Popular Posts!

Monday, May 6, 2019

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ
















#လိင်ဖျော်ဖြေရေး_အမျိုးသမီးများအကြောင်း

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ ကျူးလွန်ခဲ့ကြသော စစ်ရာဇဝတ်မှုများထဲမှ ယနေ့အထိ တရုတ် နယ်သာလန်(ဒတ်ခ်ျ) ကိုးရီးယား ဖိလစ်ပိုင် စသည့် အာရှနိုင်ငံအတော်များများနှင့် (မြန်မာအပါအဝင်) ပြေလည်မှုမရှိသေးသည့် နောက်ထပ် ပြသာနာ တရပ်မှာ လိင်ဖျော်ဖြေရေး အမျိုးသမီးများ၏ ပြုကျင့်ခံခဲ့ရသည့် ကိစ္စရပ်များ ဖြစ်သည်။

လိင်ဖျော်ဖြေရေးအမျိုးသမီးအဖွဲ့ဆိုသည်မှာ တနည်အားဖြင့် အတင်းအဓမ္မ လိင်ကျွန်အဖြစ် စေခိုင်းရန် ဖွဲ့စည်းထားသည့် ပြည့်တန်ဆာ တပ်ဖွဲ့ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တော်ဝင်တပ်မတော်သည် သူတို့ သိမ်းပိုက်ရရှိသော နယ်မြေအတွင်းမှ အမျိုးသမီးများကို စုဆောင်းပြီး လိင်ကျွန်အဖြစ် စေခိုင်းရန် အမျိုးသမီးနှင့် မိန်းကလေးငယ်များကို လိင်ဖျော်ဖြေရေး စခန်းများသို့ ဖမ်းဆီးခေါ်ဆောင် ခဲ့ကြသည်။ 

ဂျပန်အမျိုးသမီး ၂၀၀၀၀ ကျော်ခန့်အပြင် အခြားသော နိုင်ငံများမှ အမျိုးသမီး ၃ သိန်းခွဲခန့်မှ ၄ သိန်းကျော်အထိ ရှိနိုင်သည်ဟု တရုတ် သမိုင်းပညာရှင်များက ခန့်မှန်းကြသည်။ တောင်ကိုးရီးယား အစိုးရကတော့ သူတို့တစ်နိုင်ငံတည်းပင် ၂ သိန်းကျော်သည်ဟု ပြောကြားခဲ့ပါတယ်။ အများစုမှာ တရုတ် ကိုးရီးယား ဖိလစ်ပိုင်တို့မှ ဖြစ်ပြီး ဒတ်ခ်ျ (အင်ဒိုနီးရှားတွင် နေထိုင်သော နယ်သာလန်နိုင်ငံသူ) အရှေ့တီမော သြစတေးလျနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံတို့မှ ဖြစ်ကြပြီး လိင်ဖျော်ဖြေရေး စခန်းများကို မြန်မာ ဗီယက်နမ် ထိုင်း ထိုင်ဝမ် မန်ချူးရီးယားနှင့် မလေးရှား စင်္ကာပူတို့တွင် အများဆုံး ဖွင့်လှစ်ထားခဲ့ကြသည်။ 

ဂျပန်စစ်တပ်မှ ပြည့်တန်ဆာများ

ဒုတိယကမ္ဘာစစ် မစတင်မှီ နန်ကျင်းမြို့တွင် ဖြစ်ပွားခဲ့သော မုဒိန်းမှုများနှင့် အိမ်လွမ်းသည့် ဝေဒနာကို ခံစားနေရခြင်း လိင်စိတ်ရလိုမှုမှ ဖြစ်ပေါ်လာသည့် ရန်လိုမှုများကို တားဆီးရန် အလို့ငှာ အဆိုပါ လိင်ဖျော်ဖြေရေးစခန်းသည် ဂျပန်စစ်တပ်၏ မုဒိန်းကျင့်သည့်အမှုများ ရန်လိုမှုများ ကျူးလွန်ခြင်းကို အထိုက်အလျောက် တားဆီးပေးနိုင်ရန် ရည်ရွယ်သည်။ အဆိုပါ ယူဆချက်အများကြောင့် ပြည့်တန်ဆာတပ်ဖွဲ့များကို ဂျပန်စစ်တပ်များတွင် တာဝန်ထမ်းဆောင်စေပြီး စစ်ပွဲအတွင်း ဆေးကုသခြင်း သူနာပြုများအဖြစ်လည်းကောင်း လိင်ဖျော်ဖြေရေးများအဖြစ်လည်းကောင်း အသုံးချခဲ့ကြသည်။ နောက်ထပ် ရည်ရွယ်ချက်တစ်ခုက ဂျပန်စစ်တပ်ဟာ အကြောက်ဆုံး ၂ ခုကတော့ စစ်ပန်းမှုကြောင့် ဂျပန်စစ်သားတွေ ပုန်ကန်လာမှာနဲ့ စစ်တပ်အတွင်း အဓိကရုဏ်းတွေ ဖြစ်လာမှာကိုပါပဲ။ ဒါဟာ ဘာကြောင့် ပြည့်တန်ဆာတွေကို ထားရှိရလဲဆိုတဲ့ အကြောင်းရင်းထဲက အဓိကကျတဲ့ အချက် ၂ ချက်ပါပဲ။ 

နန်ကျင်းမြို့ အကြမ်းဖက်ခံရခြင်း 

https://www.facebook.com/tianxiadiyi888888/posts/1832690423666707

ပြည့်တန်ဆာစခန်းများ 

ပထမဆုံး လိင်ဖျော်ဖြေရေးစခန်းကို ၁၉၃၂ ခုနစ်၌ တရုတ် ရှန်ဟိုင်းမြို့မှ စတင်တည်ထောင်ခဲ့ပါတယ်။ ပထမဆုံး ပြည့်တန်ဆာတွေကတော့ ဂျပန်နိုင်ငံမှ နိုင်ငံတော်အတွက် ပြည့်တန်ဆာအဖြစ် တာဝန်ထမ်းဆောင်မည်ဟု ဝင်ရောက်လာတဲ့ ဂျပန်မိန်းကလေးများပဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဂျပန်တို့ဟာ စစ်အင်အားကို တိုးချဲ့ခဲ့အတွက် ပြည့်တန်ဆာမလုံလောက်မှုကြောင့် ဒေသတွင်းမှာ ရှိတဲ့ တရုတ်အမျိုးသမီးများကိုပါ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေခဲ့ပါတယ်။ ခေါ်ယူရာတွင်လည်း အတင်းအဓမ္မပုံစံမဟုတ်ပဲ စက်ရုံများမှာ လုပ်ကိုင်ရမည် သို့မဟုတ် သူနာပြု လုပ်ရမည် လိမ်လည်ခေါ်ယူခဲ့ကြပြီး နောက်ပိုင်းမှာ လိင်ကျွန်အဖြစ် အဓမ္မစေခိုင်းခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ ကိုးရီးယား တရုတ် ထိုင်ဝမ် မန်ချူးကိုးမှ အမျိုးသမီးများကိုပါ အတင်းအဓမ္မကော လိမ်လည်၍ကော ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း လိင်ဖျော်ဖြေရေးစခန်းများ ရှိခဲ့ပြီး မြို့တော် ရန်ကုန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ နေရာကတော့ အတိအကျမသိပေမယ့် မြို့တော်ခန်းမနား သို့မဟုတ် မြို့လယ်ခေါင်က ဂျပန်စစ်စခန်းမှာ ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ သိမှီသူများ ပါရင်တော့ ပြောပြပေးစေလိုပါတယ်။ ရန်ကုန် လိင်ဖျော်ဖြေရေး စခန်းမှာကတော့ အများစုဟာ တရုတ် ကိုးရီးယားမှ ဖြစ်ကြပါတယ်။ စစ်ကြီးပြီးခါနီးမှာတော့ တချို့ကို အမေရိကန် စင်္ကာပူနှင့် တခြားသော နေရာများသို့သာ ရွေ့ပြောင်းနေထိုင်ကုန်ကြသည်။ အဓိက အကြောင်းအရင်းကတော့ မူလနေထိုင်ရာ ဒေသရှိ လူများမှ ပြန်လက်မခံမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။ 

၁၉၄၄ ခုနစ် သြဂုတ်လတွင် မိထ္တီလာတိုက်ပွဲအပြီးတွင် လိင်ဖျော်ဖြေရေး ကိုးရီးယားမိန်းကလေး ၂၀ နှင့် ဂျပန်နိုင်ငံသား ၂ ဦးကို မဟာမိတ်တပ်များမှ ဖမ်းဆီးရမိခဲ့သည်။ စစ်ကြောချက်များအရ ၁၉၄၂ ခုနစ် မေလဝန်းကျင်တွင် ဂျပန်အေးဂျင့်များ ကိုးရီးယားသို့ ရောက်လာပြီး သူတို့အပါအဝင် မိန်းကလေး ၈၀၀ ခန့်ကို အရှေ့တောင်အာရှရှိ လိင်ကျွန်စခန်းများတွင် လုပ်ကိုင်ရန် ခေါ်ဆောင်သွားခဲ့ကြောင်း ၇၀၀ ခန့်မှာ ၁၉၄၂ ခုနစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်သို့ ရောက်လာခဲ့ကြောင်း အဲ့ဒီကမှ မြန်မာနိုင်ငံအတွင်းရှိ ဂျပန်စစ်စခန်းများသို့ အသီးသီး ပ်ို့ဆောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းမှ မိန်းကလေးတချို့လည်း ပါဝင်သေးကြောင်း သိရသော်လည်း အရေအတွက် အတိအကျ မသိရှိသော်လည်း ၂၀၀၀ ဝန်းကျင်ခန့် ရှိနိုင်မည်ဟု ခန့်မှန်းကြသည်။ လိင်ကျွန်အဖြစ် စေခိုင်းခံရသော နိုင်ငံများထဲတွင် ကိုးရီးယားမှာ အများဆုံးဖြစ်ပြီး ၅၀% နီးပါး တရုတ် ၃၀% နီးပါး ဂျပန် ၁၂% ခန့်နှင့် တခြားလူမျိုး ၈% ခန့် ရှိသည်ဟု ခန့်မှန်းရသည်။ 

လိင်ဖျော်ဖြေမယ်များအပေါ် ဆက်ဆံမှုများ

လိင်ဖျော်ဖြေရေး အမျိုးသမီး ၄ပုံ ၃ပုံခန့်မှာ သေဆုံးခဲ့ကြပြီး အသက်ရှင်ကျန်ရစ်သူ အများစုမှာ လိင်ပိုင်းဆိုင်ရာ စိတ်ဝေဒနာနှင့် လိင်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများကို ခံစားခဲ့ရသည်။ ရိုက်နှက်ခံရခြင်း ကိုယ်ခန္ဓာကို အကြမ်းဖက်ခံရခြင်းများကလည်း အဓိကကျပြီး စိတ်ဓာတ်ကျဝေဒနာများကို ခံစားရစေသည်။ 

လိင်ဖျော်ဖြေခန်းမှ ဇာတ်လမ်းဆိုးပေါင်း များစွာထဲမှ ဥပမာတစ်ခုအနေဖြင့် ဒတ်ခ်ျအမျိုးသမီး ၁၀ ဦးကို ထောင်တွင်းသို့ ဂျာဗားကျွန်းရှိ အရာရှိများက ခေါ်ဆောင်လာခဲ့ပြီး ဂျပန်စစ်တပ်ထံသို့ ၁၉၄၄ ဖေဖော်ဝါရီတွင် အပ်နှံခဲ့သည်။ ထိုမိန်းကလေးတို့သည် နည်းစနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်း ရိုက်နှက်ခြင်း မုဒိန်းကျင့်ခံရခြင်းများကို နေ့ရော ညပါ ခံခဲ့ရသည်။ ၄ လကြာပြီးနောက် ထိုအထဲမှ တစ်ယောက်မှာ ကိုယ်ဝန်ရလာခဲ့ရတာ အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခြင်း ခံခဲ့ရသည်။ ထိုအဖြစ်အပျက်များကို ပြန်လည် ပြောပြာခဲ့သူမှာ Ruff-O'Herne ဆိုသည့် အမျိုးသမီးဖြစ်သည်။ မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေကတော့ အရှက်တရားကြောင့် ထိုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိတာလို့ ယူဆရတယ်ဟု ကိုးရီးယားရှိ လိင်ကျွန်အရေး လှုပ်ရှားသူများက ၂၀၀၀ ခုနစ်လောက်တုန်းက ဆိုခဲ့ပါတယ်။ Ruff-O'Herne ဟာ ၁၉၄၅ ခုနစ်မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ သူမ ပြောကြားချက်အရ မိန်းကလေးတိုင်းဟာ စခန်းတွင်းရှိ စုပေါင်းအိမ်ဟာတစ်ခုမှာ နေထိုင်ကြရပြီး လိင်ဖျော်ဖြေရေးအခန်းများတွင် လိင်ဖျော်ဖြေပေးရသည်။ တစ်နေ့လျှင် အနည်းဆုံး စစ်သား ၂၅ ယောက်ကနေ ၃၅ ယောက် အတွက် လိင်ဖျော်ဖြေပေးခဲ့ရသည်ဟု ဆိုသည်။ ထိုစခန်း၌ တာဝန်ကျခဲ့သူ ရေတပ်မှ တပ်ကြပ်ကြီး တစ်ဦးကတော့ စိတ်မချမ်းမြေ့စရာ ငိုယိုသံများ အော်ဟစ် အကူအညီ တောင်းခံသံများကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်ဟု သူ၏ နေ့စဉ်မှတ်တမ်းတွင် ရေးသားခဲ့သည်။ 

လိင်ဖျော်ဖြေရေးစခန်းများကို နေရာဒေသအလိုက် နံနက် ၉ နာရီ ၁၀ နာရီခန့်မှ စတင် ဖွင့်လှစ်ပြီး အလှည့်ကျ စနစ်ဖြင့် ဝင်ရောက်ကြရသည်။ လိင်ဖျော်ဖြေရေးစခန်းများတွင် အပန်းဖြေရန် လက်မှတ်များကို ခွဲတမ်းချပေးလေ့ ရှိသည်။ ညနေ ၆ နာရီကို အဆောင်ပိတ်ချိန်အဖြစ် သတ်မှတ်ထားသည်။ သို့သော် လိင်အပျော်မယ်များမှာ အနားယူခွင့် ၁ နာရီသာ ရရှိပြီး ၇ နာရီခန့်တွင် အားလပ်နေသော အရာရှိများအတွက် ပြန်လည်ဖျော်ဖြေပေးရသည်မှာ ည ၁၁ နာရီခန့်အထိ ဖြစ်ပြီး ရံဖန်ရံခါ အချိန်အကန့်အသတ် မရှိပေ။ 

လိင်အပျော်မယ်များကို အခကြေးငွေ အနည်းငယ် လစဉ်ပေးအပ်ထားသော်လည်း တချို့မှာ လစာငွေ ရရှိသော်လည်း တချို့ အရာရှိများမှာ ပေးအပ်ခြင်း မရှိပဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြသည်။ တခါတရံ အမျိုးသမီး အသုံးအဆောင်များကို မဲဖောက်ပေးခြင်း ရောင်းချပေးခြင်းများလည်း ပြုလုပ်ပေးလေ့ ရှိသည်။ သို့သော် ညံဖျင်းသော ပစ္စည်းများသာ ဖြစ်ကြသည်။ အားလပ်ရက်အဖြစ် တလလျှင် ၁ ရက် သို့မဟုတ် ၂ ရက် ရရှိသည်။  လိင်ဖျော်ဖြေခန်းများတွင် အလုပ်လုပ်နေရချိန်တွင် အားလပ်ရက်ဟူ၍ အတိအကျ မရှိပေ။ (မီးနီနေတာတောင် အတင်းဖြတ်မောင်းကြတဲ့ သဘော။) 

မြန်မာနိုင်ငံမှာရှိတဲ့ လိင်ဖျော်ဖြေရေးစခန်းတွေ အများစုကတော့ လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ရကြတယ်လို့ အမေရိကန်စစ်ရာဇဝတ်မှု စာတမ်းမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့က ဂျပန်လိင်ဖျော်ဖြေရေးစခန်းမှာ တာဝန်ကျခဲ့တဲ့ ကိုးရီးယားလူမျိုး စခန်းတာဝန်ခံကတော့ မဟာမိတ်တွေ ဝင်လာချိန်မှာ ထွက်ပြေးခဲ့ပါတယ်။ သူ့ရဲ့ ထွက်ဆိုချက်အရ အဆိုပါစခန်းရှိ အမျိုးသမီးများဟာ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရရှိကြပြီး အားကစားလှုပ်ရှားမှုများလဲ ပြုလုပ်ခွင့် ရပါတယ်။ ကျွန်တော့်အထင်ကတော့ မြန်မာနိုင်ငံဟာ သူတို့မွေးရပ်မြေနဲ့ အတော်ဝေးကွာလ်ို့ ဒီလိုအခွင့်အရေးမျိုး ရကြတာလ်ို့ ထင်ပါတယ်။ မြို့နဲ့ အနီးဝန်းကျင်ကို ပျော်ပွဲစားထွက်ခွင့်လဲ ရကြသလို တခြားဒေသတွေဖြစ်တဲ့ တရုတ် အင်ဒို မလေးရှား စသည့်နိုင်ငံများက လိင်ဖျော်ဖြေရေးမယ်များနှင့် မတူပဲ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားနေထိုင်ခွင့်လည်း ရပါတယ်။ 

စစ်ကြီးပြီးတဲ့နောက်မှာတော့ အများစုဟာ မူလနေထိုင်ရာ ဒေသကို ပြန်ခွင့်ရခဲ့ပေမယ့် တချို့ကတော့ စင်္ကာပူ မလေးရှား အမေရိကန် စသည့် နိုင်ငံများသို့ ခိုလှုံခဲ့ကြပါတယ်။ ဒေသကို ပြန်လည်ရောက်ရှိခဲ့တဲ့ အမျိုးသမီးတွေဟာလဲ အထက်က ဆိုခဲ့တဲ့အတိုင်း လိင်နဲ့ ပတ်သတ်တဲ့ စိတ်ရောဂါ တခြားဝေဒနာတွေ ခံစားခဲ့ရသလို တချို့ မိန်းကလေးတွေမှာလည်း လက်ထပ်မယ့်လူ မရှိ ဖြစ်ခဲ့ရပါတယ်။ လက်ထပ်ခဲ့တဲ့ မိန်းကလေး တချို့ကလဲ သူတို့ရဲ့ အတိတ်ကြောင့် ကွဲကွာကုန်တာတွေ သို့မဟုတ် အတိတ်ကို ထိတ်လန့်နေရမှုတွေဟာ အချိန်အတော်ကြာတဲ့အထိ အကျိုးဆက်တစ်ခုအနေနဲ့ ခံစားခဲ့ရပါတယ်။ တချို့ မိန်းကလေးတွေကျတော့လဲ နှိပ်စက်မှု ဒဏ်တွေကြောင့် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ 

ဝန်ချတောင်းပန်မှုများနှင့် လျော်ကြေးငွေ ပေးအပ်ခြင်းများ အထိမ်းအမှတ် ကျောက်စာတိုင်များဘ

၁၉၅၁ ခုနစ်မှ စတင်ကာ ဂျပန်အစိုးရနှင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ အတင်းအဓမ္မ စေခိုင်းခံရသည့် လုပ်သားများနှင့် စစ်ပြန်များအတွက် လျော်ကြေးငွေကိစ္စကို ဆွေးနွေးခဲ့ပြီး တောင်ကိုးရီးယားက နစ်နာကြေး ဒေါ်လာ ၃၆၄ မီလီယံကို တောင်းဆိုခဲ့သည်။ ဂျပန်တို့ သိမ်းပိုက်ထားစဉ် အတွင်း အသက်ရှင်ကျန်ရစ်သူအတွက် ဒေါ်လာ ၂၀၀ သေဆုံးသူအတွက် ဒေါ်လာ ၁၆၅၀ ထိခိုက်ဒဏ်ရာကြောင့် မသန်မစွမ်း ဖြစ်သွားသူများ အတွက် ဒေါ်လာ ၂၀၀၀ ဟု ကနဦး ဆွေးနွေးရာတွင် လျာထားခဲ့သည်။ ၁၉၆၅ ခုနစ်တွင် နောက်ဆုံး သဘောတူညီချက်အရ ဂျပန်အစိုးရက လျော်ကြေးငွေ ဒေါ်လာ ၈၀၀ မီလီယံကို အသက်သာဆုံး အတိုးနှုန်းဖြင့် ၁၀ နှစ် ချေးငှားမည်ဟု အကြောင်းပြန်ခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုးရီးယားအစိုးရကတော့ အဆိုပါ ငွေကြေးကို ပြန်လည်ပေးဆပ်ခြင်း မပြုတော့ပါဘူး။ သူတို့ ရပိုင်ခွင့်လို့ ထင်မြင်တာကိုတော့ မှားတယ်လို့ မယူဆသင့်ဘူးဟု ကျွန်တော် ထင်ပါတယ်။ ၁၉၉၄ ခုနစ်မှာတော့ ဂျပန်အစိုးရက မတည်ပြီး Asian Women's Fund (AWF) အဖွဲ့ကို အရပ်ဘက် လူမှုကူညီရေးအဖွဲ့စည်းအဖြစ် ဖွဲ့စည်းခဲ့ပြီး ကိုးရီးယား တရုတ် ဖိလစ်ပိုင် ထိုင်ဝမ် နယ်သာလန်နဲ့ အင်ဒိုနီးရှားက လိင်ဖျော်ဖြေရေးတွင် လုပ်ကိုင်ခဲ့ရသော အမျိုးသမီးများအတွက် ထောက်ပံ့ပေးခဲ့ပါတယ်။ 

လိင်ဖျော်ဖြေရေးအမျိုးသမီးအဖြစ် လုပ်ကိုင်ခဲ့ရသည် ကိုးရီးယား ၆၁ ဦး ထိုင်ဝမ် ၁၃ ဦး ဖိလစ်ပိုင် ၂၁၁ ဦး ဒတ်ခ်ျ ၇၃ ဦး တို့ကို ဂျပန် ဝန်ကြီးချူ ပ် တိုမီအီချီ မူရာယာမ ကိုယ်တိုင် တောင်းပန်ကြောင်း စာရေးသားကာ ထောက်ပံ့ကြေးငွေများကို ပေးအပ်ခဲ့သည်။ သို့သော်လည်း ကိုးရီးယားလူမျိုး လိင်အပျော်မယ်များအဖြစ် လုပ်ကိုင်ခဲ့ရသူများဟာ အဆိုပါ ငွေကြေးဟာ ဂျပန်အစိုးရက ပေးအပ်တာ မဟုတ်ပဲ အရပ်ဘက်အဖွဲ့အစည်း အလှူ ငွေ အနေနဲ့ ပေးအပ်တာ ဖြစ်လို့ မယူနိုင်ဘူးဟု ငြင်းဆန်ခဲ့ပါတယ်။ ဒါ့ကြောင့် AWF အဖွဲ့ဟာ ကိုးရီးယား အမျိုးသမီး ၆၁ ဦးကို ဂျပန်ယန်းငွေ ၅ သန်းအထိ ပေးအပ်ခဲ့ပြီး တောင်းပန်ကြောင်းကိုလည်း ကြောငြာခဲ့ပါတယ်။ အသက်ရှင် ကျန်ရစ်နေသေးတယ် ၁၄၂ ဦးကတော့ တောင်ကိုးရီးယားအစိုးရ ထောက်ပံတာကိုပဲ ယူခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနစ်မှာတော့ အစိုးရက ထောက်ပံ့တာကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ဝန်ကြီးချူ ပ် ကီအီချီ မီရာဇာဝါ တက်လာတဲ့အခါမှာလည်း တောင်ကိုးရီးယားသို့ အလည်အပတ် ရောက်လာခဲ့ပြီး တောင်ကိုးရီးယား သမ္မတနှင့် တွေ့ဆုံခဲ့ပြီး တောင်ကိုးရီးယားအမျိုးသား ညီလာခံမှာ မိန့်ခွန်းပြောကြားပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်းက အမှားများအတွက် ထပ်မံတောင်းပန်ခဲ့ပါတယ်။ ၁၉၉၈ ခုနစ် ဧပြီလ ၂၈ ရက်နေ့မှာလည်း ဂျပန်အစိုးရ လွှတ်တော်မှာ ဥပဒေသစ်ကို အဆိုတင်သွင်းပြီး အစိုးရက ဒေါ်လာ ၂၃၀၀ ကို ထိခိုက်ခံစားခဲ့ရသူများအား ပေးအပ်ရန် သဘောတူညီခဲ့ပါတယ်။ ၂၀၁၅ ခုနစ်မှာတော့ ထိုအချိန်ကာလက ငွေကြေးတန်ဖိုးနဲ့ ညီမျှတဲ့ ဒေါ်လာ ၃၃၄၅ ကို ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနစ် ရှင်ဇိုအာဘေး တက်လာပြီးနောက်မှာ တကြိမ် တောင်းပန်ခဲ့ပြီးနောက် ၂၀၁၄ ခုနစ်မှာတော့ ဂျပန်ရဲ့ ဝန်ချတောင်းပန်မှုဟာ လုံလောက်ပြီ ဖြစ်သောကြောင့် ဝန်ချတောင်းပန်တာမျိုး လုပ်တော့မှာ မဟုတ်ဖူးဟု ဆိုခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနစ် ရှင်ဇိုအာဘေးနှင့် တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေးတို့ တွေ့ဆုံခဲ့ကြပြီး ဂျပန်ဟာ ယန် ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈.၁ သန်း) ကို ရန်ပုံငွေအဖြစ် ထောက်ပံပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ကိုးရီးယား အမျိုးသမီးများကတော့ ရှင်ဇိုအာဘေးနဲ့ သူ့အစိုးရဟာ တရားဝင်ဝန်ချတောင်းပန်မှုဟာ မလုံလောက်သေးကြောင်း သူတို့ရည်မှန်းချက်ဟာ ထောက်ပံကြေးငွေ မဟုတ်ကြောင်း ဂျပန်ပညာရေး သမိုင်းစာအုပ်များတွင် သူတို့၏ အကြောင်းကို ထည့်သွင်းရေးသားကာ နောင်လာနောက်သားတို့ အတွက် သင်ခန်းစာရစေရန် ထည့်သွင်းပေးရေး စသည်တို့ပါ တောင်းဆိုခဲ့ကြပါတယ်။

လိင်ဖျော်ဖြေရေးအမျိုးသမီးများအတွက် အထိန်းအမှတ် ကျောက်စာတိုင် ရုပ်တုများကို ကိုးရီးယား ထိုင်ဝမ် တရုတ် ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာ အများအပြား တွေ့နိုင်ပါတယ်။ 

ယခု Post ဟာ အမုန်းပွားစေရန် မဟုတ်ပဲ စစ်ပွဲကြောင့် ထိခိုက်ခံစားမှုများ စစ်ရာဇဝတ်မှုများ စသည့်တို့ကို ဗဟုသုတအနေဖြင့် ရရှိစေရန် ရည်ရွယ်ပါသည်။ 

#SwamHtet(天下第一)

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!