ဇန်နဝါရီ ၃၊ ၂ဝ၁၃
သမ္မတဦးသိန်းစိန် အစိုးရကာလ
၂ဝ၁၁ ခုနှစ်၊ မတ်လကုန် စစ်အစိုးရ အုပ်ချုပ်ရေးမှ သမ္မတဦးသိန်းစိန် အစိုးရ အုပ်ချုပ်ရေးသို့ ပြောင်းလဲလာ ချိန်မှစ၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အလျင်အမြန်ဆောင်ရွက်လာသည့် ကြိုးပမ်းချက် အချို့ကို အထင်အရှား တွေ့မြင်ကြရသည်။ ၂ဝ၁၁ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် မှတ်တမ်းတင် ထိုက်သည့် အပြောင်း အလဲများဖြင့် ထူးခြားသော နှစ်တစ်နှစ်ဖြစ်သည်။ အများအားဖြင့် ပြည်သူလူထုကို အားတက် ရွှင်လန်းစေသည့် ပြောင်းလဲမှုများဖြစ်သည်။
၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် ဒီမိုကရေစီ အသွင် သဏ္ဌာန်သို့ပြောင်းလဲ ရန်ကြိုးပမ်း ဆောင်ရွက်မှု အချို့ကို အထင်အရှား တွေ့မြင်ခဲ့ကြရသည်။ သို့သော် လက်ရှိ အနေအထားအရ ပြည်သူ လူထုနှင့် နိုင်ငံ့စီးပွားရေး အခြေအနေများမှာ တပ်မတော် အစိုးရလက်ထက် အခြေ အနေနှင့် ထူးမခြားနားပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ဈေးကွက်စီးပွားရေးတွင် မျှတ သောပြိုင်ဆိုင်မှုနှင့် လွတ်လပ်စွာရွေးချယ် နိုင်မှုများကြောင့် ဈေးနှုန်းများ ရုတ်တရက် အဆမတန် တိုးမြင့်လာနိုင်ခြင်း မရှိဟု ဆိုပါသည်။ သို့သော် ဈေးနှုန်းများ အထူးသဖြင့် အများပြည်သူသုံး ကုန် စည်နှင့် ဝန်ဆောင်မှုဈေးများ အဆမ တန်တက်လာသည်ကို တွေ့ကြရသည်။ ဥပမာ ရထားခ ဆယ်ဆခန့် တိုးလာခဲ့သည်။ ရန်ကုန်-မန္တလေးကားခမှာလည်း တစ် သောင်းကျော်သွားသည်။ ချောနှင့် စာပို့ခများ ၅ ဆမှ ၁ဝ ဆကျော်အထိ တိုးလာခဲ့သည်။ ၂ဝ၁၂ ဧပြီ ၁ ရက်မှ စ၍ ရန်ကုန်တွင် ရေတစ်ဂါလန်လျှင် အိမ်သုံးအတွက် ၆ဝ ရာခိုင်နှုန်း၊ လုပ်ငန်းသုံးအတွက် ၄၃ ရာခိုင်နှုန်းခန့် ဈေးတက်သွားခဲ့သည်။
စီးပွားရေးလုပ်ကိုင်နေသည့် အစိုး ရအဖွဲ့အစည်းများအနေဖြင့် စီးပွားရေး ဆန်ဆန် ဆောင်ရွက်ရမည် ဖြစ်သော်လည်း အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် မိုက်ကရိုအဆင့် (Micro Level) ကိုသာ မကြည့်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မက်ကရိုအဆင့် (Macro Level) ကိုပါ ထည့်သွင်းစဉ်းစားရန်လိုပါသည်။ အထူးသဖြင့် အများပြည်သူသုံး ကုန်စည် နှင့် ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အလေးအနက် စဉ်းစားရန် လိုပါသည်။
နိုင်ငံတော်၏ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် အရေးအပါဆုံး မောင်းနှင်အားများအနက် တစ်ခုဖြစ်သော လျှပ်စစ် ဓာတ်အားဈေးနှုန်း များလည်း မြင့်တက် လာသည်။ အိမ်သုံးမီတာ ဈေးနှုန်းကို ၄ဝ ရာခိုင်နှုန်းနှင့် လုပ်ငန်းသုံး မီတာဈေးနှုန်းကို ၅ဝ ရာခိုင်နှုန်းမြှင့် တင်ခဲ့သည်။ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် လုပ်ငန်းသုံး မီတာခ တစ်ယူနစ်လျှင် ၇၅ ကျပ်သို့မြင့်လာခဲ့ သည်။ တစ်နှစ်လျှင်ကျပ် ၂၅ဝ ဘီလီယံ (ကုဋေနှစ်သောင်းငါးထောင်) အရှုံးပေါ် နေ၍ ဈေးမြှင့် ရခြင်းဖြစ်ကြောင်း၊ လက် ရှိအခြေအနေအရ အိမ်ထောင်စုအားလုံး ၏ ၂၆ ရာခိုင်နှုန်းခန့်ကိုသာ လျှပ်စစ် ဓာတ်အား လက်ရှိဖြန့်ဖြူးပေးနိုင်သည့် အနေအထားတွင် သာရှိပြီး ဈေးတင်၍ ဝင်ငွေတိုးလာလျှင် လျှပ်စစ်မီးမရသေး သည့် ဒေသများသို့ပါ တိုးချဲ့ဖြန့်ဖြူးပေး နိုင်မည်ဟုဆိုပါသည်။ ထုတ်လုပ်မှု စရိတ်ကြီးမြင့်မှုကြောင့် အရှုံးပေါ်နေ သည့်အတွက် ဈေးတိုးမြှင့်ရခြင်းဖြစ် သည်ဟုဆိုပါသည်။ အရှုံးပေါ်သည့် လုပ်ငန်းများကို ထိထိရောက်ရောက် စိစစ်ပြီး မလိုလားအပ်သော အသုံး စရိတ်များနှင့် အလေအလွင့်များ မရှိ အောင် ကြပ်မတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်း စွမ်းဆောင်ရည်တိုးမြှင့်စေခြင်းဖြင့် ဈေး နှုန်းတည်ငြိမ်ရေးကို အလေးပေးဆောင် ရွက်ရမည့်အစား၊ ဈေးနှုန်းမြှင့်တင်မှု မှာ ပြည်သူလူထု၏ အကျိုးစီးပွားကို အလေးမထားခြင်းသာဖြစ်သည်။ ထို့အပြင် လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခ ကို ပိုမိုကောက်ခံခြင်းမှာ တိုင်းပြည် စီးပွားရေးတိုးတက်မှုကို အထောက် အကူဖြစ်စေသည့် ထုတ်လုပ်မှုတိုးတက် ရေး၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေသည်။ လုပ်ငန်းသုံး ဓာတ်အားခနှုန်းမြင့်မားမှုသည် ထုတ်လုပ်မှုစရိတ်ကို တိုးမြှင့်စေသည့် အလျောက် အထွေထွေ ကုန်ဈေးနှုန်းကို ကြီးမြင့်စေပါသည်။ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှု၊ မီးအား မမှန်မှုများမှာ တိုင်းပြည်၏ လူမှုစီးပွား ရေးတိုးတက်မှုအတွက် ကြီးမားသော အဟန့်အတားဖြစ်သည်။ ဈေးနှုန်းကို နိုင်ငံတကာ စံနှုန်းနှင့် ညှိသကဲ့သို့ ဝန် ဆောင်မှုများကိုလည်း နိုင်ငံတကာ စံချိန်စံနှုန်းနှင့်ညီအောင် ဆောင်ရွက် သင့်ပါသည်။
ဓာတ်ဆီဈေးနှုန်းကိုလည်း ၂ဝ၁၂ ခုနှစ် နှစ်ဆန်း ၁ ရက် တနင်္ဂနွေနေ့မှ စ၍ ရန်ကုန်မြို့တွင် တစ်ဂါလန်ကို ၂၅ဝဝ ကျပ်မှ ရုတ်တရက် ဈေးနှုန်း ၃ဝ ရာခိုင်နှုန်းကျော် တိုးမြှင့်ပြီး ၃၃၅ဝ ကျပ်ဖြင့် ရောင်းချခဲ့သည်။ ဈေးနှုန်းများ မြှင့်တင် ရာတွင် နိုင်ငံ၏ လူမှုစီးပွားရေး အခြေအနေနှင့် အများ ပြည်သူ၏ အခက်အခဲကို ထည့်သွင်း စဉ်းစားရန် လိုပါသည်။
ဗဟိုစာရင်းအင်းဌာန(CSO)၏ အိမ်ထောင်စုဝင်ငွေနှင့် အသုံးစရိတ် စစ်တမ်းအရ ၁၉၉၇ ခုနှစ်တွင် ဝင်ငွေ ထက် အသုံးစရိတ် က များနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ၂ဝဝ၁ ခုနှစ် ရန်ကုန်နေ မိသားစုတစ်စု၏ အသုံးစရိတ်တွင် အစားအသောက် အတွက်စရိတ်မှာ ၇ဝ ရာခိုင်နှုန်းခန့် ပါဝင်သည်ကို တွေ့ရပါသည်။ သို့ဖြစ် ၍ အများပြည်သူသုံး ကုန်စည်နှင့်ဝန် ဆောင်မှုများအတွက် အခကြေးငွေများ တိုးမြှင့်ရေးတွင် နိုင်ငံသူ၊ နိုင်ငံသား အများစု၏ လူနေမှု အဆင့်အတန်း မြင့်မားရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အတွက် ဆင်းရဲနွမ်းပါးနေသည့် ၂၆ ရာခိုင်နှုန်းသော ပြည်သူများ အရေးကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်။
ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှု
စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် နိုင်ငံတကာအတွေ့ အကြုံအရ ငွေရေးကြေးရေးကဏ္ဍမှ စတင်ခြင်းသည် ပိုမိုထိရောက်မှုရှိသည် ကို တွေ့ရှိ ရမည်ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘဏ္ဍာ ရေးနှင့် ငွေကြေး ဆိုင်ရာ ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်ထားသည်ကို တွေ့ရ သည်။
၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ရှုပ် ထွေးသော ငွေလဲလှယ်မှုစနစ်ကို ပြုပြင် ပြီး ၂ဝ၁၂ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စနစ်သစ်ကို စတင်ကျင့်သုံးခဲ့သည်။ ငွေလဲလှယ်မှုစနစ်ကို ပုံသေချိတ်ဆက် မှုမှ ထိန်းချုပ်နှုန်းရှင်မျှောသည့် စနစ်သို့ ပြောင်းလဲ လိုက်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် စီးပွားရေးတိုးတက် မှုကို အဟန့်အတားဖြစ်စေ သည့် ငွေလဲ လှယ်နှုန်း တစ်ခုမကရှိပြီး တည်ငြိမ်မှု ကင်းမဲ့နေသည့် ပုံသေချိတ်ဆက်မှု စနစ်မှ ဈေးကွက်ပေါက်ဈေးကို ထင် ဟပ်စေနိုင်သည့် ထိန်းချုပ်နှုန်းရှင်မျှော စနစ်သို့ ပြောင်းလဲ ကျင့်သုံးမှုမှာ ငွေ ကြေးမှုဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အတွက် ကောင်းမွန်သော အစပျိုးမှုဖြစ် သည်။ ဆက်လက်၍ ထိရောက် တည်ငြိမ်မှု ရှိသည့် တစ်မျိုးတည်းသော ငွေလဲလှယ်နှုန်း ဖြစ်ပေါ်ရေးကို အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့မှ နည်းပညာနှင့် အကူအညီများ ရယူပြီး အမြန်ဆုံး ဆက်လက်ကြိုးပမ်းသွားရန် လိုပါသည်။ တစ်ခုတည်းသော ငွေလဲလှယ်နှုန်း ဖြစ်ပေါ်ရေး အပြင် ကုန်သွယ် မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်တိုးတက်ရန်နှင့် ပုဂ္ဂလိက ဘဏ်များကို တန်းတူ ယှဉ်ပြိုင်နိုင်မည့် အခြေအနေများ ဖန်တီးပေးရန် လိုပါသည်။ ငွေလဲလှယ်နှုန်း အပါအဝင် ငွေကြေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများ အစပျိုးလာ သည်ကို တွေ့မြင်နေကြ ရသည်။ ငွေလဲ လှယ်နှုန်းကိစ္စတစ်ခုတည်း သက်သက် ကိုသာ ဆောင်ရွက်ခြင်းထက် နိုင်ငံအဆင့် စီးပွားရေး မူဝါဒ(မက်ကရို စီးပွားရေး မူဝါဒများ)ကို အလေးပေး ဆောင်ရွက် သွားရန် လိုပါသည်။
ဗဟိုဘဏ်က ၂ဝ၁၁ စက်တင် ဘာ ၁ ရက်မှစ၍ အပ်ငွေအတိုးကို ၁၂ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ချေးငွေအတိုးကို ၁၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့လည်း ကောင်း လျှော့ချလိုက်သည်။ ထပ်မံ၍ ၂ဝ၁၂ ဇန်နဝါရီတွင် အပ်ငွေကို ၈ ရာခိုင်နှုန်းနှင့် ချေးငွေကို ၁၃ ရာခိုင် နှုန်းသို့ ထပ်မံလျှော့ချပေးခဲ့သည်။ ဘဏ်တိုးနှုန်း လျှော့ချခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများတိုးလာမှု၊ ထုတ်လုပ်မှုစရိတ် လျော့နည်းမှုများ ဖြစ်လာနိုင် သကဲ့သို့၊ ဘဏ်တိုးနှုန်းက ငွေဖောင်း ပွမှုနှုန်းထက် နိမ့်ကျမှု၊ ဈေးကွက်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် အတိုးနှုန်းထက် နည်းမှုများကြောင့် ဘဏ်အပ် ငွေများ လျော့နည်းကျဆင်းသွားမှုများ ဖြစ်နိုင်ပါသည်။ ထို့အပြင် လက်ရှိ မြန်မာနိုင်ငံတွင် လူများစုမှာ ဘဏ်နှင့် ဆက်သွယ်မှုမရှိကြပါ။ ဘဏ်မှချေးငွေ အများအပြားရနိုင်သည့် အခွင့်အလမ်း ရှိသူမှာ လူနည်းစုသာဖြစ်သည်။ သက် သာသော ဘဏ်ချေးငွေကို အသုံးချပြီး လူတစ်စု အမြတ်ထုတ်မည့် အရေးကို ထည့်သွင်းစဉ်းစားသင့်သည်။ အရာရာကို အခြားနိုင်ငံများနှင့်ယှဉ်ပြီး (အာဆီယံ စံနှုန်း) အရဟု ဆို၍မရပါ။ ကိုယ့်အခြေအနေကို ကိုယ်သိရန်လိုပါသည်။ ပြည်တွင်းတွင် လှည့်လည်သုံးစွဲငွေ လွန်စွာ များပြားပြီး အထွေထွေ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသည့် ပြင်ပအတိုးနှုန်း မြင့်မားနေသည့် နိုင်ငံမျိုးတွင် ဘဏ်တိုးနှုန်း လျှော့ချရေးကို အလေးအနက် ထားလည်း စဉ်းစားသင့်သည်။
ထို့အပြင် ဘဏ်များတွင် ငွေစုသူ အများစုမှာ ဝင်ငွေနည်း လူလတ်တန်းစားများ ဖြစ်ကြသည်။ ဘဏ်မှ ချေးငှား သူအများစုမှာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုန်သည်ပွဲစားများ ဖြစ်သည်။ အတိုးနှုန်းလျှော့ချမှုသည် ဘဏ်တွင် စုဆောင်းသည့် ဝင်ငွေနည်း လူလတ်တန်းစားကို ထိခိုက်စေပြီး အကျိုးရှိ သူမှာ ဘဏ်မှ ချေးငွေ အမြောက်အမြား ရနိုင်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ကုန်သည်ပွဲစားကြီးများနှင့် အခွင့်ထူးခံ လူနည်းစု ဖြစ်သည်။ ဘဏ်တိုးနှုန်း လျှော့ချမှုသည် ဘဏ်အဖွဲ့အစည်းများ နှင့် လူတစ်စုအကျိုးအတွက်သာ မဖြစ်ရန် လိုပါသည်။
ဘဏ်တိုးနှုန်းမှာ ငွေကြေးမူဝါဒ တွင် အရေးပါသော အဓိကအစိတ် အပိုင်းဖြစ်သည့်အလျောက် ပကတိ အခြေအနေကို သုံးသပ်ပြီး အတိုးနှုန်း မပြင်မီ လိုအပ်သည့် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်သင့်ပါသည်။ နိုင်ငံ စီးပွားရေးအခြေအနေ၊ ငွေကြေး ပမာဏ၊ ငွေဖောင်းပွမှု၊ ဈေးကွက် တွင် ဖြစ်ပေါ်နေသည့် ငွေကြေးဈေးနှုန်း (အတိုး)နှင့်အလားအလာစသည့် အခြေ အနေများပေါ်မူတည်၍ ဘဏ်တိုးနှုန်း ကို အတိုးအလျှော့ ပြုလုပ်ရန်လိုပါ သည်။
ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ အကောင်အထည်ဖော်ရာတွင် ငွေကြေး ဈေးကွက်ရှိရန်လိုအပ်ပါသည်။ စတော့ ဈေးကွက် အကောင်အထည်ဖော်ရန် ၁၉၉၆ ခုနှစ်မှစ၍ ဒိုင်ဝါ(ဂျပန်)နှင့် မြန်မာ့ စီးပွားရေးဘဏ် ပူးပေါင်း၍ မြန်မာ့ငွေချေး သက်သေခံ လက်မှတ် ရောင်းဝယ်ရေး ဗဟိုဌာန၊ ကုမ္ပဏီလီမိတက် ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံ တွင် အများပိုင်နှင့် ဖက်စပ် ကုမ္ပဏီ လွန်စွာနည်းပါးလျက် ရှိသည်။ ၁၉၉ဝ ပြည့်လွန်က ၃ဝ ခန့်ရှိခဲ့ပြီး ယခုအခါ ၁၅ ခုခန့်သာရှိနိုင်သည်ဟု ခန့်မှန်းရ ပါသည်။
အရင်းအနှီးဈေးကွက်ထက် ငွေ ရေးကြေးရေးကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးရေး က ပို၍အရေးကြီးပါသည်။ ထို့ကြောင့် ဘဏ်လုပ်ငန်းဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်သင့်ပါသည်။ အရင်းအနှီး ဈေးကွက်က စီးပွားရေး တိုးတက်မှုကို ပိုမိုမြန်ဆန်အောင် လုပ်ပေးနိုင်ပါသည်။ သို့သော် တိုးတက်အောင် လုပ်ပေးနိုင် ခြင်းမရှိပါ။ အရင်းအနှီးဈေးကွက် တိုး တက်ဖွံ့ဖြိုးမှုမှာ စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးမှုအပေါ် မူတည်နေပါ သည်။ မြန်မာနိုင်ငံအနေဖြင့် ဘဏ် လုပ်ငန်း၊ အခြေခံပို့ဆောင်ဆက်သွယ် ရေးဥပဒေနှင့်စီမံအုပ်ချုပ်မှုများ ကောင်း မွန်ရေးကို ဦးစားပေးဆောင်ရွက်ရန်လို အပ်မည်ဖြစ်သည်။
ဦးသိန်းစိန် အစိုးရလက်ထက် ပုဂ္ဂလိကဘဏ်များအပေါ် ကန့်သတ်ချက်များ လျှော့ချပေးမှု အပါအဝင် ငွေရေး ကြေးရေး ကဏ္ဍကို ခေတ်နှင့်အညီ တဖြည်းဖြည်း ပြုပြင်လာသည်ကို တွေ့ရသည်။ ဗဟိုဘဏ်ကို လွတ်လပ်စွာ သီးခြားရပ်တည် ဆောင်ရွက်နိုင်ခွင့် ရှိသည့် အဖွဲ့အစည်းအဖြစ် ပြန်လည်ဖွဲ့ စည်းပြီး ငွေကြေး မူဝါဒကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနက ဘဏ္ဍာရေး မူဝါဒကိုသာ ဆောင်ရွက်တော့မည်ဟုဆိုပါသည်။ အဆိုပါ မူဝါဒနှစ်ရပ်ကို လွတ်လပ်စွာခွဲခြားကိုင် တွယ်ပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကြီးမားသော အထောက်အကူဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် နိုင်ငံတော် ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျတ်)ကို ပြည်သူ့လွှတ်တော်တွင် ပွင့်ပွင့် လင်းလင်း ဆွေးနွေးလာသည်ကို စတင် တွေ့ရှိလာရသည်။
မြသူအောင်
Ref:myanmarij.com
ဟောင်ကောင် အခြေစိုက် Credit suuisse က မြန်မာ့ဈေးကွက်ကို အရှေ့တောင် အာရှ နှင့် နှိုင်းယှဉ်ပြသထားတာပါ....
No comments:
Post a Comment