Popular Posts!

Tuesday, July 17, 2012

မြန်မာနိုင်ငံ မိုးနှောင်း၊ မိုးလွန်လများ ဖြစ်သည့် စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် မုန်တိုင်း ၄ ကြိမ်ထက် မနက် ဖြစ်ပွားနိုင်ကြောင်း ကြိုတင်သတိပေး....

လိုင်လာမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ခဲ့သည် - IMD

မြန်မာနိုင်ငံ မိုးနှောင်း၊ မိုးလွန်လများ ဖြစ်သည့် စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် မုန်တိုင်း ၄ ကြိမ်ထက် မနက် ဖြစ်ပွားနိုင်ကြောင်း ကြိုတင်သတိပေးချက်များ သတင်းမီဒီယာများမှတဆင့် စတင်ကြားနေရပြီ ဖြစ်သည်။

လာနီညာ ခေါ် ဆိုးရွားသည့် ဥတုဖောက်ပြန်မှုများကို မြန်မာနိုင်ငံ အထက်ပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ် စသည့် ဒေသတို့တွင် ဖြစ်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာနမှ တာဝန်ရှိသူများ ပြောကြားချက်ကို ပြည်တွင်း၊ ပြည်ပ မီဒီယာများက ကိုးကားရေးသားကြခြင်း ဖြစ်သည်။

ဥတုဖောက်ပြန်မှု၏ တန်ပြန်ဆိုးကျိုးများ ဖြစ်သည့် မြစ်ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး အသက်ဆုံးရှုံးမှုများ မဖြစ်ရန် အထူးသဖြင့် ထိုဒေသတွင်း နေထိုင်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်းလည်း မိုးလေ၀သဌာနက ကြိုတင်သတိပေးထားသည်။

သို့သော် မည်သို့ ကြိုတင်ပြင်ဆင်ရမည်၊ ပြင်ဆင်ထားသင့်သည် ဆိုသည်ကိုမူ မတွေ့ရသေးပေ။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ တမူးမြို့နယ် နေထိုင်သူ ဒေသခံတဦးက “မုန်တိုင်းလာမယ်ဆိုတာတော့ လူတိုင်း လိုလို ပြောနေကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မကြောက်ကြဘူး။ ပြင်ဆင်မှု လုပ်တာလဲ မရှိဘူး။ မနှစ်ကလဲ အဲလိုပဲ မုန်တိုင်းလာမယ် ပြောပေမဲ့ ဒီဘက်ကို မထိဘူး။ ဟုမ္မလင်းမြို့ကိုတော့ နည်းနည်းပဲ ထိသွားတယ်” ဟု ဆိုသည်။

လွန်ခဲ့သည့် ၂ နှစ်က ပြင်းထန်သည့် နာဂစ်မုန်တိုင်း ဒဏ်ကြောင့် ဧရာဝတီတိုင်းတွင် လူပေါင်း ၁ သိန်း ၄ သောင်း ခန့် သေဆုံးပြီး၊ ၂ သန်းခွဲခန့် အိုးအိမ်မဲ့ ဖြစ်စေခဲ့သည့် အတွေ့အကြုံ ရှိခဲ့သည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာလည်း ယနေ့ထိတိုင် မပြီးပြတ်နိုင်သေးပေ။

ယခုလို မုန်တိုင်းအကြို သတင်းများက ပြီးခဲ့သည့် မေလအတွင်း အိမ်နီးခြင်း အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက်ရှိ အန်ဒရာ ပရဒေ့ရှ် - အေပီ (Andhra Pradesh - AP) ကမ်းရိုးတမ်းကို ပြင်းအား တနာရီ မိုင် ၁၁၀ နှုန်းဖြင့် လိုင်လာ (Laila) ဆိုင်ကလုန်းမုန်တိုင်းက မွှေနောက်သွားခဲ့သည်ကို ပြန်လည် အမှတ်ရစေသည်။

မုန်တိုင်းကြောင့် သေဆုံးသူ ၂၇ ဦး ရှိပြီး၊ လူနေအိမ်များ၊ ကောက်ပဲသီးနှံ စိုက်ပျိုးမြေ အများအပြား ပျက်စီးကာ၊ ဆက်သွယ်ရေး ယန္တရားများလည်း ခေတ္တ ရပ်ဆိုင်းသွားခဲ့ရသည်။

ပြည်တွင်း ပြေးဆွဲသည့် ရထားအစင်း ၁၀၀ ၏ ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး၊ နိုင်ငံတကာနှင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ် အများအပြား ခေတ္တ ရပ်နားခဲ့ရသည်။

မုန်တိုင်းကြောင့် အေပီပြည်နယ်ရှိ ခရိုင် ၃ ခုတွင် ပျက်စီးဆုံးရှုံးမှု ပမာဏကို အစိုးရက ကြိုတင်ခန့်မှန်း တွက်ဆ ထားရာ စုစုပေါင်း ရူပီးသန်း ၅၀ (USD 1.1 m) ကျော် ရှိကြောင်း သိရသည်။

ဘီဘီစီ အစီရင်ခံစာအရ လိုင်လာမုန်တိုင်းသည် ၁၄ နှစ်အတွင်း အေပီပြည်နယ်၏ အဆိုးရွားဆုံး မုန်တိုင်း ဖြစ်ကြောင်း ပြောဆိုသည်။

သို့သော် မုန်တိုင်း အကြိုသတိပေးသည့် အကြံပေး အဖွဲ့အစည်းများ၊ ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ၏ အချိန်မှီ သတိပေးမှုများကြောင့် မုန်တိုင်း လမ်းကြောင်းတွင် နေထိုင် ကြသည့် ဒေသခံများကို အချိန်မှီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်။

မုန်တိုင်း စတင်ဖြစ်ပေါ်နေချိန်မှာပင် အိန္ဒိယ မိုးလေ၀သနှင့် ဇလဗေဒဌာန IMD က အေပီ ကမ်းရိုးတန်း တလျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ ကျရောက်မည်ဟု ကြိုတင်သတိပေးပြီး ဖြစ်သည်။

ထို့အပြင် ငါးဖမ်းလုပ်သားများကို ပင်လယ်သို့ ငါးဖမ်းထွက်ခြင်းကို ရှောင်ကြရန် အကြံပေးထားပြီး၊ အေပီ အစိုးရ ကိုလည်း မုန်တိုင်းလာမည့် သတိပေးချက်ကို ဆက်သွယ်အကြောင်းကြားထားခဲ့သည်။

ထိုအချိန်က မုန်တိုင်း တိုက်ခတ်စဉ် လေဖိအားနည်းရပ်ဝန်းဒေသအတွင်း နေထိုင်သူ ဒေသခံ ၅ သောင်းကို သတ်မှတ်ထားသည့် မုန်တိုင်း ကယ်ဆယ်ရေး စခန်းများ အပါအ၀င် အစိုးရ ကျောင်းများ၊ တက္ကသိုလ် စုစုပေါင်း စခန်း ၂၅၅ တွင် အချိန်မှီ နေရာချထားပေးနိုင်ခဲ့သည်။

“မုန်တိုင်းမလာခင် ၂ ရက်၊ ၃ ရက် အလိုကတည်းက မုန်တိုင်း ခိုအိမ်တွေကို လူတွေ ရွေ့ထားခဲ့ပါတယ်။ တချိန်တည်းမှာပဲ မုန်တိုင်း ဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေကို ပြောပြတယ်” ဟု နယူးဒေလီ မိုးလေ၀သနှင့် ဇလဗေဒဌာန (IMD-Palam) က ဒါရိုက်တာ တဦးဖြစ်သူ Dr.R.K Jenamani က ထိုင်းအခြေစိုက် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ BNI ကို ပြောသည်။

ထိုသူများကို မုန်တိုင်းတပ်လှန့်မှု သတိပေးချက် ကုန်ဆုံးသည်အထိ ထိုနေရာများမှာပင် ဆက်လက်နေထိုင် စေခဲ့သည်။ ထိုဒေသသည် အိန္ဒိယနိုင်ငံအတွင်းရှိ လူဦးရေ အထူထပ်ဆုံး ပြည်နယ်တခု အပါအ၀င် ဖြစ်ပြီး၊ အကျယ်ပြန့်ဆုံး ပြည်နယ်များထဲက တခုလည်း ဖြစ်သည်။

လိုင်လာမုန်တိုင်းသည် ကမ္ဘာ့မိုးလေ၀သနှင့် ဇလဗေဒ ဌာန (WMO) စံနှုန်းများအရ အိန္ဒိယ မိုးလေ၀ဌာနက သတ်မှတ်ထားသည့် မုန်တိုင်းအဆင့် ၇ ဆင့်တွင်၊ ၅ ဆင့်တွင် ရှိပြီး အင်အားပြင်း မုန်တိုင်းတခု ဖြစ်သည်။
မုန်တိုင်း ဖြစ်စဉ်အတွင်း ဒေသတွင်း ထုတ်လွှင့်ပေးနေသည့် ရုပ်မြင်သံကြား သတင်းမီဒီယာများကလည်း သတင်းများ ကြေညာနေစဉ်မှာပင် မုန်တိုင်း ထူးခြားဖြစ်စဉ်များ ဖြစ်သော မုန်တိုင်း တိုက်ခတ်နှုန်း၊ လူအသေ အပျောက်၊ ပျက်စီးမှု စသည်တို့ကို မိနစ်ခြားကာ ကြားဖြတ်သတင်းများအဖြစ် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသ ပေးနေခဲ့သည်။

အလားတူ အိန္ဒိယ မိုးလေ၀သနှင့် ဇလဗေဒဌာန အင်တာနက် စာမျက်နှာတွင် မုန်တိုင်း အနေထားနှင့် ရွှေ့လျားမှု ထူးခြားဖြစ်စဉ်များကို အလျင်းသင့်သလို ထုတ်ပြန်ပေးခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ရုတ်တရက် မုန်တိုင်း ဖြစ်ပေါ်လေ့ရှိသည့် ဒေသများကို ပုံမှန်သတ်မှတ်၍ မရသော်လည်း မုန်တိုင်းဒဏ် ခံရဆုံးနိုင်ဆုံး အရှေ့ကမ်းရိုးတန်းဒေသတချို့ ဖြစ်သည့် မြောက်ပိုင်း အိုရစ်စာ(Orissa) နှင့် အနောက်ဘင်ကော ကမ်းရိုးတန်းများ၊ နဂါပတ်နမ် (Nagapatnam) တောင်ပိုင်းက တမီးလ်နာဒူ ကမ်းရိုးတန်း၊ အနောက်ပိုင်းကမ်းရိုးတန်းတွင်မူ မဟာရရှ်တာ (Maharashtra) စသည်ဖြင့် ပိုင်းခြားသတ်မှတ်ထားသည်။

ယခုနှစ်၊ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းတွင် မုန်တိုင်းကာလကို တရားဝင် တိတိကျကျ သတ်မှတ်ထားခြင်း မရှိသော်လည်း ဆိုင်ကလုန်း မုန်တိုင်းများ ဖြစ်နိုင်သည့် ကာလကို ဧပြီလမှ ဒီဇင်ဘာလအထိ သတ်မှတ်ထားပြီး၊ ဧပြီလနှင့် နိုဝင်ဘာလ တို့သည် မုန်တိုင်း အကြမ်းတမ်းဆုံး ကာလအဖြစ် သတ်မှတ်ထားသည်။

လာမည့် စက်တင်ဘာလအတွင်း အိန္ဒိယ ကမ်းရိုးတန်းအတွင်း မုန်တိုင်း ၀င်ရောက်လာရန် အရိပ်အယောင် မရှိသည့်အတွက် တစုံတရာ စိုးရိမ်ရန် မလိုအပ်သော်လည်း အောက်တိုဘာလတွင်မူ မုန်တိုင်းတချို့ ဖြစ်ပေါ် လာနိုင်ကြောင်းကိုလည်း Dr.R.K Jenamani က ယခုလို ကြိုတင်သတိပေး ပြောဆိုလိုက်သည်။

“ဒီလနဲ့ နောက်လ (စက်တင်ဘာ) မှာ မုန်တိုင်း မရှိပါဘူး။ အောက်တိုဘာလမှာပဲ ဖြစ်ဖို့ များပါတယ်။ မိုးနှောင်း ကာလတွေမှာ မုန်တိုင်း မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်” ဟု သူက ပြောသည်။

သူက “အိန္ဒိယ နိုင်ငံမှာ မုန်တိုင်း ဖြစ်စဉ်ဟာ သမိုင်းအစဉ်လာလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီခေတ် စက်မှုပိုင်း ဆိုင်ရာ တိုးတက်မှုတွေက အခြေအနေမှန်တွေကို ကြိုတင်သိနိုင်ဖို့ အထောက်အကူ ပေးနေတာကြောင့် အထူး စိုးရိမ်ရမဲ့ အခြေအနေ မရှိပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ပထ၀ီ အနေအထားအရ အိန္ဒိယနိုင်ငံနှင့် မတူကွဲခြားမှု ရှိသော်လည်း အကယ်၍ မုန်တိုင်း ကျရောက်ပါက အိန္ဒိယနိုင်ငံတွင် ပြင်ဆင်ထားသည့်နည်းတူ အဓိက ကျသည့် အချက် ၄ ချက်ကို ကြိုတင်ပြင်ဆင် ထားနိုင်ကြောင်း သူက ယခုလို မှတ်ချက်ပေး ပြောဆိုလိုက်သည်။

“ခိုင်ခန့်တဲ့ မုန်တိုင်းခို အဆောက်အဦးတွေ ကုန်းမြင့်ပေါ်မှာ အတည် ဆောက်လုပ်ထားဖို့ လိုပါတယ်။ မုန်တိုင်း တန့်လှန့်နိုးဆော်ပေးမယ့် အကြံပေးအဖွဲ့တွေ ရှိရပါမယ်။ သတင်းအချက်လက်နဲ့ ဆက်သွယ်ရေးတွေကို စနစ်တကျ ကြိုတင်စီမံထားရပါမယ်။ မုန်တိုင်းဖြစ်မှ လူတွေကို ရွေ့ပြောင်း၊ နေရာချပေးတာဟာ ခက်ခဲတဲ့အတွက် ကြိုတင်နေရာချထားပေးဖို့ လိုပါမယ်” ဟု ပြောဆိုသည်။

လိုင်လာ မုန်တိုင်း ဖြစ်စဉ် ဒေသခံများ ဘေးလွတ်ရာ ခေတ္တ နားခိုနိုင်ရန် နေအိမ်များကို ခရိုင်တခုတွင် လူဦးရေပေါ် မူတည်ပြီး ၁၀ လုံးမှ အလုံး ၂၀ အထိ ဆောက်လုပ်ထားကြောင်း၊ အတည်တကျ ဆောက်လုပ် ထားသည့် ထိုမုန်တိုင်း ခိုနေအိမ်များကို ကုန်းမြင့်ပိုင်းတွင် ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ထားကြောင်းလည်း ထိုသူက ဆိုသည်။

ထို့အပြင် လိုင်လာမုန်တိုင်း မကျရောက်မီ ၃ ရက် အလိုတွင်လည်း ဒေသအလိုက် ဖွဲ့စည်းထားသည့် တာဝန်ရှိ သူများကို အရေးပေါ် အစည်းအဝေးများ ခေါ်ယူကာ မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်နှင့် ညွှန်ကြားချက်များကို ပေးသည်။

အလားတူ တာဝန်ရှိသူများကို ၂၄ နာရီ အလှည့်ကျ အရေးပေါ် ထိမ်းချုပ်ခန်းတွင် မုန်တိုင်း အရေးပေါ် အသုံး အဆောင်များ ပြင်ဆင်ပေးခြင်း၊ ဂဏန်း ၄ လုံးပါ အခမဲ့ ဆက်သွယ်ရေး ဖုံးလိုင်းများနှင့် ဆက်သွယ်ရေး ဂြိုလ်တုဖုံးများ လည်ပတ်မှုကို စောင့်ကြည့်စေခြင်း၊ အသက်ကယ်လှေများ၊ မုန်တိုင်းခို ယာယီတဲများနှင့် ဆိုင်ကလုံး အခြေအနေများကို စောင့်ကြည့်စေကာ လိုအပ်သလို အရေးယူ ဆောင်ရွက်ရန် တာဝန်ပေးထားသည်။

အိန္ဒိယ အာဏာပိုင်များကလည်း ရဟတ်ယာဉ် ၁၀ စီးနှင့် အစိုးရလေတပ်က လေယာဉ် ၁၁ စီးကို အရေးပေါ် ကိစ္စများ လုပ်ဆောင်ပေးရန် အဆင်သင့် အနေအထားတွင် ရှိနေသည်။

IMD အနေဖြင့် သက်ဆိုင်ရာ ကမ်းရိုးတန်းတလျှောက် ကင်းလှည့်ချထားသည့် အရေးပေါ် မုန်တိုင်း သတင်း အချက်များ စောင့်ကြည်သူများထံမှ အချက်အလက်များကို စုစည်းခြင်းသာမက ကမ္ဘာ့မိုးလေ၀သအဖွဲ့ (WMO) မှ အခါအားလျှော်စွာ ထုတ်ပြန်သော မုန်တိုင်း အစီရင်ခံစာများကိုပါ အစဉ်တစိုက် စောင့်ကြည့်လေ့လာရကြောင်း အိုရီစာပြည်နယ်က လိုင်လာအစီရင်ခံစာ တခုတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ၄ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ကာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ၈ မြို့နယ်တွင် သေဆုံးသူ စုစုပေါင်း ၆၀ ကျော် ရှိပြီး၊ ဒေသခံ ၈ သိန်း လေးသောင်းကျော် လေဘေး သင့်ခဲ့ကြောင်း အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်း တချို့၏ ထုတ်ပြန်ချက်က ဆိုသည်။

ထိုအဖြစ်ပျက်သည် လာနီညာ ခေါ် ဆိုးရွားသည့် ဥတုဖောက်ပြန်မှု အကျိုးဆက်သာ ဖြစ်ကြောင်း၊ ရန်ကုန် မိုးလေ၀သနှင့် ဇလဗေဒဌာနက သုံးသပ်ပြောဆိုခဲ့သည်။

Ref:BNI online

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!