Popular Posts!

Monday, July 16, 2012

သမ္မတ ဦးသိန်းစိန်၏ Siem Reap မိန့်ခွန်း


သမ္မတ ဦးသိန်းစိန် ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ- daylife

ရာစုနှစ်ဝက်ကျော် အဖက်ဖက်က နောက်ကျကျန်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတခုအနေနဲ့ ကမ္ဘာ့ အလယ် အားလုံး အသိအမှတ်ပြုလာသည်အထိ ကြိုးစားအားထုတ်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီယားနိုင်ငံ Siem Reap မြို့မှာ လွန်ခဲ့တဲ့ သောကြာနေ့က မိန့်ခွန်းပြောသွားခဲ့ပါတယ်။

Siem Reap မြို့က အမေရိကန်နဲ့ အာဆီယံ စီးပွားရေးဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်နဲ့လည်း ဦးသိန်းစိန်တို့ဟာ အလွတ်သဘောတွေ့ကြပြီး ဒီအပြင်အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဖြစ်ကြပါတယ်။ 



သမ္မတကြီး ဦးသိန်းစိန်၏ ဆီရမ်ရိ မိန့်ခွန်း

မင်္ဂလာပါ-

လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက် လာကြသော ဧည့်သည်တော်များခင်ဗျား-

ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန် အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း (၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့
တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင် အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြားတည်ရှိနေပါတယ်။

ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတအရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံ များအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။

ရာစုနှစ် ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး ညင်သာတဲ့အပြောင်းအလဲနဲ့ နိုင်ငံသစ် တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။

စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှ ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရရဲ့ ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ် ဆိုတာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါတယ်။

လက်ရှိ အချိန်အထိလည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့ အကဲခတ် စောင့်ကြည့်ခဲ့ကြသော် လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့ စစ်မှန်တဲ့ သဘောထား၊

မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ထောက်ခံ အားပေးလာကြပြီ ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စာနာ နားလည်ကြသူ တွေလည်း အများအပြား ရှိနေပါတယ်။

ဧည့်သည်တော်များခင်ဗျား-

အစိုးရသစ် အပြောင်းအလဲဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို လိုလားလျက်ရှိ ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့် ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိ ပါတယ်။

ပထမဆုံးပြုပြင်ပြောင်းလဲမှုကတော ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ်
အလေ့အထတွေ ကွယ်ပျောက် နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဘဲ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကဏ္ဍ ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။

ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်း တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရ ဝန်ထမ်းတွေ ရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်း သား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စာပေ/စာနယ်ဇင်း သမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ ပါတယ်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် မျှော်မှန်းပြီး ပြန် လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါ တယ်။

ထိန်းချုပ် ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ ပြန်လာနိုင်အောင် လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး စိစစ်မှုလုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။

မကြာခင်ကာလမှာ လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယပြုပြင်ပြောင်းလဲမှုကတော့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီ သို့ လို့ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးနဲ့ အတူ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။

ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ရာမှာ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုး ခဲ့ပြီး ဖြစ်ပါတယ်။

နောက်ဆုံး ကျန်နေ သေးတဲ့ ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး စရိုက်လက္ခဏာ များ ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာကို ချမှတ်အကော င်အထည်ဖော် ဆောင် ရွက်လျက်ရှိပါတယ်။

လိုက်လျောညီထွေရှိမယ့် အသေးစား ချေးငွေဆိုင်ရာ ဥပဒေများ ကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ် ပါတယ်။

မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့ အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှု များ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အမျိုးမျိုးအဖုံဖုံ ဖြစ်နေတဲ့ ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့အညီ ဖြစ်ပေါ်လာအောင် ဆောင်
ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့ အထူးကြိုးစားရပါတယ်။

ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့ အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ ပါတယ်။

ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ် ပညာတွေ
သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ပါတယ်။

ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ပါတယ်။

ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှ ဥပဒေ ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့ မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။

အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ အကြံဉာဏ် များ ရယူဆောင်ရွက်လျက် ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ယနေ့ အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို တွေ့မြင်နေ ရပြီ ဖြစ်ပါတယ်။

အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေ များ ထားရှိ ကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးအနေအထားသို့
တက် လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ
ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ် ပါတယ်။

ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု များ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ ခံယူမိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ
လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။

အာဆီယံအဖွဲ့ကြီးရဲ့ RICH ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ
ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊ မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


by Khon Ja (ဘာသာပြန်ပို့စ်တင်ပေးသူ)
မူရင်းဘာသာပြန် တင်ပြသူ စာမျက်နှာတွင်လည်း ဤနေရာကို နှိပ်၍ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။ ဘာသာပြန်ပေးသူအားလည်း ဧရာဝတီက ကျေးဇူးတင်ရှိပါတယ်။
 
Ref:irrawaddyburmese

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!