Popular Posts!

Saturday, January 10, 2015

အမိမြေကလမ်းနံဘေးဈေးဆိုင်များတွင် ရောင်းချသည့်အစားအစာများ၏ အန္တရယ်များ

သေပြီ... တရုတ်တန်းနှင့် ၁၉ လမ်းဘေး အစားအစာလေးတွေကို စားရဲတော့ဘူးဗျ....
ဝမ်းရောဂါဖြစ်စေတတ်သော လမ်းဘေးကရောင်းချနေသောအစားစာများကို စစ်ဆေးခဲ့သည့် လက်သုပ်စုံ နမူနာများအနက် ၇၅ ရာခိုင်နှုန်းမှာ ကိုလီဖွန်းပမာဏအရ စားသုံးရန် မသင့်ကြောင်း တွေ့ရှိခဲ့ပြီး ၂၄ ရာခိုင်နှုန်းတွင် အီးကိုလိုင်းပိုးကို လည်းကောင်း၊ ကျန် ၁၈ ရာခိုင်နှုန်းတွင် ပြင်းထန်အီးကိုလိုင်းပိုး အမျိုးအစား O157H7/ ပိုးကို စစ်ဆေးတွေ့ရှိ ရတယ်တဲ့ဗျ....

အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့် ပိုးများကို လမ်းနံဘေး ဈေးဆိုင်များတွင် ရောင်းချသည့် အစားအစာ များ၌ အများဆုံး တွေ့နေ

ရန်ကုန်မြို့လယ် လူစည်ကားရာနေရာတွင် ရောင်းချနေသည့် လမ်းနံဘေးဈေးသည် များအား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)









သန့်ရှင်းမှုမရှိသည့် အစားအစာ၊ ရေများကြောင့် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့် ရောဂါပိုးများကို လမ်းနံဘေး ဈေးဆိုင်များတွင် ရောင်းချသည့် အသင့်စား အစားအစာ အချို့နှင့် လက်သုပ်စုံများ၌ အများဆုံး တွေ့ရှိနေရကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ဇီဝဓာတုဗေဒ သုတေသန ဌာနခွဲမှ သိရသည်။


ဇီဝဓာတုဗေဒ သုတေသန ဌာနခွဲက လူစည်ကားရာ နေရာများ၌ ရောင်းချနေသည့် လမ်းနံဘေး ဈေးဆိုင်များမှ လက်သုပ်စုံများကို စားသုံးရန် သင့်၊ မသင့် နမူနာရယူ စစ်ဆေးခဲ့ရာ ၀မ်းသွားခြင်းနှင့် အူလမ်းကြောင်းပြင်ပ ဟေမိုလစတစ်ယူရီးမစ် ရောဂါတို့ကို ဖြစ်စေသည့် ပြင်းထန်အီးကို လိုင်းပိုးအမျိုးအစား O157H7/ ပိုးကို တွေ့ရှိခဲ့သည်။


စစ်ဆေးခဲ့သည့် လက်သုပ်စုံ နမူနာများအနက် ၇၅ ရာခိုင်နှုန်းမှာ ကိုလီဖွန်းပမာဏအရ စားသုံးရန် မသင့်ကြောင်း တွေ့ရှိခဲ့ပြီး ၂၄ ရာခိုင်နှုန်းတွင် အီးကိုလိုင်းပိုးကို လည်းကောင်း၊ ကျန် ၁၈ ရာခိုင်နှုန်းတွင် ပြင်းထန်အီးကိုလိုင်းပိုး အမျိုးအစား O157H7/ ပိုးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။


ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ဇီဝဓာတုဗေဒ သုတေသန ဌာနခွဲ အနေဖြင့် နှစ်စဉ်နီးပါး လမ်းနံဘေး အစားအစာများ၏ သန့်ရှင်းမှု ရှိမရှိနှင့် စားသုံးရန် သင့်မသင့် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ် အတွင်းကလည်း ရန်ကုန်မြို့တွင်းရှိ လမ်းနံဘေး ဈေးဆိုင်အချို့တွင် ရောင်းချနေသည့် အသင့်စား အစားအစာများကိုလည်း စစ်ဆေးခဲ့သည်။


စစ်ဆေးချက်များအရ အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသည့် အဆိပ်ထွက်သည့် ပိုးများကို လေ့လာတွေ့ရှိခဲ့ပြီး အစားအစာ နမူနာ ၅၂ ခုတွင် အူလမ်းကြောင်းကို ဖြစ်စေသည့် စတက်ဖိုင်လိုကောကပ် အောရိယပ်ပိုးနှင့် ၀မ်းလျှောစေတတ်သော ဘက်ဆီးလက်ဆီးရီးယပ်ပိုးများကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


အူလမ်းကြောင်းရောဂါ ဖြစ်စေသော စတက်ဖိုင်လိုကောကပ်အောရိယပ်ပိုးကို အစာနမူနာ ၃၂ ခုဖြစ်သည့် ပူတင်းသုံးခု၊ ဆင်းဒ၀စ်ခုနစ်ခု၊ ကြက်အူချောင်း ၂၀ နှင့် ပေါင်မုန့်ထောပတ်သုတ် နှစ်ခုတွင် တွေ့ရှိခဲ့ရကြောင်းနှင့် ၀မ်းလျှောစေတတ်သော ဘက်ဆီးလက် ဆီးရီးယပ်ပိုးများကို နမူနာ ၂၀ ခုဖြစ်သည့် မကြာခဏ ပြန်နွှေးနေသည့် ထမင်းကြော် ၁၇ ခုနှင့် ရေခဲမုန့် သုံးခုတို့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


ထို့ပြင် အူလမ်းကြောင်းရောဂါ ဖြစ်စေသော စတက်ဖိုင်လိုကောကပ်အောရိယပ်ပိုးမှ ထွက်ရှိသည့် စတက်ဖိုင်လိုကယ် အူလမ်းကြောင်း အဆိပ်ဘီ အမျိုးအစားကို နမူနာ ၂၃ ခုတွင် လည်းကောင်း၊ ၀မ်းလျှောစေတတ်သော ဘက်ဆီးလက်ဆီးရီးယပ်ပိုးမှ ထွက်ရှိသည့် ဘက်ဆီးလက်ဆီးရီးယပ် အူလမ်းကြောင်းအဆိပ်ကို နမူနာ ၁၄ ခု၌ လည်းကောင်း တွေ့ရှိခဲ့သည်။


အီးကိုလိုင်းပိုးသည် မသန့်ရှင်းသော အစားအစာနှင့် ရေကို စားသောက်မိခြင်း (သို့မဟုတ်) ရောဂါကူးစက်နေသော လူ၊ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ကြောင်း၊ အဆိုပါပိုးကို ကမ္ဘာပေါ်တွင် ၁၉၈၂ ခုနှစ်၌ ပထမဦးဆုံး အကြိမ်အဖြစ် ဟမ်ဘာဂါ စားသုံးရာမှတစ်ဆင့် ပြန့်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်များကလည်း ရန်ကုန်မြို့တွင် ရောင်းချနေသည့် ဆူရှီများကို စမ်းသပ်ခဲ့ရာ အချို့သော ဆူရှီများတွင် အီးကိုလိုင်းပိုးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။


အရေးပေါ် ဆေးကုသမှု လုပ်ငန်းများတွင် အစာအဆိပ်သင့်ခြင်းသည် တစ်ခုအပါအ၀င် ဖြစ်ပြီး အစာတစ်ခုကို စတင်သည့် လယ်ယာမွေးမြူရေးခြံမှ စားသုံးသည့်နေရာအထိ ကြားကာလတစ်လျှောက်၌ သန့်ရှင်းမှု အားနည်းခြင်း အပါအ၀င် အစားအစာ ဘေးအန္တရာယ် ကင်းဝေးရေးဆိုင်ရာ အသိပညာများ သိရှိမှု အားနည်းခြင်းကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်စေတတ်ကြောင်းနှင့် အစားအစာ ပြင်ဆင်သူ၊ ကိုင်တွယ်သူ၊ ရောင်းချသူနှင့် စားသုံးသူများကို ကျန်းမာရေး ပညာပေးရန် လိုအပ်ကြောင်း ကျန်းမာရေး ပညာရှင်များက ပြောကြားသည်။

အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်
Ref: newseleven

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!