Popular Posts!

Saturday, July 13, 2013

Lumps or Bumps အလုံး-အကျိတ်

2011/4/4

ခုတလော ဘေးပတ်ဝန်းကျင်မှာ အဆီကျိတ်ဖြစ်ကြသူတွေ များနေပါတယ်။ အစ်ကိုက ခါးမှာဖြစ်နေတယ်။ အဖေက နောက်ကြောမှာ၊ ညီမလေးက ရင်ဘတ်မှာ ဖြစ်နေတယ်။ တချို့အသိတွေလဲ ဖြစ်ကြတယ်။ ဘာလို့ အဆီကျိတ်တွေ အဖြစ်များလာကြလဲ သိချင်လို့ပါ။ လှုပ်ရှားမှု နဲလို့လား။ အစားအသောက်ကြောင့်လား ရှင်းပြပေးပါဦး။ ဆောင်ရန် ရှောင်ရန်လေးတွေလဲ ဖော်ပြပေးပါ။

Swelling အလုံး၊ Lump/Bump အကျိတ် ဆိုတာမျိုးတွေကို Tumor လို့ ဆေးစာက ခေါ်တယ်။ ကင်ဆာ နဲ့ ကင်ဆာ-မဟုတ်တာလို့ ၂ မျိုး ခွဲရတယ်။ အများဆုံးက ကင်ဆာ မဟုတ်ကြပါ။ ၂ မျိုးလုံးက ဘာလို့ဖြစ်တယ်ကို တိတိကျကျ ပြောမရပါ။ ကျား-မ၊ ကြီးသည်-ငယ်သည်မဟူ အတူတူ ဖြစ်ကြတယ်။ အစားနဲ့ ဆိုတယ်လို့ ထောက်ပြတာ မတွေ့ဘူးပါ။

အလုံး၊ အကျိတ် ဆိုတာ Congenital မွေးရာပါ၊ Traumatic ထိခိုက်-ဒဏ်ရာ၊ Inflammatory ရောင်ရမ်းတာ၊ တခြားဟာ တခုခုလဲ ဖြစ်နိုင်တယ်။ အနာလို၊ ဒဏ်ရာလိုကနေ ဖေါင်းလာတာဆိုရင် ဆရာဝန်မပြောလဲ သိကြပါတယ်။ ရောင်တာအပြင် နာတာ၊ နီတာ၊ ပူတာတွေနဲ့ ရောဖြစ်မယ်။

Fibroids (Myoma) သားအိမ်-အလုံး နဲ့ Fibroadenoma ရင်သား-အကျိတ်တွေကလဲ အတွင်းထဲမှာ ဖြစ်တာများလှတဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေ ဖြစ်တယ်။

အပေါ်ယံမှာ ဖြစ်တာတွေထဲမှာ ဒါတွေပါတယ် -
1. Lipomas အဆီကျိတ်၊ နေရာတကာဖြစ်တယ်။
2. Sebacious cyst ချွေးထွက်အိတ်-အကျိတ်၊ နေရာတကာဖြစ်တယ်။
3. Enlarged lymph glands တက်စေ့ရောင်တာ၊ ချိုင်း၊ ပေါင်ခြံ နဲ့ လည်ပင်းမှာ ဖြစ်တာများတယ်။
4. Cyst (ဆစ်စ်) အထဲမှာ အရည်တမျိုးမျိုးပါတယ်၊ (လေလဲရှိနိုင်တယ်) အကာလွှာရှိတယ်၊ နေရာတကာဖြစ်တယ်။
5. Ganglion လက်ကောက်ဝတ်နေရာမှာ အရွတ်အိတ်က ဖြစ်ရတာကို ခေါ်တယ်။
6. Boils အနာစိမ်း၊ Abscess ပြည်တည်နာ၊ နေရာတကာဖြစ်တယ်။
7. Corn or callus ငါးမျက်စိ၊ ခြေထောက်မှာ ဖြစ်လေ့ရှိတယ်။
8. Warts ကြွက်နို့၊
9. Moles မှဲ့သီး၊
10. Cancer of the skin အရေပြားကင်ဆာ၊

Tumor လို့ ပြောလိုက်ရင် အများစုက ကင်ဆာ ထင်ကြတယ်။ မဟုတ်ပါ။ Tumor ဆိုတာက အမေရိကန်လို၊ Tumour လို့ စာလုံးပေါင်းတာက အင်္ဂလိပ်နဲ့ ခေတ်ဟောင်း ပြင်သစ် ဖြစ်တယ်။ ယေဘုယျ ဆိုရင် တနေရာမှာ ပုံမှန် မဟုတ်ဘဲ ဖေါင်းကြွလာတာမျိုးကို ခေါ်တယ်။

ကင်ဆာရဲ့ထူးခြားချက်က ဖေါင်းတာ၊ ရောင်တာ၊ အကျိတ်ဖြစ်တာ မဟုတ်ပါ။ မှန်ဘီလူးနဲ့ စစ်ကြည့်ရင် (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ များလာတွေက ပုံပျက်နေတာတွေ ဖြစ်ပြီး Genetic mutations ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိပါတယ်။ Leukemia (လူကီးမီးယား) နဲ့ Carcinoma in situ လိုဟာတွေဆိုရင် ဖေါင်းလာတာမျိုး မရှိကြဘူး။

ရောဂါနာမယ်တွေမှာ နောက်ဆုံးက -megaly နဲ့ အဆုံးသတ်ရင် ကြီးနေတာကို ပြောတာဖြစ်တယ်။ ဥပမာ Hepatomegaly အသဲကြီးနေတာ၊ Splenomegaly ဘေလုံးကြီးနေတာ။ -oma နဲ့ အဆုံးသတ်ရင် အလုံးဖြစ်တယ်။ ဥပမာ -carcinoma, -sarcoma ဆိုတာမျိုး။

Hemangioma, Meningocele, Branchial cyst, Dermatoid cyst, Thyroglossal cyst တွေက မွေးကတည်းက ဖြစ်တာမျိုးတွေ။ Hematoma ဒဏ်ရာကြောင့် အထဲမှာ သွေးယိုလို့ ဖေါင်းနေတာ၊ Dislocation အဆစ်လွဲလို့ ရောင်နေတာ။

ကင်ဆာ မဟုတ်အကျိတ်တွေက သာမန်ဖြစ်တယ်၊ တိုးတာ-ပြောင်းဖြစ်တာ မရှိပါ၊ အန္တရာယ် မရှိပါ၊ တခြားကိုလဲ မပြန့်ပါ။
တချို့ ကင်ဆာ-မဟုတ်အကျိတ်တွေက ဒုက္ခပေးနိုင်တာတွေ ရှိတယ်။ Mass effect ခေါ်တယ်။ အရေးပါတဲ့ နေရာ-အင်္ဂါတွေ အပေါ်-အနီးအနား ဖြစ်နေရင် Compression ဖိအား သက်ရောက်စေတယ်။ ဟော်မုန်းထွက်ရာ (အင်ဒိုခရိုင်း-ဂလင်း) တွေမှာဖြစ်ရင် ဟော်မုန်းတွေ ပိုများစေတယ်။ ဥပမာ Thyroid adenomas လည်ပင်းကြီးအကျိတ်၊ Pituitary adenomas ဦးနှောက် (ပစ်ကျူထရီ) အကျိတ် ဆိုတာမျိုး ဖြစ်တယ်။

ကင်ဆာ-မဟုတ်တာရဲ့ ထူးခြားချက်က အဖုံးလွှာပါတာ ဖြစ်တယ် မှန်ဘီလူးနဲ့ကြည့်ရင် Fibrous sheath အလွှာကို တွေ့ရမယ်။ ဒါရှိလို့ အပြင်ကို မပြန့်စေပါ။ ဒီအချက်ဟာ ကင်ဆာနဲ့ ပြောင်းပြန်ဖြစ်တယ်။ ကင်ဆာ-မဟုတ်တာထဲမှာ Teratoma (တာရတိုးမား) ဆိုတာ ကတော့ နဲနဲဆိုးတယ်။ တချို့ဟာတွေက ကင်ဆာကို ပြောင်းသွားတတ်လို့။ အူမကြီးမှာ ဖြစ်တဲ့ Tubular adenoma ဆိုတာမျိုးကလဲ Colon cancer ကင်ဆာကို ပြောင်းသွားတတ်တယ်။ Melanoma နဲ့ Seminoma တွေက နာမယ်အရ ကင်ဆာ မဟုတ်တဲ့ သဘော ဆောင်ပေမဲ့ ကင်ဆာတွေ ဖြစ်တယ်။ အစဉ်အလာ ဆက်ခေါ်နေကြလို့ပါ။

ကင်ဆာ မဟုတ်ပေမဲ့ အလုံးကလေး တွေ့ရတာအပြင် တချို့မှာ ရောဂါလက္ခဏာတွေပါ ရှိနိုင်တယ်။ ဥပမာ -
• Bleeding or occult blood loss သွေး မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ် ယိုမယ်။ ဆက်ပြီး Anemia သွေးအားနည်းလာမယ်။
• Pressure pain ဖိနေလို့ အောက်ကအင်္ဂါ နာမယ်။ Dysfunction အလုပ်မလုပ်နိုင်တာ ဖြစ်စေမယ်။
• Cosmetic changes အကြည့်ရ ဆိုးမယ်။
• Itching ယားမယ်။
• Hormonal syndromes ဟော်မုန်းများတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်။
• Obstruction ပိတ်ဆို့နေမယ်။ ဥပမာ အူပိတ်တာ။
• Compression of blood vessels သွေးကြောကိုဖိလို့ သွေးမလျှောက်တာဖြစ်မယ်။ Vital organs အရေးပါတဲ့ အင်္ဂါတွေ အဖိခံရမယ်။

အကျိတ် အမျိုးမျိုး (အေ-တူ-ဇက်) -
• Acne cyst ဝက်ခြံအိတ်၊
• Arachnoid cyst ဦးနှောက် အကျိတ်၊
• Baker's cyst ဒူးကောက်ကွေး အကျိတ်၊
• Bartholin's cyst အမျိုးသမီး မွေးလမ်းအဝ အကျိတ်၊
• Breast cyst ရင်သား အကျိတ်၊
• Chalazion cyst (eyelid) မျက်စိအတွင်း စွန်ခြင်း၊
• Choroid plexus cyst (brain) ဦးနှောက် အကျိတ်၊
• Epididymal cyst ယောက်ျား-အစေ့ အကျိတ်၊
• Ganglion cyst ခြေ-လက် အရွတ်ကြော အကျိတ်၊
• Glial cyst ဦးနှောက် အကျိတ်၊
• Gartner's duct cyst အမျိုးသမီး မွေးလမ်းအဝ အကျိတ်၊
• Hydatid cyst တိပ်ပြားပုံသန်ကောင် အကျိတ်၊
• Hydrocele မုတ်ရောဂါ၊
• Liver cystic disease အသဲ အကျိတ်၊
• Meibomian cyst မျက်ခွံ အကျိတ်၊
• Nabothian cyst သားအိမ်အဝ အကျိတ်၊
• Ovarian cyst မျိုးဥအိမ် အကျိတ်၊
• Paratubal cyst သားအိမ်ပြွန် အကျိတ်၊
• Pericardial cyst နှလုံးအိတ် အကျိတ်၊
• Peritoneal cyst ဗိုက်ခေါင်း-အဖုံးလွှာ အကျိတ်၊
• Pilar cyst ဦးရေခွံ အကျိတ်၊
• Renal cyst ကျောက်ကပ် အကျိတ်၊
• Polycystic ovary syndrome မျိုးဥအိမ် အကျိတ်၊
• Pineal gland cyst ဦးနှောက် အကျိတ်၊
• Sebaceous cyst ချွေးထွက်အိတ် အကျိတ်၊
• Spermatocele ယောက်ျား-အကြော အကျိတ်၊

အတွင်းထဲရော အပြင်မှာပါဖြစ်တဲ့ အလုံး-အကျိတ်တွေထဲမှာ စိတ်ဝင်စားဘို့ ကောင်းတာတခုက Dermoid cyst (Cystic teratoma) ဆိုတာပါ။ သူဖြစ်ရင် လူတွေမှာရှိတဲ့ (တစ်ရှူး) မှန်သမျှ သူ့မှာရှိနိုင်လို့၊ အမွှေး၊ ဆံပင်၊ ချွေး၊ အဆီ၊ အရိုး၊ လက်သည်း၊ သွား၊ အရိုးနု၊ လည်ပင်းကြီးတစ်ရှူး၊ စတာတွေထဲက တွေ့ချင်တာ တွေ့နိုင်တယ်။ ကင်ဆာ မဟုတ်ပါ။ မျက်နှာ မျက်ခုံးဘေးမှာ လာတွေတဲ့ အလုံး ဆိုရင် ဒါဖြစ်မလား သံသယ မျက်စိနဲ့ ကြည့်ရတယ်။ အပြင်က စမ်းရင် ရာဘာကို စမ်းရသလိုနေမယ်။ မခွဲခင် သွားကလိရင် ရောင်နိုင်တယ်၊ ရင်းနိုင်တယ်။ အကုန်အစင် ခွဲမထုတ်ရင် ပြန်ဖြစ်နိုင်တယ်။ နောက်အဖြစ်များ နေရာတွေကတော့ Coccyx မီးညှောင့်ရိုးအပေါ်နဲ့ Ovary မျိုးဥအိမ်မှာလဲ ဖြစ်နိုင်တယ်။ မျိုးဥအိမ်မှာ ဖြစ်ရင် ဆံပင်တွေ အထွေးလိုက်ပါနိုင်တယ်။ အပင်း မဟုတ်ပါ။

ကင်ဆာ-မဟုတ်တဲ့ အကျိတ်ကို Treatment ဆေးကုဘို့ မလိုဘူး ပြောရင်ရတယ်။ သူရှိနေလို့ တခုခုခံစားရမှ ကုဘို့ လိုတယ်။ ခွဲစိတ်ထုတ်ပြစ်ပါမယ်။

Dr. တင့်ဆွေ
၅-၄-၂ဝ၁၁


Ref:dts-medicaleducation. blgs

- Posted using BlogPress from my iPhone5

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!