Popular Posts!

Saturday, December 29, 2018

တက္ကသိုလ်အတု၊ မေးခွန်းထုတ်စရာဒေါက်တာအမည့်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့


တက္ကသိုလ်အတု၊ မေးခွန်းထုတ်စရာဒေါက်တာအမည့်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့

ဇီးပင်ကြီးသင်တန်းကိစ္စ လူပြောများနေလို့၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ရဲ့  နောက်ထပ် လွဲမှားနေတဲ့ အကြောင်းအရာတခုကို ပြောပြချင်ပါတယ်။ 

ပြည်ထောင်စုရာထူးဝန်အဖွဲ့က အမေရိကန်နှင့်မလေးရှားနိုင်ငံက ပညာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစိုးရ၀န်ထမ်းတွေအတွက် သင်တန်းတွေ၊ မဟာဘွဲ့တွေပို့ချနေပါတယ်။

သူတိုနဲ့တွဲလုပ်နေတဲ့ကျောင်းတွေက အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်က Akamai University နဲ့ မလေးရှားက EDS Business School တို့ပါ။ 

ကောင်းမွန်သော လုပ်ရပ်ဖြစ်လို့ ကြိုဆိုသင့်သော်လည်း၊ တကယ်တော့ ဒီအဖွဲ့အစည်းတွေက တက္ကသိုလ်အစစ်တွေမဟုတ်ဘဲ၊ စီးပွားရှာသက်သက် လုပ်စားသင်တန်းကျောင်းတွေပါ။

ကျွန်တော် ဟာဝိုင်ယီမှာ ၂ နှစ် နေခဲ့ပါတယ်။ ဟာဝိုင်ယီမှာတော့ ဟာဝိုင်ယီပြည်နယ်တက္ကသိုလ် University of Hawaii က အကြီးဆုံးဖြစ်ပြီး၊ မြန်မာကျောင်းသားအချို့သွားတဲ့ ဟိုနိုလူလူမြို့လယ်ကောင်က Hawaii Pacific University က ဒုတိယအကြီးဆုံးပါ။ သူတို့နောက်မှာတော့ ခရစ်ယန်ဘာသာရေးတက္ကသိုလ် Brigham Young University နဲ့ ဒေသကောလိပ်အချို့ ရှိပါတယ်။ ဒီကျောင်းတွေကလွဲရင် ကျန်တဲ့ တက္ကသိုလ်၊ကောလိပ်တွေဆိုတာ အမည်သာရှိပြီး တကယ့်ကို သေးသေးလေးတွေပါ။ 

မြန်မာပြည်အစိုးရနဲ့တွဲလုပ်နေတဲ့ ဟာဝိုင်ယီက Akamai University ကို ဒေသခံအများစု မကြားဖူးပါ။ မကြားဘူးဆို ဟာဝိုင်ရီမှာရှိတဲ့ တက္ကသိုလ်များစာရင်းဆိုပြီး ၀ီကီပီဒီယားမှာ ရှာကြည့်ရင်တောင် Akamai University အမည်ကို တွေ့ရမှာ မဟုတ်ပါ။ အဲလောက်အထိ အခြေအနေဆိုးပါတယ်။ ပြီးတော့ သူက လူဦးရေထူထပ်ပြီး၊ စီးပွားရေးအချက်အချာဖြစ်တဲ့ ဟိုနိုလူလူမြို့တည်ရာ Oahu ကျွန်းမှာလည်း မရှိပါဘူး။ လူနေကျဲပြီး မီးတောင်တွေရှိတဲ့ Big Island ဆိုတဲ့ကျွန်းပေါ်မှာပါ။ 

နောက်ပြီး Akamai University ကို အမေရိကန်အစိုးရက တရားဝင်အသိအမှတ်မပြုပါဘူး။ Akamai University ရဲ့ ဝက်ဆိုက်ဒ်မှာလည်း  သူတို့သည် အမေရိကန်ပညာရေးဝန်ကြီးဌာနက အသိအမှတ်မပြုပါကြောင်း ထင်ထင်ရှားရှား ရေးထားပါတယ်။ 

ဒါကတော့ အမေရိကန်ပြည်ထောင်စုက Akamai University အကြောင်းပါ။ မလေးရှားက EDS Business School ဆိုလည်း မလေးရှားအစိုးရက တရားဝင်အသိအမှတ်မပြုဖို့ များပါတယ်။ ကျွန်တော် မလေးရှားရဲ့ Malaysian Qualifications Register ၀က်ဆိုဒ်မှာ ရှာကြည့်တာတော့ မတွေ့ရပါဘူး။ မြန်မာတွေသွားတဲ့ တခြားတက္ကသိုလ်တွေကိုတော့ ရှာလို့ရပြီး အခု EDS Business School က မရှိပါ။  

ဒီကျောင်းကလည်း တကယ့်ကို အခြေအနေဆိုးဆိုးပါပဲ။ ကျောင်းအီးမေးလ်တောင် gmail ကို သုံးနေတာတွေ့ရပါတယ်။ 

ဒီလို သူတို့နိုင်ငံအစိုးရက အသိအမှတ်မပြုတဲ့ကျောင်းတွေက မြန်မာပြည်ကိုလာပြီး မြန်မာပြည်က အစိုးရအရာရှိကြီးတွေကို သင်တန်းတွေပို့ချနေတယ်ဆိုတော့ နည်းနည်းတော့ လွှဲနေပါပြီ။ 

ဒီကျောင်းတွေက ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ စီစဉ်ပေးမှုနှင့် မြန်မာပြည်က ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အဆင့်မြင့်အရာရှိကြီးများအတွက် နိုင်ငံ့ ဝန်ထမ်း ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ မဟာဘွဲ့ (Master of Leadership in Civil Service) ကို ပေးနေပါတယ်တဲ့။ တခြားသင်တန်းတွေ ပေးနေတာလည်းရှိပါတယ်။ screenshot မှာကြည့်ပါ။

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဒီအဖွဲ့အစည်းတွေအကြောင်း တကယ်ကို ရိုးရိုးသားသား မသိတာလား၊ သိရက်နဲ့ လက်တွဲလုပ်နေတာလား မေးဖို့လိုလာပါပြီ။ 

ဒီကျောင်းတွေကကော သင်တန်းတွေကို အခမဲ့လာပေးနေတာလား၊ မြန်မာအစိုးရက ပိုက်ဆံပေးရသေးလားဆိုတာကိုလည်း မေးချင်ပါတယ်။ ပိုက်ဆံပေးရတယ်ဆိုရင်တော့ ဒါက ဇီးသီးဗန်းမှောက်တာပါ။ အကျင့်ပျက်ခြစားမှုပါ။ 

တကယ်လို့ သူတို့က အခမဲ့လာသင်ပေးတယ်ဆိုရင်တောင် ဒီလို စီးပွားရှာသက်သက်ကျောင်းတွေကို မြန်မာအစိုးရက လက်ခံချင်းအားဖြင့် သူတို့ကို ထောက်ခံအားပေးနေသလို ဖြစ်နေပါတယ်။ ပြည်ထောင်စုရာထူးဝန်ဥက္ကဌ ဒေါက်တာဝင်းသိမ်းက သူတို့ကျောင်းကို ထောက်ခံချက် endorse ပေးပါကြောင်း Akamai University နဲ့ EDS Business School တို့က  သူတို့ ဝက်ဆိုက်ဒ်မှာ ရေးနေပါပြီ။ 

ဒီနေရာမှာ ပြည်ထောင်စုရာထူးဝန်ဥက္ကဌ ဒေါက်တာဝင်းသိမ်းအကြောင်း နည်းနည်းပြောပါရစေ။ သူက စစ်တက္ကသိုလ် DSA ဆင်းဖြစ်ပြီး၊ ဘယ်ကနေ ဒေါက်တာဘွဲ့ရလာလဲ မသိရပါ။ အင်တာနက်က သူ့ ကိုယ်ရေးရာဇ၀င်မှာ ဒါကို သေချာ ဖော်ပြမထားပါ။ ဟာဝိုင်ယီမှာရှိတဲ့ Akamai University (အမေရိကန်အစိုးရ အသိအမှတ်မပြုတဲ့ကျောင်း) ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ၂၀၁၄ မှာ ချီးမြှင့်ခံရကြောင်းတော့ ဖော်ပြထားပါတယ်။ 

ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတိုင်း ဒေါက်တာလို့ မသုံးသင့်ပါ။ ဥပမာ အိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုရင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တွေ အများကြီးရပါတယ်။ ဒါပေမဲ့ သူတို့က သူ့တို့ကိုယ် ဒေါက်တာအိုဘာမား၊ ဒေါက်တာဒေါ်အောင်ဆန်းစုကြည်လို့ မသုံးပါ။ သုံးလည်း မသုံးသင့်ပါ။ တက္ကသိုလ်မှာ ပါရဂူကျမ်းပြုပြီး၊ ပါရဂူဘွဲ့ အောင်မြင်ခဲ့သူများသာ ဒေါက်တာအဖြစ် မိမိနာမည်အရှေ့မှာ တပ်သင့်ပါတယ်။ 

ဒေါက်တာဝင်းသိမ်းက တက္ကသိုလ်တခုခုကနေ ပါရဂူကျမ်းတင်သွင်းပြီး ဒေါက်တာဘွဲ့ ရခဲ့တာလား၊ ဒါမှမဟုတ် Akamai University က ပေးတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကြောင့် သူ့ကိုယ်သူ ဒေါက်တာလို့အမည်တပ်တာလား မရှင်းလင်းပါ။ ဂုဏ်ထူးဆောင်ဘွဲ့ကြောင့်ဆိုရင်တော့ ဒေါက်တာ မတပ်သင့်ပါ။  ဦးဝင်းသိမ်းပဲ ဖြစ်သင့်ပါတယ်။ 

စိတ်ဝင်စားဖို့ကောင်းတာက Akamai University ကနေ သူ့ကို ၂၀၁၄ မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၆/၁၇/၁၈ မှာ ဒေါက်တာဝင်းသိမ်းဥက္ကဌလုပ်နေတဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နဲ့ Akamai University၊ EDS Business School တို့က ပေါင်းပြီး အစိုးရ၀န်ထမ်းတွေကို သင်တန်းတွေ၊ မဟာဘွဲ့တွေ ပေးလာပါတယ်။ 

ဒီနှစ်ခု ဘယ်လိုဆက်စပ်လဲမေးခွန်းထုတ်သင့်ပါတယ်။ 

Akamai University နဲ့ EDS Business School က မြန်မာပြည်ကို ၀င်ချင်လို့ ဒေါက်တာဝင်းသိမ်းကို ပါရဂူဘွဲ့ပေးလိုက်တာတာလား။ သို့မဟုတ် ဒါက တမင်တကာ မတော်တဆ တိုက်ဆိုင်မှုများလား။ 

ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုရာထူဝန်အဖွဲ့အနေနဲ့  Akamai University၊ EDS Business School တိုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည် သုံးသပ်သင့်ပါတယ်။ ဒီကျောင်းတွေက တက္ကသိုလ်အဆင့်မရှိဘဲ၊ အရည်အသွေးကောင်းတဲ့ ပညာရေးအင်စတီကျူးရှင်းတွေလည်း မဟုတ်ပြန်ပါဘူး။ ငွေရှာသက်သက် လုပ်စား သင်တန်းကျောင်းတွေပါ။ သူတို့ သက်ဆိုင်ရာ နိုင်ငံတွေကလည်း သူတို့ကို တရားဝင် အသိအမှတ်မပြုပါဘူး။ 

မြန်မာပြည်က ၀န်ထမ်းတွေအတွက် သင်တန်းတွေပေးဖို့ အကူအညီလိုတယ်ဆိုရင်လည်း  မြန်မာအစိုးရကို အကူအညီပေးချင်တဲ့ နာမည်ကျော်၊ ဂုဏ်သိက္ခာရှိ၊ ကမ္ဘာ့ထိပ်သီးတက္ကသိုလ်တွေ အများကြီးရှိပါတယ်။ ဥပမာ လက်ရှိ ကျွန်တော်တက်နေတဲ့ အောက်စဖိုဒ့်တက္ကသိုလ်က Blavatnik School of Government ဆိုရင် မြန်မာပြည်ကို ကူဖို့ အသင့်ရှိနေပြီး၊ ဒေါက်တာဝင်းသိမ်းကိုတောင် ကွန်ဖရင့်တစ်ခုအတွက် Oxford ကို ဖိတ်ပါသေးတယ်။ အောက်စဖိုဒ့်တက္ကသိုလ်လိုပဲ ထင်ရှားတဲ့ အမေရိကန်တက္ကသိုလ်တွေ၊ သြစတေးလျတက္ကသိုလ်တွေကလည်း မြန်မာအစိုးရကို ကူညီဖို့ အဆင်သင့်ပါ။ 

ဒါကြောင့် ဘယ်ကမှန်းမသိ၊ နာမည်မရှိ၊ လုပ်စားတက္ကသိုလ်နှစ်ခုဖြစ်တဲ့ Akamai University၊ EDS Business School တိုနဲ့ လက်တွဲလုပ်ဆောင်နေတာကို ပြန်လည် သုံးသပ်ဖို့ လိုပါကြောင်း အကြုံပြလိုပါတယ်။

နေယံဦး
အောက်စဖိုဒ့်၊ အင်္ဂလန်

ဒါက အပိုင်း (၁) ပါ။ အပိုင်း (၂) ကို ဒီမှာ ဖတ်ပါ။ 

https://www.facebook.com/nayyanoo.nayyan/posts/229694761316591?__tn__=K-R

ဆက်စပ်ဖတ်ရန်

ပြည်ထောင်စုရာထူးဝန်အကြောင်း အပိုင်း (၁) - https://www.facebook.com/nayyanoo.nayyan/posts/228897664729634

ပြည်ထောင်စုရာထူးဝန်အကြောင်း အပိုင်း (၂) - https://www.facebook.com/nayyanoo.nayyan/posts/229694761316591?__tn__=K-R

ဒေါက်တာဝင်းသိမ်း Akamai University ကို ရေးပေးတဲ့ ထောက်ခံစာ Endorsement Letter 
http://www.akamaiuniversity.us/Myanmar_CivilService_AU_Endorsement.PDF

Akamai University ကနေ မြန်မာအစိုးရ၀န်ထမ်းတွေအတွက်ရည်ရွယ်ထားတဲ့ မာစာဘွဲ့အကြောင်း 
http://www.akamaiuniversity.us/MasterofPublicAdministration.pdf

ဒေါက်တာဝင်းသိမ်းကို Akamai University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးတဲ့သတင်း (အဲတုန်းက ဦးဝင်းသိမ်းလို့ပဲ သုံးတယ်။)

http://www.globalnewlightofmyanmar.com/phd-in-educational-leadership-conferred-on-former-principal-of-mmmc/

Akamai University  - www.akamaiuniversity.us (အမေရိကန်တက္ကသိုလ်တွေက .edu  သုံးပါတယ်။ သူကတော့ .us တဲ့။)

EDS Business School - http://eds.my 

ပြည်ထောင်စုရာထူးဝန်အဖွဲ့  - http://www.ucsb.gov.mm







® ရက်သုံးဆယ်မာစတာဘွဲ့၊ ၀န်ကြီးဖြစ်သူရဲ့တူ နဲ့ တက္ကသိုလ်အတုများအကြောင်း ®

ပြည်ထောင်စုရာထူးဝန်အဖွဲ့ စီစဉ်ပေးမှုနဲ့ ဟာဝိုင်ယီရှိ Akamai University၊ မလေးရှားနိုင်ငံ EDS Business School တို့က မြန်မာပြည်က အစိုးရ၀န်ထမ်းတွေကို သင်တန်းနဲ့ မာစတာဘွဲ့ တွေ ပို့ချနေကြောင်း မနေ့ကရေးခဲ့ပါတယ်။ 

ဒီနေ့တော့ ကျန်ရှိနေသေးတဲ့ အပိုင်း (၂) ကို ဆက်ရေးပါမယ်။ အပိုင်း (၁) ကို မဖတ်ရသေးသူများ အောက်ကလင့်မှာ သွားဖတ်လို့ရပါတယ်။ 

https://www.facebook.com/nayyanoo.nayyan/posts/228897664729634 

မြန်မာအစိုးရနဲ့တွဲလုပ်နေတဲ့ Akamai University၊ EDS Business School တို့ဆိုတာ တကယ်တော့ အဆင့်မှီတဲ့တက္ကသိုလ်တွေမဟုတ်ဘဲ၊ စီးပွားရှာသက်သက် သင်တန်းကျောင်းတွေသာဖြစ်ပါတယ်။ သူတို့သက်ဆိုင်ရာနိုင်ငံတွေမှာတောင် အရည်အသွေးပြည့်မှီခြင်း အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ သင်တန်းကျောင်းတွေ မဟုတ်ပါဘူး။ 

ဒီကျောင်းတွေ မြန်မာပြည်ထဲဝင်လာတော့ သူတို့ နဲ့ ချိတ်ဆက်မိတာက ပြည်ထောင်စုရာထူးဝန် ဦးဝင်းသိမ်းတယောက်ထဲ မဟုတ်ပါဘူး။ သူရဲ့ တူဖြစ်သူ ဒေါက်တာ ၀င်းမင်းသိမ်းလည်း ပါပါတယ်။ 

ဒေါက်တာဝင်းမင်းသိမ်းဆိုတာ ဗဟန်း၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ Nanyeng International College-NIC ရဲ့ ကျောင်းအုပ်ကြီးပါ။ နဂိုကတော့ အဲဒီကောလိပ်ကို YCTC Business Institute လို့ခေါ်ပါတယ်။ 

၂၀၁၂ မှာ ဒေါက်တာဝင်းမင်းသိမ်း နိုင်ငံခြားကနေပြန်လာပြီး၊ YCTC Business Institute ကို တည်ထောင်ပါတယ်။ ၂၀၁၃ လောက်ကစပြီး ဒေါက်တာဝင်းမင်းသိမ်းကျောင်းနဲ့  မလေးရှားက EDS Business School တို့ အဆက်အသွယ်ရှိနေပါပြီ။ 

၂၀၁၄ အောက်တိုဘာမှာတော့ Akamai University နဲ့ EDS Business School တို့ မြန်မာပြည်လာပြီး ဒေါက်တာဝင်းမင်းသိမ်းရဲ့ ဘကြီးတော်စပ်သူ ဦးဝင်းသိမ်းကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးပါတယ်။

ဦးဝင်းသိမ်းက အဲဒီအချိန်မှာ ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ ၀င်ပါ။ သူက သူရဦးရွှေမန်းလိုပဲ စစ်တက္ကသိုလ် DSA အပတ်စဉ် (၁၁) ဆင်းဖြစ်ပြီး၊ နောက်တော့ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းရဲ့ ကျောင်းအုပ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ 

၂၀၁၄ ခရီးစဉ်အတွင်းမှာပဲ ဟာဝိုင်ယီနဲ့ မလေးရှားကျောင်းဘက်ကလူတွေ ဒေါက်တာဝင်းမင်းသိမ်းနဲ့ ထပ်မံတွေ့ဆုံပြီး ရန်ကုန် နဲ့ မန္တလေးမှာ MBA Program တွေဖွင့်ဖို့ ဆွေးနွေးပါတယ်။ 

ရွေးကောက်ပွဲအပြီး ၂၀၁၆ ဧပြီလမှာတော့ ဦးဝင်းသိမ်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။  ဟာဝိုင်ယီ Akamai University က ဦးဝင်းသိမ်းကို Outstanding Contributions to the advancement of his nation မြန်မာပြည်တိုးတက်မှုအတွက် ထူးထူးချွန်ချွန်ဆောင်ရွက်သောဆုကို ချီးမြှင့်ပါတယ်။ တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းကျောင်းနဲ့  Akamai University တို့ ပူးပေါင်းပြီး စီးပွားရေးစီမံခန့်ခွဲမှု BBA ဘွဲ့  ပို့ချဖို့အတွက် ပြင်ဆင်နေတာတွေ့ရပါတယ်။ 

၂၀၁၇-၁၈ မှာတော့ အများသိတဲ့အတိုင်း Akamai University၊ EDS Business School တို့ မြန်မာပြည်ထဲ ရောက်နေပါပြီ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း ခွင့်ပြုမိန့်နဲ့  မြန်မာပြည်က၀န်ထမ်းတွေကို သင်တန်းနဲ့ မာစတာဘွဲ့တွေ ပို့ချနေပါပြီ။ 

တူဖြစ်သူ ဒေါက်တာဝင်းမင်းသိန်းကို Akamai University က လက်ထောက်ပါမောက္ခရာထူး ကမ်းလှမ်းပါတယ်။ အလားတူပဲ EDS Business School က ၂၀၁၇ နှစ်ကုန်မှာတော့ ဒေါက်တာဝင်းမင်းသိမ်းကို Presidential Award for Distinguished Achievement ဆု ချီးမြှင့်ပါတယ်။

ဒေါက်တာဝင်းမင်းသိမ်းက လက်ရှိသူ့ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ Nanyeng International College-NIC  မှာ စာသင်နေတဲ့အပြင် သူ့ဘကြီး ဥက္ကဌလုပ်တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးနဲ့ ဇီးပင်ကြီးတို့မှာ ဧည့်ပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ လစာယူ၊ မယူ မသိရပါ။ 

အပေါ်ကပြောခဲ့တဲ့ MBA၊ BBA သင်တန်းတွေကို ဆက်လုပ်ဖြစ်၊ မဖြစ် မသိ ရပေမဲ့ ဒေါက်တာဝင်းမင်းသိမ်း Akamai University ကနေ လက်ထောက်ပါမောက္ခရာထူးရတာ၊ EDS Business School ကနေ ဆုချီးမြှင့်ခြင်းခံရတာတွေကတော့ အင်တာနက်မှာ အလွယ်တကူ ရှာလို့တွေ့နိုင်ပါတယ်။ 

ကျွန်တော် ဒီအကြောင်းတွေရေးနေတာက ဒေါက်တာဝင်းမင်းသိမ်းနဲ့ သူ့သင်တန်းကျောင်း Nanyeng International College-NIC  ကို ဝေဖန်လိုလို့ မဟုတ်ပါ။ ဒေါက်တာဝင်းမင်းသိမ်းကို ကျွန်တော် မသိသလို၊ သူ့သင်တန်းကျောင်း အကြောင်းလည်း မသိပါ။ အပေါ်မှာ ပြောခဲ့တဲ့အချက်တွေအကုန်လုံးကလည်း လျှို့ဝှက်ဒေတာတွေ မဟုတ်ဘဲ၊ သူတို့တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းတွေ၊  ဖေ့စ်ဘွတ်ခ်တွေထဲက အချက်တွေကို ကိုကားထားတာ ဖြစ်ပါတယ်။ 

အဓိက ထောက်ပြချင်တာက ဒေါက်တာဝင်းမင်းသိမ်းနဲ့ Akamai University၊ EDS Business School တို့  ပတ်သတ်မှုရှိခဲ့တယ်ဆိုတာကိုပါ။ 

ဒီအဖွဲ့တွေ မြန်မာပြည်ထဲ ဘယ်လိုရောက်လာပြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ ဘယ်လို ချိတ်ဆက်သွားလဲဆိုတာ တာဝန်ရှိသူတွေ ရှင်းပြသင့်ပါတယ်။ Conflict of Interest လို့ခေါ်တဲ့ အကျိုးစီးပွား ဆက်နွှယ်မှုတွေရှိနေလားဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ 

****************************************

Akamai University နဲ့ EDS Business School တို့ ပူးပေါင်းဖွင့်လှစ်နေတဲ့ နိုင်ငံ့ ဝန်ထမ်း ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ မဟာဘွဲ့ (Master of Leadership in Civil Service) အကြောင်းလည်း ပြောပြချင်ပါတယ်။ ဒီဘွဲ့က မြန်မာပြည်က ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အဆင့်မြင့်အရာရှိကြီးများအတွက်ဖြစ်ပြီး၊ အခုဆို ဖွင့်တာ ဒုတိယအပတ်စဉ် (Second Batch) တော့ အနည်းဆုံး ရှိပါပြီ။ 

ဒီဘွဲ့ကိုရဖို့  ဘာသာရပ်ဆယ်ခု သင်ယူဖို့လိုပြီး၊ မာစတာပရောဂျက်တစ်ခုလည်း လုပ်ဖို့လိုပါတယ်။ သင်တန်းကာလက (၂) နှစ်ဖြစ်သော်လည်း၊ ဒီ (၂) နှစ်အတွင်း စုစုပေါင်း စာသင်ချိန် ရက်ပေါင်း သုံးဆယ်ပဲရှိပါတယ်။ တစ်ဘာသာကို သုံးရက်နဲ့ အပြတ်သင်မှာဖြစ်ပြီး၊ (၁၀) ဘာသာအတွက် စုစုပေါင်း ရက်ပေါင်း သုံးဆယ်သာ ကြာမှာ ဖြစ်ပါတယ်။ screenshot ပုံမှာကြည့်ပါ။ 

တစ်ဘာသာကို သုံးရက်နဲ့ အပြတ်သင်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ရက်ပေါင်းသုံးဆယ်အတွင်း ဘာသာရပ် (၁၀) မျိုးစလုံး ကျွမ်းကျင်သွားဖို့ဆိုတာ ဘယ်လိုမှ လက်တွေ့မကျပါ။ ဂုဏ်သိက္ခာရှိသော ဘယ်တက္ကသိုလ်မှ ဒီလို တစ်ဘာသာ သုံးရက်အပြတ်သင်တန်းပေးမှာ မဟုတ်ပါ။ 

သူတို့ပေးမယ့် မာစတာဘွဲ့ရဲ့ အရည်အသွေးကို ဒီလောက်ဆို ခန့်မှန်းလို့ ရပါပြီ။ 

ဒါပေမဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကတော့ ဒီမာစတာဘွဲ့အတွက် လိုအပ်တဲ့ဘတ်ဂျက်ကို  အစိုးရအဖွဲ့ဆီကနေ တောင်းခံထားတယ်လို့  ဂျပန်နိုင်ငံ JICA အေဂျင်စီကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၇-၁၈ ဘတ်ဂျက်နှစ်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ သုံးစွဲတာက ကျပ်ငွေသန်းပေါင်း ၉၂၆၆.၇၂၉ ဖြစ်ပြီး၊ အဲဒီထဲက ကျပ်ငွေသန်း ၇၈၁၃.၉၇ (၈၄.၃%) က ပုံမှန်သုံးစွဲတဲ့ဘတ်ဂျတ် recurrent budget ဖြစ်ပြီး (ဥပမာ ၀န်ထမ်းစရိတ်၊ ရုံးသုံးပစ္စည်းတို့အတွက်)၊ ကျန်တဲ့ ကျပ်ငွေသန်း ၁၄၅၂.၇၅၉ (၁၅.၇%) ကတော့ စွမ်းရည်မြှင့်တင်မှု development budget ပါ။ နိုင်ငံခြားဆရာခေါ်သင်တာ၊ လိုအပ်တဲ့ စာအုပ်တွေဝယ်တာတွေကိုတော့ စွမ်းရည်မြှင့်တင်မှုဘတ်ဂျက်ထဲကနေ သုံးလို့ရတယ်နဲ့တူပါတယ်။ 

ဟာဝိုင်ယီနဲ့ မလေးရှားက တက္ကသိုလ်အမည်ခံ အဖွဲ့အစည်းနှစ်ခုအတွက် ဘယ်ဘတ်ဂျက် ခေါင်းစဉ်အောက်က သုံးနေပြီး၊ ဘယ်လောက် ပမာဏ သုံးနေလဲဆိုတာ စိတ်ဝင်စားစရာပါ။ 

ပြည်ထောင်စုရာထူးဝန်အနေနဲ့ ပြည်သူတွေ သိချင်နေတဲ့ မေးခွန်းတွေကို ဖြေကြားပေးစေလိုပါတယ်။ မေးခွန်းတွေက ဒါတွေ ဖြစ်
နိုင်ပါတယ်။ 

၁။ ဘာကြောင့် Akamai University၊ EDS Business School တို့လို  တက္ကသိုလ်အဆင့်မရှိတဲ့ ငွေရှာသက်သက် သင်တန်းကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလဲ။ ဘယ်လိုပူးပေါင်းဖြစ်သွားတာလဲ။ 

၂။ ထိုကျောင်းတွေကကော မြန်မာပြည်ကို အခမဲ့လာသင်ပေးတာလား။ မြန်မာအစိုးရက ပိုက်ဆံပြန်ပေးရသေးလား။

၃။ ပေးရရင်ကော ဘတ်ဂျက် ဘယ်လောက်တောင် သုံးပြီးခဲ့ပြီလဲ။ 

၎။ ဒီဖြစ်စဉ်တခုလုံးမှာ အကျိုးစီးပွားဆက်နွှယ်မှု (conflict of interest)၊ အကျင့်ပျက်ခြစားမှု (corruption) တွေကော ပါဝင်နေလား။ 

၅။ လက်ရှိကိစ္စအတွက် မည်သူက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ဖြေရှင်းမလဲ။ နောင်ရှေ့ဆက်လည်း ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရလေအောင် ဘယ်လိုပြင်ဆင်ထားမလဲ၊ ဘယ်လိုပေါ်လစီတွေ ချမှတ်သွားမလဲ။ 

ပြည်သူတွေ စိတ်ဝင်စားနေတဲ့ကိစ္စဖြစ်လို့ ပြန်လည်ဖြေကြားပေးမယ်လို့ မျှော်လင့်ပါတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အောင်မြင်တာကို ကျွန်တော်တို့အားလုံး မြင်ချင်ပါတယ်။ 

နေယံဦး 
အောက်စဖိုဒ့်၊ အင်္ဂလန်

ဆက်စပ်ဖတ်ရန် 

ပြည်ထောင်စုရာထူးဝန်အကြောင်း အပိုင်း (၁) - https://www.facebook.com/nayyanoo.nayyan/posts/228897664729634

ပြည်ထောင်စုရာထူးဝန်အကြောင်း အပိုင်း (၂) - https://www.facebook.com/nayyanoo.nayyan/posts/229694761316591?__tn__=K-R

JICA အစီရင်ခံစာ - http://open_jicareport.jica.go.jp/pdf/12301099.pdf

ဒေါက်တာဝင်းမင်းသိမ်းရဲ့ ကိုယ်ရေးအပြည့်အစုံ - https://www.facebook.com/groups/156608508330664/permalink/275282229796624/

မြန်မာ့အလင်းရဲ့ သတင်းဖော်ပြချက် 
https://www.facebook.com/MYANMAALINNNEWS/posts/1906589816248184

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!