Popular Posts!

Tuesday, October 23, 2012

မြေဈေးချမည်ဟု ပြောသော်လည်း မြေဈေးကြီးမြင့်မှုဒဏ် ရန်ကုန်မြို့နေပြည်သူများ ခံစားနေရဆဲ ယခုနှစ်အတွင်း အိမ်၊ မြေကွက်၊ တိုက်ခန်း ငှားရမ်းခဈေး ၃၀ မှ ၅၀ ရာခိုင်နှုန်းမြင့်တက်


21mt6
တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းများနှင့် ဈေးရောင်းသူတစ်ဦးအား အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်

မြေဈေးချမည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သော်လည်း မြေဈေးကြီးမြင့်မှုဒဏ်အား ရန်ကုန်မြို့နေပြည်သူများ ခံစားနေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အာရှတိုက်တွင် ဈေးနှုန်းအမြင့်ဆုံးဖြစ်နေသောကြောင့် စက်မှုဇုန်မြေ ဈေးနှုန်းများအား ကားဈေးကွက်ကဲ့သို့ ဈေးနှုန်းလျော့ကျသွားအောင် ပြုလုပ်မည်ဖြစ်ပြီး၊ မြေဈေးနှုန်းများ လျော့ကျလာစေရန် အခွန်ကောက်ခံမှုများ ပြုလုပ်သွားမည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ၂၀၁၂ ခုနှစ်အတွင်း စက်မှုဝန်ကြီးဌာနတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော စက်မှုဇုန်မြေ၊ ကွန်ဒို၊ တိုက်ခန်းဈေးနှုန်းများနှင့် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်နေမှုကို အစိုးရနှင့်ပုဂ္ဂလိက တာဝန်ရှိသူများပါဝင်သည့် price control အဖွဲ့ ဖွဲ့စည်းပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက စက်တင်ဘာလ ၂၉ ရက်နေ့ကကျင်းပသော အမေရိကန်ပြည်ထောင်စု နယူးယောက် မြန်မာမိသားစုနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
"မြန်မာနိုင်ငံမှာ စက်မှုဇုန်မြေတွေ စက်ရုံတွေရဲ့ မြေတွေဈေးကြီးနေသလို ကွန်ဒိုမီနီယံတွေပါ ဈေးလိုက်ကြီးနေတယ်။ ကျွန်တော်တို့ ဘန်ကောက်မှာ လေ့လာခဲ့တဲ့အခါကျတော့ ဘန်ကောက်မှာက price control လုပ်တဲ့ကော်မတီ တစ်ခုကို ဖွဲ့ပေးထားတယ်။ အဲဒီအဖွဲ့က တန်ဖိုးသတ်မှတ်ပေးတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း price control လုပ်နိုင်ဖို့ အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီအဖွဲ့မှာ သူ့ဟာသူလုပ်လို့မရဘူး။ သူလည်းပါမယ်၊ အစိုးရလည်းပါမယ်" ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။
အဆိုပါ price control အဖွဲ့များအား ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
"ဒီအဖွဲ့ကို ရန်ကုန်နဲ့ မန္တလေးမှာ စမယ်။ တန်ဖိုးကို ဒီလောက်ပဲ တန်တယ်လို့ သတ်မှတ်ပေးမယ်။ အဲဒါကို transparent ဖြစ်အောင် သတင်းစာထဲလည်းထည့်၊ ဗီနိုင်းနဲ့လည်းတိုက်မှာ ကပ်ထား၊ ဘယ်အထပ်မှာ ဘယ်လောက်ဆိုပြီးတော့ ကပ်ထားမယ်။ အဲဒါကို နိုင်ငံခြားသားက ၀ယ်မယ်ဆိုရင် သူက exchange rate နဲ့ တွက်ပေါ့။ အခုကျွန်တော်တို့ဆီမှာ ဖြစ်နေတာက ကျွန်တော်တို့လူမျိုးတွေက တစ်မျိုး၊ နိုင်ငံခြားသားတွေကတစ်မျိုး ဖြစ်နေတာ။ ဒါတွေကို transparent ဖြစ်အောင်လုပ်ရမယ်" ဟုလည်း သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အိမ်ခြံမြေအရောင်းအ၀ယ်များအား ထိုက်သင့်သည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်နိုင်ရေးကိုလည်း အခွန်စနစ်ဖြင့်ထိန်းသိမ်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

စက်မှုဇုန်မြေ၊ ကွန်ဒို၊ တိုက်ခန်းဈေးနှုန်းများနှင့် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်နေမှုကို အစိုးရနှင့် ပုဂ္ဂလိကတာဝန်ရှိသူများပါဝင်သည့် price control အဖွဲ့ ဖွဲ့စည်းပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း...

"အိမ်ခြံမြေဈေးတွေ သင့်တော်တဲ့နှုန်းထားနဲ့ ဖြစ်ပေါ်လာဖို့ကို tax နဲ့ထိန်းရမှာပေါ့။ tax နဲ့ မြေကြီးဈေးကျအောင်လုပ်မယ်။ တိုက်ခန်းတွေကိုလည်း tax နဲ့ပဲ ထိုက်သင့်တူ level ရောက်အောင် ကျွန်တော်ဆွဲချမယ်" ဟု ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
သို့သော် လက်ရှိအချိန်အထိ မြေဈေးကြီးမြင့်မှုဒဏ်အား ရန်ကုန်မြို့နေပြည်သူများ ခံစားနေရဆဲဖြစ်ကြောင်း စုံစမ်းမေးမြန်းမှုများအရ သိရှိရသည်။
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အသင်းမှ ဦးဟိန်းမိုးမြင့်လွင်က "သက်ဆိုင်ရာက မြေဈေးတွေကျအောင် အခွန်တွေတိုးတယ်။ အဲဒီအခါမှာ အရောင်းအ၀ယ် သိပ်မဖြစ်တော့ပေမယ့် မြေဈေးတွေက မကျဘူး။ ဒါ့ကြောင့် မြေဈေးမြင့်တက်မှုဒဏ်ကို ရန်ကုန်မြို့မှာရှိတဲ့ လူလတ်တန်းစားတွေ အဓိကခံစားရမှု အနည်းနဲ့အများ ဖြစ်ပေါ်ပါတယ်။ အခြေခံလူတန်းစားမပြောနဲ့ လူလတ်တန်းစားတောင်မှ အိမ်ကောင်းကောင်းနဲ့နေဖို့ မဖြစ်နိုင်သလောက်ရှိပါတယ်။ မြေဈေး၊ တိုက်ခန်းငှားရမ်းခတွေကတော့ Location အပေါ်မူတည်ပြီးတက်တယ်" ဟု ပြောကြားခဲ့သည်။
စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက "အခု ဒီနှစ်အတွင်းမှာ စက်မှုဇုန်မြေဈေးနှုန်းတွေ ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ဈေးတက်တယ်။ ဥပမာ-လှိုင်သာယာ စက်မှုဇုန်ဆိုရင် ဈေးဘယ်လောက်ပေးပေး ရောင်းမယ့်သူမရှိဘူး။ အခုဖြစ်နေတာက ကျွန်တော်တို့တရားဝင်စက်မှုဇုန်မြေ၀ယ်ဖို့ လျှောက်တယ်။ ဒါဆို ရောင်းဖို့မရှိတဲ့အတွက် ပြန်မကျဘူး။ ၀ယ်လို့မရဘူး။ VIP ကျတော့ မြေကွက်တွေရကြတယ်။ သူတို့က ရတဲ့အတွက် ကျွန်တော်တို့ စက်ရုံထောင်ချင်တဲ့လုပ်ငန်းရှင်တွေက သူတို့ကို အလိုက်ပေးဝယ်ရတယ်။ ဥပမာ-သိန်း ၃၅၀ တန်ကို သိန်း ၂၀၀၀ ပေးရတယ်။ နောက်တစ်ချက်က demand နဲ့ supply မလုံလောက်တဲ့အတွက် သူတို့ဈေးကစားချင်သလို ကစားနေကြတယ်။ အဲတော့ စက်ရုံလုပ်ငန်းရှင်တွေ မြေနေရာအတွက် အရင်းအနှီး အရမ်းကြီးသွားတယ်။ အဲဒါတွေက အခြေခံလူတန်းစားတွေဖြစ်တဲ့ စက်ရုံအလုပ်သမားတွေကို အများကြီး အကျိုးသက်ရောက်တယ်။ ပြီးတော့ထုတ်ကုန် တွေ ဈေးနှုန်းမြင့်တက်လာတဲ့အတွက် လူလတ်တန်းစားတွေကို များစွာထိခိုက်စေပါတယ်။ နောက်တစ်ချက်က ပုဂ္ဂလိကကုမ္ပဏီတွေက စက်မှုဇုန်မြေနေရာတွေတိုးချဲ့ဖို့ လယ်ယာမြေတွေကို သိမ်းတယ်။ လယ်သမားတွေကို လျော်ကြေးနည်းနည်းပဲပေးပြီး အဆမတန်ဈေးတွေနဲ့ ပြန်ရောင်းတယ်။ အဲတော့ မြေဈေးတွေက ပျက်ကုန်တယ်။ ဒီကိစ္စတွေကို အစိုးရအနေနဲ့ ၀င်ရောက် ထိန်းကျောင်းပေးဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒေါက်တာမောင်မောင်လေးက "ရန်ကုန်မှာရှိတဲ့ မြေဈေးနှုန်းတွေက ပြည်တွင်း လုပ်ငန်းရှင်တွေတင်မကဘဲ ပြည်ပလုပ်ငန်းရှင်တွေအတွက်ပါ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲတချို့ကို ဖြစ်စေပါတယ်။ တချို့ပြည်ပလုပ်ငန်းရှင်တွေ မြေဈေးကိုကြည့်ပြီး ပြန်သွားကျ တာရှိတယ်။ ဒီမြေဈေးနှုန်းတွေက သိပ်ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ နိုင်ငံတော်က ဘယ်လိုထိန်းမလဲဆိုတဲ့အပေါ် မူတည်ပါတယ်" ဟု ပြောကြားခဲ့သည်။
"တချိန်တုန်းက လူတွေက ကားမှာ ရင်းနှီးမြှုပ်နှံကြတယ်။ ရွှေမှာ ရင်းနှီးမြှုပ်နှံကြတယ်။ ဒေါ်လာမှာ ရင်းနှီးမြှုပ်နှံကြတယ်။ အခုကားတို့ ရွှေတို့ ဒေါ်လာတို့မှာ ရင်းနှီးမြှုပ်နှံမှုသိပ်မ လုပ်ကြတော့ဘူး။ အဲဒီအတွက် အိမ်ခြံ မြေမှာပဲ ၀င်ရောက်မြှုပ်နှံကြတော့ တယ်။ အထူးသဖြင့် ၂၀၁၁ ခုနှစ်မှာ အိမ်ခြံမြေဈေးနှုန်းသိသိသာသာခုန် တက်သွားတယ်။ ရန်ကုန်မြို့တင် မဟုတ်ဘူး၊ စီးပွားရေးအရ အချက်အချာကျတဲ့ နေရာမျိုးတွေ ကမ်းရိုးတန်းဒေသတွေပါမကျန် ဟိုတယ်လုပ်ငန်းတွေတိုးချဲ့ရင် အဆင်ပြေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဈေးနှုန်းတွေကို လက်သင့်သလို ထိုးဝယ်နေတာမျိုးတွေ အိမ်ခြံမြေဈေးနှုန်းကို ပျက်ပြားစေတယ်။ အဲဒီအတွက် အခြေခံလူတန်းစားအတွက်တော့ ကိုယ်ပိုင်အိမ်နဲ့ နေရဖို့၊ တိုက်ခန်းတစ်ခန်းပိုင်ရဖို့ဆိုတာ မလွယ်တော့ဘူး" ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်ခန်းငှားရမ်းခဈေးနှုန်းမှာ ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နေသဖြင့် ၀ါကျွတ်ချိန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင်နေသူများ အခက်တွေ့နေကြောင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ကိုယ်တိုင်ကြုံတွေ့သူများ၏ ပြောကြားချက်အရသိရသည်။
ရန်ကုန်မြို့အတွင်း နှစ်စဉ်တိုက်ခန်းငှားရမ်းခနှုန်း မြင့်တက်နေမှုကြောင့် မြို့တွင်းတိုက်ခန်းများ ငှားရမ်းနေထိုင်နေသည့် မိသားစုအချို့မှ ဈေးနှုန်းမတတ်နိုင်မှုကြောင့် မြို့တွင်းမြို့နယ် (Down Town) မှ မြို့ပြင်ဆင်ခြေဖုံးရပ်ကွက်များသို့ ပြောင်းလဲ ငှားရမ်းနေထိုင်နေရကြောင်း သိရှိရသည်။
တိုက်ခန်းငှားရမ်းခဈေးနှုန်းများမှာ နှစ်စဉ်ပြောင်းလဲမှုရှိခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့သည့် အခြေအနေမှာ ပိုမိုသိသာခဲ့ပြီး တိုက်ခန်းဝယ်ယူမှုထက် ငှားရမ်းမှုသာ ပိုမိုဖြစ်နေကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
"အခုနှစ် သင်္ကြန်ကာလပြီးကတည်းက အိမ်ငှားရမ်းမှုတွေ အရမ်းသွက်နေတယ်။ ဒါ့အပြင်တိုက်ခန်းငှားရမ်းခ ဈေးနှုန်းတွေက အရင်နှစ်တွေက ဆိုရင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအတွင်းအထိပဲ ဈေးတက်ခဲ့တယ်။ ဒါပေမယ့် အခုနှစ်မှာတော့ မြို့နယ်အလိုက်၊ နေရာအလိုက်ပေါ် မူတည်ပြီးတော့ ၁၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်နေပါတယ်။ အခုလိုအောက်ခြေလူတန်းစားနဲ့ လူလတ်တန်းစားအများစုနေထိုင်တဲ့ တိုက်ခန်းငှားရမ်းခဈေးနှုန်းတွေ မြင့်တက်လာရတဲ့ အဓိကအကြောင်းအရင်းတွေထဲက အချက်တွေကတော့ ၂၀၀၈ ခုနှစ်ကတည်းကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေထိုင်တဲ့ လူဦးရေ သိသိသာသာတိုးတက်နေတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်း အခြေအနေတွေကလည်း ၁၉၉၀ ပြည့်နှစ်ကာလလောက်တော့ လုပ်ငန်းတွင်ကျယ်မှု မရှိသေးဘူး။ နယ်မြို့တွေကနေ စီးပွားရေးလုပ်ကိုင်ဖို့ ရန်ကုန်မြို့ကို အားထားပြီးတက်လာတဲ့လူတွေ များလာတယ်။ ပြည်ပကိုသွားပြီးတော့ အလုပ်သွားလုပ်တဲ့သူတွေ အဆင်မပြေလို့ ပြန်လာတာတွေကြောင့် တိုက်ခန်းငှားမှု များလာတဲ့အတွက် တိုက်ခန်းငှားရမ်းခဈေးနှုန်း မြင့်တက်လာရတယ်လို့ ယူဆရပါတယ်" ဟု ယခုလက်ရှိ တိုက်ခန်းငှားရမ်းခဈေးနှုန်းများ မြင့်တက်နေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

21mt
လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံများကို တွေ့ရစဉ်


ယူနစ်တီ အိမ်၊ ခြံ၊ မြေအကျိုးဆောင်မှ တာဝန်ရှိသူတစ်ဦးက "ပြီးခဲ့တဲ့နှစ် ဒီအချိန်က တိုက်ခန်းငှားရမ်းခဈေးနှုန်းတွေထက် အခုနှစ်မှာ ပုံမှန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ကြားတက်တယ်။ အချက်အချာကျတဲ့ နေရာတွေဆိုရင် ၅၀ ရာခိုင်နှုန်းအထိ တက်တယ်။ မြို့လယ်ကောင်က တိုက်ခန်းမြေညီထပ် ဈေးနှုန်းဆိုရင် ၁၅ ပေ၊ ပေ ၆၀ ကို တစ်လ ၈ သိန်းကနေ ၁၅ သိန်းကြားဈေးရှိတယ်။ မြို့လယ်ကောင်မဟုတ်တဲ့ လူနေများတဲ့ စမ်းချောင်း၊ ကျောက်မြောင်း၊ တာမွေစတဲ့မြို့နယ်တွေမှာ မြေညီဆိုရင် ၄ သိန်းကနေ ၆ သိန်းကြားရှိတယ်။ အနိမ့်ဆုံးကတော့ တစ်သိန်းဝန်းကျင်ပါပဲ။ ဒါ့ကြောင့် တချို့တွေက တိုက်ခန်းတစ်ခန်းကို စုငှားပြီး စုပေါင်းနေထိုင်ကြပါတယ်" ဟု ပြောကြားခဲ့သည်။
ထိုသို့ ရန်ကုန်မြို့အတွင်း၌ တိုက်ခန်းငှားရမ်းခဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ရန်ကုန်တိုင်းအတွင်းရှိ မြေဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုနှင့် သက်ဆိုင်ကြောင်း၊ မြေ ဈေးနှုန်းများ အဆမတန်မြင့်တက်လာသဖြင့် တိုက်ခန်းဈေးနှုန်းများ မြင့်တက်လာသည့်အတွက် တိုက်ခန်းငှားရမ်းခဈေးနှုန်းများပါ မြင့်တက်လာခြင်းဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တာဝန်ရှိသူများက သုံးသပ်ကြသည်။
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းဈေးနှုန်းများအပြင် ဟိုတယ်နှင့် ကွန်ဒိုငှားရမ်းခ များလည်း ထပ်မံမြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ ၂၀၀၃ ခုနှစ်က SAKURA Tower တွင် ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် တစ်လ ငှားရမ်းခ အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာဖြစ်ပြီး တဖြည်းဖြည်းတိုးမြှင့် လာခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၀ အထိမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုထပ်မံ၍ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ သို့မြှင့်ရန်အတွက် ပြောကြားထားကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တိုက်ခန်းငှားရမ်းခနှုန်းထားများမှာ တစ်နှစ်လျှင် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းကျော် တိုးတက်လျက်ရှိပြီး နှစ်ရှည်တိုက်ခန်း အငှားစာချုပ်များ ချုပ်ဆိုရာတွင် နှစ်စဉ်ပျမ်းမျှ ၁၀ ရာခိုင်နှုန်း ဈေးနှုန်းတိုးမြှင့်မည့်အချက်များ ထည့်သွင်းချုပ်ဆိုလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရှိရပါသည်။
ထိုသို့ တိုက်ခန်းငှားရမ်းခများ မြင့်တက်လာရခြင်းကြောင့် ရန်ကုန်မြို့ရှိ တိုက်ခန်းများတွင် စုပေါင်းငှားရမ်းနေထိုင်သည့် ပုံစံများဖြင့် အဆောင်များသကဲ့သို့ နေထိုင်မှုများ ပိုမိုလာကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်မျာအသင်းမှ တာဝန်ရှိသူတစ်ဦးက "လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့လူဦးရေသန်းပေါင်း ၆၀ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့ တော်ဖြစ်တဲ့ ရန်ကုန်မှာ လူဦးရေ ၆ သန်းဝန်းကျင်ရှိပါတယ်။ နောင်လာ မယ့် ၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ ၁၀သန်းအထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ အဓိက အကြောင်းအရာက ရန်ကုန်မြို့မှာ စီးပွားရေးလုပ်ငန်းတွေ၊ စက်မှုဇုန်တွေ အများအပြားရှိတယ်။ တိုးချဲ့နေမှုတွေလည်း ရှိနေပါတယ်။ တိုးလာမယ့်လူဦးရေ ၄ သန်းအတွက် ၁၀ နှစ် အတွင်း တစ်နှစ်ကို အခန်ပေါင်း ၁ သိန်း တည်ဆောက်နိုင်မှ တိုးလာတဲ့လူဦးရေနဲ့ cover ဖြစ်ပါမယ်" ဟု ပြောကြားခဲ့သည်။

မြေဈေးနှုန်းတွေ ကပြည်တွင်းလုပ်ငန်းရှင်တွေတင်မကဘဲ ပြည်ပလုပ်ငန်းရှင်တွေအတွက်ပါ
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲတချို့ကို ဖြစ်စေပါတယ်။ တချို့ပြည်ပလုပ်ငန်းရှင်တွေမြေဈေးကို ကြည့်ပြီး ပြန်သွားကျတာရှိတယ်...

လှိုင်မြို့နယ်တွင် အခန်းငှားရမ်းပြီး လူစည်ကားသည့်နေရာများတွင် မုန့်ဟင်းခါး လိုက်လံရောင်းချနေသူ ကိုရဲလင်းက "ကျွန်တော်ကတော့ မနက် အစောကြီးကနေ ဈေးထွက်ရောင်းပြီးတော့ ညအိပ်ချိန်မှ ငှားထားတဲ့အခန်းကို ပြန်တာပါ။ တစ်လကို လွန်ခဲ့တဲ့ သုံးလက ကျပ် ၁၂၀၀၀ ပဲ ပေးရတယ် ဒီလကုန်ရင် အခန်းပိုင်ရှင်က ကျပ် ၂၀၀၀၀အထိ တိုးတောင်းထားတယ်။ အခန်းက လူတစ်ယောက်အိပ်ဖို့ နေရာထက် အနည်းငယ်ပဲကျယ်ပါတယ်။ ဈေးရောင်းချလို့ရတဲ့ ၀င်ငွေကလည်း ပုံမှန်မရှိဘူး။ အဖက်ဖက်က ကုန်ကျ စရိတ်တွေနဲ့ ၀င်ငွေက မတည်ငြိမ်တဲ့အချိန်မှာ အခုလိုအခန်းငှားခတိုးသွားတော့ အနည်းငယ် အခက်အခဲရှိပါတယ်" ဟု ပြောကြားခဲ့သည်။
"ကျွန်မတို့က တောင်ဒဂုံမှာ တစ်လကို သုံးသောင်းနဲ့ အိမ်ငှားနေပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့အလုပ်က မြို့ထဲမှာဆိုတော့ သွားလာမှုစရိတ်က အနည်းဆုံးတစ်လကို ၂၀၀၀၀ လောက် ကုန်တယ်။ ဒါ့အပြင်လိုင်းကားအကြာကြီး စီးရတဲ့အတွက် လူလည်းအရမ်းပင်ပန်းတယ်။ ဒါ့ကြောင့် ဒီဝါကျွတ်အမီ အလုပ်နဲ့နီးတဲ့မြို့တွင်းနဲ့ မြို့နယ်တွေမှာ အိမ်ငှားနေဖို့ စုံစမ်းတဲ့အခါမှာ အပေါ်ဆုံးထပ် တစ်သိန်းလောက်ရှိနေတော့ ၀င်ငွေနဲ့ တော်တော်လေးချိန်နေရတယ်" ဟု ၀ါကျွတ်အမီ အိမ်ပြောင်းရွှေ့ရန် လိုက်လုံစုံစမ်းနေသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ လာရောက်ပြီး ကြိုတင်လေ့လာနေသူများ၊ ကုမ္ပဏီ ရုံးခန်းဖွင့်လှစ်လာခြင်း များပြားလာမှုကြောင့် အဆင့်မြင့်တိုက်ခန်းများနှင့် ကွန်ဒိုအခန်းများ အငှားသွက်လာသည့်အပြင် ဈေးနှုန်းများလည်း အနည်းငယ်မြင့်တင်နေကြောင်း စုံစမ်း သိရှိရသည်။
"အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ရှိရင် အစိုးရအနေနဲ့ အခွန်ကောက်သင့်တယ်လို့မြင်တယ်။ ဥပမာ-အိမ်ခြံမြေ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အိမ်တစ်လုံးပိုင်တဲ့ အနေအထားကနေ နောက်ထပ်အိမ်တစ်လုံးဖြစ်လာပြီဆိုရင် ဒီအပေါ်မှာ အခွန်တိုးပြီး ကောက်သင့်တယ်။ နောက်ပြီး တန်ဖိုးအရလည်း သိန်းတစ်ထောင်အထက် ပိုင်ဆိုင်မှုဆိုရင်ဘယ်လောက်၊ သိန်းတစ်သောင်း အထက် ပိုင်ဆိုင်မှုဆိုရင် ဘယ်လောက်ဆိုပြီး property tax ကို ကောက်သင့်တယ်လို့မြင်တယ်။ အဲဒါဆို အိမ်ခြံမြေ ဈေးကွက်မှာ အမြတ်ရလိုမှုနဲ့ ၀င်ရောက်မြှုပ်နှံတာမျိုးကို ကာကွယ်ပြီးသား ဖြစ်သွားမယ်။ မူဝါဒတစ်ခုက ဈေးကစားချင်တဲ့သူတွေကို အကာအကွယ်ပေးတဲ့ မူဝါဒမဖြစ်သင့်ဘူး" ဟု စီးပွားရေးပညာရှင် ပါမောက္ခဦးမော်သန်းက ပြောကြားခဲ့သည်။
ထိုသို့ ရန်ကုန်မြို့ရှိ မြေနှင့် တိုက်ခန်းဈေးနှုန်းများ ကြီးမြင့်နေမှုကို လျှော့ချနိုင်ရန် နိုင်ငံတော်မှ သင့်လျော်သည့်အခွန်နှုန်းထားဖြင့် စနစ်တကျ ကောက်ခံရန်လိုအပ်သကဲ့သို့ နောင် တိုးပွားလာမည့် လူဦးရေအတွက် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းဖြစ်သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အခြေခံလူတန်းစားအပြင် လူလတ်တန်းစားအများစု နေထိုင်နိုင်မည့် အိမ်ယာများ ဖော်ထုတ်ပေးရန်လိုကြောင်း၊ အဆိုပါ အိမ်ယာများသည်လည်း ယခုကဲ့သို့ လူနည်းစုသာ ၀ယ်ယူနိုင်သည့် အခြေအနေမဖြစ်သင့်ဘဲ သင့်တင့်သော တန်ဖိုးဖြင့် လွတ်လပ်စွာဝယ်ယူနိုင်သည့် အိမ်ယာများ တိုးချဲ့တည်ဆောက်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကြံပြုပြောကြားခဲ့သည်။
21mt5
21mt2
21mt321mt4
Ref:newseleven

 
COMMENTS.............
မြို့လယ်အခန်းဌားခ တလ ၈သိန်း-၁၅သိန်း ဆိုတော့ တရက်ကို ၂သောင်းခွဲ-၅သောင်းလောက် ပေးနေရပြီ ဒါတောင် မီတာခတွေမပါသေးဘူး! မြို့ထဲကဆိုင်ဖွင့်ထားတဲ့ ရိုးရိုးသားသားလုပ်ကိုင်စားတဲ့လူတွေ ဘယ်လိုနည်းတွေနှင့်ရှာစားကျလဲမသိ!
ကောင်းသေးရဲ့လား! လူထုအတွက် တန်ဖိုးနည်းအိမ်ရာတွေ ဘယ်ပျောက်ကုန်ပြီလဲ!!!...
ဒီမှာဖတ်ကြည့်လိုက်ပါအုံး....
မြေနေရာနှင့် နိုင်ငံခြားချေးငွေများ ရရှိမှသာလျှင် တန်ဖိုးနည်း လူမှုအိမ်ရာစီမံကိန်းများ အကောင်အထည် ဖော်နိုင်မည်ဟု သိရ
လူမှုဖူလုံရေးတန်ဖိုးနည်း အိမ်ယာစီမံကိန်း ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်ဥပဒေတွင် ထည့်သွင်းရေးဆွဲပြီး ဖြစ်သော်လည်း ကျန်ရှိသည့် နည်းဥပဒေ ထွက်ရှိမှသာလျှင် ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြေဈေးများအဆမတန် မြင့်မားလျက်ရှိသော လက်ရှိအချိန်တွင် တန်ဖိုးနည်းအိမ်ရာများ၏ ဈေးနှုန်း မှာ ကျပ်သိန်း ၁၂၀ ၀န်းကျင်ရှိသော်လည်း ယခုဆောက်လုပ်မည့် တန်ဖိုး နည်းအိမ်ရာများ၏ ဈေးနှုန်းမှာ ကျပ်သိန်း ၅၀ နှင့် ၈၀ နီးပါးရှိကြောင်း သိရသည်။

 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!