Popular Posts!

Monday, March 5, 2018

" မြန်မာ့ဆန်စပါးကဏ္ဍ၏အတိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ် "


- (၆-၃-၂၀၁၈)ရက်တွင် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ ဖြိုးရေး

နှီးနှောဖလှယ်ပွဲ ကျင်းပမည်ဖြစ်၍ဖိတ်စာပေးပို့ လာသည်ကို ကျေးဇူးတင်ပါသည်။စိတ်ဝင်စားသည့်အတွက်တက်ရောက်နားထောင်လိုပါသော်လည်း၊မတက်ရောက်နိုင်။သို့ ရာတွင် မြန်မာ့ဆန်စပါးကဏ္ဍ၏အတိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ် အတွေးစိတ်ကူးများကပေါ်လာသည်။၂၀၀၅ ခုနှစ်က UMFCCI တွင်မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲသုံးကြိမ်ပြုလုပ်ခဲ့သည်ကို ပြန်လည်သတိရမိသည်။

- ပစ္စုပ္ပန် အခြေအနေ ကို ကြည့်လျှင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးဆောင်သည့်ပုဂ္ဂလိကကဏ္ဍ၏ ကြိုးပမ်းမှုကြောင့် ဆန်တန်ချိန် ၃ သန်းအထိ ပြည်ပတင်ပို့ နိုင်သော စံချိန်ကို တင် နိုင်ခဲ့ သည်။

အတိတ်နှင့်ပစ္စုပ္ပန်
----------------
- အစိုးရကဏ္ဍ ပိုင်း၏ကြိုးပမ်းမှု ကိုပြန်စဉ်းစားရင်းတွေးမိသည်မှာ 
-ကိုလိုနီခေတ်တွင်စီးပွားရေးမြှင့်တင်နိုင်မည့်ကဏ္ဍသည်ဆန်စပါးကဏ္ဍဖြစ်ကြောင်း
အကွက်မြင်သည့် ဗြိတိသျှအစိုးရက ကြိုးပမ်းအားထုတ်ခဲ့ရာ မြန်မာ့ဆန်စပါးပြည်ပတင်ပို့ နိုင်မှုသည်ကမ္ဘာတွင် ထင်ရှားခဲ့သည်။ပြည်ပက လယ်လုပ်သားများ ခေါ်ယူလုပ်ကိုင်ခဲ့ရသည်အထိ အားထုတ်ခဲ့သည်။
- တပ်မတော်အစိုးရကာလတွင် ကျွန်တော်တို့  
တိုင်းစစ်ဌာနချုပ်များကအစ မြို့ နယ်အလိုက်
စိုက်ပျိုးမှု၊ထွက်ရှိမှု၊ကြိတ်ခွဲမှု ကအစ မယက၊
ခယကများ၊စိုက်ကြပ်များ အားထည့်ခဲ့ကြရသည်။
ယခု ထိုမြင်ကွင်းမျိုးကို မည်သည့်နေရာက
ကြိုးပမ်းအားထည့်နေသည်ကို ရှာကြည့်သင့်သည်။မြေယာတိုးချဲ့ မှု၊ဆည်တာတမံတည်ဆောက်မှု၊ထွက်နှုန်းမြင့်မားရေးကို လူဥိးရေသန်း ၅၀ မှသန်း ၁၀၀ အထိတိုးတက်များပြားလာလျှင်ဖူလုံရေးအတွက် ရည်မှန်းချက်ထား၍လုပ်ဆောင်ကြိုးပမ်းခဲ့သည်။ဆန်စပါးထူးပြုကုမ္ပဏီများဖြင့် contract farming လုပ်ခဲ့ရာကsupply chain ချိတ်ဆက်မိလာခဲ့သည်။ဆန်ကုန်သည်၊စက်ပိုင်၊စိုက်ပျိုးထုတ်လုပ်သူတို့ ပူးပေါင်းမိလာသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ပေါ်ထွန်းလာခဲ့ပြီး၊လက်ရှိအခြေအနေသို့ တက်လှမ်းလာနိုင်ခဲ့သည်။ထိုကဲ့သို့ အစိုးရ၊ပုဂ္ဂလိကကြိုးပမ်းလာမှုအဆင့်ဆင့်ကြောင့်ပြည်ပသို့ ဆန် တန် ၃ သန်း တင်ပို့ လာနိုင်ခြင်းဖြစ်ပြီးသမ္မတဦးသိန်းစိန်အစိုးရနှင့် လက်ရှိအစိုးရကာလတွင် ထိုမျှလောက်ကြိုးပမ်း အားထုတ်နိုင်ခြင်းမရှိသည်ကို ဝန်ခံရမည်ဖြစ်သည်။

- သမ္မတဦးသိန်းစိန်ကာလတွင် တောင်သူလယ်သမားများအတွက်စိုက်ပျိုးစရိတ်ချေးငွေ
တစ်သိန်းကျပ်အထိတိုးမြှင့်ပေးနိုင်ခဲ့ ပြီး၊ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွင် သမဝါယမနှင့်မြစိမ်းရောင်အစီအစဉ်တို့ ဖြင့်သွင်းအားစုပေးရေးစီမံခဲ့သည်။မြေယာတိုးချဲ့ ရေး(Horizontal Extension)မလုပ်နိုင်ခဲ့
သော်လည်း၊ထွက်နှုန်းတိုးတက်ရေး (Vertical Extention)လုပ်ခဲ့ သည်။သို့ ရာတွင် ပြည်တွင်းဈေးကွက် နှင့်ပြည်ပဈေးကွက် ကလက်ခံသော "ဈေးကွက်ဝင်မျိုး" စိုက်ပျိုးမှ တောင်သူလည်းကြိုက်၊စားသုံးသူလည်းကြိုက်၊ပြည်ပဈေးကွက်ဝင်ရန်လွယ်ကူမည့်သင်္ခန်းစာကို ယူနိုင်သည်။
- လက်ရှိအစိုးရကာလတွင် မြေယာတိုးချဲ့ ရေး(Horizontal Extension)ထွက် နှုန်းတိုးတက်ရေး (Vertical Extention)ကြိုးပမ်းဆဲဖြစ်ဟန်တူသည်။လယ်ယာလုပ်သားရှားပါးသွားသည်ကအမှန်ဖြစ်သည်။ထိုသူတို့ သည် အခားနိုင်ငံတွင် ရရာအလုပ်သာမကစိုက်ပျိုးရေးလုပ်ငန်းတို့ ၌လုပ်ကိုင်နေကြသည်။တစ်ခုတော့ကောင်းသည်၊ အခြားနိုင်ငံလုပ်နည်းလုပ်ဟန်ပညာရသည့်သဘောထားနိုင်သည်။မြေပြင်သတင်းများအရ -
(၁) တောင်သူများစိုက်ပျိုးစရိတ်ငွေ ပိုမိုလိုအပ်လာခြင်း၊
(၂) ဓါတ်မြေသြဇာ သွင်းအားစုဈေးကြီးမြင့်၍မထည့်နိုင်ခြင်း၊(၃)လယ်ယာလုပ်သား ရှားပါးပြီးဈေးနှုန်းမြင့်လာခြင်း၊(၄)ဈေးကွက်ဝင်မည့် မျိုးကောင်းမျိုးသန့် လိုအပ်ခြင်း၊
(၅)စိုက်ပျိုးရေ လိုအပ်ခြင်းနှင့်ရာသီဥတုဖေါက်ပြန်ခြင်း၊တို့ အတွက် အစိုးရ၏ပံ့ပိုးကူညီမှုလိုအပ်သည်ဟုသိရသည်။

- ယခုကျင်းပမည့်ဖိုရမ်သည် stakeholders forum ဖြစ်သည်နှင့်အညီ အထက်ပါအခက်အခဲများကို အစိုးရသိရှိပံ့ပိုးလာစေရန်မိတ္တူ ပေးသည့် ဆွေးနွေးဖေါ်ထုတ်ပွဲ လည်းဖြစ်သည်။အထက်က ရေးပြသည့်အတိုင်းအစိုးရ၏ကြိုးပမ်းအားထုတ်မှုများအနက် ဗြိတိသျှ အစိုးရနှင့် တပ်မတော်အစိုးရ နှစ်ခု၏ကြိုးပမ်းအားထုတ်မှုပုံစံမျိုး ဖြစ်ရန်လိုသည်။ပုံတူကူးရန်မဟုတ်၊ခေတ်နှင့်ညီသော ကြိုးပမ်းအားထုတ်နိုင်မည့်business modelမျိုးစုံ ကို ပတ်ဝန်းကျင်နိုင်ငံတို့ တွင်လေ့လာနိုင်သည်။

မြန်မာ့ ဆန်စပါးကဏ္ဍ ၏ အနာဂတ်မျှော်မှန်းချက် 
--------------------------------------------
- နှီးနှောဖလှယ်ပွဲ အစီအစဉ်များကို ဖတ်ရှုလေ့လာကြည့်ရာ ဆွေးနွေးပွဲ အပိုင်း(၄)ပိုင်းကို တွေ့  ရှိရသည်။ဦးတင်ထွဋ်ဦး ကmoderator လုပ်မည့် Innovations & Transformations
-Strategies for Sustainability and SME Developmentဆွေးနွေးပွဲ က အနာဂတ်ကို ပုံဖေါ်မည်ဟု ယူဆသည်။

- ယခုနှီးနှောဖလှယ် ဆွေးနွေးပွဲက မြန်မာ့ ဆန်စပါးကဏ္ဍ ၏ အနာဂတ်မျှော်မှန်းချက် နှင့် မဟာဗျူဟာ၊နည်းဗျူဟာတို့ ကို ဆွေးနွေးဖေါ်ထုတ်ကြေညာပြီးလက်တွေ့ အကောင်အထည်ဖေါ်ရန်ရည်ရွယ်ချက်မှတပါး အခြားမရှိဟု မြင်ပါသည်။

- ကျွန်တော်တို့ ဆွေးနွေးပွဲပေါင်းများစွာလုပ်တိုင်း ပြင်ပမှပြောလေ့ရှိသည်မှာ "no action ,talk only, "ဖြစ်သည်။ထို့ အတွေ့ အကြုံ များအရ ၂၀၁၁ ခုနှစ်တွင်ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့်ဆင်းရဲမှု လျှော့ချရေး ကို အလုပ်ရုံဆွေးနွေးပွဲလုပ် ပြီးသည်နှင့်မဟာဗျူဟာ၊နည်းဗျူဟာ လုပ်ငန်း အစီအစဉ်များကို နောက်ပိုင်းဘတ်ဂျက်၊ချေးငွေအဆင့်အထိ မြေပြင်သက်ဆင်းသည်အထိလုပ်သည်။ယခင် အထူးပြုကုမ္ပဏီcontract farming လုပ်စဉ်ကလည်း မြို့ နယ်အထိဆင်း၍တောင်သူလယ်သမားများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ယခုကဲ့သို့ ရှင်းပြရခြင်းမှာ ဦးချစ်ခိုင်အပါအဝင်လုပ်ငန်းရှင်များက က ကျွန်တော့်ကို မကြာခဏပြောတတ်သည်မှာ အစိုးရ၏ အားထုတ်ကြိုးပမ်းကူညီပံ့ပိုးမှုကို ရရှိလိုကြောင်း ဖြစ်သည်။ထို့ ကြောင့် အမေကျော်၊ဒွေးတော် လွမ်းပြီး ဗြိတိသျှ ကိုတမ်းတခြင်းမဟုတ်၊တပ်မတော်အစိုးရကိုအမွှန်းတင်နေခြင်းမဟုတ်။အစိုးရတာဝန် ရှိသူတို့ မခံချင်စိတ် ဖြင့် အားထုတ်ရန်ထည့်ရေးနေခြင်းဖြစ်သည်။

- ထိရောက်သော ဆွေးနွေးပွဲဖြစ်ရန် တက်ရောက်လာသူstakeholders များကို ကနဦးရှင်းပြစဉ်ကတည်းကမိမိတို့ ဆန်စပါး ကဏ္ဍ လက်ရှိပြည်ပတင်ပို့ မှု တန် ၃ သန်းမှနောက်သုံးနှစ်အတွင်း တန် ၅သန်း သို့ ဟုတ် ၆ သန်းတင်ပို့ ရန်လျာထားမျှော်မှန်းမည်ကို အစိုးရ၊ပုဂ္ဂလိကတို့ တာဝန်ရှိသူများဇာတ်တိုက်လျာထားပြီးဝိုင်းဝန်းဆွေးနွေးတွက်ချက်စေနိုင်ပါမှအဖြေထွက်မည်ထင်သည်။လျာထားမျှော်မှန်းချက် (vision )ဖြင့် ပြောင်းပြန်ပြန်တွက်ချက်လာအောင်တွန်းနိုင်မှရမည်။

- ယခု ပဲစိုက်ဧရိယာအချို့ က စပါးစိုက် ဧရိယာသို့ ကူးပြောင်းလာနိုင်မှုကမည်မျှ၊တိုင်းဒေသကြီးပြည်နယ်၊မြို့ နယ်အလိုက်မြေယာသစ်ဖေါ်ထုတ်တိုးချဲ့ (Horizontal Extension)ထွက်ရှိအောင်နှစ်အလိုက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်အချိန်ဇယား၊ထွက်နှုန်းတိုးတက်ရေး(Vertical Extension)ပြုလုပ်မည့်လုပ်ငန်းအစီအစဉ်အချိန်ဇယား၊အစိုးရ/ ပုဂ္ဂလိက စိုက်ပျိုးစရိတ်ချေးငွေတိုးတက်ပေးနိုင်မည့်အချိန်ဇယား၊ရေရရှိရေးIrrigated water တိုးချဲ့ မည့်အစီအမံအချိန်ဇယား၊မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့် ဖြူးရေး အစီအမံ စသည်တို့ တွန်းတွန်းတိုက်တိုက် အားထုတ်မလုပ်နိုင်ပါက ဆန်တန် ၃ သန်းပြည်ပတင်ပို့ မှုမှ ၅သန်း ၆ သန်းဖြစ်လာရန်ခက်ခဲလိမ့်မည်။

- နှီးနှောဖလှယ်ပွဲမစတင်မီ လယ်ဆည်ဝန်ကြီးဌာနနှင့်စီးပွားကူးသန်းဝန်ကြီးဌာနကို MRF က. မေးကြည့်စေလိုပါသည်။သူတို့ ရဲ့ မဟာဗျူဟာနည်းဗျူဟာမျှော်မှန်းလျာထားချက်ကပြည်တွင်းစားသုံးဖူလုံမှုနှင့် ပြည်ပတင်ပို့ ရန်နှစ်အလိုက်တိုးတက်ထုတ်လုပ်မည့်အစီအစဉ်လျာထားချက် ကိုသိပါက ပုဂ္ဂလိကကဏ္ဍ မှ businessmodel ရေးဆွဲ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရေးတိုင်ပင်နှီးနှောကြလိမ့်မည်။အကြံဉာဏ် ထုတ်ကြလိမ့်မည်။သို့ မှသာ ဦးတင်ထွဋ်ဦး၏ ကဏ္ဍ Innovations &Transformations အတွက် တီထွင်ကြံဆ၊ပြောင်းလဲတိုးတက်အောင်စဉ်းစားလုပ်ကိုင်လာနိုင်လိမ့်မည်။ ဆန်စပါး ဈေးကွက်ဝင် အထူးဇုံများထူထောင်လုပ်ကိုင်သွားနိုင်လိမ့်မည်လို့ ယူဆပါသည်။ထိုသို့ မဟုတ်ပါက စိတ်ဓါတ်တက်ကြွလိမ့်မည်မဟုတ်။ဖေ့စ်ဘုတ်မိတ်ဆွေ မတ်ပဲတောင်သူတစ်ဦးပြောသလို မတ်မတ်ရပ်ရန်ခက်ခဲလာသည်။ခရမ်းသုံးခွဖက်တွင် ပဲ ကို အထူးအားထားစိုက်ပျိုးခဲ့သူများကအားမထည့်တော့။အဖြစ်သာကြဲစိုက်နေသည်ဟုသတင်းရသည်။စီးပွားရေးကျခြင်းသည်အဓိကမဟုတ်။စိတ်ဓါတ် မကျရန်အဓိကဖြစ်သည်။အားပေးရမည်။

- ဌာနဆိုင်ရာကျွမ်းကျင်သူများ နှင့်ပုဂ္ဂလိက ကျွမ်းကျင်ပြီးသောလုပ်ငန်းရှင်များကို မိကျောင်းမင်း၊ရေခင်းပြ ဆရာလုပ်ခြင်းမဟုတ်ဘဲ၊ဆွေးနွေးပွဲ မတက်နိုင်တဲ့အတွက်မိမိ၏အတွေးအမြင်ကို ဦးချစ်ခိုင်၊ဦးအောင်သန်းဦး၊ဦးတင်ဝင်း၊ဦးသောင်းဝင်း၊ဦးရဲမင်းအောင် တို့  သိရှိနိုင်ရန် ဆွေးနွေးခြင်းစ်ြပါသည်။

- အစိုးရနှင့်ပုဂ္ဂလိကကြားတွင် အချိတ်အဆက်မှန်ကန်ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ ဖြိုးတိုးတက်လိမ့်မည်ဟုတွေးမိမြင်မိပါသည်။

' မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ ဖြိုးတိုးတက်ပါစေ'

Ref:Tin Naing Thein FB













No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!