ရုရှားနိုင်ငံက နောက်ဆုံးတီထွင်ထုတ်လုပ်လိုက်သော ပိုဆိုင်ဒန်အမည်ရှိ ကမ္ဘာဖျက်လက်နက်ကြီးကို စတင်ရေချစမ်းသပ်လိုက်သည် ဟု ဆိုသည်။
အဏုမြူထိပ်ဖူးသယ်ဆောင်နိုင်စွမ်းရှိသော မောင်းသူမဲ့ရေအောက်ယာဉ်ငယ် (UUV) အမျိုးအစားဖြစ်ပြီး ပိုဆိုင်ဒန်ဟု အမည်ပေးထားသည်။

ယမ်းတန်ချိန် ၂ သန်း ပေါက်ကွဲအားနှင့် ညီမျှသောစွမ်းအင်ရှိသည့် အဏုမြူထိပ်ဖူးသယ်ဆောင်ကာ ရန်သူ၏ ရေတပ်အခြေစိုက် စခန်းများ၊ လေယာဉ်တင်သင်္ဘောအုပ်စုများ၊ ပင်လယ်ကမ်းရိုးတန်းမြို့ကြီးများအားလုံးကို ရေဒီယိုသတ္တိကြွ ဆူနာမီလှိုင်းများ ဖန်တီးကာ ဖျက်ဆီးချေမှုန်းရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ပွိုင်ဆီဒန်တော်ပီဒို၏ ကိုယ်ထည်အတွင်းတွင် ကိုယ်ပိုင်အဏုမြူဓာတ်ပေါင်းဖိုငယ်တစ်ခု ထည့်သွင်းပေးထားသည်။
ယခုတော်ပီဒိုမှာ စမ်းသပ်သည့်အဆင့်သာဖြစ်ပြီး စွမ်းအားပြည့်မဟုတ်သေးဟု ဆိုသည်။
ယခုကဲ့သို့ ပင်လယ်ပြင်အတွင်း စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန (MoD) က ဇူလိုင်လအတွင်း ကြေညာခဲ့ပြီးဖြစ်ကာ UUV ၏ လမ်းညွှန်စနစ်နှင့် ရေအောက်စစ်ဆင်ရေးတို့ကို အလိုအလျောက်စနစ်ဖြင့် စမ်းသပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ UUV ကို အဏုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းဖြင့် သယ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ တင်ဆောင်သွားသည့် ရေငုပ်သင်္ဘောမှာ B-90 Sarov-class Project 20120 အမျိုးအစား ရေငုပ်သင်္ဘောဖြစ်တန်ရာချေရှိကြောင်း ရုရှားမီဒီယာတို့တွင် ဖော်ပြသည်။

အဆိုပါရေငုပ်သင်္ဘောသည် ရေတပ်၏ လက်နက်သစ်များ စမ်းသပ်ရာတွင် အသုံးပြုသည့် တစ်ခုတည်းသော အမျိုးအစားဖြစ်သည်။
ပိုဆိုင်ဒန်စီမံကိန်းကြီးရှိနေကြောင်း ပထမဆုံးစတင် ဖော်ထုတ်ချပြခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်သည်။
ထိုနှစ် နိုဝင်ဘာလအတွင်း ရုရှားအစိုးရပိုင် ရုပ်သံဌာနက ပိုဆိုင်ဒန်စီမံကိန်းကို ထုတ်လွှင့်ပြသခဲ့ဖူးသည်။
ပိုဆိုင်ဒန် တော်ပီဒိုသည် ကိုယ်တိုင်မောင်းနှင်စနစ် ရေအောက်မောင်းသူမဲ့ယာဉ်ငယ် အမျိုးအစားဖြစ်ပြီး ကီလိုမီတာပေါင်း ၁၀၀၀၀ (မိုင်ပေါင်း ၆၂၀၀) အထက်အထိ အကွာအဝေးတွင်ရှိသော ပစ်မှတ်သို့ တစ်နာရီလျှင် ရေမိုင် ၁၀၀ (၁၈၅ ကီလိုမီတာ၊ ၁၁၅ မိုင်) နှုန်းဖြင့် သွားလာနိုင်ကာ အသံလှိုင်းခြေရာခံကိရိယာများ၊ ထောင်ချောက်များကို ကျော်လွှားနိုင်စွမ်းရှိသည်။

အချင်း တစ်မီတာရှိသော တော်ပီဒိုကို Project 09852 အမျိုးအစား ရေငုပ်သင်္ဘော (သို့မဟုတ်) Project 09851 ရေငုပ်သင်္ဘောဖြင့် သယ်ဆောင်ပစ်လွှတ်နိုင်မည်ဟု ဆိုသည်။

Project 09852 အမျိုးအစား ရေငုပ်သင်္ဘောမှာ ပိုဆိုင်ဒန် တော်ပီဒို ၆ စင်းအထိ သယ်ဆောင်နိုင်ပြီး Project 09851 မှာ ၄ စင်းသယ်ဆောင်နိုင်စွမ်းရှိသည်။ ပိုဆိုင်ဒန်၏ ပထမဆုံးဗားရှင်းကို လာမည့် ၂၀၁၉ တွင် ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၁၉ မှ ၂၀၂၀ ကြားတွင် ပထမဆုံးပစ်ခတ် စမ်းသပ်ဖွယ်ရာရှိသည်ဟု ဆိုသည်။
တော်ပီဒိုများတွင် အဏုမြူစွမ်းအင်သုံးမောင်းနှင်စနစ် တပ်ဆင်ထားမည်ဖြစ်ကာ အဏုမြူထိပ်ဖူးလည်း တပ်ဆင်ထားမည်ဖြစ်သည်။

အဆိုပါ လက်နက်မျိုးကို ဆိုဗီယက်ခေတ်ကတည်းကပင် စိတ်ကူးခဲ့သော်လည်း တော်ပီဒိုတွင် ထည့်သွင်းမည့် ဓာတ်ပေါင်းဖိုငယ် ထုတ်လုပ်နိုင်စွမ်းမရှိခဲ့သေးချေ။
ယခုတော်ပီဒို ထုတ်လုပ်ခြင်းမှာ ရုရှား၏ ၂၀၁၈-၂၀၂၇ လက်နက်တပ်ဆင်ရေးစီမံကိန်းအရ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရုရှားစစ်ဘက်မှ အသုံးပြုခွင့်ရလာမည်ဟု မျှော်မှန်းထားသည်။
Yellow Champac (shweinnlay)

No comments:
Post a Comment