Popular Posts!

Thursday, October 11, 2012

ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၊ စားနပ်ရိက္ခာနှင့် ငတ်မွတ်ခေါင်းပါးမှု

 
Photoရာသီဥတု ပြောင်းလဲခြင်းနှင့် ပတ်သက်သော ဆွေးနွေးမှုများတွင် ဖန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချခြင်းနှင့် ၀င်ရိုးစွန်း ၀က်ဝံများအား ကယ်ဆယ်ရေးကိစ္စများက စိုးမိုးနေ တတ်သည်။ သို့သော် တိုးတက်လာသော ကမ္ဘာ့လူဦးရေအတွက် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ပြဿနာတစ်ရပ်က အရိပ်မည်းကြီးအုပ်နေသည်။ ငတ်မွတ်ခေါင်း ပါးမှု ပင်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့စားနပ် ရိက္ခာ ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ယင်းဈေးနှုန်းများမှာ ကမ္ဘာ့ပြည်သူအများစု လက်လှမ်းမမီသော ဈေးနှုန်းများဖြစ်လာကာ အစာရေစာ ငတ်ပြတ်သူများ သန်းနှင့်ချီ၍ ပေါ်ထွက်လာနိုင်သည်ဟု နိုင်ငံတကာမှ ဦးဆောင်အေဂျင်စီကြီး တစ်ခုက မကြာသေးမီကပင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းအတွက် အဓိကအကြောင်းရင်းမှာ အစွန်းရောက် ရာသီဥတုအခြေအနေများကြောင့် မိုးခေါင်ရေရှားမှု၊ ရေကြီးမှုနှင့် အပူလှိုင်းကျရောက်မှုများ ပိုမိုဖြစ်ပွားလာနိုင်သည်ဆိုသော အချက်ကြောင့်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ ပွက်ပွက်ဆူနေတယ်။ အခုချိန်မှာ ကျွန်တော်တို့ အရေးတယူမလုပ်ရင် ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးမှုဘေး ရင်ဆိုင်ရမယ့်လူတွေ သန်းချီပြီး ရှိလာလိမ့်မယ်”ဟု အစီရင်ခံစာ ထုတ်ပြန်သော အမေရိကန် Oxfam အဖွဲ့မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါ်လစီအကြံပေး မစ္စတာဟီသာကိုးလ်မန်းကဆိုပါသည်။
အမေရိကန်နိုင်ငံတွင် ယခုနှစ် နွေရာသီ၌ ဖြစ်ပေါ်သည့် ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် အမေရိကန်နိုင်ငံ၏ ပြောင်းနှင့်ပဲပိစပ်သီးနှံများ အကြီးအကျယ် ပျက်စီးခဲ့ရသည်။ ယင်းကောက်ပဲသီးနှံများ၏ ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာခဲ့သည်။ ရာသီဥတုကြောင့် ကမ္ဘာ့ဂျုံထုတ်လုပ်မှုကို ထိခိုက်နိုင်သည်ဆိုသော စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။ ဇူလိုင်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ပြီဟု ကမ္ဘာ့ဘဏ်ကဆိုပါသည်။ ယင်းအတွက် နေ့စဉ် ၀င်ငွေအများစုကို အစားအစာအတွက် အဓိကအသုံးပြုရသည့် ကမ္ဘာ့အဆင်းရဲဆုံး ပြည်သူများမှာ အထိအနာဆုံး ဖြစ်နိုင်ပါသည်။
သြစတြေးလျနိုင်ငံကလည်း သီးနှံအထွက် လျော့နိုင်သည်ဟု ယခုရက်သတ္တပတ်အတွင်း ခန့်မှန်းချက် ထုတ်ပြန်ခဲ့သည်။ ရှေ့ဆက်၍ သီးနှံအထွက် လျော့ကျခြင်း မရှိစေရေးအတွက် မိုးရွာရန် လိုအပ်မည်ဟု ဆိုပါသည်။ ရုရှားနိုင်ငံ၏ သီးနှံထွက်နှုန်းမှာလည်း ပူပြင်းခြောက်သွေ့သော ရာသီဥတုဒဏ်ကြောင့် လျော့နည်းခဲ့ပြီး လာမည့် နိုဝင်ဘာလခန့်တွင် နိုင်ငံခြားသို့ ဂျုံတင်ပို့မှု ရပ်ဆိုင်းထားရဖွယ်ရှိသည်ဟု ရုရှား စိုက်ပျိုး ရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ သိရသည်။ မကြာမီနှစ်များက စားနပ်ရိက္ခာ နိုင်ငံခြားတင်ပို့သူဖြစ်လာသော အိန္ဒိယနိုင်ငံ၌လည်း မုတ်သုံမိုးရွာသွန်းမှု နည်းပါးနေသဖြင့် လာမည့်လ စိုက်ပျိုးရာသီအတွက် အခြေအနေပေးပါ့မလားဟု စိုးရိမ်သောက ရောက်နေကြသည်။
ယခုရက်ပိုင်းအတွင်းမှာပင် အမေရိကန်စိုက်ပျိုးရေးဌာနက ကမ္ဘာ့ဂျုံထွက်ရှိမှုကို လျှော့ချခန့်မှန်းလိုက်ပြီး ၂၀၁၂-၁၃ ရာသီတွင် ၅ ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းနိုင်သည်ဟု ဟောကိန်းထုတ်ထားသည်။ အမေရိကန်တွင် ဖြစ်ပွားသော မိုးခေါင်ရေရှားမှုကြောင့်လည်း ပြောင်းနှင့် ပဲပိစပ်ထွက်ရှိမှု လျော့ကျမည်ဟုလည်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA)က ခန့်မှန်းသည်။ သို့သော် ဆန်းစစ်လေ့လာသူများ မျှော်လင့်ထားသလောက် လျှော့ချခန့်မှန်းထားခြင်း မဟုတ်ပေ။
သို့သော် လက်ရှိ ရာသီဥတုပြဿနာများ လျော့ပါးသွားခြင်းမရှိပါက ဈေးနှုန်းများ အဆမတန် မြင့်တက်သွားစေနိုင်သော ကမ္ဘာ့ဂျုံထုတ်လုပ်မှုအပေါ် စိုးရိမ်မှုများ တစ်ဖန်ပြန်၍ ခေါင်းထောင်လာပါလိမ့်မည်။ ဂျုံကို ကမ္ဘာ့နေရာ အများအပြားတွင် နေ့စဉ်စားသုံးကြပြီး ဆင်းရဲသားများအတွက် အာဟာရဖြည့်တင်းရေး ပင်မအရင်းအမြစ်ဖြစ်သည်။ ဂျုံနှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်မားခြင်းမှာလည်း နိုင်ငံရေး မငြိမ်သက်မှုများနှင့် နီးနီးကပ်ကပ် ဆက်နွှယ်နေပါသည်။
လောလောဆယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာရရှိနိုင်မှု ပေါပေါများများ ရှိနေပါသေးသည်။ ကာလတိုအတွက် ပူပန်မှုလျော့သွားခြင်း ဖြစ်သော်လည်း ယခုနှစ်အတွင်း သိုလှောင်ထားသော ကမ္ဘာ့စားနပ်ရိက္ခာများ လျော့ကျသွားနိုင်သည်ဟု USDA က ဆိုထားပြီး လွန်ခဲ့သော ဆယ်စုနှစ် ၁၉၉၀ ပြည့်နှစ်တစ်ဝိုက် ပမာဏအထိမူ ကျဆင်းသွားလိမ့်မည်မဟုတ်ဟု USDA က ခန့်မှန်းပါသည်။
သို့သော်လည်း ချီကာဂိုကုန်သွယ်ရေးဘုတ် စတော့ဈေးကွက်တွင် မေလကုန်မှစ၍ ဂျုံဈေးနှုန်းများ ၃၅ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီဖြစ်သည်။ ယင်းကာလအတွင်းမှာပင် ပြောင်းဈေးနှုန်းမှာလည်း ၃၉ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ တိရစ္ဆာန်အစားအစာအတွက် ပြောင်းကို ဂျုံနှင့် အလဲအလှယ် လုပ်နိုင်ခြင်းကြောင့် ယင်းကုန်ပစ္စည်း ဈေးနှုန်းနှစ်မျိုးမှာ တစ်တွဲတည်းလိုလို အတက်အကျ ဖြစ်လေ့ရှိသည်။
ကမ္ဘာ့ဂျုံတင်ပို့မှု ၁၆ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထားသော သြစတြေးလျနိုင်ငံတွင်လည်း ရာသီဥတုကြောင့် ကျဉ်းထဲကျပ်ထဲ ရောက်နေသည်။ လာမည့်လတွင် စတင်မည့် ရိတ်သိမ်းရာသီမတိုင်မီ ရက်သတ္တပတ်သုံးပတ်ကာလမှာ အလွန်အရေးပါပြီး သီးနှံထွက်နှုန်းကို ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း ဖရီမန်တဲလ်ဒေသမှ ဂျုံတင်ပို့သည့်ကုမ္ပဏီ Plum Grove Pty Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ အင်ဒရူးယန်းကဆိုပါသည်။ သြစတြေးလျအစိုးရကလည်း ယခုနှစ်ရာသီတွင် ဂျုံတန်ချိန် ၂၂ ဒသမ ၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး ယခင် ခန့်မှန်းချက်ထက် ၇ ရာခိုင်နှုန်း လျှော့ချထားသည်။ ယင်းမှာ ယမန်နှစ်ကထက် ၂၄ ရာခိုင်နှုန်း လျော့နည်းပါသည်။ အမေရိကန် စိုက်ပျိုးရေးဌာနကမူ သြစတြေးလျ၏ ဂျုံထုတ်လုပ်မှုတန်ချိန် ၂၆ သန်းရှိမည် ဆိုခြင်းကို ပြောင်းလဲခန့်မှန်းထားခြင်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ချမ်းသာသောနိုင်ငံများရှိ ဆင်းရဲသားမိသားစုများ အတွက်ပင် ပြဿနာရှိပါသည်။ ဥပမာအားဖြင့် ၂၀၀၈ ခုနှစ် စီးပွားကျကပ်မတိုင်မီက အမေရိကန် အိမ်ထောင်စုဆယ်စုတွင် တစ်စုမှာ စားနပ်ရိက္ခာ မလုံလောက်ခဲ့ပေ။ (အစိုးရက စားနပ်ရိက္ခာ မဖူလုံသူများဟု ခေါ်ဝေါ်ခဲ့သည်)။ ယင်းအရေအတွက်မှာ ယခုဆိုလျှင် မိသားစုခုနစ်စုတွင် တစ်ခုမှာ စားနပ်ရိက္ခာ မလုံလောက်သော အနေအထားဖြစ်လာသည်။
သို့သော် စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ ဆင်းရဲသောနိုင်ငံများမှာ အများဆုံး ခံစားရဖွယ်ရှိပါသည်။ ယင်းမှာလည်း ဈေးနှုန်းကြီးမြင့်မှုကို နိုင်ငံအသီးသီးက အမျိုးမျိုးအဖုံဖုံ တုံ့ ပြန်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွင် စားနပ်ရိက္ခာဈေးနှုန်းများ အတက်အကျမြန်ဆန်ခဲ့ရာ အာဖရိကတိုက်နိုင်ငံများတွင် အာဟာရချို့တဲ့သော ကလေးအရေအတွက် ရှစ်သန်းတိုးလာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (FAO)၏ အစီရင်ခံစာတစ်ရပ်အရ သိရှိရသည်။
လောလောဆယ်တွင် မိုးခေါင်ရေရှားမှုရာသီနှင့် ကြုံနေရသော အမေရိကန် လယ်သမားများမှာလည်း ဂျုံများ စတင်စိုက်ပျိုးရတော့မည်လား ဆိုသည်ကို ဝေခွဲမရဖြစ်နေပါသည်။ မိုးခေါင်ခြင်းကြောင့် မြေကြီးမှာ ခြောက်သွေ့နေသည်။ မိုးကို မျှော်နေပါကလည်း စိုက်ပျိုးချိန် နောက်ကျသွားမည်ကို စိုးရိမ်ရကြောင်း ကင်းဆက်ပြည်နယ်တွင် ဂျုံဧက ၆,၀၀၀ စိုက်ပျိုးသူ မစ္စတာဒေးဗစ်ရှမန်ကပြောပြသည်။ ဂျုံစိုက်ပျိုးရန် အကောင်းဆုံးမှာ မြေပြင်မှ နှစ်လက်မအတွင်း အစိုဓာတ်ရှိနေချိန်ဖြစ်ပြီး ယခုအခါ မြေအောက်လေးလက်မမှ ခြောက်လက်မအတွင်း ခြောက်သွေ့နေကြောင်း ၎င်းကပြောကြားသည်။ “အစိုဓာတ်လိုနေပါတယ်”ဟု ကင်းဆက် ဂျုံစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာရှမန်ကဆိုပါသည်။
 
Rer:7daynewsjouranl

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!