အစိုးရသစ်၏ တစ်နှစ်ကျော်ကျော် ကာလ အရောက်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတော် အခြေပြ မိန့်ခွန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြုပြင် ပြောင်းလဲရေးများ ဆိုင်ရာ မဟာဗျူဟာ မိန့်ခွန်းကို ၁၉ ရက်နှင့် ၂၀ ရက်နေ့ နှစ်ရက် ဆက်တိုက် ပြောကြားခဲ့သည်။
သမ္မတ၏ မိန့်ခွန်းအရ နိုင်ငံတော် အစိုးရ၏ ပထမ အဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာမှာ နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များ သိသာ ထင်ရှားစွာ ဆောင်ရွက်ခဲ့သည့် အတွက် နိုင်ငံတကာက ယုံကြည်မှု ရရှိလာပြီး အကူအညီ အထောက်အပံ့များ ပေးအပ်လိုကြောင်း ကမ်းလှမ်းမှုများ တိုးတက် လာခဲ့ သည်။ ယခုနိုင်ငံတော်၏ ဒုတိယ အဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာကို နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားရေး ဘဝ တိုးတက်ရေး အတွက် အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြောကြား သွားသည်ကို တွေ့ရသည်။
ပထမနေ့ နိုင်ငံတော် အခြေပြ မိန့်ခွန်း အရ ပထမ ငါးနှစ်တာ အတွင်း GDP ကို တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်သွား စေရန်၊ လူတစ်ဦးချင်းစီ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (Per Capita GDP) ကို အခြေခံ နှစ်ထက် ၁ ဒသမ ၇ ဆ တိုးတက်စေ ရန် ခန့်မှန်း ထားသော်လည်း အစိုးရအနေနဲ့ တစ်ဦးကျ GDP ကို သုံးဆလောက် တိုးတက် သွားစေရန် ပြုလုပ်လိုတာ ဖြစ်သည်ဟု ဆိုပါသည်။ နိုင်ငံတော်၏ GDP မှာ လယ်ယာကဏ္ဍ၏ ပါဝင်မှုကို အနည်းငယ် လျော့ကျ စေပြီး စက်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍများကို မြှင့်တင် နိုင်အောင် လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။
စီးပွားရေး ဆောင်ရွက်မှု၏ အရေးကြီးသော ခြေလှမ်း တစ်ရပ် အဖြစ် ထိုရည်မှန်းချက်များ ပြည့်မြောက်ရန် လက်ရှိ ထည့်ဝင် ရင်းနှီးနိုင်မှု ပမာဏထက် နှစ်ဆခန့် တိုးတက် ရင်းနှီး မြှုပ်နှံမှသာ အလုပ် အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများ တိုးတက်လာပြီး ရည်မှန်းထားသည့် သုံးဆဆိုသည်ကို တိုးတက် ရရှိလာမှာ ဖြစ်သည်ဟု ဖော်ပြပါသည်။
ဒုတိယနေ့ မိန့်ခွန်းတွင်မူ အကူအညီ အထောက်အပံ့ ပေးအပ်မည့် အဖွဲ့အစည်းများ အတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာများ ချမှတ်ပြီး Donor’s Meeting များတွင် ချပြရန် လိုကြောင်း ပြောကြားခြင်း ဖြစ်သည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၏ အထောက်အပံ့များ၊ စီမံ ခန့်ခွဲရေးနှင့် ပတ်သက်၍ ပြောရာတွင် နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူရာ၌ ဦးစားပေး ကဏ္ဍနှင့် ဦးစားပေး နယ်မြေများကို ရွေးချယ် ဖော်ပြထား သည်ကို တွေ့ရပြီး ယင်းအချက်များမှာ စိတ်ဝင်စားဖွယ် ကောင်းပါ သည်။ ဒေသန္တရ စီမံကိန်း ရှုထောင့်က ကြည့်လျှင် အားနည်းသည့် တိုင်းဒေသကြီး/ ပြည်နယ်များကို ဦးစားပေး နယ်မြေ အဖြစ် ကယား ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ ဖြစ်သည်။ ဆင်းရဲမှု အညွှန်းကိန်း ဘက်က ကြည့်လျှင် အညွှန်းကိန်း အမြင့်ဆုံး ဖြစ်သည့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့သည် ဦးစားပေးဖြစ်သည်။ ပြည်သူလူထု၏ လူမှု စီးပွား လိုအင်ဆန္ဒများ အရ ကြည့်လျှင် လျှပ်စစ်ကဏ္ဍ တိုးတက်ရေး၊ ဆက်သွယ်ရေး ကဏ္ဍ တိုးတက်ရေး၊ ငွေစုငွေချေးနှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ရေးတို့သည် ဦးစားပေး ဖြစ်သည်။ တိုင်းရင်းသား ပြန်လည် စည်းလုံး ညီညွတ်ရေး ရှုထောင့်မှ ကြည့်လျှင် ဦးစားပေး နယ်မြေများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ ဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီး၏ ရှင်းလင်းချက်များမှာ အလွန် အသေးစိတ် ကျ၍ ထောင့်စေ့အောင် စဉ်းစားထားချက်များ ဖြစ်သည်ကို တွေ့ရသည်။ ပဋိပက္ခ အလွန် ကာလများတွင် ရောက်ရှိ လာလေ့ရှိသော အလှူရှင်များ၏ ဖြစ်စဉ်များစွာကို အခြားသော နိုင်ငံများ တွင်လည်း တွေ့ကြုံခဲ့ရပြီး ဖြစ်ပါသည်။ အာချေး၊ အရှေ့တီမော၊ ကမ္ဘောဒီးယား၊ နီပေါ စသည်ဖြင့် လိုသည့် နေရာများစွာတွင် အကူအညီ များစွာ ဝင်ရောက်ခဲ့ကြသည်။ အခြေအနေနှင့် ကိုက်ညီစွာ အကျိုးရှိ သွားသော ဖြစ်စဉ်များ ရှိသလို အခြေအနေနှင့် အံချော် သွားသည်များ လည်းရှိသည်ဟု သိရပါသည်။ ၂၀၀၅ ပဲရစ် ကြေညာ စာတမ်းတွင် အထောက်အပံ့များ ထိရောက် အကျိုးရှိရေး အတွက် အခြေခံ မူငါးရပ် ကို တွေ့ရှိရသည်။ သမ္မတ မိန့်ခွန်းပါ ယင်းအချက်များမှာ အခြားသော နိုင်ငံများမှ အတွေ့အကြုံများ ဖြစ်ရာ မြန်မာနိုင်ငံ တွင်လည်း ကြုံတွေ့ ရမည်မှာ သေချာသော အချက်များ ဖြစ်ပါသည်။
ဤနေရာတွင် ထူးခြားသော အချက် တွေ့ရသည်မှာ တိုင်းရင်းသား ပြန်လည် စည်းလုံးညီညွတ်ရေး ရှုထောင့်က ကြည့်လျှင် ဦးစားပေး နယ်မြေများမှာ ကယားပြည်နယ်မှအပ ကျန်ပြည်နယ် ခြောက်ခုစလုံး ပါဝင်နေခြင်း ဖြစ်သည်။ ထိုခြောက်ပြည်နယ်တွင် ထပ်မံ၍ အသေးစိတ် နှိုင်းယှဉ်မည် ဆိုလျှင် ကချင်၊ ရှမ်း၊ ကရင်နှင့် မွန်ပြည်နယ်များတွင် ပို၍ လိုအပ်နေသည်ဟု တွေ့မြင် ရမည် ဖြစ်ပါသည်။
ပြန်လည် စည်းလုံး ညီညွတ်ရေး ဆိုသည်မှာ တစ်နည်းပြောလျှင် ပြန်လည် သင့်မြတ်ခြင်းပင် ဖြစ်သည်။ ယင်း၏ သဘောမှာ နာကျင်စေသော၊ အဖျက်သဘော ဆောင်သော၊ နှစ်ကာလ ကြာရှည်စွာ ဖြစ်ပွားခဲ့ ရသော ပဋိပက္ခများကြောင့် အချင်းချင်း ကင်းကွာ ခဲ့ကြသည့် တိုင်းရင်းသား အချင်းချင်းတို့ အကြား ဆက်ဆံရေးကို ပြန်လည် ရှင်သန်စေသော သဘောပင်ဖြစ်ပါသည်။ ယင်းပြန်လည် သင့်မြတ် စည်းလုံး ညီညွတ်ရေး ဖြစ်စဉ်မှာ ပဋိပက္ခလွန် အခြေအနေ ကိုသာ ကိုင်တွယ်နိုင်သည့် ထိရောက်သော နည်းလမ်း သက်သက်မျှ မဟုတ်ဘဲ အင်အား ပြင်းထန်လှသော ပဋိပက္ခများ ဖြစ်မလာစေရန် ကာကွယ် ပေးသော လုပ်ဆောင်ချက်လည်း ဖြစ်ပေသည်။
အထက် ဖော်ပြပါ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်ရန် ဦးစားပေး ပြည်နယ်များတွင် ပြည်ထောင်စု ဝန်ကြီး၏ တင်ပြချက်အရ သိရသည်မှာ အကူအညီ အထောက်အပံ့များ ရရှိလာ တော့မည်ဖြစ်သည်။ အဓိက ရယူလိုသော ဦးစားပေး လုပ်ငန်းစဉ်များ မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များပင် ဖြစ်သည်ဟု ဆိုပါသည်။ ထိုသို့ ဆိုပါလျှင် အထက်ပါ ဒေသများ၌ ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး ဖြစ်မှ သာလျှင် သို့မဟုတ် အနိမ့်ဆုံးအားဖြင့် အပစ်အခတ် ရပ်စဲရေး ရရှိပြီးမှ သာလျှင် ဖော်ဆောင်နိုင်မည့် သဘောဖြစ်ပါသည်။ လက်ရှိ အနေအထားတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့တွင် KIA မှအပ ကျန် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားခဲ့ပြီး ဖြစ်သည်။ ထိုအခြေအနေအရ ကချင်ပြည်နယ် KIA လှုပ်ရှား ထိန်းချုပ်ရာ ဒေသများမှအပ ကျန်ဒေသများတွင် Aid Plan များ စတင်နိုင်မည့် သဘော ဟု ယူဆရပါသည်။ ထိုသို့ တကယ်တမ်း စတင် လှုပ်ရှား လာပါက ကချင်ပြည်နယ်သည် ပထမဆုံးသော ငြိမ်းချမ်းရေး ခြေလှမ်းမှာပင် ညှိနှိုင်းရဆဲ ဖြစ်နေသည့် အတွက် နောက်ကျ ကျန်ရစ်နိုင်သည့် သဘော ဖြစ်နေပါသည်။
ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုတွင် အစမှ အဆုံးအထိ အဆင့်ပေါင်း များစွာ ပါဝင်နိုင်ရာ လူထုတစ်ရပ်လုံး ပါဝင်ရမည်ဖြစ်သော အဆင့် များရှိသော်လည်း ပထမဦးဆုံး စတင်ရမည့် ခြေလှမ်းများမှာ နှစ်ဖက် ခေါင်းဆောင်များက ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် မိမိ ဒေသ လူထု မနစ်နာရေးကို ရှေးရှု၍ သက်ဆိုင်ရာ ခေါင်းဆောင်များမှ ဦးစားပေး စဉ်းစား သင့်သည်ဟု ယူဆပါသည်။ ပဋိပက္ခများ၏ ရှည်ကြာ လှသော ဖြစ်စဉ်များအတွင်း တစ်ဖက်နှင့် တစ်ဖက်ကြား နာကျင် စေခဲ့သောအပြုအမူများ အများအပြားပင် ရှိခဲ့မည်ဖြစ်သည်။ ထိုနာကျင်မှုများမှ ဖြစ်ပျက်ခဲ့သော အကျိုးဆက် များမှာလည်း အများအပြားပင် ရှိခဲ့မည်ဖြစ်ရာ ထိုကိစ္စများအတွက် အပြန်အလှန် ခွင့်လွှတ်ကြောင်း၊ မှားယွင်း ခဲ့ကြကြောင်း ဖော်ပြ ဝန်ခံကြရန် လိုပါသည်။ ပြန်လည် စည်းလုံးရေး ဆိုသည်မှာ အတိတ်မှ ဖြစ်ခဲ့သော ပဋိပက္ခများ ၏ အရင်းအမြစ် များကို ကိုင်တွယ် ဖြေရှင်းပေးသော၊ အတိတ်မှ ပဋိပက္ခများ ထပ်မံ မဖြစ်ပါဟု ကတိ ပေးနိုင်သော နှစ်ဦးနှစ်ဖက် စလုံး အတွက် အကျိုးရှိစေမည့် ဆက်ဆံရေးများကို တည်ဆောက်ပေးခြင်း ပင်ဖြစ်ပါသည်။
ယခုနောက်ဆုံး အောင်မြင်ခဲ့သောအတွေ့အကြုံများအရ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို တစ်ပြိုင်တည်း ဖော်ဆောင်သော ဖြစ်စဉ်များ ဖြစ်ပါသည်။ ထိုအခြေအနေ ရောက်အောင် ပထမ အဆင့် တည်ငြိမ်မှု ရရှိစေရန် အဆုံးအဖြတ်သည် လူထုထံတွင် မရှိဘဲ သက်ဆိုင်ရာ ခေါင်းဆောင်များတွင်သာ အဓိက မှီတည်လျက် ရှိသည် ကို တွေ့ရမည်ဖြစ်သည်။ မဖြစ်နိုင်သေးသော အချက်များကို ထည့်သွင်းခြင်း မပြုဘဲ အဖြစ်နိုင်ဆုံး အချက်မှ စတင်ရန် လိုပါသည်။ တိုင်းရင်းသား အချင်းချင်းဆိုသော စိတ်ဓာတ်ကို အရင်းတည် ရပါ မည်။ တစ်ဖက်က လုံးဝမှား၍ တစ်ဖက်က လုံးဝမှန်နေသည်ဆိုသော ကိစ္စမျိုး မဟုတ်ဘဲ နိုင်ငံတော် ဖွဲ့စည်း တည်ဆောက်ပုံ ဆိုင်ရာ ပြောင်းလဲ လာသော ခေတ်အခြေအနေများအရ ရေရှည် ဆက်လက် ဆွေးနွေးရမည် ဖြစ်သော ပြဿနာ အဖြစ် ခံယူရန် လိုအပ်ပါသည်။ တစ်ပြိုင်နက် တည်းမှာပင် မိမိဒေသ၊ လူမျိုးနှင့် ပြည်သူများ လတ်တလော ကောင်းကျိုးများ ခံစားရေးကို ရှေးရှုသင့်ပါသည်။ မိုင်တစ်သောင်းကို ရည်ရွယ်၍ ခြေတစ်လှမ်းဖြင့် စတင် လိုက်ရန် လိုပါသည်။
ယခုသတင်းများအရ PDSG ခေါ် ငြိမ်းချမ်းရေး အကူအညီ အထောက်အပံ့ အုပ်စုများ ရောက်လာသည်ကို တွေ့ရသည်။ နော်ဝေ နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ကရင် ဒေသများ အတွင်း သွားရောက် ကြည့်ရှု လေ့လာ ခဲ့သည်ကို တွေ့ရသည်။ တရားဝင် မှတ်ပုံတင်ထားသော NGO အဖွဲ့ ၅၃ ဖွဲ့နှင့် ကုလသမဂ္ဂ အေဂျင်စီ ကိုးဖွဲ့တို့၏ လှုပ်ရှားမှုများ စတင် လာရန် ရှိနေသည်။ ထိုအဖွဲ့များတွင် ငြိမ်းချမ်းရေးအတွက် အထူးတလည် အားပြု ကူညီပေးမည့် အဖွဲ့များ လည်း ပါဝင်နေပါသည်။ ယင်းအပြင် အခြားသော ပြည်တွင်းပြည်ပ လက်တွေ့လှုပ်ရှား ကူညီနေကြသည့် အဖွဲ့များစွာလည်း ရှိနေပါသေး သည်။ ထို့ကြောင့် ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ နောက်ကျ မကျန်ရရေး အတွက် သက်ဆိုင်ရာ ခေါင်းဆောင်များ အလေးအနက် စဉ်းစား သင့်သော အချိန်ဟု ယူဆပါသည်။
Ref:ဘမောင်ညို-thevoiceweekly
No comments:
Post a Comment