Tuesday, 11 September 2012 07:15
ဒီမိုကရေစီ ဆိုတာ လူတိုင်း လိုချင် တောင့်တ နေတဲ့ အုပ်ချုပ်ရေး စနစ်ပါ။ ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရ ဟာ ဆိုကရေးတီး၊ ပလေတို၊ အရစ္စတိုတယ် စတဲ့ အတွေးအခေါ် ပညာရှင်ကြီးတွေ လက်ထက် ( လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကျော်) လောက်ကတည်းက ပေါ်ပေါက် လာခဲ့ပြီး ကမ္ဘာ့ နိုင်ငံများ အသုံးပြု လာခဲ့ပါတယ်။
လက်ရှိ အချိန်မှာ ဒီမိုကရေစီ ထွန်းကားပြီးတဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နေတဲ့ နိုင်ငံတွေ၊ ဗဟို ဦးစီး စနစ်နဲ့ သွားနေတဲ့ နိုင်ငံတွေနဲ့ အာဏာရှင် စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေ ဆိုပြီး ကမ္ဘာမြေပေါ်မှာ တွေ့မြင် ကြရမှာပါ။
ဒီအထဲ ကျုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေဆဲ နိုင်ငံ အမျိုးအစားမှာ ပါဝင်ပါ တယ်။ ကျွန်ုပ်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ သက်တမ်းဟာ အင်မတန်မှ နုနယ် ပါသေးတယ်၊ ကာလအားဖြင့် တစ်နှစ် ကျော်ကျော်ပဲ ရှိပါ သေးတယ်။
ဒီမိုကရေစီ ဆိုတာ အခု ရေတွင်းတူး၊ အခုရေကြည်သောက်ချင်လို့ မဖြစ်ပါဘူး၊ အခြေခံ အုတ်မြစ်က အစ၊ ဖောင်ဒေးရှင်း ကောင်းကောင်းနဲ့ အချိန်ယူ တည်ဆောက် ရတာမျိုးပါ၊ အရေးကြီးတာက ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်ဖို့ လိုပါတယ်၊ ဒီမိုကရေစီ ကျင့်စဉ်ကို နားလည် သဘောပေါက် လိုက်နာတဲ့ နိုင်ငံသားတွေ ဖြစ်ဖို့ လိုအပ်ပါ တယ်။
“ မြန်မာတွေဟာ ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူး” လို့ တချို့ တွေက ပြောနေကြပါတယ်။ ဆိုလို တာက ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ၊ စိတ်ထားတွေ ကျုပ်တို့မှာ မရှိသေးဘူး လို့ သုံးသပ် လိုက်တာပါ။ ဒါ စိတ်ဆိုးစရာ မဟုတ်ပါဘူး၊ မှန်သင့်သလောက် မှန်တယ်လို့ ပြောရမှာပါ။ ‘ဘယ်သူသေသေ ငတေမာရင် ပြီးရော’ ဆိုပြီး ထင်ရာစိုင်း နေတဲ့လူတွေ အများအပြား ရှိနေပါသေးတယ်။
ကျွန်ုပ်တို့ရဲ့ စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေ၊ ကျင့်ကြံပြုမူ ပုံတွေကို အများကြီး ပြုပြင်ဖို့ လိုပါသေးတယ်။ စည်းကမ်းရှိတဲ့ နိုင်ငံသား ဖြစ်အောင် လူတိုင်းလူတိုင်း ကြိုးစားသွားကြဖို့ လိုအပ် နေပါတယ်။ ဒါမှသာ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက် နိုင်မှာဖြစ်ပါတယ်။
ဒီမိုကရေစီ နိုင်ငံ ဖြစ်ပြီဟေ့ ဆိုပြီး ထစ်ခနဲရှိ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး၊ အဖွဲ့အစည်း အမျိုးမျိုး ဖွဲ့ပြီး လူစုလူဝေးနဲ့ မဖြစ်နိုင်တာတွေ တောင်းဆိုတာမျိုး၊ အင်အားပြပြီး အကျပ်ကိုင်တာမျိုး၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဘာသာစွဲတွေ ရှေ့တန်းတင် တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင် နေမယ်ဆိုရင် ဒီမိုကရေစီ သက်တမ်း နုနယ်သေးတဲ့ ကျုပ်တို့နိုင်ငံ အတွက် စိုးရိမ်စရာတွေ အများကြီး တွေ့လာကြရမှာပါ။
ဒီနေရာမှာ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ဘယ်လို ဒီမိုကရေစီ နိုင်ငံမျိုး ဖြစ်သင့်သလဲ ဆိုတာ ပြည်သူအားလုံး စဉ်းစား ကြစေလိုပါတယ်။ အမေရိကန်လို ဖြစ်ချင်သလား၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံတွေလို ဖြစ်ချင်သလား၊ မိမိနိုင်ငံနဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် ဒီမိုကရေစီ ပုံစံမျိုးကို ရွေးချယ်ကြဖို့ လိုပါတယ်။ တခြားနိုင်ငံကို ပုံတူ ကူးချလို့တော့ မဖြစ်ပါဘူး။ တစ်နိုင်ငံ နဲ့တစ်နိုင်ငံ သဘာဝ အနေအထားချင်းမှ မတူတာဘဲကိုး။
ဒီမိုကရေစီ ဘိုးအေဖြစ်တဲ့ အမေရိကန်မှာ လတ်တလော ဘာတွေ ဖြစ်ပျက်နေသလဲ၊ ကလေးစာသင်ကျောင်း ဝင်ပြီး အပြစ်မဲ့ စာသင်သားတွေကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာမျိုးတွေ၊ ရုပ်ရှင်ရုံဝင်ပြီး ရုပ်ရှင်ကြည့် ပရိသတ်ကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာမျိုးတွေ ကြားသိ နေရပါ တယ်။ ဒါဘာကြောင့် ဖြစ်ရတာလဲ၊ ပြန်လည် သုံးသပ် ကြစေလိုပါတယ်။
ကျွန်ုပ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီး အိန္ဒိယမှာလို လူ့အခွင့်အရေးတွေ တင်းပြည့် ကျပ်ပြည့် ပေး ထားမှာလား၊ ဒါဖြင့် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ မြို့ပြ သန့်ရှင်း သာယာလှပမှု အနေအထားတွေကို တရုတ်၊ ဂျပန်၊ စင်ကာပူ စတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ် ကြည့်ကြပါဦး။
စင်ကာပူကျွန်း နိုင်ငံလေးရဲ့ ဒီမိုကရေစီ စနစ်ကို သုံးသပ်ကြည့် ကြပါ၊ အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှု အနေအထား၊ ဝန်ထမ်းများ ရဲ့ စည်းကမ်းသေဝပ်မှုနဲ့ လူနေမှု အဆင့်အတန်းတွေ ဘယ်လို အခြေ အနေမျိုးမှာ ရှိနေပါသလဲ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှု ဘယ်လောက် ကောင်းသလဲ၊ အာဆီယံ နိုင်ငံတွေထဲမှာ အကောင်းဆုံး၊ အတည်ငြိမ်ဆုံး လို့တောင် ပြောလို့ရပါတယ်။
မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီ သက်တမ်းဟာ အလွန် နုနယ်သေးတာ ကြောင့် ပြည်သူလူထု လိုချင်တဲ့ အနေအထားကို မရောက်သေးဘူး ဆိုတာ ဝန်ခံပါတယ်။ သို့သော် အခုလို အခါသမယမှာ နိုင်ငံအတွက် အရေးအကြီးဆုံး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းကြီးကတော့ (၁) တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ (၂)၊ နိုင်ငံစီးပွား တိုးတက် မြင့်မားလာရေးလို့ စာရေးသူ ထင်မြင်မိပါတယ်။ တရားဥပဒေ စိုးမိုးရေး တို့၊ ဥပဒေပြုရေးတို့လို လုပ်ငန်းတွေကို လွှတ်တော် အသီးသီးက အကောင်အထည် ဖော်နေကြပါပြီ။
တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ပြီး ထာဝရ ငြိမ်းချမ်းမှု ရရှိရေးနဲ့ နိုင်ငံ့စီးပွား တိုးတက် မြင့်မားလာရေး ဆိုတဲ့ လုပ်ငန်းကြီး နှစ်ရပ်ကိုတော့ တိုင်းရင်းသား အားလုံး တက်ညီလက်ညီနဲ့ အစွမ်းကုန် ကြိုးပမ်း ရုန်းကန်ကြမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့နိုင်ငံဟာ ထူးခြားတဲ့ ဝိသေသ လက္ခဏာ ရှိပြီး လူမျိုးပေါင်း တစ်ရာကျော် စုပေါင်း နေထိုင်တဲ့ ပြည်ထောင်စုကြီးပါ။ လူမျိုး ပေါင်း တစ်ရာကျော်သော တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာ တစ်ဦးအပေါ် တစ်ဦး သံသယစိတ်တွေ ကင်းစင်သွားမှသာ ထာဝရ ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်တယ်။
ဒါကြောင့် လူမျိုးစွဲ၊ ဝါဒစွဲ၊ ဘာသာစွဲ ကိစ္စတွေကို ရှေ့တန်းမတင် ကြဘဲ ပြည်ထောင်စုကြီး၏ အရေးကိုသာ ဦးစား ပေးကြရမယ့် အခါသမယ ဖြစ်ပါတယ်။ မိမိနိုင်ငံ တိုးတက်ရေးအတွက် မတူတာတွေ ကို ဘေးဖယ် ထားပြီး တူတာတွေကို လက်တွဲ အကောင်အထည် ဖော် ကြရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး သွေးစည်း ညီညွတ်ပြီး ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ ဒုတိယ အချက်ဖြစ်တဲ့ နိုင်ငံ စီးပွားရေးကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံ စီးပွားရေးကို အကောင်အထည် ဖော်တဲ့နေရာမှာလည်း FDI ခေါ်တဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုတွေ လိုအပ် လာပါတယ်၊ ဒါမှသာ ခေတ်မီ စက်ရုံ၊ အလုပ်ရုံကြီးတွေ ပေါ်လာမယ်။ မိမိနိုင်ငံသား တွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာမယ်။ နည်းပညာပိုင်း ဆိုင်ရာတွေ တိုးတက် မြင့်မားလာမယ်။ မိမိနိုင်ငံက ထွက်ရှိတဲ့ သယံဇာတ ကုန်ကြမ်းတွေကို ကုန်ချော ထုတ်လုပ်နိုင်မယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ စက်မှု နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာမယ်။
သို့သော်လည်းပဲ လက်ရှိ စွမ်းအင် ထုတ်လုပ်နိုင်မှု လောက်နဲ့တော့ အကြီးစား စက်မှုလုပ်ငန်း တွေကို အကောင်အထည် ဖော်နိုင်ဦးမှာ မဟုတ် ပါဘူး။ အသေးစား လုပ်ငန်းတွေလောက်ပဲ အကောင်အထည် ဖော်နိုင် ဦးမှာပါ။ ကားထုတ်လုပ်တဲ့ စက်ရုံမျိုးတွေ၊ သံမဏိ စက်ရုံကြီးတွေ တည်ဆောက်နိုင်ဖို့ အတွက် စွမ်းအင်ကဏ္ဍကို လက်ရှိထက် အဆများစွာ တိုးပြီး ထုတ်လုပ်နိုင်အောင် အရေးတကြီး အကောင်အထည် ဖော်ကြရမှာ ဖြစ်ပါတယ်။ ဒီကိစ္စ ကိုလည်း နိုင်ငံသား အားလုံး ဝိုင်းဝန်းလုပ်ဆောင် ကြရမှာပါ။ စီမံကိန်းအတွက် မလွှဲမရှောင်သာ အနစ်နာခံသင့်ရင် ခံကြ ရမှာပါ။ အစိုးရကတော့ ပြည်သူတွေ မနစ်နာအောင် အစွမ်းကုန် ဆောင်ရွက် ပေးမယ်လို့ ယုံကြည်ပါတယ်။
လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း (မြန်၊ ကောင်း၊ သက်သာ) ဆိုတဲ့ မူကိုချည်း လက်ကိုင်ထားလို့ မဖြစ်ပါဘူး။ တစ်ချိန်က (မြန်၊ ကောင်း၊ သက်သာ) ဆိုတဲ့ မူအတိုင်း၊ ကားလမ်း၊ ရထားလမ်းတွေ ဖောက်လုပ် ခဲ့ပါတယ်။ အမြန်လည်း ပြီးရမယ်၊ ကောင်း ရမယ်၊ ကုန်ကျစရိတ် သက်သာရမယ်ဆိုတဲ့ မူကြောင့် လမ်းတွေ အရည်အသွေးညံ့ပြီး အချိန်တိုအတွင်း ပျက်စီး သွားခဲ့တာ မျက်မြင် ကိုယ်တွေ့ ပါပဲ။
လမ်းတွေက အောက်ခြေ ခိုင်မာမှု မရှိတာကြောင့် အပျက်အစီး များတဲ့ အပြင် ကားမှောက်တာတွေ၊ ရထားမှောက်တာတွေတောင် ရှိ ခဲ့ပါတယ်။ ဒါကြောင့် အကြိမ်ကြိမ် ပြန်ပြင်ရခြင်း၊ ပြုပြင် ဖာထေးရခြင်း တွေကြောင့် (မြန်၊ မကောင်း၊ မသက်သာ) ဆိုတဲ့ အဖြစ်မျိုးနဲ့ ကြုံကြရ ပါတယ်။ ဒါကြောင့် ဘယ်လို လုပ်ငန်းမျိုးပဲ လုပ်လုပ်၊ အောက်ခြေ (ဖောင်ဒေးရှင်း) ခိုင်မာဖို့ အရေးကြီး လှပါတယ်။
သမ္မတကြီး ဦးသိန်းစိန်က ငါးနှစ်အတွင်းမှာ ပြည်သူတစ်ဦးချင်း ရဲ့ဝင်ငွေကို လက်ရှိထက် သုံးဆ တိုးတက်အောင် ကြိုးပမ်းသွားမယ်လို့ မကြာခင်က မိန့်ကြား သွားခဲ့ ပါတယ်။ ဒါကို ပြည်ပမီဒီယာ အချို့က များလွန်းတယ်၊ မဖြစ်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။ ကျွန်ုပ် အမြင်အရတော့ များတယ်လို့ မထင်ပါဘူး၊ တိုင်းရင်းသားအားလုံး စည်းစည်း လုံးလုံးနဲ့ ကြိုးပမ်း အကောင်အထည် ဖော်မယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်တယ်။ ထာဝရ ငြိမ်းချမ်းရေး မတည်ဆောက် နိုင်ရင်တော့ အောင်မြင်ဖို့ မသေချာပါဘူး။
သမ္မတကြီးရဲ့ ရည်မှန်းချက် အောင်မြင်သည့် တိုင်အောင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ရည်မှန်းထားတဲ့ ၁၉၅၉ ခုနှစ် လောက်က အနေအထားမျိုး ရောက်လာဖို့တော့ အများကြီး လိုအပ် နေသေးကြောင်းပါ ခင်ဗျား။
Ref: မင်းရက္ခ-thevoiceweekly
No comments:
Post a Comment