Popular Posts!

Monday, October 7, 2013

နိုင်ငံခြားအရင်းအနှီး နဲ့ နိုင်ငံခြားအကူအညီ အမှန်တတယ်လာမှာလား!

ဦးအောင်ခင်ကိုကျော်ကျော်သိန်း

လွန်ခဲ့တဲ့ မတ်လက ကုန်ဆုံးသွားတဲ့ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း (၁,၄၀၀) ရရှိခဲ့ပေမယ့် ဧပြီလကစတဲ့ လက်ရှိဘဏ္ဍာရေးနှစ်မှာ (၅) လအတွင်း နိုင်ငံခြားအရင်းအနှီး ဒေါ်လာသန်း (၁,၈၀၀) ဖိုးကို အတည်ပြုနိုင်ခဲ့ကြောင်း စက်တင်ဘာ (၂၀) ရက်ထုတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်္ကာပူ နဲ့ ဂျပန်က အများဆုံးရင်းနှီးပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေဈေးကြီးလို့ ရင်းနှီးမြုပ်နှံလိုသူတွေ နောက်ဆုတ်သွားနိုင်တယ် လို့ ဆိုပါတယ်။

ဈေးကွက်လမ်းစဉ် ကျင့်သုံးချိန်ကစပြီး နိုင်ငံခြားက ရင်းနှီးမြုပ်နှံလာတာမို့ စုစုပေါင်း ဒေါ်လာသန်း ရင်းနှီးမြှုပ်နှံလာတာမို့ စုစုပေါင်းဒေါ်လာ သန်း ၄၀,၀၀၀ ကျော်နေပြီလို့ ဆိုပါတယ်။ ဒီအထဲမှာ တရုတ်ကအများဆုံးပါ။ ဒါပေမဲ့ လူမှုရေးအကူအညီ နဲ့ လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေး အကူအညီပေးနေသူတွေဟာ ဂျပန်နဲ့ အနောက်တိုင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ပြည်သူ့ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး နဲ့ စွမ်းရည်မြှင့်တင်ရေး စတာတွေမှာ အများဆုံး အလှုငွေထောက်ပံ့သူဟာ ကုလသမဂ္ဂနဲ့ အနောက်တိုင်းနိုင်ငံတွေဖြစ်ပြီး ဒေါ်လာသန်း (၁,၀၀၀) ကျော်ဖိုး ကူညီထားပါတယ်။ ဂျပန်က နှစ်စဉ် ဒေါ်လာသန်း (၂၀) ကျော်ဖိုး ကူညီနေပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က (၂၀၁၁) မှာ လူဦးရေ လေးသိန်းကျော်ကို ကူညီနိုင်ခဲ့ပါတယ်။

နိုင်ငံခြား လူမှုရေးအကူအညီကို လက်တွေ့ဖြန့်ဝေနေကြတဲ့ အင်ဂျီအို အရပ်သားအဖွဲ့အစည်းတွေကတဆင့် ပြည်သူလူထု အကျိုးခံစားရပါတယ်။ စစ်တပ်ပိုင် စီးပွားရေး ဦးပိုင်လိမီတက်၊ စစ်တပ်ပိုင် စီးပွားရေးကော်ပိုရေးရှင်နဲ့ စစ်အုပ်စုလက်စွဲ ခရိုနီတွေကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရဲ့  အကျိုးအမြတ်ကို တိုက်ရိုက်ခံစားရပါတယ်။ နိုင်ငံခြားကုမ္မဏီတွေဟာ စစ်အုပ်စုအသိုင်းအဝိုင်းနဲ့ ဖက်စပ်လုပ်ရပါတယ်။ မကြာမီက မိုဘိုင်းဖုန်းလုပ်ငန်း တည်ထောင်ခွင့်ရသွားတဲ့ ကာတာကုမ္မဏီ နဲ့ နော်ဝေကုမ္မဏီဟာလည်း ခရိုနီတွေနဲ့ မလွဲမသွေ လက်တွဲရမယ့် အခြေအနေရောက်နေပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့ သားတွေပိုင်တဲ့ကုမ္မဏီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေကို နိုင်ငံခြားကုမ္မဏီနဲ့ ဖက်စပ်လုပ်နိုင်အောင် တယ်လီကွမ်းဌာနက စီစဉ်နေကြောင်း စက်တင်ဘာ (၁၈) ရက်ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ နိုင်ငံခြားနဲ့ ပတ်သက်သူကို အတော်သတိထားနေပါတယ်။ ပုဒ်မ ၁၂၁ (ဆ)မှာ "နိုင်ငံခြားတိုင်းပြည်တခုခု၏ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ အထောက်အပံ့ ရယူသုံးစွဲသူ (သို့မဟုတ်) ယင်းသို့ အထောက်အပံ့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ" ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိဘူးလို့ ဖော်ပြပါတယ်။ နိုင်ငံခြားအကူအညီနဲ့ ထိတွေ့သူဟာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်နိုင်ဘူးဆိုတဲ့သဘောပါ။ ဒီလိုဆိုရင် နိုင်ငံခြားဆုတွေ အများအပြားရထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတာကို ရှင်းပြဖို့ လိုအပ်နေပါတယ်။

အမေရိကန်အစိုးရဟာ နယ်စပ်အခြေစိုက် အရပ်သားအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပြီး အကူအညီပေးခဲ့တာကြာပါပြီ။ ဗမာစစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့ထားပေမယ့် မြန်မာပြည်သားတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးပါတယ်။ အခု ကျင်းပနေတဲ့ လွှတ်တော်ကိုလည်း ဒေါ်လာ (၁၁) သန်းဖိုး ကူညီထောက်ပံ့ဖို့ စီစဉ်ပါတယ်။ ရွေးကောက်ပွဲသတင်း၊ နိုင်ငံရေးပါတီစနစ် နဲ့ ရွေးကောက်ပွဲကော်မရှင် အားကောင်းလာအောင် ကူညီတာလို့ ဆိုပါတယ်။ ဒီကိစ္စဟာလည်း အခြေခံဥပဒေပုဒ်မ ၁၂၁ (ဆ) နဲ့ ငြိစွန်းနေပုံရတဲ့အတွက် ရှင်းလင်းဖို့လိုပါတယ်။ ခေတ်ပြောင်းလာတဲ့အတွက် စစ်အုပ်စုရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ့်အတတ်ကိုယ့်စူး ကိုယ့်ရှုးကိုယ်ပတ်ဖြစ်နေတဲ့ ပုဒ်မတွေ ပါဝင်နေတာကို လွှတ်တော်ကိုယ်စားလှယ်တွေ လေ့လာဖို့လိုပါတယ်။

နိုင်ငံခြားအရင်းအနှီးအများဆုံးကဏ္ဍဟာ ရေနံဓါတ်ငွေ့သယံဇာတနဲ့ ဟိုတယ်ခရီးသွားလုပ်ငန်း ဖြစ်ပါတယ်။ နိုင်ငံခြားကုမ္မဏီနဲ့ ပူးပေါင်းပြီး သယံဇာတရောင်းစားတာဟာ တိုင်းပြည်ရဲ့  ရေရှည်အကျိုးစီးပွားအတွက် ကောင်းမွန်တဲ့ကိစ္စ မဟုတ်ပါဘူး။ မြေပေါ်မြေအောက်ပစ္စည်း ရောင်းစားပေမယ့် တိုးတက်ဖွံ့ဖြိုးမှု ဆိတ်သုဉ်းတဲ့ နိုင်ငံတွေကို သယံဇာတကျိန်စာသင့်တယ်လို့ ပြောလေ့ရှိပါတယ်။ နိုင်ငံခြားအရင်းအနှီးနဲ့ အကူအညီတွေ လှိမ့်ဝင်လာလို့ တိုင်းပြည်ရဲ့  ထုတ်လုပ်မှု ရုတ်တရက် တိုးပွားလာပေမယ့် ဒီမိုကရေစီ ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အားနည်းနေပုံကို ကမ္ဘောဒီးယားမှာ တွေ့နိုင်ပါတယ်။

တိုင်းပြည်ရဲ့  သယံဇာတကို အနာဂတ်မျိုးဆက်အပါအဝင် တိုင်းသူပြည်သားအားလုံး ပိုင်ပါတယ်။ ဒါကြောင့်မို့ ရေနံဓါတ်ငွေ့နဲ့ အခြားသယံဇာတကရတဲ့ ငွေကြေးကို နိုင်ငံသူနိုင်ငံသားအားလုံး ခံစားနိုင်အောင် အစိုးရလက်အောက်ခံမဟုတ်တဲ့ လွတ်လပ်သော သီးခြားရန်ပုံငွေ တည်ထောင်သင့်တယ်လို့ နိုဘယ်ဆိုရ ဘောဂဗေဒပညာရှင် Dr. Joseph Stiglitz က အကြံပေးထားပါတယ်။ ဗမာအစိုးရကတော့ အခုမှ ဓါတ်ငွေ့ဒေါ်လာသန်း (၈,၀၀၀) နီးပါး နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားပြီး လိုအပ်သလို သုံးစွဲနေကြောင်း စက်တင်ဘာ (၂၀) ရက်နေ့က ရှင်းပြပါတယ်။ နိုင်ငံခြားအရင်းအနှီးနဲ့ အကူအညီတွေများလာတိုင်း ပြည်သူ့ဘဝအခြေအနေ မြင့်တက်လာတာ မဟုတ်ကြောင်း သက်သေပြနေပါတယ်။

တရုတ် အရင်းအနှီးနည်းတာ မကောင်းဘူးဆိုပါလား



မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားအရင်းအနှီး လိုအပ်နေတုန်းမှာ တရုတ်ရဲ့  ရင်းနှီးမြုပ်နှံမှု ကျဆင်းလာတာဟာ တိုင်းပြည်အတွက် မကောင်းကြောင်း သုံးသပ်ထားတဲ့ စာတမ်းတစောင် စက်တင်ဘာလ (၁၇) ရက်နေ့က ထွက်လာပါတယ်။ မြန်မာပြည်ကို သွားရောက်လေ့လာခဲ့တဲ့ တရုတ်အမျိုးသမီး သုတေသီ (ယွန့်စွန်) ရေးသားပြီး ဝါရှင်တန်မြို့ တော် အခြေစိုက် Stimson Center က ထုတ်တဲ့စာတမ်းပါ။ Chinese Investment in Myanmar: What Lies Ahead ဆိုတဲ့ စာတမ်းဖြစ်ပါတယ်။


တရုတ်အရင်းအနှီးဟာ ၂၀၀၈ မှာ ဒေါ်လာသန်းတထောင်ရှိရာက ဆက်တိုက်တိုးပွါးလာတဲ့အတွက် ဦးသိန်းစိန်အစိုးရတက်လာချိန်မှာ ဒေါ်လာသန်း (တသောင်းသုံးထောင်) အထိ ရှိလာပါတယ်။ မြစ်ဆုံ၊ လက်ပံတောင်းတောင်နဲ့ ကျောက်ဖြူယူနန်ပိုက်လိုင်း စီမံကိန်းတွေကြောင့် အခုလို တိုးပွားသွားတာပါ။ ဒါပေမဲ့ ပြုပြင်ရေးလုပ်ချိန်ကစပြီး တရုတ် ရင်းနှီးမှုကျဆင်းလာတာမို့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာသန်း (၄၀၀) ကျော်သာ မြှုပ်နှံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ စီမံကိန်းတွေကို ဆက်လက်ထောက်ပံ့နေပေမယ့် စီမံကိန်းအသစ်မရှိသလောက် ဖြစ်နေပါတယ်။ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်ပြင်းထန်နေလို့ ဗမာအစိုးရက တရုတ်အကျိုးစီးပွားကို အကာအကွယ်ပေးချင်ပုံ မရဘူးလို့ ဆိုပါတယ်။



ဒဏ်ခတ်အရေးယူမှုတွေ ရပ်ဆိုင်းလိုက်လို့ အနောက်တိုင်းက အရင်းအနှီးတွေ လှိမ့်ဝင်လာမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာဝင်လာတဲ့ နိုင်ငံခြားအရင်းအနှီးဟာ လျော့ကျသွားတဲ့ တရုတ်အရင်းအနှီးကို အစားထိုးနိုင်လောက်အောင် များတာမဟုတ်ပါဘူးတဲ့။ မြစ်ဆုံနဲ့ လက်ပံတောင်းတောင်ပြဿနာဟာ တရုတ်ကုမ္မဏီတွေကို ဝိုးတိုးဝါးတား ဖြစ်စေပါတယ်။ ရေနံဓါတ်ငွေ့ပိုက်လိုင်းကိုတော့ လွန်ခဲ့တဲ့ ဇူလိုင်လမှာ စတင်အသုံးပြုနိုင်ပါတယ်။ တရုတ်အတွက် အလွန်အရေးကြီးတဲ့ စီမံကိန်းကြီးတွေမှာ ပြဿနာဖြစ်တာဟာ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အများကြီးအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ လက်ပံတောင်းတောင်စီမံကိန်းမှာ တရုတ်ကုမ္မဏီနဲ့ ဗမာအစိုးရ မကြာမီက ရယူလိုက်တဲ့ သဘောတူညီချက်ဟာ ပြဿနာပေါ်တဲ့ တရုတ်စီမံကိန်းတွေအတွက် သင်ခန်းစာယူစရာ ဖြစ်ပါတယ်။



ဗမာအစိုးရနဲ့ ကျိတ်ဝိုင်းလုပ်ပြီး အမြတ်ထုတ်တဲ့အတွက် တိုင်းသူပြည်သား မကျေမနပ်ဖြစ်တာကို တရုတ်တွေ သဘောပေါက်ပါတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိ အစိုးရအဖွဲ့ဝင်တွေဟာ စစ်အစိုးရလက်ထက်က သူတို့ထောက်ခံခဲ့တဲ့ စီမံကိန်းတွေကို အခုမှ ဆန့်ကျင်နေတာကို တရုတ်က ဘဝင်မကျဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က 'မှားမှားမှန်မှန် အမိန့်နာခံ' ဆိုတဲ့ နိုင်ငံရေးဓလေ့နဲ့ လွှတ်တော်နိုင်ငံရေးစနစ် ကွဲပြားခြားနားပုံကို တရုတ်က သဘောမပေါက်နိုင်ဘဲ ဖြစ်နေပုံရပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးနဲ့ လူမှုရေး မတည်မငြိမ်ဖြစ်လို့ တရုတ်အကျိုးစီးပွား ထိခိုက်လာမှာကို ဟန့်တားနိုင်ရေးဟာ တရုတ်အစိုးရရဲ့  ထိပ်တန်းဦးစားပေး ဖြစ်လာပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ယူရေးနဲ့ ဒေသခံတွေ သဘောတူရေးဟာ အရေးကြီးကြောင်း တရုတ် နားလည်းလာပါတယ်။



သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အား ဖူလုံရေးနဲ့ ဖြန့်ဝေရေး စတဲ့ အခြေခံအဆောက်အအုံမှာ ရင်းနှီးမြုပ်နှံနိုင်တဲ့ တရုတ်က တွန့်ဆုတ်နေရင် စက်မှုအသွင်ပြောင်းရေးမှာ အခက်အခဲ တွေ့လိမ့်မယ်လို့ ယွန့်စွန် က ဆိုပါတယ်။ ဒါကြောင့် တရုတ်နေရာကို အချိန်မီ အစားထိုးနိုင်မယ်သူ မရှိရင် မြန်မာ့စီးပွားရေး တိုးတက်မှုဖြစ်စဉ်ဟာ ကြန့်ကြာသွားနိုင်ပါတယ်။ လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့အတွက် မြစ်ဆုံစီမံကိန်းကိုပြန်ပြီး အသက်သွင်းနိုင်လိမ့်မယ်လို့ တရုတ်ဖက်က ယုံကြည်နေပါတယ်။ လက်ပံတောင်းတောင်မှာလို ဒေသခံတွေပါ အကျိုးခံစားနိုင်မယ့် သဘောတူချက်မျိုး ပြန်လည်ရေးဆွဲနိုင်မယ်ဆိုရင် မြစ်ဆုံ စီမံကိန်းကို ပြန်ပြီး အသက်သွင်းနိုင်လိမ့်မယ်လို့ တရုတ်ဘက်က ယုံကြည်နေ ပါတယ်။ ရပ်ဆိုင်းထားလို့ အရှုံးပေါ်နေပေမယ့် ၂၀၁၅ နောက်ပိုင်းပြန်စနိုင်ရင် အကျိုးရှိနိုင်သေးတယ်လို့ တရုတ်က မြင်ပါတယ်။



ဦးသိန်းစိန်အစိုးရဟာ ရပ်တည်ချက်ပြောင်းလဲပြီး အရင်တမျိုး အခုတမျိုးလုပ်နေတယ်လို့ တရုတ်အရာထမ်းတွေက ညည်းညူကြပါတယ်။ တရုတ်နဲ့ ဆက်ဆံပုံကိုကြည့်ပြီး နိုင်ငံခြားကုမ္မဏီတွေဟာ ဗမာအစိုးရကို အယုံအကြည်နည်းလာမှာမို့ တိုင်းပြည်စီးပွားရေး တိုးတက်မှုဖြစ်စဉ်ကို ထိခိုက်လိမ့်မယ်လို့ တရုတ်က ယူဆပါတယ်။ ဒါကြောင့် ယုံကြည်မှုပြန်လည်ရရှိပြီး နှစ်ဘက်အကျိုးရှိမယ့်ကိစ္စတွေကို တရုတ်နဲ့ မြန်မာအစိုးရတို့ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ယွန့်စွန် က ဆိုပါတယ်။



ဒါပေမဲ့ တရုတ်အရင်းအနှီး ကျဆင်းလာတာကို အားနည်းချက်အဖြစ် မြန်မာဘက်က မြင်ပုံမရပါဘူး။ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု (၅) ဆ တိုးလာပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ အမေရိကန် ဒေါ်လာသန်း (၁၄၀၀) ကျော် ရှိတယ်လို့ မေလ (၁၂) ရက်နေ့က မန္တလေးမှာ ဦးသိန်းစိန် ပြောသွားပါတယ်။ နှစ်ကုန်ပိုင်းရောက်ရင် ဒေါ်လာသန်း (၃၀၀၀) အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းကြောင်း မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မတီက စက်တင်ဘာလ (၁၀) ရက်နေ့က ကြေညာပါတယ်။ ဒါကြောင့် တရုတ်အရင်းအနှီး နည်းလာပေမယ့် နိုင်ငံခြားအရင်းအနှီး ကျဆင်းသွားတာ မဟုတ်တဲ့အတွက် တရုတ် ထင်သလို မဖြစ်နိုင်ဘူးလို့သာ ပြောရပါလိမ့်မယ်။



Ref;VOABurmese

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!