Popular Posts!

Tuesday, October 23, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြား

နေပြည်တော် အောက်တိုဘာ ၂၂
စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်း များ၏ အခန်းကဏ္ဍကို အလေးထားရန် လိုအပ် ပါကြောင်း၊ စာနယ်ဇင်းများမှတစ်ဆင့် ပြည်သူများ သိသင့်သည့် အချက်များကို အသိပေးသွားရန် လိုသကဲ့သို့ စာနယ်ဇင်းများက အပြုသဘော ဆောင် အကြံပြုချက် များကိုလည်း အလေးထားရန် လိုအပ်မည် ဖြစ်ကြောင်း ၂ဝ၁၁ခုနှစ် မတ်လ ၃၁ ရက်က ပြည်ထောင်စု လွှတ်တော်ခန်းမ၌ ကျင်းပသော မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော် သမ္မတ က ထည့်သွင်းပြောကြားခဲ့သည်။
ယခုအခါ နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်ပခရီးစဉ်များတွင် ပြည်ပမီဒီယာများနှင့် မကြာခဏတွေ့ဆုံသော်လည်း ပြည်တွင်းမီဒီယာများနှင့် အချိန်အတော်ကြာ မတွေ့ဖြစ်ခဲ့သည့် အတွက် ယခုကဲ့သို့မီဒီယာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ အနေဖြင့် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များအပေါ် အချိန် နှစ်နာရီကျော်ကြာ စိတ်ရှည်လက်ရှည်ဖြင့် အချိန်ပေး၍ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ၎င်းတွေ့ဆုံပွဲသို့ ပြည်တွင်း ဂျာနယ် သတင်းထောက်များနှင့် ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းထောက် ၁၁၇ ဦး တက်ရောက်ခဲ့ကြပြီး မေးမြန်းဖြေကြားချက်များထဲမှ အရေးကြီးသည့် အချက်များအား ကောက်နုတ်ဖော်ပြ အပ်ပါသည်။
ပထမဦးစွာ 7 Day’s News Journal မှ စီမံကိန်းရေးဆွဲဆောင်ရွက်မှုနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် နိုင်ငံတော် သမ္မတ က ယခင်အစိုးရ၏ လုပ်ဆောင်မှုများသည် တိုင်းပြည်၏ အကျိုးအတွက် ရှေးရှုဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အင်္ဂလိပ် အုပ်ချုပ် ခဲ့သည့် နှစ်ပေါင်း(၁ဝဝ)ကျော်တွင် ဧရာဝတီမြစ်ကူးတံတား ဟူ၍အင်းဝတံတားတစ်ခုသာ တည်ဆောက် ပေးခဲ့ကြောင်း၊ တပ်မတော် အစိုးရ လက်ထက်တွင် ဧရာဝတီမြစ်ကူး တံတားပေါင်း (၁၄) စင်း တည်ဆောက်ပေးခဲ့ပြီး ဆက်သွယ်သွားလာရေး လွယ်ကူချောမွေ့စေရန် တံတားများတည်ဆောက် အသုံးပြုနိုင်ခဲ့သည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု ရရှိလာခြင်း ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရကာလတွင် ဆောင်ရွက်မည့် စီမံကိန်းများနှင့် ပတ်သက်၍လည်း ထင်သာမြင်သာ ရှိအောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာ စီမံကိန်းရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဘဏ္ဍာငွေကို လွှတ်တော်က စစ်ဆေး သတ်မှတ်ပေးခြင်းဖြစ်ကြောင်း၊ မည်သို့ပင် ဆိုစေကာမူ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ထင်သာမြင်သာရှိရှိ လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်းဖြင့် ဖြေကြားသွားခဲ့ပါသည်။
သမ္မတသက်တမ်း တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ Reuter သတင်းဌာန၏ မေးမြန်းချက် အပေါ်ဖြေကြားရာတွင် မိမိ၏အသက်အရွယ်အရ၊ မိမိ၏ကျန်းမာရေးအရ သက်တမ်း တစ်ခုသာ သမ္မတတာဝန်ကို ထမ်းဆောင်မည်ဟု ယနေ့အထိ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း၊ ပြည်ပခရီးစဉ်၌ ဖြေကြားခဲ့ရာတွင်လည်း ယနေ့အထိ မိမိသည် ပထမသက်တမ်း တစ်ခုသာ လုပ်မည်၊ သို့သော် တိုင်းပြည်၏အခြေအနေ၊ ပြည်သူ၏ ဆန္ဒအရဆိုလျှင် စဉ်းစားပါမည်ဟု ဖြေကြားခဲ့ကြောင်း၊ ယခုလည်း ယင်းဖြေကြားချက် အတိုင်းသာ ဖြေရမည်ဖြစ်ကြောင်းနှင့် ပြန်လည်ဖြေကြား သွားခဲ့ပါသည်။
ဆက်လက်၍ ကချင်ပြည်နယ်တွင်ဖြစ်ပေါ်သော စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ 7 Day’s News Journal ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် မိမိတို့ နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ ၁ဝဝကျော် မှီတင်းနေထိုင်ကြသည့်အတွက် ပြဿနာများလည်း အထိုက်အလျောက်များပြားကြောင်း၊ လွတ်လပ်ရေးရပြီးကတည်းက လက်နက်စွဲကိုင်ပြီး ဆန့်ကျင် လာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် အတော်ပင် ခက်ခဲကြောင်း၊ ယင်းလက်နက်ကိုင် ပဋိပက္ခသည် နှစ်ပေါင်း(၆ဝ)ခန့် ရှိလာပြီဖြစ်၍ ကမ္ဘာတွင် အရှည်လျားဆုံး လက်နက်ကိုင် ပဋိပက္ခဟု ဆိုနိုင်ကြောင်း။ ယင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး တည်ဆောက်မှုကို အဆင့် (၃) ဆုံးဖြင့် ဆောင်ရွက်နေကြောင်း၊ ပထမအဆင့်အနေဖြင့် လက်နက်ကိုင် အဖွဲ့များရှိသည့် နယ်စပ်ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲသွားအောင် လုပ်ဆောင်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် မိမိကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကဦးစီးဆောင်ရွက်ခြင်း၊ တတိယအဆင့် အနေဖြင့် လွှတ်တော်ကို ပို့ဆောင်ပေးပြီး လွှတ်တော်အတွင်း၌ နိုင်ငံရေးအရ ဆွေးနွေးမှု ပြုလုပ်ခြင်းဟူ၍ မူဝါဒ(၃)ရပ်ချမှတ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခကြောင့် KIA တစ်ဦးဆုံးရှုံးခြင်းသည် တိုင်းပြည်၏ ဆုံးရှုံးမှုဖြစ်သကဲ့သို့ တပ်မတော်သား တစ်ဦးဆုံးရှုံးခြင်းသည်လည်း တိုင်းပြည်၏ ဆုံးရှုံးမှု ဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် နှစ်ဖက်တွင် ဆုံးရှုံးမှုများရှိရုံတင်မက ဒေသတွင်း ရှိနေသည့်၊ တိုက်ပွဲကြားတွင်ရှိသည့် တိုင်းရင်းသားများသည် ၎င်းတို့၏ လုပ်ငန်းခွင်၊ အိုးအိမ်များကို စွန့်ပစ်ပြီး လုံခြုံစိတ်ချရသည့် နီးစပ်ရာနေရာများတွင် ခိုအောင်း နေကြရသည်ကို စိတ်မကောင်းစရာ အဖြစ်တွေ့မြင်ရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ရရှိအောင် ဖော်ဆောင်နေမှုလုပ်ငန်းများကို စိတ်ရှည်သည်းခံပြီး လုပ်ဆောင်ခြင်း အားဖြင့် မိမိတို့၏စေတနာကို နားလည်လာမည်ဆိုပါက မကြာမီတွင် ကချင်ပြည်နယ်သည်လည်း တခြားဒေသများကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်း ရှိသွားမည်ဖြစ်သည်ဟု မိမိယုံကြည်ပါကြောင်းဖြင့် ဖြေကြားသွားပါသည်။
Eleven Media Group မှ မေးမြန်းချက်နှင့်ပတ်သက်၍ ဖြေကြားရာတွင် နိုင်ငံရေးအရ နောက်ပြန်လှည့်၊ မလှည့်ဆိုသည့်ကိစ္စသည် ပြည်သူများ၏ဆန္ဒအပေါ်တွင် မူတည်ပါကြောင်း၊ ပြည်သူကို မေးကြည့်လျှင် မည်သို့မျှ နောက်ပြန်လှည့်လိုသည့် ဆန္ဒရှိမည်မဟုတ်ကြောင်း၊ ပြည်သူက နောက်ပြန်မလှည့်လိုသည့်အတွက် မိမိတို့ကလည်း နောက်ပြန်မလှည့်နိုင်အောင် ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရှေ့ကိုသာ ချီတက်သွားရန်လိုသည်ဟု မိမိပြောလိုကြောင်း၊ နောက်တစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး၊ မပြင်ရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်နိုင်သည့် အခွင့်အလမ်းများပေးထားပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁၂)တွင် ပြင်ဆင်နိုင်သည့် Amendment ပါရှိကြောင်း လုပ်ထုံးလုပ်နည်းများလည်း ပါရှိကြောင်း၊ မိမိသဘော ထားတစ်ရပ်တည်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်ပြောဆို၍ မရသကဲ့သို့ မပြင်ရန်ကိုလည်း ပြော၍မရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး၊ မပြင်ရေးသည် ပြည်သူက ရွေးချယ် တင်မြှောက်ထားသည့် လွှတ်တော်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒအပေါ်၌သာ မူတည်သည်ဟု မိမိပြောရမှာ ဖြစ်ကြောင်း၊ လုပ်ထုံး လုပ်နည်းအနေဖြင့်လည်း ၎င်းအတိုင်းသာ ဆောင်ရွက်နိုင်ကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။
The Voice Weekly ၏ မြန်မာ့ပညာရေးနှင့် ပတ်သက်သည့် မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဖြေကြားသွားရာတွင် တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ၎င်းတိုင်းပြည်ရှိ သယံဇာတများအပေါ်တွင် မတည်မှီပါကြောင်း၊ လူသားများအပေါ်တွင်သာ မူတည်ပါကြောင်း၊ အထင်ရှားဆုံး သာဓကပြရလျှင် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့သည် မိမိတို့လောက် သယံဇာတမကြွယ်ဝသော်လည်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်သည့်အတွက် ၎င်းတို့တိုင်းပြည်များ အလျင်အမြန်ဖြင့် ဖွံ့ဖြိုးတိုးတက် သွားခြင်း ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက်ဆိုလျှင် ပထမအချက်အနေဖြင့် ပညာရေးအပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ ဒုတိယအချက် အနေဖြင့် လူ့စွမ်းအား အရင်း အမြစ်ဆိုသည်မှာ ပညာတတ်ရုံနှင့်မပြီးဘဲ ကျန်းမာသန်စွမ်း သူများလည်း ဖြစ်နေရန်လိုကြောင်း၊ ထို့ကြောင့် ပညာရေးကို ကျန်းမာရေးနှင့် ဒွန်တွဲပြီး မြှင့်တင်ပေးရန် မိမိတို့ကြိုးစားနေကြောင်း။ ကျန်းမာရေးနှင့်ပတ်သက်၍လည်း အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ဆရာဝန်ကြီးများကို မြန်မာနိုင်ငံသို့ ပြန်လာနိုင်အောင် စီစဉ်ပေးလျက်ရှိကြောင်း၊ ပညာရေးတွင်လည်း အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် အတွက် ခေတ်မီပညာရေးကို ဆောင်ရွက်နိုင်ရေး ဂျွန်ဟော့ကင်း တက္ကသိုလ်မှ President နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် တက္ကသိုလ်ခွဲများဖွင့်ရန် ဆွေးနွေးခဲ့သဖြင့် ယနေ့မိမိတို့ ဆက်သွယ်ပြီး ဆောင်ရွက် နေကြောင်း၊ ပညာရေး၊ ကျန်းမာရေး စနစ်ကို မြှင့်တင်ပြုပြင် ပေးသကဲ့သို့ ဘဏ္ဍာရေးအသုံးစရိတ်များကိုလည်း ယခင်နှစ်များကထက် နှစ်ဆတိုးမြှင့် သုံးစွဲလျက် ရှိကြောင်း၊ ထို့အပြင် ပြည်ပမှအကူအညီများ (Grant)၊ သက်သာတဲ့ ချေးငွေ (Loan) ရရှိရေး အဆိုပြုကြိုးပမ်းနေခြင်းများရှိကြောင်း၊ ၎င်းတို့ရရှိလာပါက ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စများတွင် ထပ်မံတိုးမြှင့်သုံးစွဲ သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ခုက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက် မိမိတို့ ကြိုးပမ်းနေကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ငွေကြေး အရင်းအနှီးနှင့် ပတ်သက်၍လည်း မိမိတို့တွင် ငွေကြေး လုံလုံလောက်လောက် မရှိသေးကြောင်း နည်းပညာနှင့် ပတ်သက်၍လည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးကြောင်း၊ နည်းပညာပိုင်းနှင့်ပတ်သက်ပြီးတော့ လူ့စွမ်းအား အရင်းအမြစ်တွေ မိမိတို့တွင် ပြည့်ပြည့်စုံစုံ မရှိသေးကြောင်း၊ ‘ဒီအခွင့်အရေးတွေ ရရှိဖို့အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုတွေ မလွဲမသွေ ရယူရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့အတွက် FDI LAW တွေကို ပြန်ပြင်ပြီး လွှတ်တော်ကို တင်ပြထားပြီဖြစ်ကြောင်း၊ ‘ဒီရက်ပိုင်းအတွင်း ခွင့်ပြုချက် ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အတွက် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို တတ်နိုင် သလောက် ဖြေလျှော့ပေးအောင် မိမိတို့ ကြိုးစားဆောင်ရွက်နေကြောင်း၊ မိမိတို့ အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် အရှေ့အနောက် မခွဲခြားဘဲ အားလုံးနှင့်သင့်တင့် ညီညွတ်အောင် ဆက်သွယ်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံလျက်ရှိကြောင်း၊ အာရှနိုင်ငံများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံနေသကဲ့သို့ အနောက်နိုင်ငံများနှင့်လည်း ရင်းရင်းနှီးနှီး ဆက်ဆံနေကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံကြသည့်အခါ နှစ်ဖက်အကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်ကြလေ့ရှိကြကြောင်း။
မိမိတို့တိုင်းပြည်စီးပွားရေးနှင့် ပတ်သက်၍ ပြည်ပနိုင်ငံ အဖွဲ့အစည်းများမှ တားဆီး ပိတ်ဆို့မှုများ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ၊ ငွေကြေးနှင့် ပတ်သက်၍ အခက်အခဲ ဖြစ်အောင် ဆောင်ရွက်ချက်များ လျော့သွားသည်နှင့်အမျှ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလျင်အမြန် ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ဝင်ရောက်လာပါက အလုပ်အကိုင် အခွင့်အလမ်း များများ ရနိုင်သည့် စက်ရုံ၊ အလုပ်ရုံများအရင်ဆုံးရင်းနှီးလာကြဖို့ ကြိုးစား လုပ်ဆောင် နေပါကြောင်း၊ ထိုသို့ စက်ရုံ၊ အလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံ လာသည်နှင့်အမျှ နိုင်ငံတော်၏ထွက်ကုန် သယံဇာတများကို ကုန်ကြမ်းအတိုင်း ရောင်းနေရခြင်းမျိုး မဟုတ်တော့ဘဲ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်အောင် ထုတ်လုပ် ရောင်းချ သွားနိုင်မည် ဖြစ်ကြောင်း၊ ‘ဒါကြောင့်သဘာဝထွက်ကုန်တွေကို တန်ဖိုးမြင့်တဲ့ ထုတ်ကုန်တွေ ဖြစ်အောင်လုပ်ရန် စက်ရုံ၊အလုပ်ရုံတွေ Value Added ဖြစ်အောင် တည်ဆောက်ရန် လိုကြောင်း၊ ဥပမာ အနေဖြင့် ရော်ဘာကို ကုန်ကြမ်း (Raw) အတိုင်း ရောင်းချနေရသည့် အတွက် ဈေးကောင်းမရကြောင်း၊ ရော်ဘာများကို Downstream အနေဖြင့် တာယာစက်ရုံကဲ့သို့ တည်ဆောက်ပြီး ကုန်ချောထုတ်လုပ်မည်ဆိုလျှင် ထုတ်ကုန်တွေဟာလည်း တန်ဖိုးမြင့်တက်သွားမှာ ဖြစ်သည့်အပြင် အလုပ်အကိုင်တွေ အဖြစ် တိုးပွား ရရှိနိုင်မည်၊ ရော်ဘာစိုက်ခင်းတွေလည်း တိုးတက်ပေါ်ထွန်းလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားတိုင်းပြည်တွေမှာ သွားရောက်ပြီး ရော်ဘာစိုက်နေမည့် အစား မိမိတိုင်းပြည်မှာပဲ ပြန်ပြီး အိုးမကွာအိမ်မကွာ အလုပ်လုပ်မှာဖြစ်ကြောင်း၊ မိမိတိုင်းပြည်က ရော်ဘာစက်ရုံ၊ တာယာစက်ရုံတွေ တည်နိုင်မည်ဆိုလို့ရှိရင် ပြည်ပမှ တင်သွင်းရတာထက်စာရင် အများကြီးသက်သာမှာ ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းမှာ သုံးလို့ ပိုတယ်ဆိုရင်လည်း ပြည်ပသို့ပင် ထုတ်ရောင်းလို့ရနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ထုတ်ကုန် ပစ္စည်းအပေါ် Value Added လုပ်နိုင်မယ့် အသေးစားစက်ရုံတွေ အများကြီးလိုကြောင်း၊ သစ်ဆိုလို့ရှိရင်လည်း ရော်ဘာကဲ့သို့ပင်ဖြစ်ကြောင်း၊ ကျွန်းသစ်ဟာ ကမ္ဘာမှာ တန်ဖိုးအရှိဆုံး သစ်ဖြစ်ကြောင်း၊ ကျွန်းသစ်လောက်မကောင်းသည့် ထင်းရှူးသားလို သစ်မျိုးတောင်မှ Value Added လုပ်လိုက်လျှင် တန်ဖိုးမြင့်လာကြောင်း၊ နောက်တစ်ခုက မိမိတို့မှာ အကြီးစား စက်မှုစက်ရုံတွေ Heavy Industry ထူထောင်ဖို့၊ IT နှင့် Telecommunication ပညာရပ်တွေ အသုံးချနိုင်မှုတွေဟာ ကျေးလက်တွေအဆင့်ထိ ပျံ့နှံ့လွှမ်းခြုံသွားနိုင်အောင် လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း၊ မိမိတို့၏ ပညာရေးသည် အဆိုပါလုပ်ငန်းများက ဦးတည်ပြီး သင်ကြားပေးသည့် ပညာရေးဖြစ်ရန်လိုကြောင်း၊ ဘွဲ့ရပြီးသည်နှင့် အလုပ်ရုံ၊ စက်ရုံထဲကိုတန်းပြီးဝင်သွားပြီး လုပ်ငန်းတွေလုပ်ကိုင်နိုင်တဲ့ ပညာရေးမျိုးဖြစ်ရန် လိုကြောင်း၊ လက်တွေ့ကျသည့် ပညာရေးမျိုးဖြစ်အောင် မိမိတို့စီမံကိန်းများချမှတ်ပြီး လုပ်ဆောင် နေကြောင်းဖြင့် ဖြေကြားသွားပါသည်။
AFP၊ ပြည်သူ့ခေတ်နှင့် မြန်မာတိုင်း(မ်)တို့၏ ရခိုင်ပြည်နယ်အရေးကိစ္စ မေးမြန်းချက်များ အပေါ် ပြန်လည်ဖြေကြားရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စသည် တိုင်းပြည်၏ အရေးကြီးသည့် အရေးကိစ္စတစ်ခုဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် မမျှော်လင့်ဘဲ ဖြစ်လာသည့် အခက်အခဲစိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ ‘ဒီကိစ္စနှင့်ပတ်သက်၍ မိမိတို့အပေါ်တွင် နားလည်စာနာမှုများ ရှိသလို ဖြစ်ရပ်မှန်တွေကို အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ၊ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အောင် လုပ်တာတွေကို မိမိတို့ ကြုံတွေ့နေရပါကြောင်း၊ လူ့အဖွဲ့အစည်း နှစ်ခုဟာ တစ်နေရာတည်းတွင် နေ နေရခြင်းဖြစ်သည့်အတွက် ဘယ်လိုနည်းမျိုးတွေနှင့် ယှဉ်တွဲပြီး နေနိုင်မလဲဆိုသည်မှာ အရေးကြီးဆုံးအချက်ဖြစ်ကြောင်း၊ အတူယှဉ်တွဲနေထိုင်ဖို့ လုပ်ဆောင်ရမည့် လုပ်ငန်းတွေ အများကြီးရှိကြောင်း၊ အခြေခံ လုပ်ငန်းများဖြစ်သည့် ပညာရေးလုပ်ဆောင်ပေးဖို့ လိုကြောင်းနှင့် ဒေသခံလူတွေ အသိပညာတွေကြွယ်ဝပြီး အမြင်တွေလည်း ကျယ်ကြဖို့ လိုကြောင်း၊ ကိုယ့်လူမျိုးကို ချစ်တယ် ဆိုသော်လည်း ကမ္ဘာတွင် ဒီနေ့လူ့အခွင့်အရေး (Human Right) ကို အလေးထားပြီး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စိတ်ထားတွေလည်း ပြောင်းအောင်လုပ်ရမှာ ဖြစ်ကြောင်း၊ လက်ခံနိုင်သည့် စိတ်ထားများ ဖြစ်ပေါ် လာအောင် ပြုလုပ်ရမှာဖြစ်ကြောင်း၊ လက်ခံနိုင်သည့် စိတ်ထားတွေဆိုတာလည်း ပညာရေးပေါ်တွင် အခြေခံတာဖြစ်သည့် အတွက် ပညာရေးကစပြီး လုပ်ပေးစရာတွေ ရှိနေသေးကြောင်း၊ ပညာရေးအပြင် အလုပ်အကိုင် ရရှိရေးဟာလည်း ဒေသခံများအတွက် အရေးကြီးကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်လိုကြောင်း၊ အားလုံးဟာ လူသားဆိုသည့် စိတ်ဓာတ်ကို အခြေခံထားပြီး ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ရမည် ဆိုသည့် အတွေးအခေါ် အလေ့အကျင့်တွေ ရရှိအောင် လုပ်ပေးသွားရမှာဖြစ်ကြောင်း၊ ဒီဒေသ၏ လူ့အဖွဲ့အစည်းနှစ်ရပ် အတူတကွ နေထိုင်နိုင်သည့် နည်းလမ်းများကို မိမိတို့ ကြိုးစားရှာကြံနေကြောင်း၊ နည်းလမ်းတွေ အကြံပေးနိုင်ဖို့ ကြားအဖွဲ့အစည်း တစ်ခု အနေဖြင့် အင်အား ၂၇ ယောက်ပါသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွတ်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း၊ ထိုအဖွဲ့၏ အကြံပေးချက်အပေါ် မူတည်ပြီး မိမိတို့ အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းဖြင့် ရှင်းလင်းဖြေကြားသွားသည်။
Favourite Journal မှ မေးမြန်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်မှု နှင့်ပတ်သက်၍ လောလောဆယ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကဏ္ဍတွင် တပ်မတော်ကို ပစ်ပယ်ထား၍ မရပါကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကိုပြန်ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းတို့မှ စတင်ခဲ့ပြီး ယနေ့ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်လည်း နိုင်ငံရေးအခန်းကဏ္ဍ၌ တပ်မတော်ကိုပါ ဝင်ခွင့်ပေးထား ပါကြောင်း၊ လွှတ်တော်၌ ဤနိုင်ငံရေးကိစ္စကို အစိတ်အပိုင်းတစ်ခုအနေဖြင့် ကူညီေ ဆာင်ရွက်ပေးသည့် သဘောပင် ဖြစ်ပါကြောင်း၊ ‘ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ တဖြည်းဖြည်း လျော့သွားမည်ဟု မိမိထင်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင်သာ မဟုတ်ဘဲ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများတွင်လည်း ၎င်းအတိုင်းပင် လျော့သွားခြင်းပင် ဖြစ်ပါကြောင်းဖြင့် ဖြေကြားသွားသည်။
မီဒီယာများနှင့် တွေ့ဆုံပွဲတွင် မီဒီယာသမားများ၏ မေးခွန်းများအပေါ် နိုင်ငံတော်သမ္မတက စိတ်ရှည်လက်ရှည်နှင့် ရိုးရှင်းပွင့်လင်းစွာ ဖြေကြားခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မီဒီယာများ အပေါ် မည်မျှ အလေးထားသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ထိုသို့မေးမြန်း ဖြေကြားရာတွင် မေးမြန်းသည့်သူများဘက်က ရှုထောင့်အမြင်ပေါင်းစုံ ပါဝင်သကဲ့သို့ နိုင်ငံတော်သမ္မတက ဖြေကြားရာတွင်လည်း နောက်ခံအကြောင်းအရာ များနှင့်တကွ ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့သည်ကိုလည်း တွေ့ရသည်။
ဤသို့ နိုင်ငံတော်သမ္မတနှင့် မီဒီယာများတွေ့ဆုံမှုသည် အစိုးရအဖွဲ့အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၏ အင်္ဂါရပ်တစ်ခုဖြစ်သည့် ပွင့်လင်းမြင်သာမှု ရှိကြောင်းကို သက်သေ ပြလိုက်ခြင်း လည်းဖြစ်သည်။ ယနေ့အချိန်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် အစိတ်အပိုင်းအဖြစ် နိုင်ငံပိုင်မီဒီယာများကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာများအဖြစ်သို့ ပြောင်းလဲလုပ်ဆောင်နေသကဲ့သို့ ပုဂ္ဂလိကစာနယ်ဇင်းများ ကိုလည်း စာနယ်ဇင်း လွတ်လပ်ခွင့်များ ဖော်ဆောင်ပေးထားပြီး ဖြစ်ရာ ယခုတွေ့ဆုံပွဲသည် နိုင်ငံတကာကပင် အသိအမှတ်ပြုချီးမွမ်းနေရသည့် မြန်မာ့နွေဦး၏နောက်ထပ်တိုးတက်မှုတစ်ရပ် ဖြစ်ပါသည်။
Myanmar President Gives First Press Conference to Local Media
Myanmar's President Mr.Thein Sein was interviewd by CNA (Channel News Asia) Ref:presidentoffice

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!