ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်အသီးသီးက မြေဧက ၄၀၀၀ ကျော်မှာ မြေကွက်ယူထားပြီး အလုပ်မစရင် ပြန်သိမ်းမယ်လို့ တိုင်းစက်မှုဇုန်များစီမံခန့်ခွဲရေးကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ခုက စက်မှုမြေကွက်လွတ်ပေါင်း ၂၀၀၀ ကျော်နဲ့ အလုပ်မလုပ်တဲ့ ဂိုဒေါင်ပေါင်း ၁၂၀၀ ကျော် စုစုပေါင်း မြေဧက ၄၀၀၀ ကျော်မှာ ဒီဇင်ဘာ ၁ ရက်ကစပြီး ဘာလုပ်မယ်ဆိုတာ တင်ပြရမယ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ လုပ်ငန်းစရမယ်၊ မလုပ်နိုင်ရင် မြေပြန်သိမ်းမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လှိုင်သာယာ စက်မှုဇုန်
ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲ ကိုယ်စားလှယ်တယောက်က မေးမြန်း ခဲ့ဖူးပြီး တာဝန်ရှိတဲ့ ဒုဝန်ကြီးတယောက် က အလုပ်မလုပ်တဲ့ စက်မှုဇုန်မြေကွက် တွေ ပြန်သိမ်းဖို့ လုပ်နေပါတယ်လို့ ဖြေကြားခဲ့ပါတယ်။
ရန်ကုန်စက်မှုဇုန်လုပ်ငန်းရှင်တယောက်ကတော့ ဒီလို ကြေညာခဲ့တာ ၃ ကြိမ်ထက်မနည်း ရှိသွားပြီဖြစ်ပြီး တခါမှ ပြန်သိမ်းတာ မတွေ့ရဘူးလို့ ပြောပါတယ်။
“အလုပ်မလုပ်တဲ့ စက်မှုဇုန်မြေကွက်တွေ ပြန်သိမ်းမယ်လို့ အခုလို ကြေညာတာ ၃ ကြိမ်လောက်ရှိပြီ။ တကယ်တမ်းတော့ ဖြစ်မလာခဲ့ဘူးဗျ။ ဘယ်လိုကြောင့်လဲဆိုတော့ နောက်ဆုံးကျရင် အသနားခံစာတွေ ဇုန်ကော်မတီကို ရောက်လာတယ်ဗျာ။ ကျနော့်မှာတော့ ပင်စင်သွားကတည်းက ဒီမြေကွက်ပဲ ရှိတော့တာပါဆိုတဲ့ အသနားခံစာတွေ၊ တကယ်လုပ်မယ့်သူတွေက ယူထားတဲ့ မြေကွက်တွေမဟုတ်ဘဲ ဆိုင်ရာပိုင်ရာတွေက ယူထားတဲ့ မြေကွက်တွေလေဗျာ။ တကယ်လုပ်မယ့်လူလက်ထဲ ရှိနေတာ မဟုတ်ဘူး၊ ၀ယ်ပြီး ဈေးကစားတဲ့ သူလက်ထဲနဲ့ ဆိုင်ရာပိုင်ရာလက်ထဲက မြေကွက်တွေချည်း ဖြစ်နေတာလေ၊ ပြန်သိမ်းမယ်ပြောလာပြီး နောက်ဆုံးကျ တခါမှ ဖြစ်မလာဘူးဗျ။ တကယ်တမ်း ဖြစ်သင့်တာက သက္ကရာဇ် ၂၀၀၀ လောက်ကတည်းကဗျ။”
လက်ရှိ ရန်ကုန်စက်မှုဇုန်မြေဈေး ၁ ဧက ကျပ်သိန်း ၃၀၀၀ ကနေ ၅,၀၀၀ ကြား ပေါက်ဈေး ရှိနေပြီး အိမ်နီးချင်းထိုင်းမှာ အဆောက်အဦပါ ၁ ဧက ကျပ်သိန်း ၁,၅၀၀ လောက်ပဲ ပေါက်ဈေးရှိတယ်လို့ သူက ပြောပါတယ်။
စက်မှုဇုန်မြေကွက်ယူထားပြီး ၃ လအတွင်း လုပ်ငန်းမစရင် သက်ဆိုင်ရာက မြေပြန်သိမ်းခွင့် ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Ref;burmesedvb.no
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသော စက်မှုမြေကွက်လွတ် ၂၃၀၀ ကျော်နှင့် ဂိုဒေါင် ၁၂၀၀ ကျော် လုပ်ငန်းမလုပ်ပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ထုတ်ပြန်
Written by:
ကျော်ထင်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၉ ခုမှ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသော စက်မှုမြေကွက်လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးမှာ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိပါက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီထက် နောက်မကျဘဲ နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ မြေကွက်လွတ်နှင့် ဂိုဒေါင်များမှာ ဧရိယာအားဖြင့် ၄၄၁၈ ဧကကျော်ရှိသည်ကို စိစစ်တွေ့ရှိရသည်ဟု အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းမြေကွက် ပိုင်ဆိုင်ထားသူများမှာ “စက်မှုလက်မှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့်” အမိန့်ကို ထုတ်ယူခဲ့စဉ်က အသုံးပြုခွင့်ရသော မြေကွက်တွင် ရရှိပြီးသည့်နေ့မှ သုံးလအတွင်း အဆောက်အအုံ ဆောက်လုပ်၍ စတင်အသုံးပြုရမည်ဟူ၍ လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်း အသုံးပြုခွင့်ရသူသည် သတ်မှတ်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကွက်ကို ဆောက်လုပ်ထားသော အဆောက်အအုံနှင့်အတူ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပြန်လည်သိမ်းယူခွင့် ရှိသည်ဟူသည့် စည်းကမ်းချက်များကို သဘောတူလက်မှတ် ရေးထိုးထားကြောင်း ပါရှိသည်။
ထိုသို့ လက်မှတ်များ ရေးထိုးထားသော်လည်း ပိုင်ဆိုင်သည့် အချိန်မှစတင်၍ ယနေ့အထိ စက်မှုလက်မှု လုပ်ငန်းများကို လုပ်ကိုင်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် အဟန့်အတားတစ်ရပ် ဖြစ်နေသည့်အပြင် စက်မှုဇုန်မြေဈေး မြင့်တက်မှုများကို ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ လုပ်ကိုင်ခြင်းမရှိသေးသည့် စက်မှုမြေကွက်လွတ်နှင့် ဂိုဒေါင်များကို ပိုင်ဆိုင်ထားသူများမှာ ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစား၊ တည်ဆောက်ရေးကာလ၊ စီးပွားဖြစ် စတင်လည်ပတ်မည့်ရက်၊ ဘဏ္ဍာငွေကြေး ရင်းနှီးမြှပ်နှံမှုနှင့် ရရှိမှုအချက်အလက်များ ပြည့်စုံစွာပါဝင်သည့် Detail Business Plan ကို ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီ) သို့ ပေးပို့တင်ပြရမည်ဖြစ်ကြောင်း၊ ယင်း Detail Business Plan များကို စိစစ်အတည်ပြုပြီးပါက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ထက် နောက်မကျစေဘဲ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုက်နာခြင်းမရှိပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက ထုတ်ပြန်ထားသည်။
Ref:elevennews