Popular Posts!

Tuesday, December 25, 2012

ယခုနှစ်အတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်လေးရာကျော်မှာ ထွက်ပြေးတိမ်းရှောင်နေဟု သိရ

Tuesday, 25 December 2012 13:22
AddThis Social Bookmark Button
ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှုတစ်ထောင်ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်လေးရာကျော်မှ ကျူးလွန်သူများသည် ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ ယာဉ်တိုက်မှုဖြစ်စဉ် ၁၁၄၇ မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် ၄၄၇ မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ယာဉ်တိုက်ပြီး ထွက်ပြေးခဲ့သည့် ဖြစ်စဉ်များ လျော့ကျသွားစေရန်နှင့် ကျူးလွန်သူများကို အမြန်ဆုံးဖမ်းမိနိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ခြင်း၊ လမ်းများတွင် စီစီတီဗီ ကင်မရာများ တပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို တိုးမြှင့်ခြင်း၊ ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ရန် လိုအပ်ခြင်း လမ်းကူးသူများနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်များက ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို တိကျစွာ လိုက်နာရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးသက်လွင်က ပြောသည်။
ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က “ယာဉ်တိုက်မှုဖြစ်စဉ် အများစုက ယာဉ်မောင်းတွေ အရှိန်ပြင်း မောင်းနှင်တာကြောင့် ဖြစ်တယ်။ လမ်းကူးသူတွေကလည်း ဂရုစိုက်မှု အားနည်းကြတယ်။ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီဆိုရင် အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေက တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားနံပါတ်ကို မှတ်မယ်။ နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားမယ်။ ဒဏ်ရာရရှိသွားတဲ့ လူနာအတွက် အရေးပေါ်လူနာတင်ကား ခေါ်ရမယ်” ဟု ပြောသည်။
သို့သော် လူနာသည် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါက သက်သေနှစ်ဦးခန့်နှင့်  နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ရမည်ဖြစ်သည်။ အကယ်၍ သက်သေမရှိပါက ကူညီပေးမည့်သူ၏ ဓာတ်ပုံမှတ်တမ်းကို သက်ဆိုင်ရာမှ ရယူထားမည်ဖြစ်သည်။
ထို့ပြင် လူနာ စကားပြောနိုင်ပါက နေရပ်လိပ်စာ ဖခင်နာမည် ယူထားသင့်ကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ရသော လူနာကို တာဝန်သိ ပြည်သူတစ်ယောက်၏ အသိဖြင့် ဆေးရုံပို့ပေးခြင်းသည် ပြဿနာမရှိကြောင်း၊ သို့သော် သက်သေ အထောက်အထားများ ရယူထားရန် လိုအပ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ခုနစ်သန်းနီးပါးရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အင်အား ၇၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလလယ်အထိ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၇၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇၇၈ ဦးအထိရှိကြောင်း သိရသည်။

Ref;weeklyeleven

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!