Popular Posts!

Wednesday, October 17, 2012

နှစ်ပေါင်း ၅၀ ကျော် ညံ့ဖျင်းခဲ့သော ပညာရေးစနစ်ကို စတင်ပြောင်းလဲချိန်

ရွှေရောင်တောက်ပခဲ့သော မြန်မာ့ပညာရေးကာလမှ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါသည်။
မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀တိုင် ညံ့ဖျင်းခဲ့သော ပညာရေးစနစ်အား အမြန်ဆုံး ပြောင်းလဲရန် လိုအပ်နေသဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တို ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။
"ကျွန်မတို့နိုင်ငံဟာ အခုအလုပ် အများကြီးလုပ်ရမယ့်အချိန် ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုန်းကန်ခဲ့တာ နှစ် ၂၀ ကျော်ရှိပါပြီ။ ဒါပေမယ့် နှစ် ၂၀ ကျော်လည်း ကျွန်မတို့က အားလုံးသိတာလည်း မဟုတ်ဘူး။ အားလုံးမှန်တာလည်း မဟုတ်ဘူး။ အခု မှ အရင်တုန်းကထက်စာရင် ပိုပြီးလုပ်ပိုင် ခွင့်တွေရလာခဲ့တဲ့ နိုင်ငံရေးပါတီတစ်ခု အနေနဲ့ ပီပီပြင်ပြင်ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ဒီကြိုးစားနေတဲ့နေရာမှာ ကျွန်မတို့ဟာ မျိုးဆက်သစ်တွေ အများကြီး လိုပါတယ်။ မျိုးဆက်သစ်တွေ ရှာတဲ့နေရာမှာ ကျွန်မတို့နိုင်ငံရဲ့ အဓိက ပြဿနာတစ်ခုနဲ့ သွားသွားပြီး တိုးပါတယ်။ အဲဒီပြဿနာက ဘာလဲဆိုတော့ နှစ်ပေါင်း ၅၀ အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေးစနစ်ပဲဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"နှစ်ပေါင်းများစွာ အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြဿနာကြောင့် မျိုးဆက်သစ်တွေထဲမှာ လုပ်ကိုင်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့သူ တွေ ရှားသွားပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေ မတော်လို့ မဟုတ်ပါဘူး။ ဒီပညာရေးစနစ် ညံ့ဖျင်းလွန်းလို့ ဖြစ်ရတာပါ။ ဒါရဲ့ အကျိုးဆက်ကတော့ ကျန်ခဲ့တာပေါ့။ ဒီအကျိုးဆက်ကို ကျွန်မတို့ တတ်နိုင်သလောက် ပြုပြင်ဖို့၊ ရုန်းထွက်နိုင်ဖို့ ကျွန်မတို့ ကြိုးစားရပါမယ်။ အဲဒါကြောင့်မို့လို့ ကျွန်မ အမေရိကန်နိုင်ငံ ကို ခရီးထွက်တုန်းက ပထမအားဖြင့်တော့ စီးပွားရေး ပတ်သက်လို့ မှန်မှန်ကန်ကန် ရင်းနှီး မြှုပ်နှံဖို့၊ ချင့်ချင့်ချိန်ချိန် စဉ်းစားဖို့၊ အမြန်နှုန်း ကိုမကြည့်ဘဲ မှန်ကန်တဲ့ အလုပ်ကိုပဲ အားပေးဖို့ ကျွန်မ ပြောသွားပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ကလေးတိုင်း ကျောင်းတက်နိုင် ရေးနှင့် အသက်မွေးဝမ်းကျာင်းများ မြို့အလိုက် ဖွင့်လှစ်ရန် စီစဉ် နေကြောင်း ပြောသည်။
"ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်က အင်မတန်မှကို အခြေအနေဆိုးနေပါတယ်။ ကျွန်မတို့ အခြေခံ ပညာရေးစနစ်ဟာ ကျွန်မတို့ ကလေးတွေအတွက် တကယ်ပညာပေးတဲ့ စနစ်မဟုတ်ပါဘူး။ နောက်ကျောင်းမသွားတဲ့ ကလေးတွေနှုန်းလည်း အရမ်းများပါတယ်။ ကျွန်မ နယူးယော့ခ်မှာတုန်းက ကလေးတိုင်း ကျောင်းသွားရေးကိစ္စနဲ့ ပတ်သက်လို့ ၀င်ရောက် ဆွေးနွေးခဲ့တာရှိပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက် လို့လဲ အစီအစဉ်တွေ လုပ်ငန်းတွေ အကောင် အထည်ဖော်လုပ်ဖို့ ရည်ရွယ်ချက် ရှိပါတယ်။ မကြာခင် စတင်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားသည်။
ပညာရေးဆိုင်ရာ ဆောင်ရွက်ရာတွင် အခြေခံ ပညာရေးသာမက အဆင့်မြင့် ပညာရေးကိုပါ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ၎င်းက ပြောသည်။ "အဆင့်မြင့်ပညာရေးနဲ့ အခြေခံပညာရေး၊ အပြင်မှာ အသက်မွေးဝမ်းကျောင်း ပညာနဲ့ ကျောင်းပြင်ပ ပညာရေးကို ကျွန်မတို့ လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၅၀ အတွင်း မွေးထုတ်လိုက်တဲ့ ဘွဲ့မရဘဲ ပညာမပြည့်စုံတဲ့၊ ကျောင်းတောင်မှ ပြီးအောင် မသင်နိုင်ခဲ့တဲ့ လူငယ်၊ လူရွယ်တွေအတွက် ကျွန်မတို့ မလုပ်ပေးလို့ မဖြစ်ပါဘူး။ ဒီအတွက် ကူညီမယ့်သူ တွေလည်း ရှိပါတယ်။ ကျွန်မ ကော့မှူးမှာတော့ အသက်မွေးဝမ်းကျောင်း ပညာစခန်းတစ်ခု ဖွင့်ဖို့စပြီးလုပ်နေပါပြီ။ သက်ဆိုင်ရာကခွင့်ပြု ချက်တွေရပြီး ကျွန်မတို့ စလုပ်သွားပါမယ်။အဲဒီပုံစံနဲ့ အလုပ်ဖြစ်ရင် ကျွန်မတို့က တခြား မြို့တွေမှာလည်းဖွင့်ဖို့ လုပ်ဆောင်သွားပါမယ်။ အဲဒါကတော့ ပြည်သူလူထု စေတနာကြောင့် မို့လို့ ကျွန်မတို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကနေစပြီး လုပ်နိုင်တဲ့ကိစ္စပါ"ဟု ၎င်းက ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ရန်ကုန်တက္ကသိုလ်အား ယခင်ကဲ့သို့ပင် နာမည်ကြီး အားကိုးရသည့် နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်အဖြစ် ပေါ်ထွန်းလာစေရန်လည်း အစီအစဉ်ရှိကြောင်း ပြောသည်။
"ကျွန်မတို့ ရန်ကုန်တက္ကသိုလ် ပြန်ရှင်သန် အောင် လုပ်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတိုင်းမှာ အားလုံးလေးစားယုံကြည် အားထားရတဲ့ တက္ကသိုလ်ဆိုတာ တစ်ခုမကရှိသင့်ပါတယ်။ အင်မတန်မှ ပြောင်မြောက်တဲ့ တက္ကသိုလ်ရှိတယ်ဆိုတာဟာ တိုင်းပြည် အတွက်လည်း ဂုဏ်ရှိရုံမက တကယ်တော်တဲ့ လူငယ်တွေအတွက်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးလို့ရပါတယ်။ တစ်ချိန် တစ်ခါတုန်းက ဆို ကျွန်မတို့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်က ထွက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ကမ္ဘာ့အဆင့်အတန်းကို လိုက်မီနိုင်တဲ့ ပညာရေးကိုရရှိခဲ့ကြ ပါတယ်။ ဒီဟာတွေဟာ အခု အတိတ်မှာကျန်ရှိခဲ့နေပြီ ဆိုပေမယ့် ပြန်ပြီးတော့ ဖော်ထုတ်ဖို့လို ပါတယ်။ ရန်ကုန်တက္ကသိုလ်ကိုတော့ ကျွန်မက အထူးအလေးပေးပြီးတော့ အရင်ကလို လျှမ်းလျှမ်း
တောက် တက္ကသိုလ်ပြန်ပြီးဖြစ်လာဖို့ ကျွန်မတို့ ၀ိုင်းပြီးတော့ ကြိုးစားသင့်တယ်လို့ ပြောချင်ပါတယ်' ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားသည်။
မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများက ၂၀၁၂ ခုနှစ်အတွင်း ဆွေးနွေးပွဲများကျင်းပခြင်းနှင့် စီမံကိန်းများ ရေးဆွဲခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref:မောက္ခပညာရေးသတင်း

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!