မြန်မာ့ အုပ်ချုပ်ရေး ယန္တရား အရည်အသွေး မြှင့်တင်ရေး အတွက် သမ္မတ ဦးသိန်းစိန် ခရီးစဉ် တွင် စင်ကာပူ နှင့် မြန်မာတို့ သဘော တူညီခဲ့ကြ ပြီး မြန်မာအစိုးရ အရာရှိကြီး များ စင်ကာပူ နိုင်ငံတွင် သင်တန်းများ တက်ရောက်လျက် ရှိကြပြီ။ စင်ကာပူမှ ရရှိခဲ့သော အကြံဥာဏ် များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကို တစ်နည်းနည်းဖြင့် သြဇာ သက်ရောက်တော့မည် ဖြစ်သည့် အတွက် စင်ကာပူ ပုံစံနိုင်ငံ တည်ဆောက်ရေး (Singapore Model) မြန်မာနိုင်ငံတွင် အလုပ်ဖြစ်နိုင် မဖြစ်နိုင်ကို လေ့လာရန်လိုသည်။ မည်သည့် နေရာတွင် မြန်မာနိုင်ငံ နှင့်အပ်စပ်သည်၊ မည်သည့်နေရာတွင် မအပ်စပ်နိုင် တို့ကို ခွဲခြမ်း စိတ်ဖြာရန် လိုသည်။
စင်ကာပူသည် ဒေသတွင်း သာမက တစ်ကမ္ဘာလုံး တွင် အအောင် မြင်ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်သောကြောင့် အတုယူစရာများစွာရှိ ကြောင်း အထူးပြောရန် မလို။ စင်ကာပူသည် ခြေမဲ့လက်မဲ့ သုညဘဝ မှ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ မျိုးဆက် တစ်ဆက်ခွဲ ကာလ (နှစ်သုံးဆယ်) အတွင်း ခုန်ပျံကျော်လွှား တက်လာခဲ့သည်။ စင်ကာပူ တက္ကသိုလ်တို့ ၏ အဆင့်အတန်း သည်လည်း ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များနှင့် ပခုံးချင်းယှဉ်နိုင်ပြီး စင်ကာပူထိပ်တန်း တက္ကသိုလ်များသည် အာရှထိပ်တန်း တက္ကသိုလ်များ စာရင်းတွင် တစ်မှ တစ်ဆယ်အတွင်း ပုံမှန် လို ဝင်နေကြသည်။ ယခုဆောင်းပါးတွင် စာရေးသူ မီးမောင်းထိုးပြ လိုသည်မှာ စင်ကာပူ မော်ဒယ်ကို မြန်မာပြည်က အတုယူရာ တွင် မဖြစ်မနေ သတိထားရမည့် စင်ကာပူနှင့် မြန်မာ အခြေခံကွာဟချက် များဖြစ်သည်။
စင်ကာပူသည် နိုင်ငံယောင် ဆောင်ထားသော မြို့ဖြစ်သည်။ နိုင်ငံတစ်ခု၏ ကြန်အင် လက္ခဏာများ ပါသော မြို့တစ်မြို့ ဟုဆိုရမည်။ အင်္ဂလိပ် ဘာသာဖြင့်ဆိုလျှင် City State မြို့ပြနိုင်ငံဖြစ်သည်။ လူဦးရေ ငါးသန်းသာရှိပြီး ရန်ကုန်မြို့ လူဦးရေခန့်နှင့် ရန်ကုန်မြို့ အကျယ်အဝန်း ခန့် သာရှိသည်။ စင်ကာပူ ဟိုဘက်ထိပ်နှင့် သည်ဘက်ထိပ် သွားလျှင် ပင် တစ်နာရီခန့် သာကြာသည်။
စင်ကာပူသည် သေးလွန်းသောကြောင့် တစ်ချက် မှားသွားလျှင် အားလုံး ပြန်အဖတ်ဆည်မရနိုင်။ သောက်သုံးရေကို ပြည်ပမှ ဝယ်ယူ ရသောကြောင့် စင်ကာပူကို သတ်လိုလျှင် အထူးအထွေ လုပ်ရန်မလို၊ ရေဖြတ်လိုက်ရုံ။ ထိုသို့ အတိမ်းအစောင်း မခံသည့်အတွက် စင်ကာပူ သည် လုံခြုံရေး (Security) ကို အဓိက ထားသည်။ လုံခြုံရေး အဓိက ထားသောကြောင့် ထိန်းချုပ်ခြင်း (Control) ကို အားသန်သည်။ အပ်ကျ သည်ကိုပင် အစိုးရက သိနိုင်သော အခြေအနေ ဖြစ်လာသည်။ သေးလွန်း သောကြောင့် အုပ်ချုပ်ရေးစနစ်တွင် အထက်နှင့်အောက် အဆင့်နည်းပါး သည်၊ အလွှာနည်းသည်။ စင်ကာပူ၏ အုပ်ချုပ်ရေးသည် အကောင်း ဆုံးသော အုပ်ချုပ်ရေးများ ထဲတွင် ပါဝင်သော်လည်း စင်ကာပူ၏ လုပ်ပုံ ကိုင်ပုံများအတိုင်း မြန်မာနိုင်ငံ လိုက်ပါလုပ်ကိုင်လျှင် အောင်မြင်နိုင်၊ မနိုင် စဉ်းစားရန် လိုသည်။ မြန်မာနိုင်ငံသည် လူဦးရေ သန်း၆ဝနှင့် အရှေ့တောင်အာရှတွင် မြေနေရာ တစ်ဆက် တစ်စပ်တည်း အကြီး မားဆုံးနိုင်ငံ၊ ဗြိတိန်နှင့် ပြင်သစ် နှစ်နိုင်ငံ ပေါင်းသလောက် ကျယ် ဝန်းသည့် နိုင်ငံဖြစ်သောကြောင့် စင်ကာပူနှင့် သဘော သဘာဝချင်း ကွာခြားသည်။
စင်ကာပူတွင် ကျေးတောသားမရှိ။ အားလုံး မြို့သူမြို့သားချည်း ဖြစ်သည်။ ထို့ကြောင့် စင်ကာပူကို ကွပ်ကဲရာတွင် အုပ်ချုပ်ရေးစနစ် သည် မြို့ပြစီမံခန့်ခွဲမှု (Urban Management) နှင့် လုံလောက်သည်။ စီမံကိန်း ချရာတွင်လည်း မြို့ပြစီမံကိန်း (Urban Planning) နှင့် လုံလောက်သည်။ မြန်မာနိုင်ငံ သည် မြို့ပြ ကျဲပါးသေးသော နိုင်ငံဖြစ် ပြီး တစ်နိုင်ငံလုံး လူဆယ်ယောက် ရှိလျှင် ခုနစ်ယောက်သည် ကျေးလက် နေသူများဖြစ်သောကြောင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးလိုလျှင် ကျေးလက် ဖွံ့ဖြိုးရေး (Rural Development) မဖြစ်မနေ ဆောင်ရွက်ရမည်။
အရှေ့တောင်အာရှ နိုင်ငံအများစု တိုးတက်လာခြင်း ၏ အစ မြစိမ်း ရောင်တော်လှန်ရေး (Green Revolution) က ဟု ဆိုရလောက်အောင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းသည် အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်အောင် အဓိက အခန်းကဏ္ဍမှ စွမ်းဆောင် ပေးခဲ့သည်။ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့သည် မြစိမ်းရောင် တော်လှန် ရေးဖြင့် စခဲ့ပြီးမှ တစ်ဆင့်ချင်း တက်သွားကြခြင်း ဖြစ်သည်။ မြန်မာ့ လူဦးရေ၏ ခုနစ်ဆယ် ရာခိုင်နှုန်းမှာ လယ်ယာကဏ္ဍနှင့် တစ်နည်း မဟုတ်တစ်နည်း ပတ်သက်နေပြီး မြေလွတ်မြေရိုင်းများ ပေါများ၊ ရေခံ မြေခံကောင်းမွန်၊ လုပ်သား ပေါများသောကြောင့် လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် ဖွံ့ဖြိုးနိုင်ခြေ မြင့်မားသည်။ မြန်မာ့ ရည်မှန်းချက်မှာ စက်မှုနိုင်ငံ ဖြစ်သော်လည်း ဖွံ့ဖြိုးရေးကို လယ်ယာနှင့် စတင်မောင်းနှင် ရမည်ဟု ပြည်တွင်းပြည်ပ ပညာရှင်များ တစ်ခဲနက် သဘောတူညီ ထားကြသလို နိုင်ငံတော်၏ စီမံကိန်းများ တွင်လည်း ထည့်သွင်းရေးဆွဲ ထားပြီးဖြစ်သည်။ စင်ကာပူတွင် မြေလွတ်မြေရိုင်းမရှိ၊ မိုးမျှော်တိုက် များဖြင့် ကွန်ကရစ် တောကြီးမျက်မည်း (Concrete Jungle)။ အရိုင်း ဆန်စေရန် တမင် ပစ်ထားသောမြေကွက်လပ် များသာရှိသည်။ မြန်မာ့ ပြုပြင် ပြောင်းလဲရေးတွင် အခြေခံကျသော လယ်ယာပြုပြင်ပြောင်းလဲ ရေးကို စင်ကာပူထံမှ သင်ယူမရနိုင်။
စင်ကာပူသည် “အရောင်စုံ အသွေးစုံတို့ ယှဉ်တွဲနေထိုင်သည့် လူ့အသိုက်အမြုံ” (Diverse Society) ဟု မိမိကိုယ်ကို သတ်မှတ်လေ့ ရှိသော်လည်း တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိသည့် မြန်မာနိုင်ငံ လောက်မူ အရောင်အသွေး မစုံလင်နိုင်။ ပထဝီဝင် အနေအထား ကွဲပြား ခြားနားမှု မျိုးတွင် ပိုပြီး အလှမ်းကွာလှသည်။ မြန်မာနိုင်ငံသည် နှင်းဖုံး တောင်များရှိသလို ပင်လယ် ကမ်းရိုးတန်းလည်း ရှည်လျားလှသည်။ မြစ်အသွယ်သွယ် ခက်ဖြာ စီးဆင်းနေသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ရှိသလို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် သဲကန္တာရနီးနီး ပူပြင်း ခြောက်သွေ့သည်။ ထိုသို့ ပထဝီဝင် အနေအထားချင်း ကွာခြားလှ သည့် ဒေသအသီးသီးတွင် နေထိုင်သူတို့၏ ကွဲပြားခြားနားသော လိုအပ်ချက်များကို လိုအပ်ချက်အလိုက် ဆီလျော်အောင် ဖြည့်ဆည်း ပေးရန်မှာ မြန်မာနိုင်ငံအတွက် ကြီးမားလှသည့် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်သည်။ မြန်မာပြည် မြောက်စွန်း ကချင်ပြည်နယ် ပူတာအိုမြို့နယ် တွင်နေသူနှင့် တောင်စွန်း တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်တွင် နေသူတို့ လိုအပ်ချက်များ ကွာဟပုံမျိုး စင်ကာပူတွင် မြောက်စွန်းနှင့် တောင်စွန်းနေသူတို့ လိုအပ်ချက်များ မကွာဟ။
စင်ကာပူ တွင် သဘာဝ သယံဇာတ နတ္ထိ ရေပင် ဝယ်သောက်ရ သည်။ စင်ကာပူသည် နိုင်ငံသားတို့၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ လူသား သယံဇာတ သက်သက်ဖြင့် အချိန်တို အတွင်း တိုးတက်လာခဲ့ ခြင်းဖြစ် သည်။ စင်ကာပူတွင် သဘာဝ သယံဇာတ မရှိသဖြင့် သဘာဝ သယံဇာတ ဖြင့် အာရုံထွေပြားရန် မရှိ၊ လူသား သယံဇာတသာ အားကိုးရာ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ ကြွယ်ဝ သည်။ တွင်းထွက် ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်စိမ်း ပေါကြွယ်ဝသလို သစ်တော၊ မြစ်ချောင်း အင်းအိုင် တို့ ပေါများသည်။ လောလောဆယ် တွင် သဘာဝ သယံဇာတ ကို ပိုင်ပိုင်နိုင်နိုင် အသုံးမချ နိုင်သေးသောကြောင့် “သဘာဝ သယံဇာတကျိန်စာ” (Resource Curse) သင့်နေသလို ဖြစ်နေသော် လည်း လုပ်တတ် ကိုင်တတ်လျှင် “သဘာဝသယံဇာတမင်္ဂလာ” (Resource Blessing) အဖြစ် ပြောင်းလဲသွားကာ တိုင်းပြည် ဖွံ့ဖြိုးရေးကို အရှိန် အဟုန်ဖြင့် ဆွဲတင် နိုင်မည်။ ထိုသို့ မြန်မာနိုင်ငံ အတွက် အလွန်လိုအပ် သည့် သဘာဝ သယံဇာတ စီမံခန့်ခွဲမှု (Natural Resource Management) ဖြင့် တိုင်းပြည်ဖွံ့ဖြိုးအောင် ဆောင်ရွက် ခြင်းမျိုး စင်ကာပူ အတွေ့အကြုံ မှ လေ့လာ မရနိုင်။
စင်ကာပူ ဖွံ့ဖြိုးတိုးတက်အောင် စတင်ချိန် ၁၉၆၅ မှ အောင်မြင်ချိန် ၁၉၉ဝ ခုနှစ်အထိ နှစ်ဆယ့်ငါးနှစ် အတွင်း ဝန်ကြီးချုပ်မှာ လီကွမ်ယု တစ်ဦးတည်း သာ ဖြစ်ခဲ့သည်။ ယနေ့ အချိန်အထိ ၄၇ နှစ်တာကာလ အတွင်း လီကွမ်ယု၊ ဂိုချောက်တောင်၊ လီရှင်လွန်း ဝန်ကြီးချုပ် သုံးယောက် သာ ရှိသေးသည်။ စင်ကာပူ စတင် လွတ်လပ်ရေး ရကတည်းက လီကွမ်ယု ၏ People’s Action Party PAP က အာဏာဆက်တိုက် ရယူထားနိုင်ခဲ့ ပြီး အတိုက်အခံ ပါတီသည် PAP ကို စိန်ခေါ်နိုင်ပုံ မပေါ်သေး။ ခြုံပြော ရလျှင် စင်ကာပူသည် စနစ် တည်ငြိမ်သလို ခေါင်းဆောင် အပြောင်း အလဲလည်း နည်းသည်။ မြန်မာနိုင်ငံမှာ ယခုမှ စနစ်သစ် စတင်စ ရှိသေးသည့် အတွက် စနစ်မငြိမ်သေး။ စနစ်သစ် လည်ပတ်ပုံ၊ ပျော့ကွက်၊ ကောင်းကွက်များကို တိုင်းသူပြည်သားတို့ သာမက နိုင်ငံရေးသမား၊ နိုင်ငံရေး သိပံ္ပပညာရှင်တို့ ပင် နားလည်ရန် ကြိုးစား နေကြရသည်။ ဒီမိုကရေစီ နည်းစနစ် အားဖြင့် ငါးနှစ်တစ်ကြိမ် အစိုးရ အတင်အချ ပြုလုပ်မည် ဖြစ်သောကြောင့် အလှည့်ကျ စနစ်နှင့် အသားကျရန် ကြိုးစား ရဦးမည်။ ခြုံပြောရလျှင် နိုင်ငံရေးစနစ်နှင့် နိုင်ငံရေးယဉ်ကျေးမှု (Political Culture) ချင်းမတူ။
Singapore Sroty ခေါ် စင်ကာပူတို့ ဖွံ့ဖြိုးတိုးတက် လာခဲ့ပုံ ဇာတ်လမ်းသည် ကျွန်းငယ်လေး တစ်ခု ကိုယ်ထူကိုယ်ထဖြင့် အောင်မြင် လာသော အားကျဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်သည်။ ဘာမျှမရှိ သောဘဝမှ ကြီးပွားအောင် လုပ်ပုံ၊ တိုင်းငယ်ပြည်ငယ် ဖြစ်သော်လည်း နိုင်ငံကြီးများ လေးစားရသည့် ဘဝရောက်အောင် မည်သို့ဆောင်ရွက် ရပုံ၊ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်သည့် လူသားရင်းမြစ် (Human Capital) ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ပုံ စသည်ဖြင့် စင်ကာပူ ထံမှ မြန်မာနိုင်ငံ လေ့လာ သင်ယူစရာ များစွာရှိသည်။ တစ်ချိန်တည်း တွင် မွေးရာပါ ဇာတိအရ ကွဲပြားသည့်အတွက် မည်သို့မျှ ထပ်တူမကျ နိုင်သည့် အရာများစွာ ရှိကြောင်းလည်း သတိပြု နိုင်ပါမှ ယူသင့် ယူထိုက်သည် များကို ယူနိုင်မည် ဖြစ်ပြီး Myanmar Story ကို အောင်မြင်စွာ ရေးသားနိုင်မည်။
Ref;thevoicemyanmar

နိုင်ငံလော၊ မြို့လော

မြို့နှင့်တော

လယ်ယာ

ကွဲပြားခြားနားခြင်း

သဘာဝ သယံဇာတ

နိုင်ငံရေးစနစ်

No comments:
Post a Comment