Popular Posts!

Wednesday, May 8, 2019

EP လား၊ S pass လား? ရတဲ့ လခ မှန်ဖို့ အရေးကြီးတယ်

EP လား၊ S pass လား? ရတဲ့ လခ မှန်ဖို့ အရေးကြီးတယ်



စင်ကာပူမှာ WP နဲ့ S pass ပါမစ်ကိုတာရဖို့အရေး အလုပ်ရှင်တွေအတွက် စိန်ခေါ်မှုတွေ အရင်ထက် ပိုပြီးများလာပါပြီ။ အထူးသဖြင့် ဝန်ဆောင်မှုနဲ့ ထုတ်ကုန်လုပ်ငန်းတွေရဲ့ ကုမ္ပဏီ အလတ်စားနဲ့ အသေးစားများမှာ နိုင်ငံသားနဲ့ PR တွေအတွက် ဆွဲဆောင်မှုအားနည်းတဲ့ အလုပ်၊ လစာ နဲ့ အလုပ်ချိန်များကြောင့် မလေးရှားနဲ့ တရုတ်နိုင်ငံမှ ဝန်ထမ်းများကို ခန့်ထားနိုင်မှသာ အဆင်ပြေတာပါ။

ဒါပေမယ့် မလေးရှားနဲ့ တရုတ်ဝန်ထမ်းတွေအတွက် ပေးရတဲ့ လစာကလည်း မနည်းဘူး။ အမ်အိုအမ်ရဲ့ ပါမစ်ကန့်သတ်ချက်တွေဟာ ကုမ္ပဏီ အလတ်စားနဲ့ အသေးစားများအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာမို့ အလုပ်ရှင်တွေလည်း ဒီကိစ္စအပေါ်အမြဲ ဝေဖန်လေ့ရှိပါတယ်။

လုံးဝ ထွက်ပေါက်မရှိတဲ့ အလုပ်ရှင်တွေအတွက်ကတော့ အမ်အိုအမ်ရဲ့ နိုင်ငံခြားသား အလုပ်ခန့်ထားရေးအတွက် ဥပဒေကို မျက်ကွယ်ပြုပြီး မသမာတဲ့ လုပ်ရပ်တွေ ဖန်တီးလာပါပြီ။ ဒါပေမယ့် ကံမကောင်းတဲ့ အလုပ်ရှင်တွေနဲ့အတူ ရွေးချယ်စရာအခြားနည်းလမ်းမရှိလို့ အလုပ်ဝင်ခဲ့တဲ့ နိုင်ငံခြားသားဝန်ထမ်းတွေလည်း နှစ်စဉ်လို အရေးယူခံရတာတွေ ရှိနေပါတယ်။

အဓိက အခက်အခဲကတော့ နိုင်ငံခြားသား ခန့်ထားဖို့ WP နဲ့ S Pass အတွက် ကိုတာ (Quota) မရကြတာပါ။ ကုမ္ပဏီမှာ ခန့်ထားတဲ့ နိုင်ငံသားနဲ့ PR ဦးရေ အချိုးအစားအရ ကိုတာချပေးတဲ့ စနစ်ဟာလည်း စင်ကာပူအစိုးရရဲ့ သူ့နိုင်ငံသား အကျိုးကာကွယ်ရေးနဲ့ နိုင်ငံခြားသား ဝန်ထမ်းဦးရေကို ထိန်းချုပ်တဲ့ စနစ်ပါဘဲ။

ဒီတော့ ကိုတာ ရဖို့ ဘာလုပ်သလဲဆိုရင် (Phantom Worker) ဟန်ပြ ဝန်ထမ်းတွေ ခန့်ကြတော့တာပါဘဲ။ နီးစပ်ရာကနေ နိုင်ငံသား နဲ့ ပီအာတွေကို အနည်းဆုံး လစာပမာဏတစ်ခုကိုပြပြီး CPF ထည့်ပေးကာ ကိုတာ ရအောင်လုပ်ကြတာဟာ အခုချိန်ထိ ရှိနေတုန်းမို့ မကြာခဏဆိုသလို အမ်အိုအမ်ရဲ့ အရေးယူတဲ့ သတင်းတွေကို ဖတ်နေရဆဲပါ။

ဒီလို ကိုတာရဖို့အတွက် နိုင်ငံသား နဲ့ ပီအာတွေကို မက်လုံးတစ်ခုပေး၊ CPF ထည့်ပေးရတာနဲ့ အလုပ်ရှင်တွေအတွက် ကုန်ကျစရိတ် တက်လာပါပြီ။ ဒီကုန်ကျစရိတ်တွေ ကာမိအောင် ဘာလုပ်မယ်ထင်သလဲ။ လက်ရှိကာလအထိ အပြင်မှာ တွေ့နေရတာကတော့ အဲ့ဒီကုန်ကျစရိတ်တွေ ကာမိအောင် ခန့်ထားတဲ့ နိုင်ငံခြားသားတွေဆီကနေ ရတဲ့နည်းနဲ့ ရသလောက် ပြန်ယူတာပါဘဲ။

WP သမားတွေဆိုရင်လည်း အလုပ်ရှင်တွေဟာ အလုပ်သမား အပြောင်းအလဲကို ၁ နှစ်တစ်ကြိမ်၊ ၂ နှစ်တစ်ကြိမ်လုပ်ပြီး အလုပ်သမားအသစ်တွေဆီကနေ ပွဲခကို အေးဂျင့်နဲ့ ပေါင်းပြီး ယူကြပါတယ်။ ဒီတော့ အလုပ်သမား တစ်ယောက်ကို ကြာကြာမခန့်တော့ပါဘူး။ တစ်ချို့တွေဆို ၆ လ လောက်ခန့်ပြီး ရမယ်ရှာ အလုပ်ဖြုတ်တာမျိုးတွေလည်း ရှိနေပါတယ်။ အလုပ်သမား အဝင်အထွက်များလေ ကိုတာအတွက် ကုန်ကျစရိတ်ကာမိလေပါဘဲ။ ဒါတွေက စင်ကာပူမှာ အခုမှ ဖြစ်နေတာမဟုတ်ဘူး၊ အရင်ကတည်းက အလုပ်ရှင်အချို့နဲ့အလုပ်အေးဂျင်တွေ ပေါင်းလုပ်နေတာပါ။ ဒါကို အမ်အိုအမ်ဘက်က သိတာနဲ့ စုံစမ်းစစ်ဆေး အရေးယူတာပါဘဲ။ 

အလုပ်ရှင်ဟာ အလုပ်သမားဆီကနေ အခကြေးငွေယူပြီး အလုပ်ခန့်တာကို Kickback ယူတယ်လို့ သတင်းတွေမှာ ရေးလေ့ရှိပါတယ်။ နှစ်စဉ်လို အရေးယူခံရတဲ့ အလုပ်ရှင်တွေရှိနေတာတောင် လုပ်နေသေးတဲ့ သူတွေ ရှိနေတုန်းပါ။


ဒီတော့ ကိုတာတွေရဖို့အတွက် မမှန်မကန်လုပ်ပြီး ရအောင်လုပ်ကြသလို၊ ကုန်ကျစရိတ် ကာမိအောင် Kickback ယူတယ်။ နောက်ထပ် အလားတူ လုပ်ရပ်တွေလည်း ရှိပါသေးတယ်။ ဒါကတော့ S pass အတွက် လစာကို အမ်အိုအမ်ရဲ့ ပြဌာန်းသတ်မှတ်ချက်မီအောင် Pass လျှောက်စဉ်မှာ အမှန်တစ်ကယ်ပေးတာထက် ပိုပြပြီး၊ အလုပ်ရာထူးကိုလည်း ကြီးကြပ်ရေးမှုးအဆင့်ထက် မနိမ့်တဲ့ ရာထူးနဲ့ လျှောက်ပြီး အမှန်တော့ ကာယအလုပ်သမား အဆင့်နဲ့ ခိုင်းနေတဲ့ လုပ်ရပ်တွေပါ။

ပါမစ်ကိုတာအရ WP နဲ့ S Pass ကို ခွဲပြီးချပေးတာပါ။ ဒီတော့ WP ကိုတာ မရှိတော့ရင် S Pass လျှောက်ရမှာဘဲပေါ့။ ဒါပေမယ့် အလုပ်မှာ အမှန်တစ်ကယ်လိုတာက အလုပ်သမား အဆင့်ပါ။ ဒါပေမယ့် S pass လျှောက်လို့ ရအောင် ရတဲ့ နည်းနဲ့ ဘောင်ဝင်အောင်လုပ်ကြတဲ့အခါမှာ ရာထူး၊ လစာ၊ ပညာအရည်အချင်းနဲ့ အရင်အလုပ်အတွေ့အကြုံတွေပါ မဟုတ်တရုတ်တွေ လုပ်ကြပါတော့တယ်။ အချို့တွေဆိုရင် ရာထူးကြီးကြီးတွေနဲ့ ကော်ဖီဆိုင်၊ ပေါက်စီဆိုင်တွေမှာ လုပ်နေတာတွေလည်း ရှိနေပါတယ်။ ထားပါတော့၊ ရရာ အလုပ် လုပ်ရမယ်ဆိုပေမယ့် ဒီလိုမျိုး အသား ငါးရောင်းတဲ့ ဈေးထဲက ကော်ဖီဆိုင်မှာ အရာရှိအနေနဲ့ ခန့်ပြီး S Pass ဒါမှမဟုတ် EP ရလာတာကတော့ ကျွန်တော်လည်း ရှင်းမပြတတ်ပါ။

အကယ်၍ လုံးဝ ကိုတာ မရှိရင်တော့ အလုပ်ရှင်တွေဟာ EP နဲ့ ခန့်ဖို့ ကြိုးစားကြပါတော့တယ်။ EP ဆိုတာ ကျွန်တော်သိသလောက် ရဖို့ အခွင့်အလမ်း အရမ်းနည်းပါတယ်။ ဒါကလည်း အမ်အိုအမ် သတ်ချက်အရ ကိုတာ မလို၊ WP နဲ့S Pass တွေလို အလုပ်ရှင်ဘက်က လဲဗီးပေးစရာမလိုတဲ့အတွက် တစ်နည်းတဖုန် နိုင်ငံခြားသား ခန့်ဖို့ အခွင့်အလမ်းတစ်ခုပေါ့။ 

EP ရဖို့ ခက်တယ်လို့ ကျွန်တော်ပြောနေပေမယ့် အလွယ်တကူရတာတွေလည်း တွေ့နေရပါတယ်။ လူမှန်၊ နေရာမှန်၊ လစာမှန်နဲ့ အားလုံး မှန်မှန်ကန်ကန်နဲ့ လုပ်နေတဲ့ EP ကိုင်ထားသူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အဲ့လိုမျိုးမဟုတ်ဘဲ ပါမစ် ကိုတာ မရနိုင်တဲ့အခါမှာ ခန့်ချင်တာကလည်း အလုပ်သမားအဆင့်လောက် ဖြစ်နေတော့ EP အတွက် မန်နေဂျာရာထူး၊ လစာတွေ ထောင်ပေါင်းများစွာနဲ့ အလုပ်ရှင်ကနေ လျှောက်ပေးထားသူတွေအတွက် ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ရှိနေပါတယ်။

ရာထူးဟာ ကာယလုပ်သား မဟုတ်ဘဲ စီမံခန့်ခွဲရေးရာထူးနဲ့ ခန့်ထားပြီး လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရလို့ လက်ပြတ်တာမျိုး၊ စက်ညှပ်တာမျိုးတွေ ကြုံရတဲ့ အခါမှာ အလုပ်ရှင်အချို့ဟာ လုပ်ငန်းခွင်ထိခိုက်နစ်နာကြေးမလျှောက်ပေးဘဲ ဆေးကုပြီးတဲ့အခါ အလုပ်ကနေ ထုတ်ပယ်ခံရသူတွေလည်း တွေ့ဖူးပါတယ်။ 

လုပ်ငန်းခွင်ထိခိုက်နစ်နာကြေးလျှောက်တဲ့အခါမှာ မိမိရာထူး တာဝန် နေ့စဉ်အလုပ်တွေနဲ့ ခန့်ထားစဉ်က အမ်အိုအမ်ကို EP လျှောက်ထားတာနဲ့ ကွဲလွဲနေလို့ ထိခိုက်နစ်နာကြေးမတင်ရဲသူတွေလည်း ရှိပါတယ်။ ဒါတွေကတော့ မိမိ ရပိုင်ခွင့် ဆုံးရှုံးရတာပါဘဲ။ EP နဲ့ S Pass တွေကို ခန့်တဲ့ ရာထူးနဲ့ အမှန်တစ်ကယ် ခိုင်းတဲ့ အလုပ်ကွာခြားချက်ရှိတဲ့အထဲမှာ EP အလုပ်ကို ပိုပြီး ဆိုးရွားပါတယ်။ S Pass သမားတွေကတော့ကာယအလုပ်သမားအလုပ် ဝင်လုပ်ရင်း ထိခိုက်ဖဒဏ်ရာ ရတဲ့အခါမှာ အချို့တွေက ကျွမ်းကျင် ဝန်ထမ်းအဆင့်ဖြစ်နေတာမို့ EP ထက်စာရင် လုပ်ငန်းခွင်ထိခိုက်နစ်နာကြေးလျှောက်ရာမှာ အခက်အခဲ မရှိလှပါဘူး။


နောက်ထပ် အခက်အခဲကတော့ အမ်အိုအမ်မှာ ပတ်စ်တင်တုန်းက ဖော်ပြတဲ့ လစာနဲ့ အမှန်တစ်ကယ်ရတဲ့ လစာ ကွာနေတာပါဘဲ။ ဒါတွေက အလုပ်ရှင်နဲ့ ၂ ဦး သဘောတူ ရှင်းနေကြဆဲပါ။ ဒါပေမယ့် မတရားသဖြင့် အလုပ်ကနေ ထုတ်လိုက်တာမျိုး၊ လစာ မရလို့ အမ်အိုအမ် တိုင်ဖို့ ဆိုင်းပြင်တဲ့အခါမျိုးမှာ အချို့သူတွေအတွက် တိုင်ဖို့ နောက်ဆုတ်သွားတာတွေလည်း ရှိပါတယ်။ လစာမမှန်သလို အလုပ်ရာထူးကလည်း မမှန်တော့ ဒါတွေအတွက် အရဲစွန့်ဖို့လည်း လိုသေးတာကို။ အမ်အိုအမ် မသိလောက်ပါဘူးဆိုပြီး တိုင်ခဲ့သူတွေလည်း ရှိနေပါတယ်။ ဘယ်လို ဘယ်ပုံနဲ့ အဆုံးသတ်သလဲဆိုတာတော့ မသိပါ။ ဒါကလည်း အခွင့်အရေးဆုံးရှုံးမှု တစ်ရပ်ပါ။

ဒီလိုဖြစ်ရပ်တွေထဲမှာ လစာတွေ ရတာထက် ပိုပြီးဖော်ပြထားတဲ့အတွက် လစာ ဝင်ငွေခွန်အတွက် ကိုယ်မရတဲ့ လစာပေါ်မူတည်ပြီး အခွန်တွေဆောင်ရတဲ့ ပြဿနာပါဘဲ။ S Pass သမားတွေမှာ ဒီလိုပြဿနာ မရှိသလောက်နည်းပေမယ့် EP သမားတွေထဲမှာ အခွန်တွေ အဆမတန်ဆောင်နေရသူတွေ ဒုနဲ့ ဒေးပါ။ အချို့အလုပ်ရှင်တွေကတော့ သူတို့ဘက်ကနေ အခွန်ဆောင်ပေးတာတွေလည်း ရှိပါတယ်။ အကယ်၍ မဆောင်ပေးခဲ့ရင် ဘာလုပ်မလဲ။ ဒါကလည်း အလုပ်ရှင်နဲ့ ကိုယ် ယှဉ်တဲ့အခါမှာ သူဘက်က ဒဏ်ငွေနဲ့ ပြီးသွားနိုင်ပေမယ့် ကိုယ်ဘက်က နောင်မှာ စင်ကာပူမှာ အလုပ်လုပ်ခွင့် မရနိုင်လောက်တဲ့အထိ ကြုံတွေ့ရနိုင်မယ်ဆိုတာကို ပတ်ဝန်းကျင်မှ ကြားသိနေရတဲ့ သတင်းများမှ မျှဝေလိုက်ပါတယ်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!