Popular Posts!

Friday, March 16, 2012

အိမ်အတွက် ပူနေရဆဲလား ရန်ကုန်သူ ရန်ကုန်သား

ညီသစ် | တနင်္လာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၁ နာရီ ၂၉ မိနစ် 
 

ရန်ကုန်မြို့ခံတွေ အဓိက ကြုံရတဲ့ နေရေးအခက်အခဲကို အစိုးရက တကယ်ပဲ ဖြေရှင်းလာနိုင်ပြီလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လောက်အောင် ရန်ကုန်မှာ အိမ်ခြံမြေ တန်ဖိုးတွေက အတက်ကိုပဲ ပြသနေပါတယ်။ အုပ်ချုပ်ရေး မြို့တော်ဟောင်း ရန်ကုန်ဟာ တကယ်တမ်း စီးပွားရေးမြို့တော်လို့ သမုတ်ခံလာရချိန်မှာတော့ ရန်ကုန်ရဲ့ စီးပွားရေး လမ်းမကြီးတွေဟာ ရန်ကုန်ရဲ့ တန်ဖိုးအကြီးဆုံး မြေနေရာတွေဖြစ်လာတာ မကြာသေးပါဘူး။

၂ဝဝ၅ ခုနှစ်၊ နေပြည်တော်ကို အစိုးရ ဝန်ကြီးဌာနတွေ ပြောင်းပြီး နောက်မှာတော့ ရန်ကုန်ကို တိတ်ဆိတ်သွား မလားလို့ စောင့်ကြည့်ခဲ့ကြပေမယ့် ရန်ကုန်ရဲ့ အိမ်ခြံမြေလုပ်ငန်း တဟုန်ထိုး တိုးတက်လာပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်နဲ့ နှိုင်းရင် အိမ်ခြံမြေဈေးနှုန်းတွေ နှစ်ဆနီးပါး တက်လာတာက သက်သေပါပဲ။ အထူးသဖြင့် မြို့တော်ရဲ့ စီးပွားရေး အသည်းနှလုံး ဧရိယာလို့ ခေါ်နိုင်မယ့် မြို့တွင်း ၆ မြို့နယ်မှာပါ။ ဒီမြို့တွင်း ၆ မြို့နယ်မှာတော့ လသာ၊ လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ် တို့ ပါဝင်ပါတယ်။

“လက်ရှိမှာ ကျောက်တံတားမြို့နယ်ထဲက လမ်းမကျယ်ကြီးတွေမှာဆိုရင် မြေခေါ်ဈေးက ၁ စတုရန်းပေကို ၁၂ သိန်း လောက်အထိ ဖြစ်လာပါပြီ။ ဒါဟာ ရန်ကုန်ရဲ့ အမြင့်ဆုံး အနေအထားပါပဲ”လို့ ရန်ကုန်အခြေစိုက် နာမည်ရ အိမ်ခြံမြေ လုပ်ငန်းအကျိုးဆောင်က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ရုံးစိုက်ရာ ရန်ကုန်မြို့လယ်မှာ ရုံးခန်းတနေရာစာ ရနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ မြေရော၊ အဆောက်အအုံရော ပါတဲ့ ပေ ၂၅၊ ပေ ၆၀ အဆောက်အအုံ တလုံးရဲ့ တန်ဖိုးဟာ ကျောက်တံတားမြို့နယ်ထဲမှာ ကျပ် သိန်း တသောင်းခွဲကျော်လောက် တန်ဖိုးရှိလာပါတယ်။

လမ်းမတွင်းပိုင်းမှာကျတဲ့ နေရာတွေဆိုရင်လည်း ၁ စတုရန်းပေကို ကျပ် ၁ဝ သိန်းနီးပါး ခေါ်လာကြပါတယ်။ ဒါကတော့ မြေညီထပ် စီးပွားရေး ကောင်းကောင်းလုပ်နိုင်တဲ့ နေရာတွေမှာပါ။

“ရန်ကုန်မြို့တွင်းမှာ စီးပွားရေးအတွက်ပဲ အငှားရှိတာ။ အရောင်းအဝယ်တောင် သိပ်မရှိဘူး။ ဒီ မြေညီထပ်တွေဆိုရင် အငှားက တလကို ဆယ်သိန်းကျော်တယ်” လို့ ကျောက်တံတားမြို့နယ်ထဲမှာ အခန်းငှားရမ်းထားသူတွေက ပြောပါ တယ်။

ဒါက စီးပွားရေး အချက်အချာကျတဲ့ နေရာတွေမှာပါ။ အလုပ်နဲ့ နီးလို့ မြို့ထဲမှာပဲ အခန်းငှားချင်တယ် ဆိုရင် ခုနှစ်လွှာ၊ ရှစ်လွှာ တိုက်ခန်းတွေမှာတောင် အနည်းဆုံး တလကို ကျပ်တသိန်းကျော် ပေးရပါတယ်။ ဒါတောင် ခြောက်လပဲ စာချုပ် ချုပ်နိုင်ပြီး ခြောက်လ ကျော်တာနဲ့ လစာ တိုးတောင်းတတ်ပါတယ်။

“အခုနေတဲ့ အခန်းက ဟောလ်တိုက်။ အခန်းဖွဲ့ထားတာ မဟုတ်ဘူး။ ခုနှစ်လွှာမှာ။ တလကို ရှစ်သောင်းခွဲ ပေးရတယ်။ အခု ခြောက်လ စာချုပ်ပြည့်တော့ အိမ်လခကို တိုးတောင်းနေတယ်။ အနည်းဆုံး ၃ဝ ရာနှုန်းလောက် တိုးတာပဲ”လို့ ပုဇွန်တောင်မြို့နယ်၊ ရေကျော်မှာနေတဲ့ ကုမ္ပဏီဝန်ထမ်းတဦးက ဆိုပါတယ်။

ကိုယ့်လုပ်ငန်းနဲ့ နီးတဲ့အတွက် ဝန်ထမ်းအများစုကတော့ ရန်ကုန်မြို့တွင်းမှာပဲ ငှားရမ်း နေထိုင်ချင်ကြတာပါ။ ဒါပေမယ့် ကိုယ်ရတဲ့ လစာနဲ့ မကာမိတဲ့အတွက် ရန်ကုန်ရဲ့ ဆင်ခြေဖုံးကျတဲ့ နေရာတွေမှာသာ ရွေးချယ်နေဖို့ ဖြစ်လာပါတယ်လို့ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။

“တလကို နှစ်သိန်း ရတဲ့ ဝန်ထမ်းတောင် တလကို ရှစ်သောင်း၊ ကိုးသောင်းနဲ့ အိမ်ငှား မနေနိုင်ပါဘူး။ ဒီတော့ တလကို ငါးသောင်းလောက်နဲ့ ရနိုင်မယ့် တောင်ဥက္ကလာလောက်၊ သင်္ဃန်းကျွန်းလောက်၊ ပိုဝေးရင် ဒဂုံမြို့သစ်လို ယုဇန ဥယျာဉ်မြို့တော်လို နေရာတွေ ရောက်ရော” လို့ မီဒီယာလုပ်ငန်းတခုမှာ လုပ်ကိုင်နေသူ တဦးက ဆိုပါတယ်။

ရန်ကုန်ရဲ့ လူကုံထံအသိုင်းအဝိုင်း အများစုနေတဲ့ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းလို မြို့နယ်တွေမှာတော့ မြေရဲ့ အကျယ်အဝန်းပေါ်ကို လိုက်ပြီး အိမ်ခြံမြေ အကွက်ဈေးနှုန်းတွေဟာ ကျပ်သိန်းကို သောင်းချီနေတဲ့အပြင် အချို့မြေကွက်ကျယ်တွေဆိုရင် ကျပ်သိန်းကို သိန်းနဲ့ ချီပြီး ပြောဆို ရောင်းဝယ်နေတာတွေတောင် ရှိနေပါတယ်။

“ကျပ်သိန်း ငါးထောင်တန် မြေကွက်ဆိုတာ ပုံမှန်အရောင်းအဝယ် ဖြစ်နေတဲ့နှုန်းကို ပြောတာပါ။ အရောင်းအဝယ်
ကောင်းတယ်ဆိုတာ ကျပ်သိန်း သောင်းဂဏန်းတွေ များများအရောင်းအဝယ် ဖြစ်လာတာကို ဆိုလိုတာပါ”

အခု မတ်လထဲမှာ နိုင်ငံရေး အခြေအနေ တည်ငြိမ်လာတာကြောင့် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းတွေ ပိုသွက် လာပြီး တန်ဖိုးကြီး ကျပ်သိန်း သောင်းချီတာတွေ ဖြစ်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေက ဆိုပါ တယ်။

ဒီတခေါက် ရွေးကောက်ပွဲနီးလာပေမယ့် အိမ်ခြံမြေလုပ်ငန်းတွေ ကောင်းနေတာမို့ အရင်၂၀၁၀ ပြည့်နှစ်နဲ့စာရင် အပြောင်းအလဲတွေ ရှိနေတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း တဘက်မှာ ဒီ နေရေးနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းကြီး အချို့က တန်ဖိုးနည်း အိမ်ရာတွေကို အရစ်ကျ စနစ်နဲ့ ရောင်းဖို့၊ ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ဖို့ ဆောင်ရွက်ပါတယ်။

ဒီ တန်ဖိုးနည်း အိမ်ရာတွေကလည်း တန်ဖိုးနည်းဆိုပေမယ့် ကနဦး ပေးသွင်းငွေ သိန်း သုံးလေးဆယ်လောက်နဲ့ တလကို အနည်းဆုံး သုံးလေးသိန်းလောက် သွင်းရတဲ့အခါ လူအများစုနဲ့ အံဝင်ခွင်ကျ ဖြစ်မလာပါဘူး။

“အဲဒီ အရစ်ကျနဲ့တောင် လူတိုင်း ဝယ်လို့ မရနိုင်ဘူး။ ပိုက်ဆံရှိတဲ့ ကုမ္ပဏီတွေက သိမ်းကျုံး ဝယ်လိုက်တာမျိုးတွေ ရှိလို့ ကိုယ်ဝယ်မရတာမျိုးလည်း ကြုံရတယ်”လို့ တော်ဝင်မိသားစု ဆောက်လုပ်ရေးက တန်ဖိုးနည်း တိုက်ခန်းတွေကို ဝယ်ဖို့ စုံစမ်းခဲ့သူ တဦးကလည်း ဆိုပါတယ်။

အခြားတဘက်က ကြည့်မယ်ဆိုရင်လည်း ရန်ကုန်မှာ ရှိတဲ့ လူဦးရေ ခြောက်သန်းကျော်နဲ့ လက်ရှိ အကောင်အထည်
ဖော်နေတဲ့ တန်ဖိုးနည်း တိုက်ခန်းအရေအတွက်တွေက မျှတမှု မရှိသေးပါဘူး။

“အလယ်အလတ်တန်းစားတွေအတွက် ရည်ရွယ်တယ်ဆိုတဲ့ အရစ်ကျရောင်းတဲ့ တိုက်ခန်း ဆိုတာတောင် တခန်းကို ကျပ်သိန်းလေးရာနဲ့ ငါးရာကြား ရှိတယ်။ ရတဲ့ လစာနဲ့ အရစ်ကျ သုံးလေးနှစ် ခွဲရောင်းတောင် မဝယ်နိုင်ဘူး” လို့ အားကစားဝန်ကြီး ဌာနက ပင်စင်ယူခါနီး ဝန်ထမ်းတဦးက ဆိုပါတယ်။

ရန်ကုန်မြို့ခံ အချို့ကတော့ ဘဏ်လုပ်ငန်းတွေ ကောင်းမွန်မှု မရှိတာရယ်၊ သင့်တင့်မျှတမှု မရှိတဲ့ လစာငွေတွေရယ်
ကြောင့်လို့တော့ ပြောဆိုကြပါတယ်။

လက်ရှိ အစိုးရသစ် လက်ထက်မှာလည်း လွှတ်တော်ထဲမှာ လူတွေရဲ့ အဓိက နေရေးအတွက် ဖြေရှင်းပေးနိုင်မယ့် အဆိုတွေ ဒီထက် ပိုသွင်းလာနိုင်ဖို့လည်း အချို့က မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လည်း လတ်တလော အနေအထားမှာတော့ အိမ်တအိမ်၊ အခန်းတခန်း ပိုင်ဆိုင်ဖို့ဆိုတာ သာမန် လူတန်းစားတွေ အတွက် မျှော်လင့်ချက် ကြီးကြီးထားလို့ မရနိုင်သေးဘူးလို့ပဲ မှတ်ယူထားပါတယ်။
Ref:Mizzimaburmese

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!