Popular Posts!

Tuesday, November 11, 2014

စတော့ဈေးကွက် ဥပဒေများနှင့် လိုက်လျောညီထွေရှိရေး


ဘဏ်များကို ရှယ်ယာ ဈေးကွက်မှာ 'အရောင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်တယ်' ဆိုတာဟာ ပြဋ္ဌာန်းထားတဲ့ ငွေချေးသက်သေခံ ဥပဒေနဲ့ ညီညွတ်ခြင်း ရှိမရှိတော့ ပြန်လည်စိစစ်ဖို့ လိုပါတယ်။
စတော့ရှယ်ယာ ဈေးကွက်ကိုအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ကာလမှာပဲ အများနဲ့သက်ဆိုင် တဲ့ကုမ္ပဏီတွေဟာလည်း မိမိတို့ရဲ့ရှယ်ယာတွေကို အများပြည်သူကိုထုတ်ရောင်းဖို့ စီစဉ်နေကြ တာကိုတွေ့ရ ပါတယ်။ အချို့ကုမ္ပဏီတွေဟာလည်း လုပ်ငန်းစတင်ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် အများပြည်သူကို ရှယ်ယာတွေ ဖိတ်ခေါ်ရောင်းချဖို့ပြင်ဆင်နေကြသလို အချို့လည်းလုပ်ငန်း မစတင်နိုင်သေးဘဲ ကြိုတင်ပြင်ဆင် မှုတွေ၊ ဖြစ်နိုင်ခြေရှိမှု လေ့လာရေးလုပ်ငန်းတွေ၊ ထုတ်ဝေသူနဲ့ ဖြန့်ဝေရောင်းချသူများ၊ ရှေ့နေများ၊ စာရင်းကိုင် အဖွဲ့များနဲ့ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်နေကြတာကိုလည်း တွေ့မြင်နေရပါတယ်။

ဒီနေရာမှာ ရှယ်ယာထုတ်ဝေသူနဲ့ ရင်းနှီးမြှုပ်နှံသူတို့အကြားမှာ ရှယ်ယာတွေကို တာဝန်ခံ ဖြန့်ချိရောင်း ချပေးမယ့် အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ အဲဒီ တာဝန်ခံ ဖြန့်ချိရောင်းချမယ့် လုပ်ငန်းဟာစတော့ဈေးကွက်ကြီးရဲ့ ကနဦး ရှေ့ပြေးအဆင့်ဖြစ်ပါတယ်။ ဒီနေရာမှာ ထုတ် ဝေရောင်းချမယ့်ကုမ္ပဏီနဲ့ ရှယ်ယာဖြန့်ချိရောင်းချပေးမယ့် သူတို့ဟာ (due diligence) ကို ပြတဲ့အနေနဲ့ ကြိုတင်ညှိနှိုင်းမှု အစည်းအဝေးများကို ကြိမ်ဖန်များစွာ ဆွေးနွေးလုပ်ဆောင်ကြရပါတယ်။ ဆွေးနွေးပြီးတဲ့နောက် အများပြည်သူတွေကို ရှယ်ယာထုတ်ဝေရောင်းချမယ့် (IPO process) အတွက် ထုတ်ဝေသူနဲ့ဖြန့်ဝေရောင်း ချပေးမယ့်သူများဟာ စာချုပ်စာတမ်းများချုပ်ဆိုကာ လုပ်ငန်းစဉ် အဆင့်များ ချမှတ် ဆောင်ရွက်ကြရပါတယ်။ စတော့ဈေးကွက် စည်းမျဉ်းတွေအရ ထုတ်ဝေရောင်းချသူတို့ရဲ့ အကြောင်းခြင်းရာတွေကို ကျကျနနမလေ့လာဘဲ ပြည်သူကို ရောင်းချပေးလို့ တစ်ချိန်မှာ မှားယွင်းမှု ဖြစ်လာပါက တရားစွဲမှုတွေ ဖြစ်လာနိုင်လို့ ဖြစ်ပါတယ်။

တာဝန်ခံ ဖြန့်ချိရောင်းချမယ့်အဖွဲ့တွေဟာ ရှယ်ယာရောင်းချတဲ့ (underwriting) နည်းစနစ် များဖြစ်တဲ့ firm commitment, best effort, standby agreement စတဲ့နည်းစနစ်များထဲက တစ်ခုခုနဲ့ရောင်းချပေး လေ့ရှိပါတယ်။ ဘယ်လိုနည်းစနစ်နဲ့ပဲ ရောင်းချသည်ဖြစ်စေ ဒီလို တာဝန်ခံ ဖြန့်ချိရောင်းချမယ့်အဖွဲ့တွေဟာ တည်ဆဲဥပဒေများအရ ဖြန့်ချိရေးလိုင်စင်များ ရယူဖို့လိုအပ်ပါတယ်။

ကုမ္ပဏီများဟာ ရှယ်ယာမရောင်းခင်မှာ အစောက underwriter များနဲ့ တိုင်ပင်ရေးဆွဲထားတဲ့ကုမ္ပဏီ ရဲ့လုပ်ငန်းလမ်းညွှန်ရှင်းတမ်း (prospectus) ကို ကြိုတင်ဝေငှရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုပ်ငန်းလမ်း ညွှန်ရှင်းတမ်းထဲက အချက်တွေ၊ ဦးဆောင်မယ့်လူတွေကို ယုံကြည်စိတ်ချရင် ဝယ်ယူနိုင်ကြပါတယ်။ ဒါပေမယ့် လုပ်ငန်းလမ်းညွှန်ရှင်းတမ်းကိုတော့ ရင်းနှီးမြှုပ်နှံသူတွေ၊ သုတေသီတွေ လေ့လာကြဖို့ အချိန်တစ်ခုတော့ ပေးရမှာဖြစ်ပါတယ်။
  • အဲဒီအလားအလာ ညွှန်းတမ်းမှာ­ risk factor တွေ ထည့်ရေးထားသလား၊ ကုမ္ပဏီရဲ့ ရေတို-ရေရှည် စီမံကိန်းတွေ ပါဝင်သလား၊ တည်ထောင်သူဒါရိုက်တာများနဲ့ သူတို့ရဲ့ အကြောင်းခြင်းရာတွေ ပါဝင်ရဲ့လား၊ ကုမ္ပဏီကိုနိစ္စဓူဝ မောင်းနှင်မယ့် အဆင့်မြင့်အရာရှိတွေက ဘယ်သူတွေလဲ၊ ရောင်းချလို့ရမယ့် ငွေကို သုံးစွဲမယ့်နေရာတွေ ဖော်ပြထားရဲ့လားစသည်ဖြင့် စစ်ဆေးကြည့်သင့်ပါတယ်။ စင်းလုံးချောရေးထားပြီး ဆုံးရှုံးနိုင်ခြေရှိမှုတွေ ထည့်မသွင်းထားရင်တော့ဒီအလားအလာ ညွှန်းတမ်းဟာပြည့်စုံတယ်လို့ ယူဆလို့မရပါ ဘူး။

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က နိုင်ငံတော်က ပြဋ္ဌာန်းခဲ့တဲ့ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေပုဒ်မ ၂၃ မှာစတော့ဈေးကွက်မှာ လျှောက်ထားနိုင်တဲ့ လိုင်စင်အမျိုးအစားတွေကို ဖော်ပြထားပြီး အဲဒီလိုင်စင်တွေကတော့
  • (က) ငွေချေးသက်သေခံလက်မှတ်များ ကိုယ်ပိုင်ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊
  • (ခ) ငွေချေးသက်သေခံလက်မှတ် အကျိုးဆောင်သို့မဟုတ် ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်၊
  • (ဂ) ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်း လုပ်ငန်းလိုင်စင်၊
  • (ဃ) ငွေချေးသက်သေခံလက်မှတ်ရင်းနှီးမြှုပ်နှံမှုအတွက် အကြံပေးလိုင်စင်၊
  • (င) ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ ကိုယ်စားလှယ်လိုင်စင်
စသည်ဖြင့် သတ်မှတ်ထားကြောင်း တွေ့ရှိရပါတယ်။.

  • တစ်ခါငွေချေးသက်သေခံ လက်မှတ်လဲလှယ်ရောင်းဝယ်ရေး ဥပဒေအခန်း (၁၂) တားမြစ်ချက်နှင့် ပြစ်ဒဏ်များဆိုတဲ့အပိုင်းရဲ့ ပုဒ်မ ၅၆ မှာ မည်သူမျှ (က) လုပ်ငန်းလိုင်စင်မရှိဘဲ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ခြင်းမပြုရ ဆိုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။
မကြာသေးမီက သတင်းစာထဲမှာ ကုမ္ပဏီကြီးတစ်ခုက ရှယ်ယာတွေကို အများပြည်သူကို ကမ်းလှမ်း ရောင်းချခြင်း (IPO) ပြုလုပ်ရာမှာပုဂ္ဂလိကဘဏ်တွေမှတစ်ဆင့် ရောင်းချဖို့ စီစဉ်နေတဲ့သတင်းကို ဖတ်လိုက် ရပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ပြည်သူတွေရဲ့လက်ထဲကို ပုဂ္ဂလိကဘဏ် များမှတစ်ဆင့် ရှယ်ယာတွေအရောက်ထည့်မယ်ဆိုတာ ကောင်းမွန်သလိုလိုဖြစ်ပေမယ့်ဘဏ်များကို ရှယ်ယာ ဈေးကွက်မှာ 'အရောင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်တယ်' ဆိုတာဟာ ပြဋ္ဌာန်းထားတဲ့ ငွေချေးသက်သေခံ ဥပဒေနဲ့ ညီညွတ်ခြင်း ရှိမရှိတော့ ပြန်လည်စိစစ်ဖို့ လိုပါတယ်။ ဘဏ်တစ်ခုဖြစ်ဖြစ်၊ အခြားသော ကုမ္ပဏီအဖွဲ့ အစည်းတစ်ခုပဲဖြစ်ဖြစ် ဒီလိုစတော့ရှယ်ယာတွေကို အများပြည်သူကို တာဝန်ခံ ဖြန့်ချိရောင်းချသူ underwriter အဖြစ်၊ sale agent အဖြစ် တာဝန်ပေး ရောင်းခွင့်ပြုဖို့ဆိုရင် ဥပဒေအရ လိုင်စင်ရယူရမယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အချက်ဖြစ်ပါတယ်။

  • ဘဏ်တွေဟာ ကုမ္ပဏီရဲ့ banker အဖြစ် ဆောင်ရွက်နိုင်ပေမယ့် sale agent အဖြစ် အသုံးချနိုင်၊ မချနိုင်ဆိုတာ ပြန်သုံးသပ်ကြရမှာဖြစ်ပါတယ်။

ဒါကြောင့် ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ကို လျစ်လျူရှုဆောင်ရွက် ပြီး ဘဏ်တွေကို ရှယ်ယာကိုယ်စားလှယ်တွေအဖြစ် ပေးမယ်ဆိုစေဦးတော့အခြားသော public company အသစ်များကပါ ဘဏ်တွေကိုရောင်းချဖို့ ကမ်းလှမ်းလာရင် ဘဏ်တွေကရောင်းချပေးမှာလား၊ ဒီတစ်ခုကျတော့ ရောင်းပေးပြီး အခြားကုမ္ပဏီတွေကျတော့ မရောင်းပေးနိုင်ဘူးလားဆိုတဲ့ စောဒကများ တက်လာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မကြာခဏကြားနေရတဲ့ level playing field ဆိုတဲ့ မျှတစွာ ယှဉ်ပြိုင်နိုင်မှု တစ်ခုဆုံးရှုံသွားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
  • တကယ်လို့ ပုဂ္ဂလိကဘဏ်များကို စတော့ရှယ်ယာဈေးကွက်မှာ ပါဝင်လိုပါကလည်း ၎င်းဘဏ်တို့ကို လက်အောက်ခံကုမ္ပဏီများအဖြစ် ဖွဲ့စည်းစေကာ ငွေချေးသက်သေခံလက်မှတ်ဥပဒေ အခန်း(၄)ပါပြဋ္ဌာန်းချက် များနဲ့အညီ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းလိုင်စင်များလျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် စတော့အိတ်ချိန်းရဲ့ အဖွဲ့ဝင်များအဖြစ်လည်း ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
စတော့ဈေးကွက်က သတ်မှတ်ထားတဲ့ စာရင်းဝင်စံများကို မမီသေးတဲ့ စတော့များကို အရောင်းအဝယ် ပြုလုပ်တဲ့ ကောင်တာဈေးကွက် (over-the-counter) ကို တည်ထောင်လိုပါကလည်း ငွေချေးသက်သေခံ လက်မှတ်ဥပဒေ အခန်း (၈) ပါသတ်မှတ်ပြဋ္ဌာန်းချက်များနဲ့အညီ securities company အနည်းဆုံး သုံးခု ပါဝင်တဲ့ ကောင်တာဈေးကွက်ထူထောင်ဖို့ လျှောက်ထားနိုင်ပါတယ်။ အဲဒီကောင်တာဈေးကွက်မှာ စတော့အိတ် ချိန်းကြီးမှာ စာရင်းမဝင်နိုင်သေးတဲ့ စတော့တွေကိုရောင်းချနိုင်မှာ ဖြစ်ပါတယ်။ဝယ်ထားသူတွေအတွက်လည်း liquidity ဖြစ်စေသလို မျှတ၊ ပွင့်လင်းပြီးထိရောက်တဲ့ ဈေးကွက်တစ်ခုကိုဖန်တီးပေးရာ ရောက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်ဟာ အခုမှ စတင်ကာစဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှု များစွာဆောင် ရွက်နေသော ကြားကာလဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းပြီး စည်းမျဉ်းများမထွက်သေးတဲ့အချိန်၊စည်းမျဉ်းထိန်း ကျောင်းတဲ့အဖွဲ့ SEC ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ကာလဖြစ်ပါတယ်။

  • အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများအနေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေအရ အများပြည်သူသို့ (ရှယ်ယာ) ကမ်းလှမ်းရောင်းချခြင်းကို မိမိတို့ကိုယ်တိုင် ရောင်းချ နိုင်ပေမယ့်လည်း 'တာဝန်ခံ ဖြန့်ချိရောင်းချခြင်းများ' ဟာ အခြားသော ဥပဒေများဖြစ်တဲ့ မြန်မာနိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်းများဥပဒေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေများနှင့် ကိုက်ညီမှုရှိမရှိကိုလည်း ပြန်လည် သုံးသပ်ကြဖို့လိုမယ်လို့ ထင်ပါတယ်။
Bagan Capital အကြီးတန်းဒုတိယ ဥက္ကဋ္ဌ ဝီလီယံအောင်းက မြန်မာနိုင်ငံ စတော့ဈေးကွက်မှာရှယ်ယာ ထုတ်ဝေရောင်းချသူတွေဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့လက်ထဲကို တိုက်ရိုက်ရောင်းချတဲ့စနစ် ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြား စတော့ဈေးကွက်တွေမှာဆိုရင် အများပြည်သူကိုရောင်းချရာမှာ အဆင့်ပေါင်းများစွာကို ဖြတ်သန်းရပါတယ်။ သုတေသနအဖွဲ့တွေ၊ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေ၊ တာဝန်ခံ ဖြန့်ချိရောင်းချသူတွေ၊ တွဲဖက် တာဝန်ခံ ရောင်းချသူတွေစသည်ဖြင့် အဆင့်များစွာကို ဖြတ်သန်းကြရပါတယ်။ နိုင်ငံခြားမှာကအများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီကိုစတော့အိတ်ချိန်းမှာ စာရင်းဝင်မယ်ဆိုတဲ့စိတ်နဲ့ ဖွဲ့ကြပါတယ်။ ဒီမှာတော့ဘာကြောင့် မှန်းမသိပေမယ့် အချို့အများပိုင်တွေက စတော့အိတ်ချိန်းကို စာရင်းဝင်ဖို့ စိတ်မဝင်စားကြတာကို တွေ့ရပါတယ်၊ အများပိုင်ကုမ္ပဏီတွေဟာ စတော့အိတ်ချိန်း ဥပဒေကိုလိုက်နာဖို့လိုတယ်လို့ ဆိုခဲ့ပါတယ်။

------------------
ထွန်းသက်ထွန်း


Ref:mdy boy

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!