Popular Posts!

Tuesday, December 18, 2012

အစိုးရသစ်တက်လာပြီး နှစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှု အားနည်းသောကြောင့် အောက်ခြေအထိ အကျိုးသက်ရောက်မှုမရှိဘဲ မြို့ရော တောပါ အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာ

16
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်တက်လာပြီး နှစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှု အားနည်းသောကြောင့် အောက်ခြေအထိ အကျိုးခံစားသက်ရောက်မှု မရှိသေးဘဲ အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာကြောင်း လုပ်ခလခစား ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။
၂၀၁၁ ခုနှစ် မတ်လအတွင်း စတင်တက်ရောက်လာသည့် အစိုးရသစ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားဆောင်ရွက်လာပြီး ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့သို့ အကောင်အထည် ဖော်နိုင်ရန်အတွက် မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်လာခဲ့ပြီး ကုန်သွယ်ရေး လိုင်စင်စနစ်များ၊ အခွန် နှုန်းထားများ ပြင်ဆင်လာမှုများနှင့်အတူ နိုင်ငံခြားငွေလဲနှုန်းကိုလည်း နှုန်းသေစနစ်မှ ထိန်းညှိမှုရှိသော ငွေလဲနှုန်းရှင်စနစ်သို့ ပြောင်းလဲနိုင်ခဲ့ပါသည်။
ထို့အတူ အစိုးရ၀န်ကြီးဌာနများ၏ အုပ်ချုပ်မှုယန္တရားများ၏ အတားအဆီးအချို့ကို ဖယ်ရှားပေးခဲ့ပြီး ကုန်သွယ်ရေး ကန့်သတ်ချက်အချို့ကို လျှော့ချပေးခဲ့သည်။ အစိုးရသစ်၏ မူဝါဒများအရ မော်တော်ကားဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း၊ တယ်လီဖုန်းဈေးနှုန်းတို့ ကျဆင်းလာသော်လည်း အခြေခံလူတန်းစားများအတွက် အကျိုးသက်ရောက်မှု မရှိသေးဘဲ ပိုမိုကျပ်တည်းလာကြောင်း သိရပါသည်။
ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက်တွင်နေထိုင်သူ ဒေါ်ခင်အုန်းမြင့်က “ကျွန်မက ကုန်စိမ်းရောင်းပါတယ်။ စမ်းချောင်းမှာ သွားရောင်းပါတယ်။ မိသားစုက ခြောက်ယောက်ရှိပါတယ်။ ကလေးငယ် သုံးယောက် ရှိပါတယ်။ ငွေရေးကြေးရေး အခက်အခဲအရ ကျောင်းမထားနိုင်သေးပါဘူး။ အဓိက အခက်အခဲတွေကတော့ ငွေရေးကြေးရေးပါပဲ” ဟု ပြောကြားပါသည်။
“ကျွန်တော့် ဇာတိကတော့ ကြံခင်းမှာနေပါတယ်။ အခုက ရန်ကုန်မှာလာပြီး အလုပ်လုပ်နေတာပါ။ အလုပ်ကတော့ ရုံးအကူ အလုပ်ပါ။ လစာကတော့ ခုနစ်သောင်းနီးပါး ရပါတယ်။ နေတာကတော့ အဆောင်မှာနေပါတယ်။ အဆောင်စရိတ်ကလည်း ကြီးပါတယ်။ နေစရိတ် ကြီးတဲ့အပြင် စားစရိတ်လည်း ကြီးပါတယ်။ အလုပ်သာ လုပ်နေရတယ်၊ စုဆောင်းဖို့ မပြောနဲ့ဗျာ၊ တစ်ခါတလေ အိမ်ကတောင် ပြန်တောင်းနေရတယ်။ နယ်ကလာသူအတွက်တော့ အခက်အခဲတွေက အများကြီးရှိပါတယ်” ဟု ကိုစည်သူက ရှင်းပြပါသည်။
အစိုးရက သယ်ယူပို့ဆောင်ရေးစရိတ်များ လျော့နည်းစေရေးအတွက် မော်တော်ကားဈေးနှုန်း လျော့ကျစေရန် မော်တော်ယာဉ် အမြောက်အမြား တင်သွင်းခွင့်ပေးခဲ့ပြီး မော်တော်ယာဉ်လမ်းများနှင့် ရန်ကုန်မြို့၏ မြို့ပြအခြေအနေတို့ကို ထည့်သွင်းတွက်ဆခဲ့ခြင်း မရှိသောကြောင့် ယခုအချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ခံစားနေရပြီ ဖြစ်ပါသည်။ မော်တော်ယာဉ် အများအပြား တင်သွင်းခဲ့သော်လည်း အခြေခံလူတန်းစားသန်းချီ နေ့စဉ် စီးနင်းသွားလာနေသည့် ဘတ်စ်ကားတင်သွင်းမှု အနည်းငယ်သာရှိခဲ့ပြီး ယခု လမ်းပိတ်ဆို့မှုကြောင့် နေ့စဉ်သွားလာ လှုပ်ရှားမှု အချိန်ပမာဏသည် အခြေခံလူတန်းစားများအတွက် ဖိစီးမှု ပိုများလာစေပါသည်။
ထို့ပြင် ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ ဖြစ်စေရန် ကြိုးစားမည်ဟု အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လေးလအတွင်း ခုံးကျော်တံတားများ ဆောက်လုပ်မည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် ဆောက်လုပ်ဆဲဖြစ်သည့် လှည်းတန်း ခုံးကျော်တံတားသည် တစ်နှစ်နီးပါး ရှိလာပြီဖြစ်ပြီး ဘုရင့်နောင်ခုံးကျော်တံတားနှင့် ရွှေဂုံတိုင်ခုံးကျော်တံတား တို့ကိုလည်း စတင်ဆောက်လုပ်တော့မည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် လမ်းပိတ်ဆို့မှုကို ကုစားရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် ခုံးကျော်တံတား စီမံကိန်းများက ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုကြာမြင့်စေပြီး သွားလာလှုပ်ရှားနေသည့် အခြေခံလူတန်းစား အပါအ၀င် ပြည်သူအားလုံးကို ပိုမိုအကျပ်ရိုက်စေပါသည်။
161
ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်သူများ၏ ဒုက္ခသည်စခန်းတစ်နေရာ
ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းနှင့်အတူ ဟောင်းနွမ်းနေသော ခရီးသည်တင်ယာဉ်များကို စီးနင်းနေရဆဲဖြစ်ကြောင်း သိရပါသည်။ ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ပြည်ပမှ ခရီးသည်တင်ယာဉ်ကြီးများ တင်သွင်းရန်အတွက် ကုမ္ပဏီ ၁၃ ခုကို တင်သွင်းခွင့် ထောက်ခံချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
“စည်ပင်က ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြေရှင်းဖို့ အသေးစိတ် တိကျတဲ့ Plan မရှိသေးဘူး။ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ဗီယက်နမ်ကိုမှီဖို့ ကားအစီးရေ ၃ ဒဿမ ၈ သိန်းထိ သွင်းဖို့တောင် လိုသေးတယ်လို့ ပြောတယ်။ ဒါကို ကြည့်ရင် သွင်းတဲ့ဌာနနဲ့ လမ်းအတွက် ဖြေရှင်းပေးမယ့်ဌာန၊ အခြားသက်ဆိုင်တဲ့ ဌာနတွေဟာ ဘာဆက်သွယ် ဆွေးနွေးမှုမှ မရှိတဲ့ပုံမျိုး ဖြစ်နေတယ်။ ဒီလိုဌာန အချင်းချင်း မဆက်သွယ်တဲ့ဒဏ်ကို ခံရတော့ အများပြည်သူပဲ ခံရတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“အခုမြန်မာနိုင်ငံရဲ့ အခြေအနေက နိုင်ငံတကာက အားပေးလက်ခံမှုတွေ ရရှိနေပေမယ့် အားနည်းချက်တွေလည်း အများကြီးပဲ။ အရင်ကထက် မူဝါဒချမှတ်မှုတချို့က အားရစရာကောင်းတယ်။ ဒါပေမယ့် အောက်ခြေထိ အကျိုးသက်ရောက်ခံစားမှုက သိသိသာသာ မရှိသေးဘူး။ ဆိုးကျိုးဖြစ်နိုင်ခြေကို သေချာမစဉ်းဘဲ လွယ်လွယ်မူဝါဒ ချတာမျိုးလည်း အတွေ့ရ များလာတယ်။ စေတနာ အပြည့်နဲ့ လုပ်တာဖြစ်ပေမယ့် သေချာတွက်ဆ မလုပ်ရင် အပြစ်မြင်ခံရမှာ ဆိုတော့ မူဝါဒချမှတ်သူတွေ အနေနဲ့ နားလည်တတ်ကျွမ်းသူတွေကို တိုင်ပင်ညှိနှိုင်းသင့်တယ်။ အခု တော်တော်များများက ပြုပြင်ပြောင်းလဲလိုစိတ် ရှိလာပေမယ့် တချို့က နားမလည်ဘဲ လုပ်နေတာ၊ မေးတော့လည်း ဘာလုပ်ရမယ်မှန်း မသိကြဘူး” ဟု ပါမောက္ခဒေါ်ရီရီမြင့်က ထင်မြင်ချက် ပေးပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသည် ပြည်သူအများစုဖြစ်သော အခြေခံလူတန်းစားများ၏ စားဝတ်နေရေး၊ လူနေမှု အဆင့်အတန်း မြင့်မားလာရေး၊ အလုပ်အကိုင်နှင့် ၀င်ငွေတိုးပွားရေးတို့အတွက် ထိရောက်မြန်ဆန်သည့် မူဝါဒမျိုး ချမှတ်ပေးနိုင်ရန် စိန်ခေါ်မှုများ ရှိနေပါသည်။ ထိုသို့ အခြေခံလူတန်းစားများ လျော်ညီသော လူနေမှုအဆင့်အတန်း ရရှိနိုင်စေရန်အတွက် ၀င်ငွေနှင့် အလုပ်အကိုင် ခွဲဝေပေးမည့် စီးပွားရေးလုပ်ငန်းများ အားကောင်းခိုင်မာရန် လိုအပ်ပြီး စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုမည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများရှိရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ လူလတ်တန်းစား အရေအတွက် တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နေသလိုပဲ အောက်ခြေပြည်သူများအတွက်လည်း တစ်ဦးချင်းဝင်ငွေ မြင့်မားဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားဖို့အတွက် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍ စတဲ့နယ်ပယ်အသီးသီးမှာ တစ်မျိုးသားလုံးရဲ့ စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံး ဟန်ချက်ညီ တိုးတက်လာဖို့ ပြည်တွင်းပြည်ပ အရင်းအနှီး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုတွေကို ဖိတ်ခေါ်စုစည်းပြီး ညီညွတ်မျှတပြီး သဟဇာတဖြစ်တဲ့ စီးပွားရေးပတ်ဝန်းကျင် တစ်ရပ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့ကပြောကြားသည့် မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားထားပါသည်။
လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် အခွန်ပေးဆောင်သင့်သူတိုင်း အခွန်ထမ်းဆောင်စေမည့် စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း သိရပါသည်။ လက်ခလုပ်ခစား အခြေခံလူတန်းစားများ အခွန်ထမ်းရမည် ဖြစ်သကဲ့သို့ လက်လုပ်လက်စား ဈေးသည်များနှင့် ပတ်သက်သည့် အခွန်အရပ်ရပ်လည်း အစိုးရသစ်လက်ထက်တွင် တိုးမြှင့်လာခဲ့ပါသည်။
သို့သော် အများပြည်သူအနေဖြင့်သာ ဆိုက်ကားနင်းသူမှအစ ဈေးရောင်းသူများ၊ ၀န်ထမ်းများအဆုံး အခွန်အရပ်ရပ် ထမ်းဆောင်ကြသော်လည်း အစိုးရဖြင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများကမူ အခွန်ရှောင်ကာ လုပ်ကိုင်နေဆဲဖြစ်ရာ၊ ၎င်းတို့ အခွန်ရှောင်သည့်ဒဏ်ကို အများပြည်သူကသာ ပြန်လည်ခံစားရပြန်သည်။
ရန်ကုန်မြို့ဈေးများရှိ ဆိုင်ခန်းများကို ကောက်ခံလျက်ရှိသော ဈေးရောင်းချသူနှင့် အကူအဖြစ် ရောင်းဝယ်သူအတွက် အကူဈေးသည်ခွန်တစ်ဦးလျှင် (တစ်နှစ်စာ) ကျပ် ၅၀၀ ကောက်ခံခဲ့ရာမှ ၂၀၁၁ ခုနှစ် သြဂုတ်လမှ စတင်၍ ကျပ် ၁၀၀၀၊ ဆိုင်တစ်ဆင့်ငှားခွန်အဖြစ် ယခင် တစ်လလျှင် ကျပ် ၅၀၀၀ မှ ယခု ကျပ် ၇၀၀၀၊ ပျံကျဈေးသည် ကဒ်ပြားခွန်အား ယခင်တစ်ကဒ်လျှင်(တစ်လစာ) ကျပ် ၉၀၀ မှ ကျပ် ၁၀၀၀ သို့ တိုးမြှင်ခဲ့သည်။
162
ရွှေပြည်သာမြို့နယ်အတွင်း နေအိမ်အချို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကားပါကင်၊ မီးစက်များအတွက် ကောက်ခံလျက်ရှိသော နှစ်စဉ်ကြေးများကိုလည်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ နှစ်ဆနီးပါး တိုးမြှင့်ခဲ့ပြီး ကားပါကင်များကို နှစ်စဉ်ကြေးအဖြစ် ယခင် တစ်စတုရန်းပေလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်သို့ လည်းကောင်း၊ မီးစက်အတွက် နှစ်စဉ်ကြေးအဖြစ် ယခင် တစ်စတုရန်းပေလျှင် ၁၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်သို့ လည်းကောင်း တိုးမြှင့်ခဲ့ပါသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ၂၀၀၅ ခုနှစ် သြဂုတ်လမှ စတင်၍ ရေတစ်ဂါလန်လျှင် အိမ်သုံး ၂၅ ပြားနှုန်း၊ စီးပွားရေးလုပ်ငန်းသုံး ၃၅ ပြားနှုန်းဖြင့် ကောက်ခံခဲ့သော ရေဖိုးရေခများအား ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အိမ်သုံးရေ တစ်ဂါလန် ပြား ၄၀ သို့ လည်းကောင်း၊ စီးပွားရေး လုပ်ငန်းသုံးအား ၅၀ ပြားသို့ လည်းကောင်း အသီးသီး တိုးမြှင့်ခဲ့သည်။
အလားတူ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေး ဆောင်ရွက်ခများကို နှစ်ဆတိုးမြှင့်ခဲ့ကြောင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ဥက္ကလာပ စသောမြို့နယ်များတွင် ယခင်သုံးလတစ်ကြိမ် ၄၅၀ ကျပ် အစား ၉၀၀ ကျပ်သို့လည်းကောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်းစသော မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များတွင်း ယခင်သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား ၁၃၅၀ ကျပ်သို့လည်းကောင်း၊ မြို့တွင်း Down Town ခြောက်မြို့နယ်တွင်မူ ယခင်သုံးလတစ်ကြိမ် ၉၀၀ ကျပ် အစား ၁၈၀၀ ကျပ်သို့ အသီသီးတိုးမြှင့်ခဲ့သည်။
အစိုးရအနေဖြင့် မူဝါဒ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လူတန်းစား ကွာဟချက်များ၊ ဆင်းရဲနွမ်းပါးမှုများနှင့် ပြည်သူတစ်ဦးချင်းဝင်ငွေ နိမ့်ကျမှုများကို ဖြေရှင်းနိုင်မည့် စီးပွားရေး မူဝါဒချမှတ်မှုတွင် အားနည်းနေဆဲဖြစ်ကြောင်း ပညာရှင်များ၏ ထင်မြင်သုံးသပ်မှုများအရ သိရပါသည်။
ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းကလည်း လက်ရှိ နိုင်ငံ့စီးပွားရေး အခြေအနေမှာ ခြုံငုံသုံးသပ် ပြောရမည်ဆိုပါက မကောင်းဘူးဆိုသည့်သဘော ရှိကြောင်းနှင့် စီးပွားရေးမကောင်းသဖြင့် အထိခိုက်ဆုံးမှာ အခြေခံ လူတန်းစားများဖြစ်သည့် လယ်သမားနှင့် အလုပ်သမားများ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက် နေ့တွင် ပြုလုပ်သည့် အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ၏ လက်ရှိ ဆင်းရဲနွမ်းပါးမှု ပမာဏမှာ ၂၆ ရာခိုင်နှုန်းရှိသည်ဟု အစိုးရက တရားဝင် ထုတ်ဖော်ပြောကြားထားပြီး နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေ အထူထပ်ဆုံးရှိသည့် ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသည့် အောက်ခြေလူတန်းစား အများစုသည် လုံခြုံမှုနှင့် အာမခံချက်မရှိသော ကျူးကျော်နေအိမ်များတွင် နေထိုင်ရသူများလည်း ဖြစ်ပါသည်။
“ကျွန်မအလုပ်ကတော့ ဈေးရောင်းပါတယ်။ မိသားစု ငါးယောက်ရှိတယ်။ အမျိုးသားကလည်း ကျပန်းလုပ်ရတာပဲ။ သားသမီး သုံးယောက်ရှိတယ်။ သုံးယောက်လုံး ကျောင်းသားတွေပဲ။ ကျောင်းစရိတ်က သုံးယောက်ဆိုတော့ တော်တော်ကြီးတယ်။ ကျောင်းနားမယ်ပြောရင် ကလေးတွေက ငိုကြတယ်။ အဲဒီတော့လည်း ကျောင်းမထုတ်ရက်ပြန်ဘူး။ သူတို့တွေကိုတော့ ပညာတတ်စေချင်တယ်လေ။ ပညာတတ်မှ အစ်မတို့လို ပင်ပင်ပန်းပန်း မလုပ်ရမှာ။ ၀င်ငွေကလည်း ပုံမှန်မဟုတ်ဘူးလေ။ ကုန်ဈေးနှုန်းတွေကလည်း တက်ဆိုတော့ တစ်နှစ်ထက်တစ်နှစ် ပိုပိုကြပ်လာတယ်။ ခုဆို ၂၀၁၃ ဇန်န၀ါရီကစပြီး အိမ်လခက ဈေးတက်တော့မယ်။ အရင်က သုံးသောင်းခွဲ၊ အခု ငါးသောင်း ဖြစ်တော့မယ်။ ၀င်ငွေရဲ့ တစ်ဝက်ကျော်က အိမ်လခထဲ ရောက်သွားတော့မယ်။ အဲဒါကြောင့် နောက်လအတွက် ဈေးသက်သာတဲ့အိမ် ရှာရဦးမယ်” ဟု တောင်ဒဂုံစက်မှုဇုန်ဘေးမှ လိုတရ လိုင်းခန်းတွင် နေထိုင်သော ဒေါ်သန်းသန်းမော်က ပြောပြခဲ့သည်။
ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ခင်မြင့်ကလည်း “ကျွန်မက ကလေးငယ်နေတဲ့အတွက် အလုပ်မလုပ်နိုင်သေးဘူး။ ကျွန်မ ယောက်ျားက ဆိုက်ကားနင်းပါတယ်။ မိသားစု သုံးဦးရှိပါတယ်။ ကျွန်မတို့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ နေဖို့ထိုင်ဖို့နဲ့ ငွေရေးကြေးရေး အခက်အခဲတွေ ဖြစ်ပါတယ်။ ဆိုက်ကားနင်းတာကလည်း ရတဲ့အခါမှရတာ မရရင်လည်း စားဖို့သောက်ဖို့တောင် အရမ်းရုန်းကန်ရတယ်။ အခုနေတာက ကျူးကျော်ရပ်ကွက်မှာ နေပါတယ်” ဟု ရှင်းပြပါသည်။
ရန်ကုန်မြို့တွင် ယခင်ကတည်းက ကျူးကျော်နေအိမ်များတွင် နေထိုင်သူများအပြင် နယ်မြို့များမှ ပြောင်းရွှေ့လာသူ အများအပြား ရှိနေပါသည်။ ကျူးကျော်နေအိမ်များတွင် နေထိုင်သူများသည် စီးပွားရေး ပြေလည်ခြင်းမရှိသည့် အခြေခံလူတန်းစားများဖြစ်ပြီး သာကေတ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ လှိုင်သာယာတို့အပြင် စမ်းချောင်းနှင့် သင်္ဃန်းကျွန်းကဲ့သို့ မြို့နယ်များတွင်ပင် ကျူးကျော်ရပ်ကွက်များ ရှိနေကြောင်း သိရပါသည်။
163
ရွှေပြည်သာမြို့နယ်အတွင်း နေအိမ်အချို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့၌ ကျူးကျော်နေထိုင်သူများအား အစိုးရပိုင်မြေပေါ်တွင် ဖြစ်ပါက ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာများ အက်ဥပဒေအရ လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံခန့်ခွဲခွင့်ရှိသော မြေပေါ်တွင်ဖြစ်ပါက ၁၉၉၀ ပြည့်နှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ လည်းကောင်း၊ တပ်မြို့ စည်ပင်သာယာရေး ကော်မတီ၏ စီမံခွဲခွင့်ရှိသော တပ်မြေဖြစ်ပါက ၂၀၁၀ ပြည့်နှစ် တပ်မြို့စည်ပင်သာယာရေး ဥပဒေအရ အရေးယူနေကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ပါသည်။
အခြားတစ်ဖက်တွင်လည်း လက်ရှိရေးဆွဲနေသည့် ရန်ကုန်မြို့ပြ စီမံကိန်းတွင် ကျူးကျော်များကို အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် တန်ဖိုးနည်းအိမ်ယာများတွင် နေထိုင်နိုင်ရေးအတွက် အကြံပေး ကူညီသွားရန် ရှိသည်ဟု စီမံကိန်းရေးဆွဲရေးအဖွဲ့ခေါင်းဆောင် JICA မှ မစ္စတာ ခိုးဂျိယာမာဒါက ပြောကြားခဲ့ပါသည်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အခြေခံလူတန်းစားများအတွက် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၂၀၀၀၀ ကျော်ကို အသုတ်များခွဲကာ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောက်လုပ်ရန် အစီအစဉ်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါသည်။
ရန်ကုန်မြို့တော် အခြေခံလူတန်းစားများမှာ အိမ်ပိုင်မရှိသူ များပြားသည့်အတွက် အခြေခံလူတန်းစားများ ၀ယ်ယူနေထိုင်နိုင်သည့် တန်ဖိုးနည်းအိမ်ရာများ လိုအပ်မည်ဖြစ်ပြီး အစိုးရမှ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် ပြည်သူများ၏ ၀င်ငွေပမာဏနှင့် လျော်ညီသော အိမ်ရာအား သက်ဆိုင်ရာ အစိုးရ၊ ၀န်ကြီးဌာန၊ မြို့အာဏာပိုင်များက ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော်၍ အရစ်ကျ ရောင်းချပေးပြီး ထိုသို့ ရောင်းချနိုင်ရန်အတွက် အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေကို ဆောက်လုပ်ရေး လုပ်ငန်းရှင်မှ ရယူခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံလူတန်းစားများဖြစ်သော လယ်သမားများနှင့် အလုပ်သမားများ နိုင်ငံသားအဖြစ် ပါဝင်နေသည့် မြန်မာနိုင်ငံအပေါ် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှုများကို ပေးအပ်လာပြီ ဖြစ်သော်လည်း အခြေခံလူတန်းစားများ လျော်ညီသည့် လူနေမှုအဆင့်အတန်းများ ရရှိခံစားနိုင်ရန် စိန်ခေါ်ချက်များစွာ ရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် အခြေခံလူတန်းစားများထံသို့ လျှင်မြန်စွာ စိမ့်ဝင်ပျံ့နှံ့နိုင်မည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် လက်ရှိအစိုးရ ကြိုးစားဆောင်ရွက်ရဦးမည် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားလာစေရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် အဓိကထား လုပ်ဆောင်ခဲ့ပြီး နိုင်ငံပိုင်မြေယာ၊ စက်ရုံ၊ အလုပ်ရုံနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသည့် မြေယာ အိုးအိမ် တိုက်တာများကိုပါ ပုဂ္ဂလိကပိုင်အဖြစ် လုပ်ကိုင်ခွင့် ပေးခဲ့သည်။
ထို့အတွက် အစိုးရသစ်လက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၀၀ ဘီလျံနှင့်အထက် ရင်းနှီးမြှုပ်နှံမှု ပြုခဲ့လာကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံခွင့်ရှိသူ အများစုမှာ အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များသာဖြစ်ကြောင်း သိရသည်။
အစိုးရသစ်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ များစွာပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း အစိုးရသစ်လက်ထက် မတိုင်မီ တည်ရှိခဲ့သည့် ခရိုနီစီးပွားရေး၊ လက် ၀ါးကြီးအုပ် စီးပွားရေးစနစ်များအား ယခုအချိန်အထိ ပြောင်းလဲနိုင်ခြင်း မရှိသေးသည်ကို ရင်းနှီးမြှုပ်နှံမှု အချက်အလက်များက ဖော်ပြနေသည်။
ယခင်ကတည်းက လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သည့် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံပိုင်လုပ်ငန်း များကို BOT စနစ်ဖြင့်လည်းကောင်း၊ အကျိုးတူပေါင်းဆောင်ရွက်မှု Joint Venture အနေဖြင့်လည်းကောင်း၊ အပြီးအပြတ် ပုဂ္ဂလိကပိုင်ဆိုင်သည့် စနစ်ဖြင့်လည်းကောင်း နိုင်ငံပိုင်လုပ်ငန်း၊ မြေယာ၊ မြေယာနှင့်အိုးအိမ် အဆောက်အအုံများကို လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
သို့သော် ရရှိခဲ့သည့် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံခွင့်များအား နိုင်ငံတော်သမ္မတမှ သုံးသပ်ထားသကဲ့သို့ အလုပ်အကိုင် ရရှိစေရန်အတွက် အကောင်အထည်မဖော်ပဲ မြေနှင့်နေရာ ဦးထားသည့် အခြေအနေမျိုးသာ လုပ်ကိုင်လျှက်ရှိကြောင်း၊ ထို့အတွက် အမှန်တစ်ကယ် ရင်းနှီးမြှုပ်နှံလိုသူများ မြှုပ်နှံလုပ်ကိုင်ခွင့် မရရှိသကဲ့သို့ အများပြည်သူသည်လည်း ယခုအချိန်အထိ ရင်းနှီးမြှုပ်နှံမှု အကျိုးကျေးဇူးများကို မခံစားရသည့် အခြေအနေ ဖြစ်နေသည်ဟုလည်း သုံးသပ်ကြသည်။ အိမ်ခြံမြေဈေး အဆမတန် မြင့်တက်ခြင်း၏ နောက်ဆက်တွဲ သက်ရောက်မှုအဖြစ် အိမ်ငှားရမ်းခများ အပါအ၀င် လူနေမှုစရိတ် မြင့်တက်ခြင်းများကို ပိုမိုကြုံတွေ့ လာကြရသည်။
ပါမောက္ခ ဒေါ်လှမြင့်ကလည်း “အခုအစိုးရ တက်လာကတည်းက ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ သန့်ရှင်းသည့် အစိုးရဆိုပြီး တက်လာတာ။ စီးပွားရေးမှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်ဆိုပြီး ပြောထားတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အခြေခံလူတန်းစား များပြားတဲ့နိုင်ငံ၊ ဆင်းရဲနွမ်းပါးမှု များတယ်။ သူများနိုင်ငံထက် အစစအရာရာ နိမ့်ကျခဲ့တဲ့ နိုင်ငံဖြစ်တာကြောင့် သူများထက် အစပေါင်းများစွာ ကြိုးစားရပါမယ်။ အခု ပြုပြင်ပြောင်းလဲရေးခရီးမှာ အလုပ်ဖြစ်တာရှိသလို အလုပ်မဖြစ်တာတွေလည်း ရှိပါတယ်။ တချို့ကလည်း အချိန်အတိုင်းအတာတစ်ခုမှ ပြောင်းလဲမှုကို မြင်ရတာလည်းရှိပါတယ်။ အပေါ်မှာတော့ပြောင်း သွားပြီဖြစ်ပေမယ့် အောက်မှာတော့ မသိသာသေးသလိုပေါ့။ မြန်မာနိုင်ငံက ဆင်းရဲချမ်းသာ ကွာဟမှုကြီးတယ်။ လက်တစ်ဆုပ်စာက အရမ်းချမ်းသာတယ်။ အောက်ခြေလူတန်းစားက ထုနဲ့ထည်နဲ့၊ အလယ်လူတန်းစားက ပါးပါးပဲရှိပါတယ်။ အစိုးရအနေနဲ့ ရေရှည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ လုပ်သလို အခြေခံ လူတန်းစားတွေ အချိန်တိုအတွင်း ခံစားသိရှိနိုင်မယ့် မူဝါဒမျိုးလည်း ချမှတ်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
“အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ လှေကလေးတစ်စီးကို ချက်ချင်းကွေ့လို့ရပေမယ့် သင်္ဘောတစ်စင်းကိုတော့ ချက်ချင်းကွေ့လို့ မရနိုင်ပါဘူး။ သင်္ဘောရဲ့ Speed နဲ့ ချက်ချင်းကွေ့လို့လည်း မနိုင်ဘူးလေ။ အခုဟာက သန်း ၆၀ ကိစ္စဖြစ်နေတော့ Change တစ်ခုအတွက် အချိန်ကာလတစ်ခုတော့ ပေးရမှာပါ။ တစ်ခုတော့ရှိတယ် လမ်းကြောင်းမှန်ဖို့တော့ လိုတယ်။ ပြုပြင်ပြောင်းလဲရေးမှာ သွားချင်တဲ့ လမ်းကြောင်းမှန်မှ ဖြစ်ပါမယ်။ ပြည်တွင်းရဲ့ လက်ရှိအခြေအနေမှန်တွေကို သိအောင်လုပ်ရမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေတောင်မှ Change တစ်ခုအတွက် အချိန်ငါးနှစ်၊ ၁၀နှစ်ကြာမှ သိသာပါတယ်။ အခုမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အိမ်တစ်လုံးနဲ့ ဥပမာပေးရင် အဲဒီအိမ်တစ်ခုလုံးကို ပြန်ပြင်ရမှာပါ” ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က သုံးသပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် အဓိကပါဝင်ကူညီနေသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ မြန်မာဆိုင်ရာ စစ်တမ်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အခက်အခဲ အတားအဆီးများ အများအပြား ရှိနေခြင်းနှင့်အတူ မြန်မာနိုင်ငံသည် အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိဆဲဖြစ်ကြောင်း၊ ဆယ်စုနှစ် ငါးခုနီးပါး ကာလအတွင်း တံခါးပိတ်ထားခဲ့ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒဏ်ခတ်မှုများ ခံခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု မရှိသလောက်ဖြစ်ခဲ့ပြီး နောက်ကျကျန်ရစ်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
]စီးပွားရေးနယ်ပယ်မှာ ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးနေသလို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စွမ်းဆောင်ရည်မြင့်မားလာ အောင် ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရင်းအနှီး ဈေးကွက်၊ ငွေကြေးဈေးကွက် ထွန်းကားရှင်သန်လာအောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်သလို အများပိုင်ကုမ္ပဏီတွေ တိုးပွားရှင်သန်အောင်လည်း ဆောင်ရွက်နေပြီဖြစ်ပါ တယ်။ ပုဂ္ဂလိကဘဏ်တွေ ခိုင်မာကောင်းမွန်လာအောင် မြှင့်တင်ပျိုးထောင်ပေးနေသလို အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းရှင်တွေ အရင်းအနှီး၊ နည်းပညာ တိုးမြှင့်ရရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ချယ်လှယ် ချုပ်ကိုင်ထားတာတွေ လျော့နည်းကျဆင်းသွားပြီး နိုင်ငံသားတိုင်း လက်လှမ်းမီရယူသုံးစွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြောင်းလဲရာမှာလည်း လူတစ်စုလက်ဝယ်သို့ မရောက်ရှိစေရန်၊ မညီမျှမှုနှင့် မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့် အတားမဖြစ်စေရန် အဖက်ဖက်ကသုံးသပ်ပြီးဆောင်ရွက်နေပါတယ်}
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် လွှတ်တော်မှတစ်ဆင့် ပြောကြားခဲ့သည့်မိန့်ခွန်းမှ)
]နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလိုဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ ကိုယ်ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခုကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမွှာမေ်ငခ တွေများလာလို့ ဂုံးကျော်တံတားကို လာမယ့် လေးလအတွင်း အပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့ အပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန်ရမှာပေါ့။ ခင်ဗျားတို့ မြန်မြန်လေးလုပ်ပေးပါ။ွှမေ်ငခ သိပ်ကျပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးကပြော တယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွားတယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့်သူမျိုးတွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်းပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကျပ်နေလို့ ဘုရင့်နောင် တံတားရဲ့ မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလနဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။}
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ)
]အိမ်ခြံမြေဈေးတွေ သင့်တော်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်လာဖို့ကို အထေနဲ့ ထိန်းရမှာပေါ့။ အထေနဲ့ မြေကြီး ဈေးကျအောင်လုပ်မယ်။ တိုက်ခန်းတွေကိုလည်း အထေနဲ့ပဲ ထိုက်သင့်တဲူ့နလနူ ရောက်အောင် ကျွန်တော်ဆွဲချမယ်]
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော
အမေရိကန်ပြည်ထောင်စု နယူးယောက်မြန်မာမိသားစုနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ)
အစိုးရတာဝန်ရှိသူအချို့၏ ပြောကြားခဲ့သည်များကို ပြန်လည် ကောက်နှုတ်ဖော်ပြခြင်း
"စီးပွားရေးနယ်ပယ်မှာ ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးနေသလို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စွမ်းဆောင်ရည်မြင့်မားလာအောင် ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရင်းအနှီး ဈေးကွက်၊ ငွေကြေးဈေးကွက် ထွန်းကားရှင်သန်လာအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်သလို အများပိုင်ကုမ္ပဏီတွေ တိုးပွားရှင်သန်အောင်လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ ခိုင်မာကောင်းမွန်လာအောင် မြှင့်တင်ပျိုးထောင်ပေးနေသလို အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်တွေ အရင်းအနှီး၊ နည်းပညာ တိုးမြှင့်ရရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် ချယ်လှယ်ချုပ်ကိုင်ထားတာတွေ လျော့နည်းကျဆင်းသွားပြီး နိုင်ငံသားတိုင်း လက်လှမ်းမီ ရယူသုံးစွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြောင်းလဲရာမှာလည်း လူတစ်စုလက်ဝယ်သို့ မရောက်ရှိစေရန်၊ မညီမျှမှုနှင့် မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတား မဖြစ်စေရန် အဖက်ဖက်က သုံးသပ်ပြီးဆောင်ရွက်နေပါတယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် လွှတ်တော်မှတစ်ဆင့် ပြောကြားခဲ့သည့်မိန့်ခွန်းမှ)


"နိုင်င်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလိုဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခုကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေများလာလို့ ဂုံးကျော်တံတားကို လာမယ့် လေးလအတွင်း အပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့ အပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့ တောင်းပန်ရမှာပေါ့။ ခင်ဗျားတို့ မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကျပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွားတယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့် သူမျိုးတွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကျပ်နေလို့ ဘုရင့်နာင်တံတားရဲ့ မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလနဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။"
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ)


"အိမ်ခြံမြေဈေးတွေ သင့်တော်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်လာဖို့ကို tax နဲ့ ထိန်းရမှာပေါ့။ tax နဲ့ မြေကြီး ဈေးကျအောင်လုပ်မယ်။ တိုက်ခန်းတွေကိုလည်း tax နဲ့ပဲ ထိုက်သင့်တဲ့ level ရာက်အောင် ကျွန်တော်ဆွဲချမယ်"
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော အမေရိကန်ပြည်ထောင်စု နယူးယောက်မြန်မာမိသားစုနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ)

164
Ref:news-eleven

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!