Popular Posts!

Saturday, January 24, 2015

တရုတ်စမတ်ဖုန်းသစ် Xiaomi ကမ္ဘာအဆင့်တွင် တတိယ အကြီးဆုံး ဖြစ်လာ

တရုတ် စတိဗ်ဂျော့ဘ်ဟု ခေါ်ကြသော တရုတ်စမတ်ဖုန်းသစ် Xiaomi ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်လည်းဖြစ်သော Lei Jun
တရုတ် စတိဗ်ဂျော့ဘ်ဟု ခေါ်ကြသော တရုတ်စမတ်ဖုန်းသစ် Xiaomi ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်လည်းဖြစ်သော Lei Jun
ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ယခုနှစ်အတွက် ကုန်ပစ္စည်းသစ် ၃ မျိုးကို ထုတ်ပြန်ခဲ့သည့် Xiaomi က ၎င်းတို့၏ ပထမဆုံး ဖုန်းအမျိုးအစားကို ဖြန့်ချီခဲ့ပြီး ၃ နှစ်အကြာတွင် တရုတ် စမတ်ဖုန်းရောင်းချရမှုတွင် Apple နှင့် Samsung တို့ကို ကျော် တက်ခဲ့ပြီ ဖြစ်သည်။
Mi Note နှင့် Mi Note pro၊ Mi Box နှင့် Mi Headphone စသည့် ပစ္စည်းသစ်များကို Xiaomi ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်လည်းဖြစ်သော Lei Jun က တင်ဆက်ပြသသည့် ပွဲသို့ ကမ္ဘာတလွှားမှ သ တင်း ထောက် ၆၀၀ ကျော် တက်ရောက် သတင်းယူခဲ့ကြသည်။ ထိုပွဲတွင် Lei Jun က ၎င်းတို့ထုတ်လုပ်ရောင်းချတော့မည့် Mi Note pro ကို Apple မှနောက်ဆုံးထုတ်လုပ်ခဲ့သည့် စမတ်ဖုန်း ဖြစ်သော Iphone 6 plus နှင့် နှိုင်းယှဉ် ပြီး Mi Note pro ၏ အားသာမှုများကို ပြောပြသွားခဲ့သည်။
Xiaomi သည် ယခုအခါတွင် တယ်လီဖုန်း handset များအပြင် အခြားပစ္စည်းများ ထုတ်လုပ်နိုင်အောင်လည်း အရှိန်မြှင့် ဆောင်ရွက်နေသည်။
၂၀၁၄ခုနှစ် နိုဝင်ဘာလမှ စ၍ Xiaomi က ကုမ္ပဏီ ၃ ခုတွင် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ရင်းနှီးမြှုပ်နှံခဲ့ပြီး လေသန့်စင်စက်မှသည် စွမ်းအင်ချွေတာရေး မီးလုံးများအထိ ဒါဇင်နှင့် ချီသော ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တော့မည်ဟုလည်း ကြေညာခဲ့သည်။
Xiaomi ၏ ၀င်ငွေက ပြီးခဲ့သည့် နှစ်တွင် ၂ ဆတိုးတက်လာပြီး အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံအထိရောက်ရှိခဲ့သည်။ အမှုဆောင်အရာရှိချုပ် Lei Jun က စမတ်ဖုန်းဈေးကွက်၏ ခေါင်းဆောင်နေရာကို ရယူရန် ဆန္ဒရှိနေပြီး ဆယ်စုနှစ် တခု အတွင်းတွင် Apple နှင့် Samsung တို့ထက် ပိုမိုကြီးမားသည့် ကုန်အမှတ်တံဆိပ်တခု ဖြစ်လာစေရေး အတွက် အမေ ရိကန် ဒေါ်လာ ၁ ဘီလီယံ သုံးစွဲသွားမည်ဟုလည်း ကတိပြုခဲ့ပြီး ဖြစ်သည်။ Apple ၏ အောင်မြင်မှုကဲ့သို့ပင် သူ၏ ရင်းနှီးမြှုပ်နှံမှုနောက်ကွယ်မှ စိတ်ကူးက Xiaomi ကို သုံးစွဲသူများ စွဲလန်းနေစေရန် လုံလောက်သော ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများပေးနိုင်ရေးဖြစ်သည်။
“Xiaomi က Apple၊ Samsungနဲ့ တခြားသူတွေနောက်ကိုလိုက်ပြီး စမတ်ဖုန်းဈေးကွက်ထဲကို တိုးချဲ့လာနေပါတယ်။ နေအိမ်တွေ၊ ရုံးခန်းတွေ၊ ကားတွေ အတွက် အဆင်ပြေမယ့် ပစ္စည်းတွေနဲ့ Application တွေ ထုတ်လုပ်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု သုတေသန လုပ်ငန်းတခုဖြစ်သည့် Strategy Analytics မှ အမှုဆောင် ဒါရိုက်တာ Neil Mawston ကပြောသည်။
Lei Jun ၏ အားထုတ်မှုကို အများကလက်ခံကြခြင်းမှ Xiaomi ၏ software အခြေခံကြောင့် ဖြစ်သည်။ တယ်လီဖုန်း Handset များရောင်းချခြင်းနှင့် စတင်ခဲ့သော ၎င်း၏ ကုမ္ပဏီက Google ၏ Android စနစ်ကို အသုံးပြုထားသည့် MIUI အမည်ရှိ software ကိုတွင်ကျယ်လာအောင် ပြုလုပ်နိုင်ခဲ့ပြီးနောက် ယခုအခါတွင် ကမ္ဘာတလွှားတွင် အသုံးပြုသူ ၈၅ သန်း ကျော်ရှိနေပြီဖြစ်သည်။ Xiaomi သည် ကမ္ဘာပေါ်တွင် အလျှင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာသည့် စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်ပြီး ကမ္ဘာအဆင့်တွင် တတိယ အကြီးဆုံး ဖြစ်လာသည်။
Xiaomi က data back-up၊ music နှင့် photo gallery အပါအ၀င် Application များ ထပ်ဖြည့်ခဲ့သည်။ theme များကိုလည်း သုံးစွဲသူစိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားသည်။ လူကြိုက်များသော လျှင်မြန်သည့် messaging application၊ အချက်အလက်များ သိမ်းယူမှတ်သားနိုင်ရန် cloud service နှင့် စားသောက်ဆိုင်များကို လေ့ လာရန်၊ ရုပ်ရှင်လက်မှတ် ၀ယ်ယူရန်၊ ပစ္စည်းတင်ပို့မှုများကို စစ်ဆေးရန်နှင့် ဆရာဝန်နှင့် ချိန်းဆိုရန် အသုံးပြုနိုင်သည့် software လည်းပါဝင်သည်။
“smart ထုတ်ကုန်တွေ ပြုလုပ်တဲ့ hardware ကုမ္ပဏီ ၂၀ ကျော်မှာ ရင်းနှီးမြှုပ်နှံခြင်း အားဖြင့် ကျနော်တို့ သိသာထင်ရှား တဲ့ အောင်မြင်မှု ရရှိအောင်လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ တည်ဆောက်နေတဲ့ အားလုံးအတွက် အဆင်ပြေစေတဲ့ စနစ် (Xiaomi’s ecosystem) ဟာ ကျနော်တို့ ရှေ့ကို လျှင်မြန်စွာတိုးတက်နိုင်ရေးအတွက် ယှဉ်ပြိုင်ရာမှာ အရေးအပါဆုံး အားသာချက်ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်” ဟု Lei Jun က ၀န်ထမ်းများသို့ ပေးပို့သည့် စာတစောင်တွင် ဖော်ပြထားသည်။
Apple ၏ ဘေဂျင်း အခြေစိုက် ပြောရေးဆိုခွင့်ရှိသူ Carolyn Wu နှင့် Samsung ၏ ဆိုးလ် အခြေစိုက် ပြောရေးဆိုခွင့် ရှိသူ Jini Park တို့က Xiaomi ၏ ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြပါသည်။
“Android ကုမ္ပဏီ အများစုက software ကုမ္ပဏီတွေ မဟုတ်ဘူး။ သူတို့က hardware ကို ပိုအားသန်ကြတယ်။ Xiaomi ကတော့ ကွဲပြားတဲ့ပုံရှိပါတယ်။ သူတို့က software ပိုင်းမှာ ရင်းနှီးမြှုပ်နှံနေတယ်” ဟု ရှန်ဟိုင်း အခြေစိုက် China Market Research Group မှ သုတေသီ တဦးဖြစ်သော James Roy ကပြောသည်။
Xiaomi ၏ အပိုဝန်ဆောင်မှုများနှင့် ကုန်ကျစရိတ်သက်သာအောင် ၎င်းတို့၏ ၀က်ဘ်ဆိုက်မှ တဆင့်ရောင်းချခြင်းတို့က Google မရှိသည့် တရုတ်နိုင်ငံတွင် အောင်မြင်မှု ရရှိလာအောင် အထောက်အကူဖြစ်စေခဲ့သည်ဟု မွန်ဘိုင်း ရှိ Counterpoint Research မှ သုတေသန ဒါရိုက်တာ Neil Shah ကပြောသည်။ စင်ကာပူနှင့် အိန္ဒိယတွင် ပစ္စည်းများ စတင်ရောင်းချနေပြီဖြစ်သည့် Xiaomi အတွက် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးက ခက်ခဲလိမ့်မည် ဖြစ်သည်။ Apple နှင့် Google တို့ကို အမီလိုက်နိုင်ရန် နှစ်နှင့်ချီ၍ အချိန်ယူရနိုင်သည်။
“Xiaomi က သာမန် Android ကုမ္ပဏီတခု အခြေအနေနဲ့ အတော်လေး ကွဲပြားခြားနားအောင်၊ သုံးစွဲသူတွေရဲ့ စိတ်ထဲမှာ စွဲနေအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တခြား ကုမ္ပဏီကြီးတွေနဲ့ ရင်ဆိုင်ဖို့အတွက် application၊ software နဲ့ ၀န်ဆောင်မှု ဖွံ့ဖြိုးရေးပိုင်းကို လျှော့ချခဲ့ပါတယ်” ဟု Neil Shah ကဆိုသည်။
ပြီးခဲ့သည့် နှစ်အတွင်း ရောင်းချရမှု ၃ ဆကျော်တိုး၍ အလုံးရေ ၆၁.၁ သန်းအထိ ရောက်ရှိခဲ့သော Xiaomi ၏ လျှင်မြန်သော တိုးတက်မှုကြောင့် ကုမ္ပဏီ၏ တန်ဘိုးကို အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံ အထိရောက်ရှိစေခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်လည်း ရုရှား လုပ်ငန်းရှင်သူဌေးကြီး Yuri Milner အပါအ၀င် ရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရရှိခဲ့သည်။ Xiaomi ၏ တန်ဘိုးက အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ အထိ ရောက်ရှိသွားနိုင်သည်ဟု Yuri Milner က ပြောဆိုခဲ့သည်။
“Lei Jun က Xiaomi ရဲ့ စနစ်အတွင်းမှာ စိတ်ဝင်စားစရာ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေထည့်သွင်းဖို့ အခွင့်အရေးပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်” ဟု Xiaomi တွင် အစောပိုင်းကထဲက ရင်းနှီးမြှုပ်နှံခဲ့သူ ဖြစ်သလို ဒါရိုက်တာ အဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည့် Hans Tung က ပြောသည်။  Xiaomi ၏ ecosystem ဟု သိကြသည့် စနစ်တွင် theme store တခု၊ application store တခု၊ book store တခု၊ ဂိမ်း များအတွက် cloud storage ၀န်ဆောင်မှုများ၊ messaging application တခုနှင့် အင်တာနက် browser တခုတို့ ပါဝင်ပါ သည်။
Xiaomi မှ လတ်တလောပြုလုပ်ခဲ့သည့် သဘောတူညီမှု အချို့တွင် အွန်လိုင်း ၀န်ဆောင်မှုနှင့် အမျိုးအစားစုံပါဝင်နိုင်မှုကို ဦးစားပေးခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းတွင် Xiaomi က တရုတ်နိုင်ငံ၏ လူကြိုက်အများဆုံး ဗီဒီယို ၀က်ဘ် ဆိုက် တခုဖြစ်သည့် Youku Tudou တွင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းပြောခဲ့သည်။ နောက်တပတ်ခန့်ကြာမြင့်သည့်အခါ Lei Jun ၏ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Shunwei Capital က ဗီဒီယို ၀က်ဘ်ဆိုက်တခုဖြစ်သည့် Baidu ၏ IQiyi.com တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံလိုက်သည်။
ကုမ္ပဏီက ဒီဂျစ်တယ် ဖျော်ဖြေရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ သုံးစွဲပြီး TV များနှင့် set-top box များကို အရောင်းမြှင့်တင်သွားမည်ဟု Lei Jun ကပြောသည်။ အခြား ကုမ္ပဏီများနှင့် ပူးပေါင်းနေခြင်းသည် အင်တာနက် အပါ အ၀င် ဆက်သွယ်နိုင်သည့် ကိရိယာပစ္စည်းများ ၏ အနာဂါတ်အတွက် ဖြစ်သည်ဟု ဆိုသည်။
Xiaomi က ဖုန်းနှင့် tabletများ၊ TV နှင့် set-top box များ နှင့် router များ အစရှိသည့် ကဏ္ဍ ၃ ခုတွင် ဦးစားပေး ဆောင် ရွက်သွားမည်ဖြစ်သည်။ လုပ်ငန်း အသစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဒီဇိုင်းထုတ်ခြင်းနှင့် ပိုမိုတိုးတက် ကောင်းမွန် လာအောင် ဆောင်ရွက်ရေးများတွင် အရင်းအမြစ်သုံးစွဲရန် မလိုအပ်ဘဲ ကုန်ပစ္စည်း အသစ်များကို ထုတ်လုပ် နိုင်မည် ဖြစ်သည်ဟု Lei Jun ကပြောသည်။
“Xiaomi က smartphone တွေထုတ်လုပ်ပြီးတဲ့နောက် နည်းပညာပိုင်းဆိုင်ရာမှာ လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ အင်တာနက်နဲ့ ဆက်စပ်ထားတဲ့ အရာရာတိုင်း ပါဝင်ပါတယ်” ဟု လန်ဒန်အခြေစိုက် CM Research ၏ မန်နေးဂျင်း ဒါရိုက်တာ Cyrus Mewawalla ကပြောသည်။
“အင်တာနက် TV လုပ်ငန်းမှာ Xiaomi ခြေချလာတာက အလိုအလျောက် နေအိမ်သုံးစနစ်တွေအတွက် smart hub ဈေးကွက်ထဲကို အောင်အောင်မြင်မြင် ၀င်ရောက်နိုင်ဖို့ ဖြစ်ပါတယ်”

Ref;irrawaddyburmesenews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!