Popular Posts!

Thursday, April 18, 2019

ဧရာဝတီမြစ် ဟင်္သာတဆိပ်ကမ်း ၀င်ပေါက်၌ ရေစူးတိမ်လာသဖြင့် ရေကြောင်းသွားလာရေး အခက်အခဲကြုံတွေ့နေပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်လာ




ဧရာဝတီမြစ် ဟင်္သာတဆိပ်ကမ်း ၀င်ပေါက်နေရာ ရေစူးတိမ်နေသည်ကို တွေ့ရစဉ်

ဧရာဝတီမြစ် ဟင်္သာတဆိပ်ကမ်း ၀င်ပေါက်၌ ရေစူးတိမ်လာသဖြင့် ရေကြောင်းသွားလာရေး အခက်အခဲများ ကြုံတွေ့နေပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်မှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။


လက်ရှိတွင် ရေယာဉ်ကြီးများသာမက မော်တော်ငယ်များပင် ရေကြောင်းသွားလာရေး မလွယ်ကူသဖြင့် ဟင်္သာတဆိပ်ကမ်း၌ ကုန်စည်စီးဆင်းမှု ရပ်တန့်လာသည့် အခက်အခဲများ ကြုံတွေ့နေခြင်း ဖြစ်သည်။
မနှစ်က မန္တလေးသင်္ဘောတွေ၊ ရန်ကုန်သင်္ဘောတွေ၊ CB တွဲသင်္ဘောကြီးတွေက ကျွန်တော်တို့ဆီမှာ ဆန်တင်တယ်။ ကုန်တွေ တင်တယ်။ အညာကို ဆန်တယ်။ ရန်ကုန်ကိုလည်း သယ်တယ်။ ဒီနှစ်မှာတော့ ရေစူးက အ၀င်ဝမှာ သုံးပေလောက်ပဲ ရေစူးရှိတယ်။ အရှည်ပေ ၁၅၀ လောက်မှာ သောင်ဖြစ်နေတယ်။ အဲဒီနေရာမှာ ၀င်လို့မရတဲ့အတွက် ကုန်စည်စီးဆင်းမှုက အကုန်လုံး ရပ်တန့်ပြီး မြစ်ကြောင်းပိတ်ဆို့သလို ဖြစ်နေတယ်ဟု ဟင်္သာတဆိပ်ကမ်းမှ ဒေသခံဦးစိုးဝင်းက ပြောကြားသည်။
ရေကြောင်းသွားလာရေး အခက်အခဲကြောင့် မော်တော်ကြီးများ၊ သင်္ဘောကြီးများဖြင့် ကုန်စည်များ တင်ဆောင်နိုင်ရန် ဟင်္သာတမြို့နှင့် ၁၆ မိုင်ခန့်ကွာဝေးသည့် ဇလွန်ဆိပ်ကမ်းသို့ သယ်ပို့ဆောင်ရွက်နေရကြောင်း သိရသည်။
ဟင်္သာတဆိပ်ကမ်းက ဧရာဝတီတိုင်းမှာ အကြီးဆုံးဆိပ်ကမ်းထဲမှာ ပါတယ်။ အခုလို ရေကြောင်းပိတ်ဆို့မှု ဖြစ်ပေါ်လာတဲ့အခါ ဧရာဝတီတိုင်းမှာရှိတဲ့ ဟင်္သာတမြို့ကို အမှီသဟဲပြုပြီး ဆိပ်ကမ်းကို လာရောက်ရောင်းချတဲ့ ယာဉ်တွေလည်း မ၀င်နိုင်တော့ဘူး။ ပဲခူးတိုင်းဘက်ကနေ ဟင်္သာတကိုလာတဲ့ ကုန်စည်တွေလည်း မ၀င်နိုင်တော့ဘူး။ ပွဲရုံတွေမှာလည်း အလုပ်အကိုင်တွေ ရပ်တန့်သွားတယ်။ ဇလွန်ဆိပ်ကမ်းကို သွားတင်ရတဲ့အခါ သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း ပိုလာတယ်။ လုပ်သားတွေ အပါအ၀င် ဈေးဆိုင်တွေ၊ လက်လုပ်လက်စားတွေလည်း အခက်အခဲ ဖြစ်နေရတယ်ဟု ဟင်္သာတကုန်စည်ဒိုင် ဘဏ္ဍာရေးမှူး ဦးကြည်ရွှင်က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် ခရိုင်နှင့် မြို့နယ်မှ သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့က မြေပြင်နှင့် ရေပြင်အခြေအနေကို ကွင်းဆင်းလေ့လာထားပြီး တိုင်းအစိုးရထံ ဆက်လက် တင်ပြထားကြောင်း သိရသည်။
ရေကြောင်းကတော့ တော်တော်လေး တိမ်နေတာ တွေ့ပါတယ်။ ဒီမှာရှိတဲ့ ဒေသခံပြည်သူများကတော့ ကုန်စည်စီးဆင်းမှု အခက်အခဲမဖြစ်အောင် တိမ်ကောနေတဲ့ နေရာတွေကို နက်အောင်လုပ်ပေးဖို့ ဆန္ဒရှိနေပါတယ်။ သို့သော်လည်း ကမ်းနဲ့ ဆက်စပ်နေတဲ့ရွာတွေက ပြည်သူတွေကတော့ ရေကြောင်းတိမ်နေတဲ့ နေရာကို နက်အောင်လုပ်မယ်ဆိုရင် ကမ်းပြိုကမ်းစားဖြစ်မယ်လို့ ယူဆပြီး စိုးရိမ်နေကြတယ်ဟု ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းအစိုးရ၏ သဘောထားကို သိရှိနိုင်ရန် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးထံ ဆက်သွယ်မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်သူတို့၏ တင်ပြချက်အပေါ်မူတည်ကာ လိုအပ်ပါက တိုင်းအစိုးရအနေဖြင့် ကွင်းဆင်း၍ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
လက်ရှိ ဆိပ်ကမ်းနေရာကို ၁၉၉၅ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဟင်္သာတနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဘက်ကမ်းဒေသများမှ ဆန်၊ ပဲ၊ ပြောင်းစသည့် ကုန်စည်ထွက်ကုန်များကို ပို့ဆောင်ရောင်းဝယ် ဖောက်ကားနေသည့် ဆိပ်ကမ်းတစ်ခု ဖြစ်သည်။
Writer:အောင်ကျော်မျိုး (ဟင်္သာတ)

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!