ပြည်တော်ပြန် ခရီးစဉ်တွေအတွင်း ရန်ကုန်လေဆိပ်မှာ လာဘ်ငွေ အတောင်းခံခဲ့ရတဲ့အကြောင်း ထည့်ရေးမိတော့ လက်ဖက်ရည်ဖိုး ၅၀၀၊ ၁၀၀၀ တောင်းတဲ့ ကိစ္စကို စာဖွဲ့နေတယ် ဆိုပြီး မိတ်ဆွေတချို့က ပြောကြပါတယ်။ တချို့ကတော့ အဲဒီလို အောက်ခြေဝန်ထမ်းတွေ စားတဲ့ အသေးအဖွဲကိစ္စကို မရေးဘဲ သန်းနဲ့ချီစားနေတဲ့ အထက်အညာက လူကြီးတွေအကြောင်း စုံစမ်းဖော်ထုတ် ရေးသားသင့်တယ်လို့ အကြံပေးကြပါတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ (Investigative Journalist) စုံစမ်းထောက်လှမ်းရေး သတင်းထောက်တစ်ဦး အနေနဲ့ ခရီးသွားနေခြင်း မဟုတ်ပါ။ သာမန်ပြည်သူတစ်ဦး အနေနဲ့သာ သွားနေတာ ဖြစ်တဲ့အတွက် အဲဒီလို အတွင်းကျကျ ကိစ္စတွေကို စုံစမ်းဖော်ထုတ်နိုင်မယ့် အခြေအနေ မရှိသေးပါ။ ပြည်တွင်းရှိ သတင်းလောကမှာလည်း Investigative Journalist က အတော်အားနည်းသေးတယ်လို့ ဝေဖန်သူတွေက ထောက်ပြလေ့ ရှိပါတယ်။
အရင်အခေါက်တွေတုန်းက ခရီးဆောင်အိတ်လှည်း ကူတွန်းပေးသူနဲ့ ပေါင်ချိန်စက် ဆရာတွေက ၁၀၀၀ ကျပ်စီ တောင်းခဲ့တာကိုသာ ကြုံဖူးတဲ့ ကျွန်တော် ဒီတစ်ခေါက်မှာတော့ “၁၀ တန် အစိမ်းတစ်ရွက် ပေးခဲ့ပါ” ဆိုပြီး ပေါ်တင်တောင်းတာကို ကြုံလိုက်ရပါတယ်။ အတောင်းခံရတဲ့ နေရာက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကအထွက် ပစ္စည်းတွေကို စစ်နေတဲ့ အကောက်ခွန် ဌာနမှာပါ။
ဒါပေမဲ့ ယူနီဖောင်း ဝတ်ထားတဲ့ ကာစတန်အရာရှိတွေ ကိုယ်တိုင် တောင်းတာတော့ မဟုတ်ပါဘူး။ ပစ္စည်းရွေးနေတဲ့ နေရာမှာ အကူအညီပေးတဲ့ ဝန်ထမ်းလိုလိုနဲ့ စောင့်နေတဲ့ လူငယ်တစ်ဦးက ကာစတန်ကိုယ်စား အခုလို တောင်းနေတာပါ။ မြန်မာငွေပေးလို့ မရဘူးလားဆိုတော့ “သူတို့က အစိမ်းမှ ကြိုက်တယ်။ ဒီက အခြေအနေကို အစ်ကိုလည်း သိသားနဲ့” ဆိုပြီး အဲဒီလူငယ်က ဆိုပါတယ်။
၁၀ ဒေါ်လာဆိုတော့ မြန်မာငွေ တစ်သောင်းပေါ့။ အရင်အခေါက်ထက် ဆယ်ဆ ငွေကြေးဖောင်းပွလာတဲ့ သဘောလား။ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ လာဘ်စားမှုနှုန်း အရင်နှစ်ထက် ၁၀ ဆ ဆိုးလာတဲ့ သဘောများလား။ နိုင်ငံခြားသားတွေ အပါအဝင် လူအများသွားနေတဲ့ လေယာဉ်ကွင်းလို နေရာမှာတောင် ဒီလို လာဘ်ငွေပေါ်တင်တောင်းနေပြီ ဆိုရင် လူမမြင်တဲ့ နေရာတွေမှာ ဘယ်လာက်များ တောင်းနေလေမလဲ။
မြန်မာတွေရဲ့ လာဘ်စားခြင်း အတတ်ပညာအပေါ် အတော်စိတ်ပျက်နေတဲ့ ကျွန်တော်ဟာ ကံကဆိုးချင်တော့ ရှေ့နေက လာဘ်ပေးပြီး တရားသူကြီးကိုယ်တိုင် လာဘ်ယူနေတဲ့ မြင်ကွင်းတစ်ခုကို ထပ်ကြုံလိုက်ရပြန်ပါတယ်။ ကျွန်တော့်ကို လိုက်ကူညီပေးတဲ့ အဲဒီရှေ့နေဟာ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ၊ လယ်သမားကိစ္စတွေ၊ လူ့အခွင့်ရေး ကိစ္စတွေကို အခကြေးငွေမယူဘဲ စေတနာနဲ့ ဝန်ဆောင်မှု ပေးနေသူပါ။
ဒါပေမဲ့ အများမိုးခါး ရေသောက်နေတဲ့ နေရာမှာ သူတစ်ယောက်တည်း မသောက်ဘဲနေလို့ မရဘူးနဲ့ တူပါတယ်။ ငါးထောင်လား၊ တစ်သောင်းလားမသိ ထည့်ထားပုံရတဲ့ စာအိတ်လေးကို တရားသူကြီးထိုင်နေတဲ့ စားပွဲပေါ် ရှေ့နေက ချပေးလိုက်ပါတယ်။ တရားသူကြီးဘေးမှာ ထိုင်နေတဲ့ လက်ထောက်ဖြစ်ပုံရသူ တစ်ဦးက စာအိတ်ကို ယူသိမ်းလိုက်ပါတယ်။ စာအိတ်ထဲ ဘယ်လောက်ပါသလဲ ဆိုတာကို စစ်ဆေးနေတာမျိုး မတွေ့မိပါ။ ဒါဇင်နဲ့ချီရှိတဲ့ တခြားအမှုသည်နဲ့ ရှေ့နေတွေလည်း ဒီလိုလာဘ်ပေးခွင့်ရဖို့ အတွက် ကျွန်တော်တို့နောက်မှာ တန်းစီတိုးနေလေရဲ့။
ဒီမြင်ကွင်းဟာ ရန်ကုန်က လူတွေအတွက် အထူးအဆန်း မဟုတ်ပေမယ့် လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုနဲ့ ၂၅ နှစ်ကြာ ဝေးကွာနေတဲ့ ပြည်တော်ပြန်တစ်ဦး အဖို့တော့ ဒါဟာ တကယ့်အထူးအဆန်းပါပဲ။ ရှေ့နေကိုယ်တိုင်က လာဘ်ပေးနေပြီး တရားသူကြီးကိုယ်တိုင်က လာဘ်စားနေမှတော့ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကြီး သွားပြီပေါ့။
အုပ်ချုပ်ရေးအာဏာကို ကိုင်ထားတဲ့ အစိုးရနဲ့ ဥပဒေပြုမှုအာဏာ ကိုင်ထားတဲ့ လွှတ်တော်တို့ကို လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်နဲ့ ထိန်းထားရမယ် ဆိုတာဟာ ဒီနေ့ ဦးသိန်းစိန်အစိုးရက ချီတက်နေပါတယ် ဆိုတဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်ကြီး မဟုတ်ပါလား။
ဒါက ကျွန်တော့်အမြင်ပါ။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို ရန်ကုန်နဲ့ ထားဝယ်မှာ တွေ့တဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေကို ပြောပြတော့ ဘယ်သူကမှ Shock မဖြစ်ကြပါ။ “မင်းကလည်းကွာ၊ ၅၀၀၀-၁၀၀၀၀ ကိစ္စကို အကြီးကြီး ပြောနေတယ်။ ဟိုးနေပြည်တော်မှာ သန်းနဲ့ချီစားနေတဲ့ ကိစ္စကျတော့ မင်းတို့ သတင်းထောက်တွေက ရေးရဲတာမှ မဟုတ်ဘဲနဲ့” လို့တောင် အပြစ်တင်လိုက်ပါသေးတယ်။
ရန်ကုန်မှာ ဆုံခွင့်ရတဲ့ တခြားပြည်တော်ပြန်တွေကတော့ ကျွန်တော်နဲ့ အမြင်တူကြပါတယ်။ သူတို့လည်း လေယာဉ်ကွင်းမှာ ကျွန်တော့်လို ကြုံခဲ့ရတဲ့အပြင် ဗီဇာတိုးတဲ့ကိစ္စ၊ လဝကရုံးဆီ သွားရတဲ့ ကိစ္စတွေမှာ လာဘ်ငွေတောင်းတာနဲ့ ကြုံခဲ့ရတယ်လို့ ပြောပြကြပါတယ်။ ဆိုလိုတာက ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာ ဒီလိုလာဘ်ငွေတောင်းခြင်းဟာ ကိုယ်ကျင့်သိက္ခာ ဖောက်ဖျက်မှုဖြစ်တဲ့ အပြင် ပြစ်မှုလည်း မြောက်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာကျတော့ အဓိပ္ပာယ်က ပြောင်းပြန်ဖြစ်နေသလိုပါပဲ။ လာဘ်တောင်းတာကို အပြစ်မမြင်တဲ့အပြင် ဒီလို အပြစ်ပြောနေတဲ့၊ လာဘ်မပေးဘဲ ငြင်းနေတဲ့ သူတွေကိုတောင် မြန်မာ့ယဉ်ကျေးမှုကို နားမလည်သူလိုလို၊ စေတနာခေါင်းပါးသူလိုလို၊ ဝန်ထမ်းတွေအပေါ် ညှာတာစိတ် မရှိသူလိုလို မြင်နေကြတာကို ကျွန်တော် သတိထားမိလိုက်ပါတယ်။
“လစာမလောက်လို့ လာဘ်စားတာကို အပြစ်မမြင်နဲ့ သူငယ်ချင်း။ ငါလည်စားတယ်၊ သူလည်းစားတယ်၊ မင်းလည်း ငါတို့လို ဝန်ထမ်းဖြစ်နေရင် စားမှာပဲ မဟုတ်ဘူးလား” ဆိုပြီး ဝန်ထမ်းသူငယ်ချင်း တစ်ဦးက စကားနာထိုးပါတယ်။
ပြီးတော့ ကျွန်တော် ကျောင်းသားဘဝက အားကစားကို အသည်းအသန် လုပ်ပြီး အကောက်ခွန်ဌာနမှာ တာဝန်ထမ်းခွင့်ရအောင် ကြိုးစားခဲ့ပုံကို သူက ထောက်ပြပါတယ်။ အဲဒီကာလက အကောက်ခွန်ဌာန ဆိုတာဟာ အားကစားသမားတွေ အထူးစိတ်ဝင်စားတဲ့ နေရာပါ။ ဒီလိုပြောလိုက်လို့ အားကစားသမားတွေကို အဲဒီဌာနက အခမဲ့ လေ့ကျင့်ပေးနေတယ်လို့ မထင်လိုက်ပါနဲ့။
အားကစားထူးချွန်သူ အတော်များများ အကောက်ခွန်ဌာနမှာ အလုပ်ရကြပြီး လုပ်သက် ငါးနှစ်လောက်အတွင်း သူဌေးဖြစ်သွားကြလို့ ဒီလို စိတ်ဝင်စားနေကြတာပါ။ ကျွန်တော့်ရဲ့ ပြိုင်ဘက် စက်ဘီးသမားတွေ၊ ကျောင်းနေဖက် ဘောလုံး၊ ဘော်လီဘောနဲ့ ပြေးခုန်ပစ်သမားတွေ ကာစတန်ဆီ ဝင်သွားတာ ဘယ်နည်းပါ့မလဲ။ ဆိုလိုတာက အကောက်ခွန်ဌာနမှာ တာဝန်ထမ်းချင်တာဟာ တိုင်းပြည်အတွက် အခွန်တိုးရစေချင်လို့ မဟုတ်ပါ။ အကောက်ဂိတ်မှာ ထိုင်၊ လာဘ်များများစားပြီး တစ်ကိုယ်စာ သူဌေးဖြစ်ဖို့သာ ရည်ရွယ်ခဲ့တာပါ။ ဒါ ကျွန်တော်ကိုယ်တိုင် အဲဒီတုန်းက တကယ်ကြိုးစားခဲ့ဖူးတဲ့ ဖြစ်စဉ်ပါ။
“လစာက အရေးမကြီးဘူး။ Outside က အဓိကပဲ” ဆိုတာ မဆလခေတ်မှာ အထူးခေတ်စားတဲ့ အဆိုအမိန့် တစ်ရပ်ပေါ့။ ဒါပေမဲ့ နှစ်ပေါင်း ၃၀ လောက်ကြာပြီးချိန် အခု ၂၀၁၅ ခုနှစ် ရောက်တဲ့အထိ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီ အစိုးရသက်တမ်း ငါးနှစ်ထဲ ဝင်လာတဲ့အထိ အဲဒီစကားလုံးက ဆက်လက်ခေတ်စားနေဆဲ ဆိုရင်တော့ ကျွန်တော်တို့ တစ်ခုခု လွဲနေပြီနဲ့ တူပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ကျွန်တော်တို့ မျိုးဆက်ရဲ့ စဉ်းစားပုံတွေ၊ တန်ဖိုးထားမှုတွေ၊ စံသတ်မှတ်ချက်တွေက ဘာမှ တိုးတက်ပြောင်းလဲလာခြင်း မရှိဘူးလား။ ပြင်ပကမ္ဘာနဲ့ မြန်မာနိုင်ငံအကြား အတွေးအခေါ် အယူအဆတွေ လုံးဝခြားနား ကျန်နေခဲ့ပြီလား။ ဒီမိုကရေစီခေတ် ရောက်တဲ့အထိ လာဘ်စားခြင်း အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ချင်ကြတုန်းလား ဆိုပြီး မေးခွန်းထုတ်ချင်စရာပါ။
ကျွန်တော်ဖတ်မိတဲ့ သတင်းတွေအရ ဆိုရင်တော့ ဒီလိုတစ်နိုင်ငံလုံး ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ လာဘ်စားမှုကို တိုက်ဖျက်နိုင်ဖို့ လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဆိုတာကို ၂၀၁၄ ခုနှစ် မတ်လမှာကတည်းက နေပြည်တော်မှာ ဖွဲ့စည်းပေးထားပြီး ဖြစ်ပါတယ်။ ခြောက်လတာကာလ အတွင်း အုပ်ချုပ်ရေးဘက်က လာဘ်စားမှု ၂၃၈ ခု၊ မြေယာသိမ်းမှုက ၁၇၀၊ တရားရေးဘက် လာဘ်စားမှုက ၉၅ မှုနဲ့ အထွေထွေက ၃၀ မှု ပါဝင်တဲ့ တိုင်ကြားစာ ၅၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ အဲဒီကော်မရှင်က လွှတ်တော်ဆီ အစီရင်ခံခဲ့ပါတယ်။
ဒါပေမဲ့ ထူးခြားတာကတော့ အဲဒီလို တိုင်ကြားတဲ့အမှု ၅၀၀ ကျော် ထဲက သုံးမှုကိုပဲ ကော်မရှင်က စုံစမ်းခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲ။ မြန်မာလွှတ်တော်က ဖွဲ့ပေးလိုက်တဲ့ အဲဒီကော်မရှင် ဆိုတာဟာ အမေရိကန်လွှတ်တော်က ဖွဲ့ပေးလိုက်တဲ့ ကော်မရှင်လို သြဇာမရှိလို့လား။ ဒီမိုကရေစီ ထွန်းကားပြီသား နိုင်ငံတွေမှာ လွှတ်တော်က ဖွဲ့ပေးလိုက်တဲ့ ကော်မရှင်ကို အာခံရဲသူ ဘယ်သူမှမရှိ။ သမ္မတ၊ စစ်ဦးစီးချုပ်၊ တရားသူကြီး ဘယ်သူကိုမှ အလွတ်မပေး။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်း ၅၀ ကျော် ထွန်းကားခဲ့တဲ့ အပေါ်အောက် အမိန့်စီးဆင်းမှု အားကောင်းခြင်း၊ စစ်တပ်အတွေးအခေါ် လွှမ်းမိုးခြင်း၊ ကြီးသူကို ငယ်သူက ပြန်မပြောရဘူးဆိုတဲ့ ဓလေ့ထုံးတမ်း ကြီးမားခြင်းတွေကြောင့် အာဏာရှိသူ၊ ငွေကြေးရှိသူတွေကို သာမန်ပြည်သူတွေက တိုင်ကြားရဲဖို့ ဆိုတာ မလွယ်သေးပါ။ ဒါကြောင့်လည်း သမ္မတ အပါအဝင် အစိုးရဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ ပိုင်ဆိုင်မှုကို မကြေညာနိုင်ဘူးလို့ ဆက်ငြင်းနေနိုင်တာပေါ့။
ဒီဇင်ဘာလဆန်းပိုင်းက ထွက်လာတဲ့ နိုင်ငံတကာ အဂတိလိုက်စားမှု အခြေအနေ စောင့်ကြည့်ရေးအဖွဲ့ (Transparency International- TI) အစီရင်ခံစာမှာတော့ နိုင်ငံပေါင်း ၁၇၅ နိုင်ငံကို စာရင်းကောက်တဲ့အခါ မြန်မာနိုင်ငံက ၁၅၆ မှာ ရှိတယ်လို့ သိရပါတယ်။ ဦးသိန်းစိန် အစိုးရတက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခါစ ၂၀၁၁ ခုနှစ်မှာ အဆင့် ၁၈၀၊ ၂၀၁၂ ခုနှစ်မှာ အဆင့် ၁၇၂၊ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၇ အထိ လျော့ကျခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ တစ်ဆင့်သာ လျော့ကျခဲ့တာ ဖြစ်တဲ့အတွက် ဒါဟာ မနှစ်ကထက် ဒီနှစ် လာဘ်စားမှု ပိုဆိုးလာတဲ့သဘော ဖြစ်နေပါတယ်။
ဒါတွေကို ဘယ်လိုပြုပြင်ကြမလဲ။ အစိုးရဘက်ကလူတွေ အားလုံးနီးပါး လာဘ်စားမှုနဲ့ မကင်းဘူးဆိုရင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုနဲ့ တိုင်းရင်းသားတွေဘက်ကကော ဒီကော်မရှင်ကို ဦးစီးဆောင်ရွက်နိုင်တာမျိုး မလုပ်နိုင်ဘူးလား။
“ကိုယ်တို့ဆီက မောင်တွေလည်း ကားအစီး ၆၀ တို့၊ ၁၂၀ တို့ လက်ဆောင်ယူထားမှတော့ အစိုးရဝန်ကြီးတွေ၊ စစ်ဗိုလ်တွေ လာဘ်စားတာကို ဘယ်ပြောလို့ ဖြစ်တော့မလဲ” ဆိုပြီး ရန်ကုန်မှာတွေ့တဲ့ ပြည်တော်ပြန် ရဲဘော်တွေက ပြောပါတယ်။ အင်း ... ဒါလည်း ဟုတ်သားပဲ။ ဒါဟာ ငြိမ်းချမ်းရေးအတွက် ပေးတဲ့ လက်ဆောင်တွေလေ။ ငြိမ်းချမ်းရေးကိုယ်တိုင် လာဘ်ပေးလာဘ်ယူ အလုပ်ခံနေရပြီလား။
ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဖွံ့ဖြိုးရေးဖြစ်စဉ်တွေနဲ့ ပတ်သက်လာရင် နိုင်ငံတကာဘက်က အလှူငွေတွေလည်း အများကြီး ပါနေတာကြောင့် မြန်မာတွေရဲ့ လာဘ်စားမှုဟာ မြန်မာနိုင်ငံထဲမှာတင်မပြီး။ လာဘ်စားမှုဟာ မြန်မာ့ယဉ်ကျေးမှုတစ်ခု ဖြစ်နေပါပြီဆိုပြီး ပေါ့ပေါ့တန်တန်ထားလို့မရ။ ဒါဟာ အလွန်ကြီးလေးတဲ့ ပြစ်မှုကြီးတစ်ခု ဖြစ်တယ် ဆိုတာကို အစိုးရဝန်ကြီးတွေ အပါအဝင် အားလုံးသိအောင် ပြောပြဖို့ လိုလာနေပါ တယ်။
ဒီငွေတွေဟာ ဘုန်းကြီးကို လှူသလို “နဝကမ္မ” သဘော သုံးချင်ရာ သုံးဖို့ လှူလိုက်တာမဟုတ်။ ဘယ်နေရာတွေမှာ ဘယ်လိုသုံးသလဲ ဆိုတာကို စာရင်းပြဖို့ လိုပါတယ်။ ဒီငွေတွေဟာ မိုးပေါ်က ကျလာတဲ့ ငွေတွေ မဟုတ်။ အနောက်နိုင်ငံတွေမှာ နေထိုင်နေတဲ့ ပြည်တော်ပြန်တွေ အပါအဝင် သက်ဆိုင်ရာ နိုင်ငံသူနိုင်ငံသားတွေ ပေးထားတဲ့ အခွန်ငွေတွေ ဖြစ်ပါတယ်။ ဒီအတွက် အခုလို လာဘ်စားမှုတွေဟာ တစ်နေ့မဟုတ် တစ်နေ့ ပြဿနာ အကြီးကြီး တက်လာနိုင်ပါတယ်။
ဒါကြောင့် လာဘ်စားမှုကို ယဉ်ကျေးမှုတစ်ရပ် ဖြစ်နေပြီ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခု ဖြစ်နေပြီဆိုပြီး ပေါ့ပေါ့ဆဆထား လို့မရပါ။ ဒါဟာ တစ်နိုင်ငံလုံးကို ချွတ်ချုံကျစေတဲ့ ဘေးဆိုးကြီးတစ်ခု ဖြစ်တယ် ဆိုတာကို အားလုံးက လက်ခံသဘောတူဖို့ လိုလာနေပါတယ်။ အစိုးရ ဝန်ကြီးတွေဘက် ပြုပြင်ဖို့လိုသလို သာမန် နိုင်ငံသားတစ်ဦးချင်းစီကလည်း ပြုပြင်ဖို့ လိုနေပါတယ်။ အဲဒီလို အခြေခံစိတ်ထားလေးတွေ မပြုပြင်နိုင်သေးသရွေ့ကတော့ ဘယ်လိုပဲ ကော်မရှင်တွေဖွဲ့ဖွဲ့ အလုပ်ဖြစ်ဖို့ မလွယ်သေးပါ။ ဒီမိုကရေစီလမ်းကြောင်းဆီ တက်လှမ်းရေး၊ နိုင်ငံတိုးတက် ဖွံ့ဖြိုးရေး စီမံကိန်းတွေကို လာဘ်စားခြင်းယဉ်ကျေးမှုက နောက်ပြန်ဆွဲချနေဦးမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
Ref:thevoicemyanmar
Ref:thevoicemyanmar
No comments:
Post a Comment