Popular Posts!

Thursday, December 6, 2012

White phosphorus injuries (ဖေါ့စ်ဖိုးရပ်စ်) အဖြူ လောင်ခြင်း

White phosphorus injuries (ဖေါ့စ်ဖိုးရပ်စ်) အဖြူ လောင်ခြင်း

White phosphorus (ဖေါ့စ်ဖိုးရပ်စ်) မီးစုန်းအဖြူကို သမိုင်းမှာ ဓါတုလက်နက်အဖြစ် ပဌမကမ္ဘာစစ်၊ အီရတ်စစ် (၂ဝဝ၄)၊ အစ္စရေး-လက်ဘနွန်စစ် (၂ဝဝ၆)၊ အာဖကန်နစ္စတန်စစ် (၂ဝဝ၉)၊ ယီမင်ပြည်တွင်းစစ် (၂ဝဝ၉)၊ အစ္စရေး-ပါလစ်စတိုင်စစ် (၂ဝဝ၉-၂ဝ၁၂)၊ လစ်ဗျားစစ် (၂ဝ၂၁) တွေမှာ သုံးခဲ့တယ်။

လက်ပန်းတောင်းတောင်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲကို ဖြိုခွဲတော့ အာဏာပိုင်တွေသုံးခဲ့တယ်လို့ သံသယကြီးနေတဲ့ မီးလောင်ဗုံးဆိုတာ ဒါလားလို့ သိချင်နေကြတယ်။ ဒီဟာ ဟုတ်-မဟုတ်ကို သံသယနဲ့တော့ ပြောမရသလို သတင်းထုတ်ပြန်ရေးအဖွဲ့က ငြင်းပေမဲ့လဲ မဟုတ်ဘူး ပြောမရပါ။ သမတကနေ ဖွဲ့ပေးတဲ့ ကော်ကမတီဟာလဲ နိုင်ငံရေး နဲ့ ဥပဒေရှုဒေါင့်တွေကသာ ဖေါ်ထုတ်နိုင်တယ်။ ဒီလိုအရေးမှာ FIR ရဲသတင်းပေးပို့ချက်လုပ်ရမယ်။ သက်သေခံပစ္စည်းတွေ ရှာဖွေစုဆောင်းရမယ်။ စစ်ဆေးမှုတွေ လုပ်ရမယ်။ ကျွမ်းကျင်ပညာရှင်၊ မှုခင်းဆေးပညာရှင်တွေ လိုတယ်။ သူများနိုင်ငံက သမာသမတ်ကျတဲ့ အထူးပညာရှင်တွေပါ လိုနိုင်တယ်။

လတ်တလော အစ္စရေးကနေ ဂါဇာဒေသကို (ဖေါ့စ်ဖိုးရပ်စ်) ပါတဲ့ ကျည်တွေသုံးပြီး ပြစ်ခတ်နေတယ်လို့ သတင်းတွေ ထွက်နေတဲ့အချိန်မှာ “ထူးထူးဆန်းဆန်း မီးလောင်ပြီး သေဆုံးရတဲ့ လူနာဒါဇင်များစွာရှိတယ်” လို့ (ဂါဇာ) ဒေသခံ ဆရာဝန်တွေက ထုတ်ပြောပါတယ်။ Q&A: White phosphorus injuries (ဘီဘီစီ) အမေး-အဖြေကို http://news.bbc.co.uk/2/hi/health/7842545.stm မှာ ဖတ်နိုင်ပါတယ်။

(ဖေါ့စ်ဖိုးရပ်စ်) အဖြူကနေ လူတွေကို ဒုက္ခပေးစေမဲ့လမ်း (၃) ခုရှိတယ်။ (၁) ပါးစပ်ကနေမြိုချခြင်း၊ (၂) အငွေ့ရှူမိခြင်း နဲ့ (၃) မီးလောင်ခြင်းဖြစ်တယ်။ လူတယောက်ဟာ 1 mg/kg မြိုချမိရင် တွက်ချက်မှုအရ သေစေနိုင်တယ်ဆိုပေမဲ့ 15 mg နဲ့သေတာတွေ့ရတယ်။ Smoke inhalation အငွေ့ကိုရှူမိရင် ပူလောင်တဲ့၊ ပြင်းတဲ့ မီးခိုးဖြူတွေဟာ Phosphorus pentoxide ဖြစ်တယ်။ မနာမကျန်းဖြစ်မှာ သေခြာပေမဲ့ သေတဲ့အထိ ဆိုးတာတော့ ရှားတယ်။ မျက်စိကို အနေရ ခက်စေမယ်။ နှာခေါင်း အဖုံးပါးလွှာ၊ အသက်ရှူလမ်း အဖုံးလွှာတွေ ထိခိုက်မယ်။

(ဖေါ့စ်ဖိုးရပ်စ်) အဖြူ အစိုင်အခဲဟာ အောက်စီဂျင်နဲ့ ထိတွေ့တာနဲ့ အပူချိန် ၈ဝဝ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ဖြစ်စေတယ်။ အဖြူမီးခိုးငွေ့ဟာ ရေနဲ့ထိတွေ့တဲ့အခါ ပြင်းတဲ့အက်စစ်ဖြစ်လာတယ်။ ကိုယ်ခန္ဓာပေါ်ကို ထိခိုက်ခံရတဲ့ လူနာတွေမှာ အဝတ်အစားတွေ မီးလောင်မယ်။ အရေပြားကို တွယ်ကပ်မယ်။ အရေပြားအောက်က အလွှာတွေဆီ ဆက်ရောက်မယ်။ အောက်စီဂျင် မရနိုင်တဲ့နေရာရောက်မှသာ ရပ်တန့်မယ်။

(ဖေါ့စ်ဖိုးရပ်စ်) အဖြူကြောင့် မီးလောင်တာက ဆိုးဝါးတယ်။ Chemical burn ဓါတုလောင်ကျွမ်းမှုလို့ သတ်မှတ်တယ်။ မသေရင်တောင်မှ နာတာရှည် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ ထူးခြားတာက မီးလောင်ရာ နေရာတွေမှာ (ဆဲလ်) တွေသေလို့ မဲနေတဲ့နေရာတွေမှာ အရောင် ခပ်ဝါဝါတွေ တွေ့မယ်။ ကြက်သွန်ဖြူနံ့လိုလဲရမယ်။ အဆီမှာပျော်ဝင်လို့ အရေပြားအောက်ထဲထိ ရောက်တာ မြန်တယ်။ အနာကျက်တာ နှေးစေတယ်။ ဒုတိယ နဲ့ တတိယ ဒီဂရီ မီးလောင်ခြင်း ဖြစ်စေမယ်။ အရေပြားမှာ ကပ်တွယ်နေလို့ ဒီလိုဆိုးတာဖြစ်ပါတယ်။ ရိုးရိုးမီးလောင်တာထက် လူကို ပိုသေစေနိုင်တယ်။ ကိုယ်ထဲဝင်လာပြီး အသဲ၊ နှလုံး နဲ့ ကျောက်ကပ်တွေကို သက်ရောက်ပျက်စီးစေတယ်။

ဘယ်လိုကုသမလဲ
British Association of Aesthetic Plastic Surgeons ဗြိတိသျှ အလှအပနဲ့ ပလပ်စတစ် ခွဲစိတ်ဆရာဝန်များအသင်းက စစ်တပ် မီးလောင်ဒဏ်ရာ အထူးကုဆရာဝန် Alan Kay ပြောတာက
• မီးလောင်ခံရတဲ့နေရာကို စိုနေအောင်ထားရမယ်။ အောက်စီဂျင်နဲ့ ဝေးလေကောင်းလေဖြစ်တယ်။
• အပူဒဏ်ကိုသာမက ဓါတုဆိုးကျိုးတွေကိုပါ သဆိထားရမယ်။
• အရေးကြီးတာက (ဖေါ့စ်ဖိုးရပ်စ်) အဖြူမှုံတွေကို ခွဲစိတ်ပြီး ဖယ်ရှားပြစ်ရမယ်။
• တကယ်လို့ သာမန်မျက်စိနဲ့မမြင်ရရင် ခရမ်းလွန်ရောင်ခြည်သုံပြီး သေးသေးလေးတွေကိုပါ ရှာပြီးရှင်းရမယ်။
• တချို့ဓါတုသတ္တိတွေက လူနာရဲ့ ဇီဝကမ္မ အလုပ်တွေကို ထိခိုက်ပြီး သေတဲ့အထိဆိုးနိုင်တယ်။

အသက်မသေဘဲရှင်တာကိုတော့ တခြားမီးလောင်နာတွေကို ကုသသလိုလုပ်ပေးရမယ်။
၁။ Skin grafts အရေပြားအစားထိုးကုပေးတာ၊
၂။ Intense monitoring of their heart နှလုံးကို အသသေအခြာစောင့်ကြည့်တာ၊
၃။ Levels of certain chemicals in their blood သွေးထဲက ဓါဆ်ဆားအနည်း-အများ စစ်ဆေးတာတွေလုပ်ပါမယ်။

ရေရှည်မှာ ဘာဖြစ်သလဲဆိုတာ (ဖေါ့စ်ဖိုးရပ်စ်) စက်ရုံကလုပ်သားတွေမှာ ခံစားကြရတာကို လေ့လာနိုင်တယ်။ ၁၉၂ဝ တုံးက အစီရင်ခံစာတခုအရ အဲလိုအလုပ်သမားတွေမှာ Phossy jaw ခေါ်တာဖြစ်ကြတယ်။ သွားတွေပြည်တည်ပြီး မေးရိုးထဲက (တစ်ရှူး) တွေ ပျက်စီးတယ်။ အောက်မေးရိုးတွေ ပုံပျက်သွားတော့တယ်။

ခံစားရပုံခြင်း မတူတတ်ဘူး။ တချို့ကနဲနဲထိတာနဲ့ သေနိုင်ပြီး တချို့ကခံနိုင်တယ်။ (ဂါဇာ) ဒေသက ဆရာဝန်တွေပြောတာက ၁၅% လူနာတွေသေဆုံးလို့ အံ့သြကြရပါသတဲ့။

ဒေါက်တာတင့်ဆွေ-dts-medicaleducation.blogspot.sg

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!