Popular Posts!

Saturday, March 31, 2012

ယနေ့ ရွေးကောက်ပွဲနဲ့ မနက်ဖန် အလားအလာ

| ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၀၇ ခုနှစ် ၂၃ နာရီ ၃၉ မိနစ်



ဆယ်စုနှစ်တခုမက ကြာအောင် ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဟာ အခုအချိန်မှာ ဆက်လက် ကျင်းပနေဆဲလည်း ဖြစ်သလို မကြာခင် အဆုံးသတ်တော့မယ်လို့လည်း ပြောသံများ ကြားရပါတယ်။ အမျိုးသား ညီလာခံနဲ့ ပတ်သက်လို့ ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေရဲ့ တောက်လျှောက် တုံ့ပြန်တဲ့ အခြေအနေကတော့ ညီလာခံဟာ စစ်အစိုးရ အလိုကျ သူတို့ အကျိုးအတွက် တဖက်သတ်ဆန်ဆန် ကျင်းပနေတာကြောင့် လက်မခံနိုင်ဘူး ဆိုတဲ့ အသံတွေပါ။ အထူးသဖြင့် ၈၈ ကျောင်းသားတွေ၊ ၀ါရင့် နိုင်ငံရေး သမားကြီးတွေ၊ တိုင်းရင်းသား အုပ်စုများစွာ၊ စီအာပီပီနဲ့ အမတ်များစွာတို့ရဲ့ အသံတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အင်မတန် သဘာဝကျပါတယ်။ အာဏာရှိသူကလည်း ငါ အာဏာရှိတုန်း အသာစီးရတုန်း ကိုယ့်ဘက် ကိုယ်ယက်ပြီး လုပ်လိုတာ အကုန်လုပ်သလို အဖိနှိပ်ခံတွေ ဘက်ကလည်း နိုင်သလောက် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ စစ်အစိုးရဟာ အမျိုးသား ညီလာခံကို တကယ်တမ်း အဆုံးသတ်မယ် ဆိုရင်တော့ အရပ်သား အစိုးရတခု ပေါ်ပေါက်ရေးကို ဦးတည်တဲ့ နိုင်ငံရေး လမ်းကြောင်း တခုကို ဖော်နေပြီလို့ ဆိုရပါမယ်။


အာဏာ ကုလားထိုင်မှာ အဓိက ကျတာက အန်အယ်ဒီ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဦးဆောင် နိုင်ငံရေး ပါတီဖြစ်တဲ့ အန်အယ်ဒီ ကတော့ ဒေါ်စု အပါအ၀င် ခေါင်းဆောင်တွေကို လွှတ်ပေးဖို့၊ ပြီးရင် အမျိုးသား ညီလာခံရဲ့ ပြင်ပမှာ စကားဝိုင်းထိုင် ညှိနှိုင်းဖို့ကိုပဲ အစဉ်တစိုက် တောင်းဆိုနေပါတယ်။ ဒီတောင်းဆိုချက်ဟာ လက်တွေ့မှာ ဖြစ်နိုင်ချေ မရှိသေးပါဘူး။ သို့သော် အန်အယ်ဒီဟာ တခုတည်းသော ရွေးကောက်ပွဲ အနိုင်ရ ပါတီကြီးတခုဖြစ်တယ်။ တပြည်လုံး အတိုင်းအတာအရ အဆင့်ဆင့် ဖွဲ့စည်း တည်ဆောက်ထားတဲ့ အင်အားကြီးသော တရားဝင် အဖွဲ့အစည်းကြီး တခုလည်း ဖြစ်တယ်။ ဒီတော့ စစ်အစိုးရကလည်း သတိထား ကိုင်တွယ်နေသလို အန်အယ်ဒီ ခေါင်းဆောင်ပိုင်းကလည်း အမှားမခံဘဲ နောက်ဆုံး အခြေအနေကို ရောက်ရင် အရေးကြီးတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပေးရတော့မှာ ဖြစ်ပါတယ်။


အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် (စီအီးစီ) အနေနဲ့ လက်ရှိ လုပ်ကိုင်နေပုံအရ လူငယ်ထုကို ပိုမို ကျစ်လစ်အောင် စုဆောင်းနေပုံကိုက နောက်ဆုံးတနေ့မှာ ထိပ်တိုက် ရင်ဆိုင်ရမယ်လို့ ယူဆရပါတယ်။ ဒေါ်စု ပြောခဲ့တဲ့ စကားတခွန်း အရ စစ်ခေါင်းဆောင်တွေရွေးတဲ့ လမ်းကြောင်း ဖြစ်တဲ့အတွက် တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံရင် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းကို လျှောက်ကြဖို့ပဲ ရှိပါတယ်။


ပြည်ပက အယူအဆတွေကို လေ့လာကြည့်တဲ့အခါ ကိုမိုးသီးဇွန်၊ ကိုဘိုဘိုကျော်ငြိမ်းတို့ ဦးဆောင်တဲ့ ပညာရှင်ဆန်ဆန် သုံးသပ် လေ့လာချက်များ ကတော့ အမေရိကန်၊ တရုတ် အပါအ၀င် နိုင်ငံတကာ အကူအညီနဲ့ စစ်အစိုးရကို ဖျောင်းဖျ နားချကာ အရပ်သားနဲ့ စစ်အုပ်စုတို့ အာဏာခွဲဝေပေးတဲ့ အခြေအနေ တရပ်ကို ဦးတည်တဲ့ လှုပ်ရှားမှုကို ဇောင်းပေးနေပါတယ်။


လတ်တလောမှာ အမေရိကန် အကြံပေးချက်အရ ပါကစ္စတန်မှာလည်း စစ်ဦးစီးချုပ် ကိုယ်တိုင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စစ်တပ်တို့ အာဏာခွဲဝေရေးကို စတင်နေပြီ ဖြစ်တော့ ဒါဟာလည်း နည်းလမ်းတခုလို့ ဆိုရမှာပါ။ သို့သော် ပါကစ္စတန်မှာ စစ်ဦးစီးချုပ်ကို ကျောချမ်းသွားစေတဲ့ သူ့ကို လုပ်ကြံမှုတွေ၊ အသေခံ ဗုံးခွဲမှုတွေ ဆိုတာ အရေးကြီးတဲ့ ကိစ္စရပ်တွေပါ။ စစ်ခေါင်းဆောင်တွေ နားလည်နိုင်မယ့် ဝေါဟာရတွေထဲမှာ အသေခံ ပြောက်ကျားနည်း ကွန်မန်ဒို ချောင်းမြောင်း လုပ်ကြံမှု ဆိုတာတွေဟာ အရေးပါ ပါတယ်။


ကွန်မြူနစ်ပါတီ ရဲ့ အယူအဆနဲ့ လမ်းစဉ်ကတော့ စစ်အစိုးရ ဖော်ဆောင်နေတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်တဲ့ အထိ အဆင့်ဆင့် ခြေလှမ်းတွေ၊ အခြေအနေတွေ၊ လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုကို မြေအောက် ယူဂျီတွေကတဆင့် စည်းရုံးပြီး ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်မယ့် လူထုအုံကြွမှု ပေါ်ပေါက်ရေးအထိ ဦးတည်ကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး လမ်းစဉ်ကို ကြိုးပမ်းမယ်လို့ ယူဆရပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေဟာ ဒီလို ဖြစ်လာမယ့် နိုင်ငံရေး ရေချိန်တရပ်၊ နိုင်ငံရေး အနေအထား တရပ်အထိ ရောက်လာမှာ မလွဲမသွေဘဲလို့လည်း တွက်ထားပါတယ်။


ဒီလိုဆိုရင် ပြည်သူလူထုရဲ့ အမြင်နဲ့ ခံစားချက်ကတော့ ဘယ်လို နေပါလိမ့်မလဲ ဆိုတာကတော့ အရေးကြီးတဲ့ အပိုင်းအဖြစ် စဉ်းစားရပါမယ်။ ဦးနု ကတော့ သူ့ရဲ့ တာတေ စနေသားမှာ “ဒို့လူထုကြီးဟာ ခံစားချက်ကို ပိုမို ဦးစားပေးတယ်။ ဦးနှောက်က စဉ်းစားတာထက် နှလုံးသား ခံစားတာက ပိုများတယ်” လို့ ကိုယ်နဲ့နှိုင်းကာ သုံးသပ်ပါတယ်။ ကွန်မြူနစ် ပါတီရဲ့ အယူအဆကတော့ “ကျနော်တို့ လူထုကြီးဟာ နိုင်ငံရေး အတွေ့အကြုံတွေ လွန်စွာ ရင့်ကျက်တယ်” လို့ သုံးသပ်ပါတယ်။ ဖဆပလ ကို စဖွဲ့လိုက်တော့ လူထုဟာ ပါလာတဲ့ စိန်ရွှေ လက်ဝတ် ရတနာတွေကိုတောင် ဖဆပလ ရန်ပုံငွေ အတွက် ချွတ်လှူခဲ့တဲ့ ကျနော်တို့ လူထုဟာ အခုအချိန်မှာ စားစရာတောင် မရှိအောင် ငတ်ပြတ်ဆင်းရဲ၊ ပညာမတတ်၊ ရောဂါ အမျိုးမျိုးနဲ့ အလွန် ခံစားနေရတဲ့ အခြေအနေ ဖြစ်တော့ကာ ချွတ်လှူစရာ ရွှေငွေနတ္ထိ အခြေအနေ ဖြစ်ပါတယ်။ ဒီနေရာမှာ လူထုအမြင် ဆိုတာနဲ့ ပတ်သက်လို့ ရှေးကာလက ဖြစ်ရပ်တခုကို ပြန်ပြောင်း တင်ပြလိုပါတယ်။


မင်းတုန်းမင်း နန်းတက်ခါစမှာ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားဟာ သာမန် ဆင်းရဲသားအသွင်နဲ့ ရုပ်ဖျက်ကာ မြို့ပြင်ထွက်ပြီး စနည်းနာတော်မူပါတယ်။ အဲဒီအခါ ကျေးလက်က မြို့တက်ပြီး ဈေးရောင်းဈေးဝယ် လာတဲ့ ကုန်သည်တွေ အုပ်စုထဲမှာ ပါလာတဲ့ သက်ရွယ်ကြီးရင့်တဲ့ အဖိုးအို တယောက်ကို ချဉ်းကပ်မိပါတယ်။ အဖိုးအိုဟာ မင်း ၅ ဆက်ကို သိမှီလိုက်ပါသတဲ့။ ဒီတော့ ကနောင်မင်းသားလည်း အဖိုးအိုထံ စုံစမ်းတဲ့ အနေနဲ့ မေးလိုက်ပုံက ‘အဖိုး … ဘယ်မင်းလက်ထက်မှာ အကောင်းဆုံးပါလဲ’ လို့ စကားစလိုက်တော့ အဖိုးအိုက ‘ဘယ် မအေ --- တက်တက် ဘာမှ မထူးပါဘူးကွာ’ လို့ ပြန်ဖြေပါသတဲ့။


အဓိပ္ပာယ်ကတော့ သက်ဦးဆံပိုင် ဘုရင်လက်ထက်မှာ ကျေးလက်တောရွာ ဆင်းရဲသူ ဆင်းရဲသား၊ လက်လုပ်လက်စား ပြည်သူတွေအဖို့ ဘယ်သူတက်တက် ဘာမှမထူးခြားဘဲ နီးရာသူကြီး၊ ဆယ်အိမ်ခေါင်း၊ ရွာစိုး စတဲ့ အာဏာပိုင်တွေ အနိုင်ကျင့်တာခံရတဲ့ ဘ၀ဖြစ်လို့ပါပဲ။ ပဒေသရာဇ် ခေတ်ရဲ့ ပြယုဂ် ဖြစ်ပါတယ်။ မင်းတုန်းမင်း ခေတ်နှောင်းပိုင်းနဲ့ သီပေါမင်း လက်ထက်တို့မှာ ၀န်ကြီးတွေကစပြီး အထက်ပိုင်းမှသည် အောက်ခြေ အဆင့်ဆင့် အာဏာပိုင် များစွာတို့ရဲ့ ဓားထက်လှစွာဖြင့် မတရား ညှဉ်းဆဲမှု၊ အနိုင်ကျင့်မှုတွေဟာ အလွန်ဆိုးဝါးတဲ့ အတွက် ဆင်းရဲတွေနဲ့ လူလတ်တန်းစားတွေဟာ မခံမရပ် နိုင်လွန်းတော့ အောက်ပြေအောက်ရွာ အင်္ဂလိပ်မင်း လက်အောက် သွားရောက် နေရတာကမှ သက်သာသေးတယ် ဆိုကာ အမြောက်အမြား ပြောင်းရွှေ့ကုန်ကြကြောင်း မှတ်သား တွေ့ရှိပါတယ်။ ဒါကို ကျွန်စိတ်ပေါက်တယ်လို့ အပြစ်တင်လို့ မရပါဘူး။ သာမန် ပြည်သူတွေအဖို့ ကိုယ့်ဘုရင် အုပ်ချုပ်တဲ့ ဘ၀ထက် အင်္ဂလိပ် အုပ်ချုပ်တာက ပိုပြီး သက်သာသေးတယ် ဆိုတဲ့ ဘ၀အမြင် တရပ်၊ အခြေအနေ တရပ်ကို စဉ်းစားဆင်ခြင် သင့်ပါတယ်။


ဒီအခြေအနေဟာ တကယ်တော့ သာမန် ပြည်သူတွေရဲ့ အဲဒီကာလက ဖြစ်နေတဲ့ ဖြစ်ရပ်တခုပါ။ ဒီဖြစ်ရပ်ကို ကျနော်တို့ဟာ ဆိုးဆိုး၊ ကောင်းကောင်း အမှန်အတိုင်း သမိုင်းတင်ပြီး သင်ခန်းစာယူဖို့ လိုပါတယ်။ ကျနော်တို့ သမိုင်းဖြစ်စဉ်တွေကို ဖော်ပြ ရေးသားကြရာမှာ အုပ်ချုပ်သူနဲ့တကွ အုပ်ချုပ်သူကို တော်လှန် ပုန်ကန်တဲ့ အာဏာလုဘက်၊ ပြိုင်ဘက် နိုင်ငံရေး ဖြစ်စဉ်တွေကိုတော့ ဖော်ပြပါရဲ့။ သာမန် ပြည်သူလူထုရဲ့ အခြေအနေ၊ အမြင်၊ ခံစားချက်၊ ရပ်တည်ချက်ကိုတော့ အရေးတယူ ဖော်ပြခဲ့တာ နည်းပါးလှတာကို တွေ့ရလို့ပါပဲ။


ဦးနေ၀င်းရဲ့ ၂၆ နှစ်တာကာလကို အကျဉ်းချုပ်လိုက်ရင် လူတွေကို ဆင်းရဲ စုတ်ပြတ်အောင် လုပ်ထားပြီး လူထုအင်အား ချိနဲ့ပါမှ စစ်အာဏာရှင် တပါတီ အာဏာရှင် စနစ်ကို စိတ်ကြိုက် ထူထောင် အုပ်ချုပ်လို့ ရမယ်လို့ ယူဆတယ်။ ဒီတော့ လူတွေကို မွဲနေအောင်၊ မွဲလွန်းလို့ မခံနိုင်တော့ဘူး ထင်ရင် နဲနဲ ထွက်ပေါက်လေး ပေးလိုက်တယ်။ ဒီလိုချော့လိုက်၊ ချောက်လိုက်၊ ပေးလိုက်၊ ညှဉ်းဆဲလိုက် လုပ်ထားကာ ၂၆ နှစ်ကို ဆွဲဆန့်ခဲ့ရပါတယ်။ ကွန်မြူနစ်၊ စစ်အေးတိုက်ပွဲ ခေတ်ကို ဖြတ်သန်းခဲ့တဲ့ ဦးနေ၀င်းရဲ့ လက်ထက်မှာ တိုင်းပြည်ဟာ ဘာမျှော်လင့်ချက်မှ မရှိနိုင်ခဲ့ပါဘူး။ နိုင်ငံတကာ အမြင်လည်း မရှိခဲ့ပါဘူး။


စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ဖို့ အတွက် လူတွေ ပင်ပန်း ဆင်းရဲနေဖို့ လိုတယ်ဆိုတဲ့ ဒီအတွေးအခေါ်ဟာ ဘယ်လောက်ထိ မှန်သလဲ ဆိုတာ ဒီကနေ့ခေတ်မှာ မသေချာတော့ပါဘူး။ ဒီကနေ့ခေတ်ဟာ အရာရာ ပွင့်လင်း လွတ်လပ်လာတဲ့ ခေတ်ဖြစ်ပါတယ်။ အင်တာနက်၊ ကွန်ပြူတာနဲ့ လက်ကိုင်ဖုန်းတွေ ကိုင်ပြီး ဈေးကွက် စီးပွားရေးကို လှုပ်ရှားနေကြတဲ့ ခေတ်ဖြစ်ပါတယ်။ ဒီလိုခေတ်မှာ လူထုဟာ ထွက်ပေါက် မရှိရင် ရှာကြံပြီးတော့ စီးပွားရေးနဲ့ ဘ၀ အဆင်ပြေရေး တို့ကို ဖြစ်တဲ့နည်းနဲ့ ဖြစ်သလို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။


ဦးနေ၀င်းရဲ့ ဆိုးမွေခံ ဗိုလ်ချုပ်ကြီးတွေ လက်ထက် ဒီကနေ့ အခြေအနေကို ကြည့်ရင် လူထုကြီးဟာ မကြုံစဖူး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကျပ်အတည်း များစွာတွေနဲ့ နေ့စဉ် ရင်ဆိုင် ဖြေရှင်းနေရတော့ အပြောင်းအလဲ တခုခုကို တောင်းတ မျှော်ကိုးနေတာ ဖြစ်ပါတယ်။ ဒေါ်စုကို ပြန်လွှတ် ပေးလိုက်တဲ့ ၂၀၀၂ ခုနှစ်တုန်းကလည်း ဘာပဲဖြစ်ဖြစ် လူထုဟာ ဖြစ်လာမယ့် အပြောင်းအလဲကို မြင်ချင်လှပါပြီ။

ပိုဆိုးရင်လည်း ဆိုးပါစေတော့။ လက်ရှိ အခြေအနေအတိုင်း ဒီလိုမျိုးချည်းတော့ ဆက်လက် မနေလိုတော့တာပါ။ ဒါကြောင့် အပြောင်းအလဲကို ဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးမယ့်သူဟာ ဒေါ်စု တဦးတည်းသာ ဖြစ်နိုင်မယ်ဆိုတဲ့ ခံစားချက်နဲ့ လူထုဟာ ဒေါ်စုအပေါ် ဘာပဲဖြစ်ဖြစ် ပုံအောထားခဲ့ပါတယ်။ စစ်အစိုးရကလည်း လူထုရဲ့ ဒီစိတ်ဓာတ်ကို သွေးလန့်ဟန်တူပါတယ်။ ဒေါ်စုမှတပါး တခြားသူ တစုံတဦးကို ဒီကနေ့ထိ လူထုအနေနဲ့ မမြင်နိုင်သေးတာကလည်း မြန်မာပြည် နိုင်ငံရေးရဲ့ ထူးဆန်းမှု တခုလို့ ဆိုရမှာပါ။


စစ်အစိုးရ အနေနဲ့ကတော့ လက်ရှိ အခြေအနေကို မဖြစ်မနေ ဆွဲလို့ ရသလောက် ဆွဲနေချင်အုံးမှာ။ အချိန်ဆွဲဆန့် နိုင်သလောက် ဆွဲနေရမှာ ဖြစ်ပါတယ်။ ဆက်ပြီး ဆွဲဆန့်ထားလို့ ရသေးလား ဆိုတာကတော့ အသေးစိတ် လေ့လာဖို့ လိုပါမယ်။ ဆွဲဆန့်လို့ မရတာကတော့ ထိပ်ပိုင်း စစ်ခေါင်းဆောင် ၂ ဦးရဲ့ ဇရာနဲ့ ကျန်းမာရေး ဖြစ်ပါတယ်။ အနားမယူ မဖြစ်ဆိုတဲ့ ကာလဟာလည်း နီးကပ်လာပါတယ်။ နောက်ပိုင်းလူတွေကို လွှဲပြောင်းပေးဖို့ ညင်သာ ချောမွေ့တဲ့ အပြောင်းအလဲ တခု ဖြစ်ဖို့ဆိုတာ လက်ရှိ ခေါင်းဆောင် ၂ ဦးအနေနဲ့ ဦးနေ၀င်းရဲ့ ဖြစ်စဉ်ကို နမူနာယူပြီး ဖြစ်နေပါလိမ့်မယ်။


အချိန်ကို ဆွဲဆန့်ရာမှာ အထောက်အကူ ဖြစ်စေတဲ့ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ ဆည်တွေတည် လုပ်ထားတော့ ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာရင် ပိုမို တိုးတက်လာပါရဲ့။ သို့ပေမဲ့ စီးပွားရေး အခြေအနေဟာ ပြောင်းလဲ တိုးတက်လာတာကို အရိပ်အယောင်မျှ မတွေ့ရသေးပါဘူး။ တိုင်းပြည်ကို ထိန်းထားနိုင်မယ့် နောက်ပိုင်း မျိုးဆက်၊ တပည့်၊ လက်သား လူငယ် ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကလည်း လူကြီးတွေ မျက်စေ့ ကျလောက်အောင် လုပ်ပြနိုင်သူ ရှိဟန်မတူပါဘူး။ ပြောရရင် စီးပွားရေး ကဏ္ဍမှာ တခြား တေဇ တွေ စစ်အုပ်စုအဖို့ ရှားပါးနေဟန် တူပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်လောက်တောင် အမျိုးသား စီးပွားရေး လုပ်ငန်းရှင်တွေကို မွေးထုတ်ပေးနိုင်မယ့် အခြေအနေမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် လိုအပ်ရင် ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ ဗိုလ်ခင်ညွန့်ကို လာမယ့် ရွေးကောက်ပွဲမှာ ပါတီတခုရဲ့ ခေါင်းဆောင်အဖြစ် မြင်ကြည့်နေပြီလား ဆိုတာ တွေးစရာပါ။


လတ်တလော ကျင်းပနေတဲ့ အမျိုးသား ညီလာခံဟာ အနှစ်သာရ အားဖြင့် စစ်အစိုးရ အလိုကျ အရပ်သား အစိုးရတခု ထွက်ပေါ်ရေး ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးနေ၀င်း လုပ်ခဲ့တဲ့ မဆလပါတီ၊ မဆလအစိုးရနဲ့ အခြေအနေချင်း များစွာ ကွာခြားသွားလေတော့ သိပ်ပြီး လွယ်ကူဟန် မတူတဲ့အတွက် အချိန်များစွာ ယူခဲ့ရသလို အတိုက်အခံ အနှောင့်အယှက် များစွာကိုလည်း ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။


တိုင်းပြည် ခေါင်းဆောင်တွေရဲ့ အရည်အချင်းတွေကို လေ့လာကြည့်တဲ့အခါ အာဏာကို ထိန်းထားတဲ့ အရည်အချင်း၊ လူထုကို စည်းရုံးနိုင်တဲ့ အရည်အချင်း၊ အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ် လည်ပတ်စေနိုင်တဲ့ အရည်အချင်း စတဲ့ အမျိုးမျိုးသော အရည်အချင်းတွေထဲမှာ စစ်အုပ်စု အနေနဲ့ သူတို့စိတ်ကြိုက် အရည်အချင်း ရှိသူတွေ စစ်အစိုးရဘက်မှာ အလုံအလောက် ရထားပြီးရင်တော့ သူတို့ရဲ့ အမျိုးသား ညီလာခံကို အဆုံးသတ်ကာ သူတို့ ရေရှည်သွားလို့ရမယ့် လမ်းကြောင်းတခုကို ဖော်ဖို့ အချိန်တန်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဒီတော့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဘယ်လိုရှိပါမလဲ ဆိုတဲ့ စကားအစကို ပြန်ကောက်ရရင် ကနောင်မင်းသား မေးခွန်းကို ဖြေသွားတဲ့ အဖိုးအို စကားလို ဘယ်သူတက်တက် မထူးပါဘူး။ သို့သော် ထူးတာက စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေ တက်ရင်တော့ ထူးမယ်လို့ လူထုက ခံစားမှာ ဖြစ်ပါတယ်။ ဘာထူးမလဲ ဆိုတော့ ကိုသာဆိုး တို့ တက်လာတယ်ဆိုတဲ့ အမြင်နဲ့ ပိုမိုဆိုးဝါးတဲ့ ဖိနှိပ်မှုကို လုပ်တော့မှာပဲလို့ ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ မလုပ်ရင်လည်းပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လို၊ ဗိုလ်နေ၀င်း ၂၆ နှစ်နဲ့ န၀တ၊ နအဖ နှစ် ၂၀ တို့ကို ကောင်းကောင်း သဘောပေါက်နေပြီး ဖြစ်လို့ပါပဲ။


စစ်ခေါင်းဆောင်တို့ ညစ်တတ်ပုံကို ဥပမာတခု အနေနဲ့ ပြောရရင် ကြေးမုံ ဦးသောင်း ရေးခဲ့တဲ့ ပြဇာတ်ဆန်ဆန် တကယ့် ဖြစ်ရပ်တခု ရှိခဲ့ဘူးပါတယ်။ ဖဆပလ နှစ်ခြမ်းကွဲတော့ ဗိုလ်နေ၀င်းက စစ်အရာရှိကြီးတွေ ဖြစ်တဲ့ အောင်ကြီး၊ မောင်မောင်၊ တင်ဖေ တို့ကို ဦးနုရဲ့ ၀န်ကြီးချုပ်အိမ်ကို လွှတ်ကာ အာဏာ အပ်ခိုင်းပါတယ်။ ကံအားလျော်စွာ သက်သေ ဖြစ်ချင်တော့ ဂါးဒီးယမ်း ဦးစိန်ဝင်းနဲ့ ကြေးမုံ ဦးသောင်းတို့ကလည်း ဦးနုရဲ့အိမ်မှာ ရောက်နေခိုက်ပါ။ သူတို့ နှစ်ဦးရှေ့မှာပဲ ဦးနုက ရွေးကောက်ပွဲလုပ်ပေးဖို့ ခံဝန်ချက်နဲ့ တရားဝင် အာဏာအပ်မယ်လို့ ဆိုခဲ့ပါသတဲ့။ ဒါပေမဲ့ ဗိုလ်နေ၀င်း ကလည်း လူပါးပဲ။ ရွေးကောက်ပွဲမှာ ဦးကျော်ငြိမ်းတို့ တည်မြဲအုပ်စုက နိုင်သွားရင် တည်မြဲထံကနေ အာဏာကို ပြန်သိမ်းဖို့ မလွယ်ဘူးလေ။ ဒီတော့ တည်မြဲကို ပြည်သူက ပိုပြီး ချဉ်ဖတ် ဖြစ်စေရမယ်။ ဒီလိုလုပ်ဖို့ အဲဒီတုန်းက လူထုမုန်းနေတဲ့ စစ်တပ်က တည်မြဲအတွက်ကို စစ်အာဏာ သုံးကာ မဲဆွယ်ပေးခဲ့တယ်။ ဒီလို လုပ်လိုက်တော့ လူထုက တည်မြဲကို ပိုမိုမုန်းတီးကာ ရွေးကောက်ပွဲမှာ ဦးနုက ၇၅ ရာနှုန်းနဲ့ ကျန် ၂၅ ရာနှုန်းကို ပမညတ ကရပြီး ဦးနု နိုင်တယ်။ ပြီးတော့ မကြာခင် အာဏာ သိမ်းတယ်။ ဒီလိုမျိုး သမိုင်းကြောင်းကလည်း ရွေးကောက်ပွဲ ခွင်မှာ ဗိုလ်နေ၀င်း ဆင်ခဲ့၊ ကခဲ့၊ ညစ်ခဲ့တဲ့ ဖြစ်ရပ်တခုအဖြစ် သမိုင်းသက်သေ ပူပူနွေးနွေး ရှိနေဆဲပါ။ ဒါကိုကြည့်ပြီး ဗိုလ်နေ၀င်း တပည့်တွေဟာ ဗိုလ်နေ၀င်းထက် ပိုမို လက်စောင်းထက်မယ်လို့ တွက်လို့ ရပါတယ်။


နိဂုံးချူပ် အနေနဲ့ ပြောရရင် စစ်အစိုးရဟာ လက်ရှိ တိုင်းပြည် အခြေအနေကို အလွန်ဆုံး ဆွဲဆန့်ထားနိုင်ရင် ၂ နှစ် အလွန်ဆုံးပါ။ နောက်ဆုံး တိကျတဲ့ အဖြေတခု ပေးရဖို့ ဖြစ်ပါတယ်။ ရှေ့ဆက်တိုးကာ အန်အယ်ဒီနဲ့ သွေးချောင်းစီး ဇာတ်လမ်းကို ဆက်ကမယ် ဆိုရင်တော့ ကွန်မြူနစ် ပါတီက ပြင်ဆင်ထားတဲ့၊ မျှော်လင့်ထားတဲ့ ဖြစ်ရပ်မျိုးတွေနဲ့ လူထုအုံကြွမှု ဆိုတာ မလွဲမသွေ ရင်ဆိုင်ရဖို့ဖြစ်ကြောင်း ထင်မြင်မိပါတယ်။


တင်ဝင်းသိန်း

သြဂုတ်လ ၁၁ ရက်၊ ၂၀၀၇


(ဆောင်းပါးပါ အချက်အလက်များကို ထောက်ပံ့ ဝေဖန် ဆွေးနွေး၊ ဦးနှောက်သွေးပေးသော ဆေးတက္ကသိုလ်မှ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါသည်။)


REF;MIZZIMABURMESE

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!