုစိုက်ပျိုးကြပါ သည်။ အချို့သော တောင်သူလယ်သမားများသည် မျိုးစေ့ (seed) နှင့် ရောင်းဝယ်စားသုံးမှုအတွက် အသုံးပြုသော သီးနှံ (Grain)ကွာခြားချက်ကို သိရှိကြသဖြင့် မျိုးစေ့တန်ဖိုး (value of seed) ကို နားလည်ကြပါသည်။ လက်တွေ့တွင် စိုက်ပျိုးသူလယ်သမားများသည် မိမိတို့ စိုက်ပျိုးသော သီးနှံမျိုးသည် အရည်အသွေးကောင်းသည်။ ထို့ကြောင့် မျိုးစေ့ (seed) ကို ဝယ်ယူသုံးစွဲရန်မလို။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကိုသာ ဝယ်ယူသုံးစွဲရန် လိုအပ်သည်။ မျိုးစေ့အဖြစ် ဝယ်ယူသုံးစွဲရန်အတွက် ကုန်ကျမည့် ငွေကို ချွေတာတတ်ကြပါသည်။
- အချို့သော တောင်သူလယ်သမားများက ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးကိုပင် ငွေကြေးမတတ် နိုင်၍ ပြည့်စုံအောင် ဝယ်ယူသုံးစွဲနိုင် ခြင်းမရှိပါ။ မျိုးစေ့ကို ဝယ်ယူသုံးစွဲဖို့ဆိုတာ ခက်ခဲသည်ဟု ပြောကြားကြပါသည်။
- အချို့သော တောင်သူလယ်သမားများက မျိုးစေ့ကောင်းမှ သီးနှံအထွက်နှုန်းကောင်းမည်။ သီးနှံ အရည်အသွေးကောင်းမည်။ ယခုစိုက်နေတဲ့ နှမ်းဖြူမျိုးသန့် ဘယ်နေရာမှ ရမှာလဲ။ ဘယ်နေရာ မှ ဝယ်ရင်ရမှာလဲ၊ ဘယ်ကုမ္ပဏီမှာ ရောင်းသလဲ။ မျိုးကောင်းမျိုးသန့်ဆိုတာ သေချာရဲ့လားဟု မေးမြန်းလာပါက မည်သူက မျိုးကောင်းမျိုးသန့်ဟု အာမခံမှာလဲဟု ဖြေဆိုရန် အလွန်ခက်ခဲမည် ဖြစ်ပါသည်။

မျိုးစေ့ကုမ္ပဏီ
         ဈေးကွက် စီးပွားရေးစနစ် ကာလတွင် စိုက်ပျိုးရေး သွင်းအားစု (Agro-input) များ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းကို ပုဂ္ဂလိက (Private sector)မှ ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည်။ လက်တွေ့တွင်
- ပြည်ပမှ တင်သွင်းသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို လည်းကောင်း၊ ပြည်တွင်းတွင် ထုတ်လုပ်သော သဘာဝမြေသြဇာနှင့် အခြားမြေသြဇာများကို လည်းကောင်း၊ ပြည်ပမှ တင်သွင်း သော ဟင်းသီးဟင်းရွက် မျိုးစေ့များကို လည်းကောင်း ဖြန့်ဖြူးရောင်းချသော ပြည်တွင်းကုမ္ပဏီများ ပေါ်ပေါက်လာပါသည်။
- မိမိကိုယ်ပိုင် သုတေသန ပြုလုပ်ခြင်း၊ မျိုးစပ်ခြင်း၊ မျိုးထုတ်လုပ်ခြင်း၊ မျိုးဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများကို ဆောင်ရွက်သည့် မျိုးစေ့ကုမ္ပဏီ (seed company) ယနေ့တိုင် ပေါ်ပေါက်လာခြင်း မရှိသေးပါ။
- ပုဂ္ဂလိကပိုင်းသည် ဖော်ပြသောလုပ်ငန်းအတွက် နည်းပညာသုတေသန နှင့် စီးပွားဖြစ် ကျယ်ပြန့်စွာ ထုတ်လုပ်နိုင်သော မျိုးစေ့ခြံများ တည်ထောင်နိုင်ခြင်း မရှိသေးသဖြင့် ကိုယ်ပိုင်ထုတ်လုပ် ဖြန့်ဖြူးနိုင်သော မျိုးစေ့(Seed company)  များ ယနေ့တိုင်မရှိရခြင်းဖြစ်သည်ဟု သုံးသပ် ရရှိပါသည်။

အထွက်ကောင်း မျိုးစေ့များ (High yielding variety –HYV)  ဖြင့် ပြောင်းလဲ စိုက်ပျိုးခြင်း
      မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရပြီး ကာလများတွင်လည်း ဆန်စပါးသည် မြန်မာ့စီးပွားရေးလုပ်ငန်းဖြစ်ခဲ့သည်။ ၁၉၆၆ ခုနှစ်မတိုင်မီ ကာလထိ မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးမှုတွင် ပြည်တွင်း စပါးမျိုးများ (local variety) ကို အသုံးပြုစိုက်ပျိုးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (International Rice Research Institute-IRRI) မှ IR-5,IR-8 စပါးမျိုးများကို တင်သွင်း၍ သုတေသနပြု စိုက်ပျိုးခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပါသည်။ ထို့နောက် ယင်းစပါးမျိုးများကို ရာကျော်စပါးမျိုး အထွက်ကောင်းစပါးမျိုး (High yield variety-HYV) ဟု ခေါ်ဆိုကြပါသည်။ ထို့နောက် အထွက် ကောင်းမျိုးများကို စပါးသီးနှံသာမက အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများကိုပါ အထွက်ကောင်း မျိုးများဖြင့် ပြောင်းလဲအစားထိုး စိုက်ပျိုးလာကြပါသည်။
- ၁၉၆၈ ခုနှစ်မတိုင်မီ နှစ်များက စိုက်ပျိုးသူ တောင်သူများသည် မိမိစိုက်ပျိုးသော စပါးမျိုးများမှ ရင့်မှည့်ချိန်တွင် စိုက်ခင်းထဲမှ အကောင်းဆုံး စပါးနှံများကို ရိတ်သိမ်းချွေလှေ့၍ မျိုးအဖြစ် ထားရှိပြီး လာမည့်နှစ်တွင် မျိုးစေ့အဖြစ် အသုံးပြူ စိုက်ပျိုးကြပါသည်။
- အထွက်ကောင်း စပါးမျိုးများ ပြောင်းလဲ စိုက်ပျိုးသည့်အခါ ယင်းစပါးမျိုးများသည် အသက် လျင်ခြင်း၊ ဓာတ်မြေသြဇာထည့်သွင်းမှသာ အထွက်နှုန်း ကောင်းမွန်ခြင်း၊ အရည်အသွေးကောင်းများ ရရှိရန်၊ မျိုးစပ်ဆောင်ရွက်ထားသော စပါးမျိုးများ ဖြစ်ပါသည်။ ထူးခြားချက်မှာ စပါးမျိုး တစ်မျိုးကို နှစ်စဉ် ဆက်တိုက် ၃နှစ် စိုက်ပျိုးပါကစပါးမျိုးတွင်ပါဝင်သော ဗီဇလက္ခဏာများကွဲပြားပြီး မူလ စပါးမျိုးမှ ပါဝင်သည့် အရည်အချင်းလက္ခဏာများ လျော့နည်းကွဲပြားမှုများ ဖြစ်ပေါ်စေပါသည်။
- ထို့ကြောင့် အထွက်ကောင်း စပါးမျိုး(HYV) များကို စိုက်ပျိုးခြင်းနှင့်အတူ ၃ နှစ်တစ်ကြိမ် မျိုးသန့်စပါးမျိုးများဖြင့် လဲလှယ်စိုက်ပျိုးရေးကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်ရပါတော့သည်။

မျိုးစေ့ထုတ်လုပ်ခြင်း
           နိုင်ငံတော်ပိုင်းတွင် စိုက်ပျိုးရေး သုတေသန (Research) လုပ်ငန်း၊ မျိုးပွားရေးလုပ်ငန်း (Seed multiplication)၊ မျိုးစေ့ဘဏ် (seed bank) များရှိသဖြင့် မျိုးပွားခြင်းလုပ်ငန်းများကို ဆောင် ရွက်ပါ သည်။ မျိုးပွားခြင်း အဆင့်များကို လေ့လာပါက

(၁) Breeder seed (အခြေခံမျိုးအဆင့်-၁) - စိုက်ပျိုးရေး သုတေသနတွင်သာ ထုတ်လုပ်ရပါသည်။

(၂)Foundation seed  (အခြေခံမျိုးအဆင့်-၂) -မျိုးစေ့ခြံ၊ စိုက်ပျိုးရေး သုတေသနခြံများတွင် မျိုးထုတ်လုပ်ရပါသည်။

(၃)Registered seed (မျိုးသန့်အဆင့်-၁) - မျိုးစေ့ခြံများတွင် ထုတ်လုပ်ရပါသည်။

(၄) Certified seed(မျိုးသန့်အဆင့်-၂) - Registered seed ကို တောင်သူထံဖြန့်ဖြူးပြီး တောင်သူမှ လယ်ကွက်တွင် စိုက်ပျိုးထုတ်လုပ်ရပါသည်။
                ယင်း (certified seed)  ကို စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ရောင်းဝယ်သော အဆင့် (commercial stage)   ကို ရရှိစေပါသည်။ ဗဟိုစီးပွားရေး စီမံကိန်းကာလတွင် အစိုးရပိုင်းအနေဖြင့် ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်များကစ၍ မျိုးစေ့ထုတ်လုပ်မှု စီမံကိန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း
      မျိုးစေ့ ထုတ်လုပ်ပွားများခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတွင် (Public sector) နှင့် ပုဂ္ဂလိက (Private sector)  တို့ ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ပွားများခြင်းများကို ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးကောင်း မျိုးစေ့များ အချိန်တိုကာလအတွင်း ကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။ Publicprivate Partnership program ကို အောက်တွင် ဖော်ပြထားပါသည်။
 


မှတ်ချက်- မျိုးစေ့ထုတ်လုပ်မှု အဆင့်အလိုက် (Breeder seed) ကိုပန်းရောင်ကတ်ပြား၊ (Foundation seed) ကို အစိမ်းရောင်ကတ်ပြား၊ (Resisted seed)  ကို အပြာရောင်ကတ်ပြားနှင့် (certified seed) ကို အဝါရောင်ကတ်ပြားဖြင့် ချိတ်ဆွဲထားပြီး အရည်အချင်းများ ဖော်ပြထားပါသည်။ မျိုးစေ့အပင်ပေါက်မှု ရာခိုင်နှုန်း မျိုးသန့်ပြန့်မှု စသည်များကို ဖော်ညွှန်းထားပါသည်။
         ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများကို ပြည်ပသို့ တင်ပို့ရောင်းချသော ကုမ္ပဏီများ၊ စပါး၊ ပဲမျိုးစုံ ဦးဆောင်ဦးရွက် ကုမ္ပဏီများ (leading company) သည် အစိုးရပိုင် (public sector) မှ မျိုးသန့်အဆင့်- ၁(Registered seed)ကို ရယူရမည် ဖြစ်ပါသည်။ ထို့နောက် မိမိတို့အထူးပြုကုမ္ပဏီများ ဆောင်ရွက် သည့် ဧရိယာတွင် တောင်သူလယ်သမားများအား မျိုးစေ့၊ စိုက်ပျိုးရေး သွင်းအားစုများ၊ ချေးငွေများ ပံ့ပိုး၍ မျိုးစေ့ထုတ်လုပ်ခြင်းကို ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ မျိုးပွားရမည် ဖြစ်ပါသည်။ ထို့အတူ စိုက်ပျိုးရေး သွင်းအားစု(Agro-input) များ ရောင်းချသော ကုမ္ပဏီများမှလည်း (public sector)  မှ မျိုးစေ့ (Registered seed) ရယူပြီး မျိုးပွားခြင်း ပြုလုပ်နိုင်ပါသည်။ မျိုးသန့်အဆင့်-၂ (Certified seed) ထုတ်လုပ်မှုစနစ်နှင့် ညီညွှတ်မှုရှိခြင်း၊ မျိုးသန့်အဆင့်-၂ မှန်ကန်သည်ဟု၊ ထောက်ခံချက် ရရှိပြီးမှ သာ မျိုးစေ့ ရောင်းဝယ်ခြင်း (seed Marketing) လုပ်ငန်းကို ဆောင်ရွက်ရန်လိုအပ်လာပါသည်။ Public sector အနေဖြင့် တောင်သူလယ်သမားများထံတွင် မျိုးပွားခြင်း ထွက်ရှိလာသော မျိုးစေ့များကို ပြန်လည် ဝယ်ယူဖြန့်ဖြူးခြင်း လုပ်ငန်းများတွင် ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်းမရှိပါ။

လယ်သမားများစိုက်၍ ထွက်တာကို ဝယ်ပြီး ပြည်ပသို့ တင်ပို့
    လက်ရှိအခြေအနေတွင် ပြည်ပတင်ပို့ရောင်းချသူများ သည် လယ်သမားစိုက်ပျိုးထွက်ရှိမှုကို ဝယ်ယူ၍ အတန်း အစား ခွဲခြားခြင်း၊ သန့်စင်ခြင်း၊ လုံးပိန်၊ လုံးညှပ်များကို ဖယ်ရှားပြီး ပြည်ပသို့ တင်ပို့ ရောင်းချပါသည်။
   
        အရည်အသွေးကောင်း စိုက်ပျိုးရေးထွက်ကုန် (Quality product) ရရှိရန်အတွက် ပြည်ပတင်ပို့သည့် ကုမ္ပဏီ၊ စိုက်ပျိုးရေး သွင်းအားစုများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီနှင့် တောင်သူလယ်သမား ပူးပေါင်းဆောင်ရွက်ရမည့်ပုံစံ




    အရည်အသွေးကောင်း ဆန်၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ နှမ်းကို တင်ပို့မည်ဆိုပါက -
- ပထမဆုံးအချက်မှာ အရည်အသွေးကောင်းသော မျိုး သန့်မျိုးစေ့ (seed) ကို သုံးစွဲစိုက်ပျိုး နိုင်ခြင်း မရှိသ၍ အရည်အသွေးကောင်း သီးနှံမရရှိနိုင်ပါ။
- မျိုးစေ့ (seed) ကိုအသုံးမပြုဘဲ (Grain) ကို မျိုးအဖြစ် အသုံးပြုနေကြသဖြင့် မျိုးရောခြင်း၊ အရောင်ရောခြင်း၊ အထွက်နှုန်းနည်းခြင်း၊ လိုအပ်သောအရွယ်အစား မရရှိခြင်းများ ဖြစ်ပေါ်စေပါသည်။
- အရည်အသွေးကောင်း ရရှိသည်ဆိုပါက ပထမဆုံးအရေးပါသောအချက်မှာ မျိုးစေ့ (seed) ကို အသုံးပြု စိုက်ပျိုးနိုင်ရေးကို မဖြစ်မနေ ဆောင်ရွက်ရပါမည်။ ဒုတိယအချက်မှာ ရိတ်သိမ်းပြီး နောက် (Post-harvest management) ကို ဆောင်ရွက်ရပါမည်။

အရည်အသွေးကောင်း သီးနှံကို တင်ပို့မည်
         ပြည်ပတင်ပို့ရောင်းချသူများသည် အရည်အသွေးကောင်း သီးနှံကို တင်ပို့ပါက ဈေးကောင်းရသည်။ (quality market)  ကိုပို့လျှင် ဈေးကောင်းရသဖြင့် အရည်အသွေးကောင်းကို ပိုမိုအား ထား ပါသည်ဟု ပြောဆိုကြပါသည်။ လက်တွေ့တွင် ဝယ်ရသမျှထဲက ကောင်းတာလေးကို ရွေးချယ်၍ တင်ပို့ကြသည့် (Quality product) ဖြစ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် အခြေခံကျသော ထုတ်လုပ်သူလယ်သမားမှအရည်အသွေးကောင်းသော သီးနှံမျိုးစေ့(seed) အသုံးပြု စိုက်ပျိုးနိုင်ရေးကို အခြေခံ ကျကျ လုပ်ဆောင်နိုင်မှသာသွားလိုသော (Quality product, Quality Market) ကို ရောက်ရှိမည် ဖြစ်ပါသည်။


ဆန်’ အရည်အသွေး ကောင်းလိုလျှင်



http://www.wisegeek.com/what-is-jasmine-rice.htm

ဆန်အရည်အသွေး ကောင်းခြင်းတွင် ဆန်၏ အသွင်အပြင် လက္ခဏာများ ကောင်းခြင်းနှင့် သန့်စင် မှုရှိခြင်းတို့သည် အရေးပါသော အချက်များဖြစ်သည်။ ဆန်၏ အရည်အသွေးကောင်းမှသာ ပြည်တွင်းစားသုံး မှုရော ပြည်ပတင်ပို့မှုပါ မျက်နှာပန်းလှ၍ ဈေးကောင်းရမည်။ ဆန်အရည်အသွေးကောင်းရန်မှာ စပါးစိုက်ပျိုးပြုစု ထိန်းသိမ်းရန်၊ ရိတ်သိမ်းသယ်ယူ ခြွေလှေ့ချိန်၊ စပါး သိုလှောင်ချိန်၊ စပါးကြိတ်ခွဲ ထုပ်ပိုး သိုလှောင်ချိန် စသည့် အဆင့်ဆင့်မှ စ၍ အခြေတည်သည်။
စပါးပင် ဂုတ်ဆစ်တက်ချိန်တွင် အောင်စေ့ ရာခိုင်နှုန်းကို အဆုံးအဖြတ်ပြုသည်။ မျိုးပွားအင်္ဂါဆဲလ်များ ကွဲပြားခြင်းအဆင့်ဆင့်၊ အနှံထွက်ပန်း ပွင့်ချိန်အဆင့်နှင့် အနှံစေ့များ စတင်ရင့်မှည့်ချိန် အဆင့်များတွင် အောင်စေ့ရာခိုင်နှုန်းကို ကျ ဆင်းစေနိုင်သော အကြောင်းတရား များ ဖြစ်ပေါ်နိုင်သည်။ အောင်စေ့ ဖြစ်မလာ သော အစေ့များသည် လုံးပိန်၊ လုံးညှပ်၊ အဖျင်းသီးများသာ ဖြစ်သည်။ ၄င်းအနက် အဖျင်းစေ့ များသည် ခြွေလှေ့စဉ်ဖယ်ရှား နိုင်သဖြင့် ဆန်အရည်အသွေးကို မထိခိုက်စေသော်လည်း လုံးပိန်၊ လုံးညှပ်များသည် စပါးကြိတ်ခွဲရာတွင် အရွယ်အစားအဆင့်မမီသဖြင့် ဆန်အရည် အသွေးကို ညစ်နွမ်းစေသည်။ သို့အတွက် ကနဦး ကတည်းက ပြည့်ဖြိုးနေစေရန် ဂရုစိုက် ပြုစုစောင့် ရှောက်ရန်လိုသည်။
စပါးမျိုးများသည် မျိုးအလိုက် စပါးတစ်စေ့ချင်း၏ အလေးချိန် သတ်မှတ်ချက်ရှိသည်။ သတ်မှတ် အလေးချိန်ပြည့်မှသာ စံချိန်မီသည်။ စပါးစေ့အလေး ချိန်သည် အနှံခက် စတင်ဖြစ်ပေါ်ချိန်မှ ရင့်မှည့်ချိန် အတွင်း ဖြစ်ပေါ်ကြီးထွားသည်။ စပါးအလေးချိန် စံချိန်မီစေရန် နေရောင် ခြည်စွမ်းအား၊ အရွက်တွင်းရှိ နိုက် ထရိုဂျင်ဓာတ်အားပါဝင်မှု ပမာဏ၊ စပါးစေ့သို့ ကစီဓာတ်ကောင်းစွာ ပို့ဆောင်နိုင်မှုတို့ ပြည့်စုံရန် လိုအပ်သည်။ အပူချိန် ၂၅ ဒီဂရီစင်တီ ဂရိတ်ထက်မြင့်ပါက ကစီဓာတ် ပို့ဆောင်နိုင်မှု စွမ်းအားကျစေပါသည်။ စပါးစေ့ အလေးချိန်လည်း လျော့သွားစေသည်။ စပါးစေ့စံချိန် မမီသဖြင့် စပါးကြိတ်ခွဲရာတွင် ဆန်အဆင့်အတန်းမမီဘဲ အရည် အသွေးကို ထိခိုက်စေသည်။
စပါးပင်သည် နို့ရည်တည်ချိန်တွင် ရေ(အစိုဓာတ်) လိုအပ်သည်။ နို့ရည်တည်ချိန်တွင် ဆန်သား ဖြစ် တည်ရန်အတွက် လိုအပ်သော အစာအဖြစ် အရွက်များမှ ချက်လုပ် သော ကစီဓာတ်၏ ၆၀ ရာခိုင်နှုန်း ကို အသုံးချသည်။ အရွက်များမှ ကောင်းစွာ အစာချက်လုပ်ပြီး လုံလောက်စွာ ပေးပို့နိုင်ရန် လိုအပ်သည်။ ဤသို့ ညီညွတ်ရန်အတွက် နေရောင် ခြည်စွမ်းအင်ပြည့်ဝမှု၊ မြေ တွင်းအာဟာရဓာတ်လုံ လောက်မှု၊ လယ်ကွက် အတွင်း ရေရှိမှုတို့သည် အဓိကသော့ချက်များဖြစ်သည်။
နို့ရည်တည်ချိန်အတွင်း လယ်ကွက်၌ ရေပြတ်ပါက (ပပ်ကြား အက်အစပျိုးရန်ထိ ဖြစ်ပါက) ဆန်တွင် ဗိုက်ဖြူဖြစ်ပေါ်စေသည်။ ဆန်သား အက်ကြောင်းများ ထင်ဟပ် လာစေသည်။ ဗိုက်ဖြူပါက ဆန်သား အက်ကြောင်းပါသဖြင့် လည်းကောင်း၊ ဆန်အကျိုးအကြေများ သဖြင့်လည်းကောင်း၊ ဆန်အရည် အသွေးကို ဆွဲချသွားစေသည်။ သို့ပါ၍ စပါးနို့ရည် တည်ချိန်တွင်း နေရောင်ခြည်စွမ်းအား အပြည့်အဝ ရစေရန် မြေတွင်း အာဟာရဓာတ် ပြည့်စုံလုံလောက်စေရန် လယ်ကွက်တွင်းရေလုံးဝ မပြတ်ရှိစေရန် ရှေးဦးကပင် အထူးဂရုပြုခဲ့ရန် လိုအပ်သည်။
စပါးပင် ယိုင်လဲမှုသည် စပါးလေလွင့် ဆုံးရှုံးမှုသာမက စပါးစေ့များ ရွှံ့နွံကပ်ခြင်း၊ အညှောက်ပေါက် ခြင်းကြောင့် ဆန်အရည် အသွေးကိုပါ အနှောင့်အယှက် ဖြစ်စေသည်။ စပါးပင်ယိုင်လဲခြင်းသည် ကောက်ကွက် အလွန်စိပ် လွန်းခြင်း၊ နေရောင်ခြည်စွမ်းအင် ရရှိမှုနည်းခြင်း၊ စပါးပင်စည်တွင် ပိုးမွှားရောဂါကျရောက်မှု ခံရခြင်း တို့ ကြောင့်ဖြစ်ရသည်။ စပါးမျိုးအလိုက် သတ်မှတ်ကောက်ကွက် မှန်အောင် စိုက်ပျိုးခြင်း၊ နေရောင်ခြည် ကောင်းစွာ ရရှိရန် ချိန်ကိုက်စိုက်ပျိုးခြင်း၊ ပင်စည်တွင်ကျရောက် တတ်သော ပိုးမွှားရောဂါများ မကျရောက် စေရန် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ခြင်းဖြင့် စပါးပင်ယိုင်လဲမှုကို တားဆီးနိုင်သည်။
စပါးနှံတွင် ကျရောက်သော နှံစုပ်ကြမ်းပိုးသည် စပါးခွံကို ထိုးဖောက်၍ အစေ့တွင်းရှိ အစာကို စုပ်ယူခြင်း ၄င်းမှစွန့်ထုတ်သော အနံ့ ရှိသဖြင့် ဆန်ကို အနံ့ဆိုးဝါးမှုဖြစ်စေ ခြင်းတို့ကြောင့် ဆန်အရည်အသွေး ကို ညံ့စေသည်။ စပါးမှိုကပ်ချိန်မှစ၍ နှံစုပ် ကြမ်းပိုးကျရောက်ခြင်းမရှိစေရန် ဆေးဖျန်းခြင်းကို ကြိုတင်စီမံခဲ့ရန် လိုအပ်သည်။
ဆန်အရည်အသွေး ကောင်းမှုသည် စပါးရိတ်သိမ်းခြွေလှေ့ချိန် မှန်ကန်မှုပေါ်တွင် များစွာတည်မီ နေသည်။ စပါးသီးနှံ၏ ၈၅ ရာခိုင် နှုန်းသော စပါးစေ့များ အဝါရောင် ပြောင်းချိန်သည် မောင်းညိုချိန် ဖြစ် သည်။ စပါးရင့်မှည့်ချိန်တွင် အစေ့ တွင်း အစိုဓာတ် ၂၀ ရာခိုင်နှုန်းခန့်ရှိ ပြီး ၄င်းအစိုဓာတ်သည် တစ်နေ့လျှင် ၁ ဒသမ ၅ မှ ၂ရာခိုင်နှုန်းအထိ ကျဆင်းနေသည်။ စပါးရင့်မှည့်ချိန်သည် ဆန်အရည် အသွေးကောင်းကို ပေးစွမ်းနိုင်ဆုံး အချိန်ဖြစ်သည်။
စပါးကို အနှံထွက်ပြီး ၂၅ ရက်မှ ၃၀ရက်တွင် ရိတ်သိမ်းပါက ဆန်ထွက် ၆၅ ရာခိုင်နှုန်းရရှိပြီး အဆင့်မြင့်ဆန်ကောင်း ၅၅ရာခိုင်နှုန်း ရရှိသည်။ (DAR-Research Report 2000) စပါးကို စောရိတ်ပါက အစိုဓာတ်များပြီး မှိုတက်၍ ဆန်အရည်အသွေး ညံ့စေသည်။ နောက်ကျရိတ်ပါက စပါးကျွမ်းပြီး ဆန်သား အက်ကွဲ၍ အကျိုးအကြေ များစေသည်။ စပါးကို စောရိတ်သိမ်းပြီး အစိုဓာတ်ရှိသော စပါးကို ငါးရက်၊ ခြောက်ရက်ခန့် အကြာမှ ခြွေလှေ့ပါက စပါး အရောင်ပျက်ခြင်း၊ အဝါ ဖောက်ခြင်းများကြောင့် အရည် အသွေးပျက်စီး စေသည်။ စပါးကို သတ်မှတ်ရက်ထက် ၁၀ရက် နောက်ကျရိတ်သိမ်း ပါက ၅ ဒသမ ၄ ရာခိုင်နှုန်း ဆုံးရှုံးမှုရှိသည်။
လယ်သမားအများစုသည် စပါးရိတ်ပြီးပါက ကောက်လှိုင်းများကို ဘွဲ့မစီးသေးဘဲ လယ်ကွက်ထဲတွင် တစ်ပတ်ခန့် ထားလေ့ရှိကြ သည်။ သီးထပ်စိုက်မည့် လယ်ကွက်များတွင် သီးထပ်စိုက်ချိန်မီစေရန် ကောက်လှိုင်းများကို ကန်သင်းပေါ်တွင် ကောက်ဆိုင်ထိုးထားလေ့ ရှိကြသည်။ ထိုအချိန်တွင် အောက်မှ မြေငွေ့အပူဓာတ်တက်လာပြီး စပါးစေ့များ အစိုပြန်၍ အောက်စေသည်။ ၄င်းစပါးများကို ကြိတ်ခွဲပါက ဆန်အရည်အသွေးကို ထိခိုက်စေသည်။ တစ်ဖန် လယ်သမားကြီးများသည် တလင်းကို မာနေအောင် မခေါက်သဖြင့် စပါးစေ့များတလင်း ကပ်ဖြစ်ပြီး ဖုန်၊ ခဲ၊ သလဲ ရောနှော စေသည်။ နွေစပါးနှင့် ဆောင်းသီး ထပ်စိုက်သည့် ဒေသများတွင် တလင်းထဲတွင် ကောက်ပြန့်ကို နယ်လှေ့ခြင်းမရှိဘဲ ရက်ကြာရှည်စွာ ထားကြ သည်။ ညအချိန်နှင်းကျသောဓာတ်ဖြင့် စပါးအစိုပြန်သည်။ နေ့အချိန်တွင် အပူချိန်မြင့်သဖြင့် စပါးခြောက်ရ ပြန်သည်။ နေ့ည အပူချိန်ကွာခြားလွန်းသဖြင့် ဆန်သား ကွဲအက်ခြင်း၊ ဆန်အကျိုး အကြေများပြားခြင်းအပြင် ဆန်၏ အနံ့လည်း မှိုနံ့ရစေသည်။ ထို့ကြောင့် စက်ဖြင့် ရိတ်သိမ်းခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်သည်။
စပါးနှင့်ဆန်၏ အရည် အသွေးကို အကျည်းတန်စေသော နောက်တစ်ချက်မှာ ပေါင်းစေ့များပင် ဖြစ်သည်။ စပါးပင် ဖြစ်ထွန်းကြီးထွားချိန်နှင့် စင်ပြိုင်တက်လာသော အပင်မှာ ပေါင်းပင်ဖြစ်သည်။ အဆိုပါ ပေါင်းပင်များကို ၄င်းအချိန်မှာပင် ကြိုတင် စီမံမရှင်းလင်းနိုင်ခဲ့ပါက စပါးရိတ်သိမ်း ခြွေလှေ့ပြီးချိန်တွင် ပေါင်းစေ့ များက စပါးစေ့နှင့်အတူ ပြိုင်အန်တုနေပါတော့သည်။ ဤ အချိန်မှခွဲထုတ်ရန် အလွန်ခက်သည်။ စပါးကြိတ်ခွဲ လျှင် ဆန်ထဲတွင် ပေါင်းစေ့များက ပို၍ပင် အရုပ်ဆိုး အကျည်းတန်စေသည်။
အချို့လယ်သမားများသည် တစ်ဦးပိုင်အတွင်း စပါးမျိုးများစွာ စိုက်ကြသည်။ သို့သော် ရိတ်သိမ်း ခြွေလှေ့ချိန်တွင် သတိမမူဘဲ ဆောင်ရွက်ကြသဖြင့် မျိုးအုပ်စုမတူသော စပါးမျိုးများ ရောနှောသွားစေသည်။ ဆန်ကြိတ်ခွဲရာတွင် ဆန်သားမညီ အရည် အသွေးမလှဖြစ်ရသည်။ စပါးတစ်မျိုးတည်းကို တစ်ကွက် တစ်စပ် တည်း စိုက်ပျိုးသင့်သည်။
စပါးကို မကြိတ်ခွဲမီ သိုလှောင် မည်ဆိုပါကလည်း သိုလှောင်ရုံ၊ အိတ်၊ ပုတ်၊ ကျီ စသည်များကို မှို ရောဂါများ၊ ပိုးမွှားများ၊ ရုပ်ဖုံးများ တွယ်ကပ်ကျန်ရှိ မနေအောင် ကြိုတင်၍ ပိုးမွှားသန့်စင်ပြီးမှသာ သိုလှောင် သင့်သည်။ သို့မှသာ ပိုးမွှားရောဂါဖျက်ဆီးမှုဒဏ်မှ ကင်းဝေး မည်ဖြစ်သည်။ သိုလှောင်ရုံကိုလည်း ကြက်၊ ငှက် ဖျက်ဆီးမှုမှ ကင်းဝေးစေရန် သိုလှောင်ရုံ လုံခြုံမှုကို ကြိုတင် စစ်ဆေးစီမံရန် လိုအပ်သည်။ ကြွက်၏ ဖျက်စီးမှု ကြောင့် ငါးရာခိုင်နှုန်း ဆုံးရှုံးမှုရှိကြောင်း သုတေသီတို့က ဖော်ညွှန်းထားသည်။ ကြွက်၏ အညစ်အကြေးများ ဆန်နှင့် ရောနှောလာပါက အရည်အသွေးပါ ကျဆင်းစေသည်။ ‘ဆွမ်းဆန်ထဲ ကြွက်ချေးရော’ဟု ပြောစမှတ် ပြုကြသည်။
စပါးသိုလှောင်ရာတွင် စပါးကို သေချာသန့်စင်ပြီးမှ သိုလှောင်သင့်သည်။ သို့မဟုတ်ပါက စပါးကို မည် သို့ပင် ခြောက်သွေ့အောင် အခြောက်လှန်းစေကာမူ ရောနှောပါလာသည့် ဖုန်၊ ခဲ၊ သလဲ၊ အမှိုက်၊ အဖျင်း အမှော်၊ ပေါင်းစေ့များ၏ အစိုဓာတ်ကြောင့် စပါးစေ့များ အစိုပြန်ခြင်း၊ မှိုတက်ခြင်းဖြစ်စေပြီး ဆန်အရည် အသွေးပါ ညံ့သွားစေသည်။ သိုလှောင်ရုံ လုံခြုံမှုမရှိပါက သိုလှောင်ထားစဉ် လေထု၏ စိုထိုင်း ဆ ၅၀ ရာခိုင်နှုန်း အထက်ရှိပါက ပိုးမွှားအင်းဆက် လှုပ်ရှားမှုများစေပြီး ၅၀ ရာခိုင်နှုန်းအောက်ကျပါက ပိုးမွှားအင်းဆက်လှုပ်ရှားမှု နည်းသွား စေသည်။ ၃၅ ရာခိုင်နှုန်းထက် နိမ့်သွားပါက ပိုးမွှားအင်းဆက်လှုပ်ရှားမှု လုံးဝရပ်ဆိုင်းသွားသည်။ ပါ မောက္ခဟယ်ရီတန်၏ တွေ့ရှိချက်အရ အပူချိန်နှင့် စိုထိုင်းဆနှစ်ခု ပေါင်းလျှင် ၁၀ဝထက်မကျော်ပါက စပါးစေ့သို လှောင်ရန် အကောင်း ဆုံးဖြစ်သည်။
နောက်တစ်ချက် ဆန်အရည် အသွေးကျစေသည့် အကြောင်းမှာ စပါးမျိုးများ များနေခြင်းဖြစ်သည်။ ဧည့်မထအုပ်စုဝင် စပါးမျိုးပင် ရာနှင့် ချီ၍ ရှိသည်။ စပါးဝယ်ယူကြိတ်ခွဲ သည့်အခါ ဧည့်မထဆိုလျှင်ပြီးရော ဆိုပြီး အားလုံးရောကြိတ်သည်။ ဆန် အရှည်၊ အလုံး၊ ဆန်သားကအစ မတူညီသည့်အတွက် အရည် အသွေးမီ ဆန်ကောင်းရရှိရန် ခဲယဉ်း ပေသည်။
နောက်တစ်ချက်မှာ ကြိတ်ခွဲမှု အပိုင်းဖြစ်သည်။ ကြိတ်ခွဲမည့် ဆန်စက်သည် အဆင့်မမီခြင်း၊ သန့်ရှင်းမှု မရှိခြင်း၊ ပစ္စည်းထားသိုမှုစနစ်မကျ ခြင်းတို့ ကြောင့် စပါးကောင်းနေစေကာမူ ဆန်အရည် အသွေးကျသွား နိုင်သည်။ အထူးသတိပြုရမည့် အချက်ပင်ဖြစ်သည်။ ကြိတ်ခွဲပြီး ဆန်များကို သိုလှောင်ရာတွင်လည်း စနစ်တကျ သိုလှောင်ရန် လိုအပ်သည်။ ဆန်ကိုကြာရှည်စွာ သိုလှောင်ထားပါက ဖွဲနုတက်ခြင်း၊ ဆန်အောက်ခြင်း၊ ဆန်သားအတွင်း ဓာတ်ပြောင်းလဲမှုဖြစ်ပေါ်ပြီး ဆန်အရည်အသွေး ထိခိုက်ခြင်းများ ဖြစ်စေ သည်။ သို့ပါ၍ ဆန်အရည် အသွေး ကောင်းစေရန်အတွက် အထက်ပါ အဆင့်ဆင့်သော လုပ်ငန်းနည်း စနစ်များကို လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်သည်။

အောင်ဆန်း(စိုက်ပျိုးရေး)

Ref;http://agrotechni-pedia.com





အိမ်နှီးနာချင်းနိုင်ငံတွေက မြန်မာ့ဆန်ကို လိုချင်နေကျပါတယ်...

China, India look to Burma’s abundant rice fields.http://www.dvb.no/news/china-india-look-to-burmas-abundant-rice-fields-burma-myanmar/33594


Myanmar

IRRI Myanmar

Seed Division Compound
Myanma Agriculture Service (MAS)
Gyogon-Insein, Yangon, Myanmar
Tel: +95 1663590
Dr. Madonna CasimeroIRRI Representative
Email: m.casimero@irri.org


Myanmar

Since 1965, IRRI has been involved with researchers, extension personnel, and farmers in Myanmar in introducing rice breeding material, hybrid rice technology, and locally adaptable designs for rice transplanters and threshers. The rice variety IR8 was introduced in Myanmar in 1967. It was called Ya Gyaw, meaning “more than a hundred” because it yielded more than 100 baskets (more than 5 tons) of rice per hectare. Modern rice varieties have since increased annual rice production significantly.
IRRI's Irrigated Rice Research Consortium has run workshops and training in Myanmar on integrated weed control, nutrient management, and laser land leveling. IRRI also continues to support the livelihoods of poor farmers and to strengthen scientific capacity in the country.
The government of Myanmar recognized IRRI as an international organization through its ambassador to the Philippines in 1997.


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!