(တူဒေး)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ကာလရှည်ကြာ ထိန်းသိမ်းခံထားခဲ့ရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆင်းနေချိန်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး ရောက် လာသည်။
အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကြီးကို ဦးဆေင်လာခဲ့သော သမ္မတကြီး၏ ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ ရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် ကုန်သွယ် ရေးကိစ္စများ အပါအ၀င် အဓိကကဏ္ဍများတွင် လေ့ကျင့်သင်တန်းပေးရေးနှင့် နည်းပညာအကူအညီ ပေးရေး သဘော တူညီချက်များကို လက်မှတ်ရေးထိုးခဲ့ ကြသည်။
တစ်ပတ်အတွင်း တစ်ချိန် တည်း ဖြစ်ပေါ်ခဲ့သော ဤအဖြစ်အပျက် နှစ်ခုက မြန်မာနိုင်ငံတွင် အပြောင်းအလဲကို ပြတ်သားထက်သန်စွာ ဆုံးဖြတ်ချက် ချ၍ လုပ်ကိုင်နေပုံနှင့် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ၏ ယုံကြည်မှု တိုးပွား လာနေပုံကို ဖော်ညွှန်းနေသည်။
ယခု လက်ရှိ လုပ်ဆောင်နေသော နိုင်ငံရေး အပြောင်းအလဲသည် စီးပွားရေး ရှုထောင့်မှ အတိုင်းအတာပမာဏ ကြီးမားပုံကို စင်ကာပူထံ လက်ကမ်းခဲ့ခြင်းက မီးမောင်းထိုးပြနေသည်။
နိုင်ငံ အမြောက်အမြားမှ စီးပွားရေးလုပ်ငန်း အမြောက်အမြားတို့သည် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံရေး စူးစမ်းရန် စိတ်အား ထက်သန်နေကြသည်။
အာရှတွင် ထုတ်ယူ သုံးစွဲခြင်းမပြုရသေးသော နောက်ဆုံး ကျန်ရှိနေသည့် ဈေးကွက်ကြီးအဖြစ် ယူဆထားကြရာ စီးပွားရေးကဏ္ဍ များစွာတွင် ဖွံ့ဖြိုးရေးမလုပ်ဆောင်နိုင်သေး ခြင်း၊ သို့မဟုတ် တရုတ်ကုမ္ပဏီများကသာ လွှမ်းမိုးထားခြင်းများ ဖြစ်ပေါ်နေသည်။
မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်သော အရှေ့တောင်အာရှနိုင်ငံများ အသင်း(အာဆီယံ)က မြန်မာနိုင်ငံကို ဒေသတွင်း ဗဟိုအချက် အချာနိုင်ငံ အဖြစ် ထောက်ခံအားပေးလိုရာ စင်ကာပူနိုင်ငံကလည်း ထို့အတူပင်ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ သည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ရတော့မည့် နိုင်ငံရေးအခြေအနေကြောင့်မျှသာမကချေ၊ အာဆီယံသည် ၂၀၁၅ ခုနှစ်တွင် ပိုမိုစုစည်း ပေါင်းစည်းသော စီးပွားရေးအသိုက်အ၀န်းတစ်ခု ဖြစ်လာရန် ကြံရွယ်ထားရာ ထိုစီမံချက်ကိုလည်း ပိုမိုအထောက်အပံ့ပြုလာနိုင်ပေသည်။
မည်သို့ဆိုစေကာမူ အနောက် အုပ်စုအနေဖြင့် မြန်မာနိုင်ငံ အပေါ် နှစ်ပေါင်း ၂၀ ကျော် ဒဏ်ခတ်ပိတ်ဆို့ထား သော ပိတ်ဆို့မှုများအား ရုပ်သိမ်းပေး/ မပေးဆိုသော အချက်ပေါ်တွင် များစွာ မူတည်နေသည်။ ဥရောပသမဂ္ဂကတော့ ယခုပင်လျှင် ကန့်သတ်ပိတ်ဆို့မှုများကို စတင်လျှော့ပေးနေပြီ။
အမေရိကန် အနေဖြင့်လည်း ရှုပ်ထွေးသော ဥပဒေပြု ရေးလုပ်ငန်းစဉ်များရှိနေရာ လျှော့ပေါ့ ပေးရေးအတွက် အဓိကနိုင်ငံရေးပါတီ ကြီးနှစ်ခုစလုံး၏ ထောက်ခံမှု စတင်ရရှိ နေပြီဖြစ်သည်။ အကောင်းဘက်သို့ မျှော်လင့်ရန် အကြောင်းတရားများ ရှိပါသည်။
သို့သော် မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အသင့်ဖြစ်နေပါပြီလော။ မြန်မာနိုင်ငံ သည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက် လာရေးအတွက် စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့်အပြိုင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုက အမီလိုက်နိုင်ပါမည်လော။
မကြာမီက ထုတ်ပြန်လိုက်သော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ က ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည် ၅ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု ကြိုတင်ခန့်မှန်း ထားသည်။
တစ်ကမ္ဘာလုံး၏ စီးပွားရေး ဖွံ့ဖြိုးမှု အားလျော့နေချိန်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို အိမ်နီးချင်း အင်ဒိုချိုင်းနားနိုင်ငံများနှင့် တစ်တန်းတည်း ထား၍ ခန့်မှန်းထွက်ချက်ထားခြင်းသည် ထူးခြားကောင်းမွန်ပါသည်။
သို့နှင့်တိုင် ထို့ထက်ပို၍ ဖွံ့ဖြိုးနိုင်သော အလား အလာများလည်း ရှိနေသည်။
အလျှံအပယ် ပေါများသော နိုင်ငံ၏ ရေနံနှင့်ဓာတ်ငွေ့ သဘာဝသယံဇာတများ၊ သစ်တောထွက်ပစ္စည်းနှင့် တွင်းထွက်သတ္တု သယံဇာတများ ပိုင်ဆိုင်ထားသည်ကိုပင် စဉ်းစားကြည့်ပါ။
တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှတို့ ဆုံရာ အချက်အချာနေရာတွင် ရှိနေသည်။
ထိုထက်မက နိုင်ငံ့လူဦးရေ ၅၄ သန်းတွင် အများစုမှာ အလုပ်လုပ်နိုင် သော အသက်အရွယ်များဖြစ်ကြပြီး အလုပ်အကိုင်ကိုလည်း အာသာငမ်းငမ်း အလိုရှိနေကြသူများ ဖြစ်သည်။
လက်ရှိ အခြေအနေတွင် ဒေသတွင်း အဆင်းရဲ ဆုံးနိုင်ငံထဲတွင် ပါဝင်နေရသော်လည်း ဖွံ့ဖြိုးရန် အလားအလာကောင်းတွေ များစွာ ပိုင်ဆိုင်ထားသည်။ စိုးရိမ်ဖွယ်ရာများလည်း ရှိနေသည်။
အများစုမှာ စီးပွားရေး နောက်ကျန်ခဲ့ သောနိုင်ငံအများတွင် တွေ့မြင်နေကျ အခက်အခဲများဖြစ်သည်။ ဥပမာ- အခြေခံအဆောက်အအုံ မလုံလောက် ခြင်း၊ အဂတိလိုက်စားမှု ပျံ့နှံ့ခြင်း၊ နိုင်ငံ ရေး အပြောင်းအလဲကာလ အာဏာ လွှဲပြောင်းမှု စသည်တို့ ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတွင်မူ ထိုမျှမက အထူးစပါယ်ရှယ် စိန်ခေါ်မှု အခက်အခဲများလည်း ရှိနေသည်။
IMF က ထောက်ပြခဲ့သော အဓိက ပြဿနာတစ်ခု- ငွေလဲလှယ်နှုန်း ထိန်းချုပ်မှုနှင့် ငွေကြေးမတည်ငြိမ်မှု ဖြစ်သည်။
အမေရိကန် တစ်ဒေါ်လာ၏ တရားဝင်လဲလှယ်နှုန်းမှာ မြန်မာငွေ ခြောက်ကျပ်ဖြစ်သည်။
သို့သော် ပြင်ပ မှောင်ခိုဈေးတွင် တစ်ဒေါ်လာ လက်ရှိ ကျပ် ၇၅၀ ၀န်းကျင်တွင် ရှိနေပြီး မကြာမီနှစ်များက ကျပ် ၁,၂၅၀ လောက် အထိ ရှိခဲ့သည်။
နိုင်ငံ၏ခြုံငုံစီးပွားရေး (macro-economy) တည်ငြိမ်နေပြီး ငွေကြေးလဲလှယ်နှုန်း လွတ်လပ်စွာ ထားနိုင်ရေးမှာ ကျွမ်းကျင်လိမ္မာသော ဘဏ္ဍာ ရေး စီမံခန့်ခွဲနိုင်မှုရှိမှသာ မျှော်လင့်နိုင်ပေမည်။
မြန်မာနိုင်ငံအတွင်းသို့ ၀င်လာကြသည့် ကုမ္ပဏီများအတွက် အခြား အရေးကြီးပြဿနာတစ်ခုမှာ ရင်းနှီး မြှုပ်နှံမှုကို ကာကွယ်သည့် ဥပဒေဖြစ်သည်။
လက်ရှိဥပဒေကို တည်ငြိမ်သော ပေါ်လစီ မူဝါဒများဖြင့် ပြုပြင်ပြောင်းလဲ ပေးရန် လိုအပ်သည်။
၁၉၉၀ ပြည့်နှစ်လွန် နှစ်များအတွင်းက မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ဝင်ဖြစ်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် ကုမ္ပဏီတချို့ လာရောက် ရင်းနှီး မြှုပ်နှံခဲ့ကြသည်။
သို့သော် ထိုအချိန်က ရင်းနှီးမြှုပ်နှံခဲ့ ကြသူများမှာ ပေါ်လစီ မကြာခဏ ပြောင်းလဲမှုများနှင့် အခြေအနေအမျိုးမျိုး ပြောင်းလဲနေမှုများ ကြောင့် သောင်မတင် ရေမကျ ဖြစ်ခဲ့ကြရသည်။
နောက် စောင့်ကြည့်ရမည့်ပြဿနာ တစ်ခုမှာ ဗဟိုအစိုးရသည် တိုင်းရင်းသား လူမျိုးစုအမျိုးမျိုးနှင့် ဆယ်စုနှစ်ပေါင်း များစွာ တိုက်ခိုက်နေခဲ့ရမှုကို အဆုံး သတ်ရန် ကြိုးပမ်းနေသည်။
ကရင်များ နှင့် မကြာခဏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့သည်။ ကရင်သူပုန် များသည် နိုင်ငံတောင်ပိုင်း ထားဝယ် စက်မှုဇုန်တွင် လှုပ်ရှားနေခဲ့ကြသည်။ ထိုဒေသတွင် ယခုအခါ အစိုးရက ဒေါ်လာဘီလျံ ၅၀ တန် အဓိက ဖွံ့ဖြိုးရေး စီမံကိန်းကြီးကို လုပ်ဆောင်လျက်ရှိသည်။
စီးပွားရေးတံခါး ဖွင့်လာသည်နှင့် အမျှ ရရှိလာမည့် အကျိုးစီးပွားရလဒ်ကို အာဏာရှိသူနှင့် သူ့အသိုင်းအ၀ိုင်း၏ လက်တွင်သာ ထားရှိခြင်းမပြုစေရန် အလွန်အရေးကြီးသည်။
စီးပွားရေး ဖွံ့ဖြိုးမှုကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေး နှင့်အတူ ယှဉ်လျက်သွားနိုင်ရန်မှာ အစိုးရအနေဖြင့် လူထုကို ပညာရေးမြှင့် တင်ခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းနှင့် လူထု၏ အိုးအိမ်နှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရပေမည်။
မြန်မာအစိုးရနှင့် စင်ကာပူနိုင်ငံတို့ ချုပ်ဆိုခဲ့သော သဘောတူညီမှုတွင် ဤအချက်များ ပါဝင်ပေသည်။
ဘဏ္ဍာ ငွေကြေးကိစ္စ၊ ဥပဒေရေးရာနှင့် ပြည်သူ့ ၀န်ထမ်းများ ၀န်ဆောင်မှုရေးရာတွင် စင်ကာပူနိုင်ငံ၏ ကျွမ်းကျင်မှုအကူအညီ ကို ရယူကာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကို စတင်နိုင်ပေသည်။
စင်ကာပူနှင့် မြန်မာ နိုင်ငံသည် ကုန်သွယ်ရေးတွင် ကာလ ကြာရှည်စွာ ဆက်ဆံလာခဲ့ကြသည်ဖြစ်ရာ နှစ်နိုင်ငံ သဘောတူညီချက်တွင် မြန်မာ နိုင်ငံ၏ ပြည်သူ့ဝန်ထမ်းအရာရှိ များအား လေ့ကျင့်သင်တန်းပေးမည့် အစီအစဉ်များလည်း ပါဝင်မည်ဟု မျှော်လင့်ရသည်။
ယခုအချိန်တွင် ကမ္ဘာက အာရုံစိုက် နေကြသည်မှာ မြန်မာနိုင်ငံ၏ ထူးထူး ခြားခြား နိုင်ငံရေးတံခါးဖွင့်လာခြင်းပင် ဖြစ်သည်။
စီးပွားရေးပြုပြင်ပြောင်းလဲ ရေးမှာလည်း ပူးတွဲကိစ္စရပ်အဖြစ် ပေါ်လာလေရာ စင်ကာပူနှင့် သဘော တူညီချက်သည် ဤလမ်းကြောင်း အတိုင်း လျှောက်မည့် ပထမခြေလှမ်း များပင် ဖြစ်သည်။
ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး စောင့်ကြည့်လေ့လာသူများက မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်စောင့်ကြည့် နေကြပေလိမ့်မည်။
သို့ရာတွင် စီးပွားရေးလုပ်ငန်းများသည်လည်း အပြောင်းအလဲအတွက် ခွဲခြားမရသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဆိုသည်ကို ပို၍ ပို၍ မြင်တွေ့ လာကြရပေလိမ့်မည်။
(ဤဆောင်းပါးရှင် ဆိုင်မွန်တေးသည် 'စင်ကာပူနိုင်ငံ နိုင်ငံတကာရေးရာသိပ္ပံ' ၏ ဥက္ကဋ္ဌဖြစ်သည်။)
Popular Posts!
-
မောင်ကျေးရေ ကယ်လီဖိုးနီယား ဇန္န၀ါရ်ီလ ၅၊၂၀၁၃။ စကားဦး သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်က...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
မြင့်လှိုင်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၂ အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells Fargo ၊ US Bank နဲ့ PNC ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
(၁) ဆရာသမီးကကျီးဘောင်ဖြစ်နေတာပါသမီးဂုတ်မှာဖြစ်နေတာပါ။ သမီးဆေးကုနေတာစုံနေပါပြီ။ သမီးက အရမ်း အကြောတတ်တာပဲ။ အမြဲနှိပ်နေရတယ်ဆရာ။ နည်လမ်းလေးသမ...
-
How Much Do You Need To Earn To Survive In Singapore? Do you earn enough to survive in Singapore? I did some calculations to try to fi...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment