Popular Posts!

Tuesday, February 5, 2013

(Coca-Cola) ကိုကာကိုလာဖြစ်ပေါ်လာပုံ!

ကိုကာကိုလာထဲက ကိုကင်းကို ဘာကြောင့်ဖယ်လိုက်တာလဲ?

ကိုကင်းနဲ့အရက်ကို ရော စပ်လိုက်တဲ့အခါ Cocaethylene ခေါ်တဲ့ မှုးယစ်ဆေးတစ်မျိုး ဖြစ် သွားပြီးအာနိသင်က တော့ကိုကင်းလိုပါပဲ၊ ဒါပေမဲ့ ပိုပြီး ရွှင်လန်းမြူး ကြွမှု ဖြစ်စေပါတယ်။ ဒါကြောင့် ၁၈၆၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံက ဓာတု ဗေဒ ပညာရှင် Angelo Mariani ဆိုသူက ကိုကာနဲ့ဝိုင် ရောစပ်ပြီး Vin Mariani နာမည်နဲ့ ရောင်းခဲ့တာ အလွန် ရောင်းကောင်းပြီး ခေတ်စားခဲ့ပါတယ်။ အဲဒီခေတ်အချိန်အခါက ထင်ရှားတဲ့ စာရေးဆရာများ Jules Verne, Alexandaer Dumas နဲ့ Arthur Conan Doyle တို့က Vin Mariani ကို သုံးစွဲခဲ့ကြတယ်လို့ ပြောပါတယ်။ ပုဒ်ရဟန်းမင်း Pope Leo XIII ကတောင် အဲဒီဖျော်ရည်ကို အမြဲဆောင်ထားလေ့ရှိပြီး Vin Mariani ကို ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါသေးတယ်။
Vin Mariani ရဲ့ စီးပွားရေးအောင်မြင်မှုကို မြင်တွေ့ခဲ့ပြီး အမေရိကန် ဂျော်ဂျီယာပြည်နယ်က ဒေါက်တာ John Stith Pemberton က အလားတူဖျော်ရည်မျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့ပြီး French Wine Coca နာမည်နဲ့ ရောဂါများစွာကို ကုသနိုင်တဲ့ဆေးအဖြစ် ကြော်ငြာပြီးရောင်းချခဲ့ပါတယ်။ ဒေါက်တာ Pemberton ဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ဒဏ်ရာရခဲ့ပြီး နာကျင်မှုကိုကုသဖို့ မော်ဖိန်းကိုသုံးစွဲရာကနေ စွဲလန်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ John Stith Pemberton ရဲ့ French Wine Coca စတင်ရောင်းကောင်းလာပြီး မကြာခင်မှာပဲ ဂျော်ဂျီယာပြည်နယ်မှာ ဥပဒေသစ်တစ်ခု ထွက်လာတဲ့အခါမှာတော့ French Wine Coca က တရားမ၀င်ဖြစ်သွားပါတယ်။ ဖျော်ရည်ထဲမှာပါဝင်တဲ့ ကိုကင်းကြောင့်မဟုတ်ဘဲ အရက်ကြောင့် တရားမ၀င်ဖြစ်ခဲ့ပါတယ်။

အဲဒါနဲ့ ဒေါက်တာ Pemberton က သူရဲ့ဖျော်ရည်ထဲမှာ အရက်ကိုမသုံးတော့ဘဲ သကြားရည်ကို အစားထိုးထည့်သုံးခဲ့ပြီး ၁၈၈၆ ခုနှစ်မှာ ဖျော်ရည်အသစ် ကိုကာကိုလာ (Coca-Cola) ဆိုပြီး ထွက်ပေါ်လာခဲ့ပါတယ်။ ချက်ခြင်းပဲ ကိုကာကိုလာဟာ ပိုက်ဆံကြွယ်ဝတဲ့ လူဖြူတွေအကြား ခေတ်စားလာခဲ့ပါတယ်။ အဲဒီတုန်းက လူတန်းစားခွဲခြား ဆက်ဆံခံရတဲ့ လူမည်းတွေက ကန့်သတ်ထားတဲ့ ဆိုဒါဖျော်ရည်စက်ဆီကို ချဉ်းကပ်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ၁၈၉၉ ခုနှစ်မှာ ကိုကာကိုလာကိုပုလင်းထဲထည့်ပြီးရောင်းလာတော့ ခွဲခြားခံရတဲ့ လူမည်း တွေလည်းကိုကာကိုလာကိုဝယ်သောက်လို့ရခဲ့ကြောင်း အမေရိကန် သမိုင်းပညာရှင် Grace Elizabeth Hale က ရေးသားထားပါတယ်။
၁၉၁၄ ခုနှစ်အထိ ကိုကင်းကို ၀ယ်ယူသုံးစွဲမှုဟာ တရားဝင် ဖြစ်နေသေးပါတယ်။ ဒါပေမဲ့ ကိုကင်းသုံးစွဲသူဦးရေ ဟာ နှစ် ၂၀ အတွင်းမှာ ငါးဆလောက် မြင့်မားလာခဲ့ပါတယ်။ ကိုကင်းသုံးစွဲမှုကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်မှုထက် လူမည်းတွေကို ဦးတည်ထားပြီး သူတို့ကြောင့် အကြမ်းဖက်မှု၊ မုဒိန်းမှုနဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်လာတယ်ဆိုတဲ့ ဝေဖန်ငြင်းခုံမှုတွေက ပိုများခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာ New York Tribune သတင်းစာထဲမှာ လူမည်းတွေ ကျူးလွန်တဲ့ပြစ်မှုနဲ့ ကိုကင်းဆက်နွယ်တဲ့ ဆောင်းပါးတစ်ခုပါလာပြီး ကိုကာကိုလာကို တရားဥပဒေအရ အရေးယူဖို့ ရေးသားထားပါတယ်။ အဲဒီသတင်းနောက်ပိုင်း ကိုကာကိုလာက သူတို့ရဲ့ဖော်မြူလာထဲမှာ ကိုကာရွက်အစိမ်းကို မသုံးတော့ဘဲ ကိုကင်းထုတ်လုပ်ပြီး ကျန်ရှိတဲ့ ကိုကာရွက်ကို ပြောင်းလဲသုံးခဲ့ပါတယ်။
ကိုကာကိုလာထဲက ကိုကင်းကို ဖယ်ရှားခဲ့ရတာဟာ အဲဒီခေတ်မှာ လူဖြူတွေရဲ့ လူမည်းတွေအပေါ် အသားအရောင်ခွဲခြားမှုနဲ့ အမြင်သဘောထားတွေကြောင့် ဖြစ်ပြီး ဒါတွေက အမေရိကန်အစိုးရရဲ့ ကိုကင်းဥပဒေ ပြောင်းလဲလာမှုအပေါ် အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့ Grace Elizabeth Hale က ကောက်ချက်ချခဲ့ပါတယ်။
အမေရိကန်အစိုးရ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hamilton Wright က ၁၉၁၀ ခုနှစ်မှာ “အမေရိကန်တောင်ပိုင်းက နီဂရိုးတွေရဲ့ ကိုကင်းသုံးစွဲမှုက အဆိုးဝါးဆုံးဖြစ်ပြီး အဲဒါကနေ မုဒိန်းမှုတွေကို နီဂရိုးတွေ မကြာခဏ ကျူးလွန်နေကြတယ်” ဟု မှတ်ချက်ပေးခဲ့ဘူးပါတယ်။ ၁၉၁၄ ခုနှစ် Medical Standard စာစောင်မှာ ဒေါက်တာ Edward Williams ကလည်း “ကိုကင်းသုံးစွဲတဲ့ နီဂရိုးဟာ သူနေထိုင်တဲ့ပတ်ဝန်းကျင် အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သူရဲ့ပင်ကိုယ်သဘာဝကအဆိုးဖက်ကို ပြောင်းလဲသွားပြီး ရှက်ကြောက်လေ့ရှိတဲ့ နီဂရိုးဟာသတ္တိတွေရှိလာပြီးတခါတရံမှာမထင်မှတ်လောက်အောင်ဖြစ်သွားပါတယ်”လို့ ရေးသားထားပါ တယ်။

ဒီနေ့ကျနော်တို့ သောက်သုံးနေတဲ့ ကိုကာကိုလာ အချိုရည်ထဲမှာ ကိုကာ ပါဝင်ပါသေးတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရပိတ်ပင်ထားတဲ့Ecgonine ဓာတ်ကို ဖယ်ထုတ်ထားပါတယ်။ ကိုကာအရွက်ကနေ ecgonine ဓာတ်ဖယ်ထုတ်တာကို ၁၉၂၉ ခုနှစ်မှာမှ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကိုကာကိုလာကုမ္ပဏီ အတွက် နယူးဂျာစီပြည်နယ်က Stepan ကုမ္ပဏီဟာ ကိုကာရွက်ကနေ ecgonine ဖယ်ထုတ်ပေးပြီး အမေရိကန်အစိုးရမှ ခွင့်ပြုချက်ပေးထားတဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ Stepan ကနေ ကိုကာကိုလာအတွက် ကိုကာအရွက် အချိန် ၁၇၅၀၀၀ ကီလိုဂရမ် တင်သွင်းခဲ့ပါတယ်။ ဒီပမာဏဟာ ဒေါ်လာသန်း ၂၀၀ တန်ဖိုးရှိတဲ့ ကိုကင်းမှုးယစ်ဆေး ထုတ်လုပ်နိုင်ပါတယ်။ Stepan စက်ရုံထဲကို အလွယ်တကူဝင်ခွင့်မရဘဲ လုံခြုံရေးအစောင့်များ ချထားကြောင်း သိရပါတယ်။

(ဖြည့်စွပ်ချက်)
ကိုကာကိုလာကို စထုတ်တုန်းက အဓိကပါဝင်တဲ့ပစ္စည်း ၂ ခုက ကိုကင်းနဲ့ ကာဖိန်း ဖြစ်ပါတယ်။ ကိုကင်းဆိုတာက ကိုကာအရွက် (Coca leaf) မှ ထုတ်လုပ်တာဖြစ်ပြီး ကာဖိန်းကိုတော့ Kola ခွံမာသီးကနေ ထုတ်ယူတာဖြစ်ပါတယ်။ ဒါကြောင့် Coca-Cola (Kola မှ K အစား C ကိုသုံးခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ကိုကာကိုလာတခွက်ထဲမှာ ကိုကင်း ၉ မီလီဂရမ် ပါဝင်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်ကျမှ ကိုကင်းကို မထည့်တော့ပါဘူး။ ၁၉၀၄ ခုနှစ်ကစပြီး လပ်ဆပ်တဲ့ ကိုကာအရွက်ကို မသုံးတော့ဘဲ ကိုကင်းထုတ်ယူပြီး စွန့်ထားတဲ့ ကိုကာရွက်ကို သုံးခဲ့ပါတယ်။ အဲဒီသုံးပြီးသား ကိုကာရွက်မှာလည်း ကိုကင်းရာခိုင်နှုန်း အနည်းငယ် ပါဝင်ပါသေးတယ်။
ဒါပေမဲ့ ယနေ့အချိန်မှာ ကိုကင်းလုံးဝ မပါဝင်တော့တဲ့ တနည်းအားဖြင့် ecgonine ဓာတ်မပါဝင်တဲ့ ကိုကာရွက်ကို နယူးဂျာစီပြည်နယ်မှာ တည်ရှိတဲ့ Stepan ကုမ္ပဏီ က ထုတ်လုပ်ပေးပါတယ်။ Stepan ကုမ္ပဏီ က ကိုကာရွက်ထဲက ကိုကင်းကိုဖယ်ထုတ်ပြီး မီဆူရီပြည်နယ်မှ Mallinckrodt ကုမ္ပဏီ ကို ပြန်ရောင်းပေးပါတယ်။ Mallinckrodt ကုမ္ပဏီ က ဆေးရုံသုံးအတွက် သန့်စင်တဲ့ကိုကင်း ထုတ်လုပ်တဲ့ တစ်ခုတည်းသော အစိုးရခွင့်ပြုချက်ရ ဆေးဝါးကုမ္ပဏီ ဖြစ်ပါတယ်။ ပုံမှန် classic ကိုကာကိုလာ အချိုရည် ၁၂ အောင်စဘူးထဲမှာ ကာဖိန်း ၃၄ မီလီဂရမ်၊ သကြား ၃၉ ဂရမ် (လက်ဖက်ရည်ဇွန်း ၁၀ ဇွန်းခန့်)၊ ဆိုဒီယမ် ၅၀ မီလီဂရမ် နဲ့ ကယ်လိုရီ ၁၄၀ ပါဝင်ကြောင်း သိရပါတယ်။
မောင်ကံချွန်
ဖေဖေါ်ဝါရီ ၁ ရက်၊ ၂၀၁၃ ခုနှစ်
(မှတ်ချက်။ ။ The Atlantic news, Jan 31, 2013, Why We Took Cocaine Out of Soda နှင့် wikipedia တို့မှ ကိုးကားထားပါသည်။)
Ref:myanmar1

Monday, February 4, 2013

ကျန်းမာရေးအတွက် သိထားသင့်သော အချက် ၂၀

အောက်ပါတို့ကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ သတိမထားမိကြတဲ့ အချက် ၂၀ ပါ။
 
၁။ ဗီတာမင်ဒီကို နေရောင်ခြည် ဗီတာမင်လို့လည်း ခေါ်ကြပါတယ်။ အရေပြားပေါ် နေရေင်ခြည်ကျရောက်တဲ့အခါ ထွက်ရှိလာခြင်းကြောင့်ပါ။ ဗီတာမင်ဒီ လုံလောက်စွာ ရရှိမှ အရိုးကြံ့ခိုင်သန်စွမ်းမှာပါ။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားစနစ်အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေသလို သက်ကြီးရွယ်အိုတွေမှာ ကြွက်သားသန်မာဖို့လည်း ဗီတာမင်ဒီ လိုအပ်ပါတယ်။








၂။ ချောကလက် ကြိုက်သူတွေအတွက် သတင်းကောင်းပါ။ ချောကလက်စစ်ကို စားသုံးလေ့ရှိသူတွေဟာ မစားသူတွေနဲ့ ယှဉ်လိုက်တဲ့အခါ သက်တမ်းတစ်နှစ် ပိုရှည်ကြောင်း ဟားဗက်တက္ကသိုလ်ကနေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိထားသင့်ပါတယ်။ အများကြီးစားရင်လည်း အဝလွန်တတ်လို့ပါ။



 
 
 
 
 
 
၃။ သံဓာတ် ဟာ သွေးအားကောင်းစေနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းရွက် (ဟင်းနုနယ်ရွက်လိုမျိုး) ကို ချက်စားတာဟာ အစိမ်းစားတာထက်စာရင် သံဓာတ်စုပ်ယူနိုင်စွမ်း လေးဆပိုရရှိနိုင်ပါတယ်။









၎။ အိုမီဂါ-၃ ဖက်တီးအက်စစ် ဟာ ဦးနှောက်စွမ်းအား မင့်မားစေနိုင်ပါတယ်။ လေ့လာချက်တွေအရ စိတ်ဓာတ်ကျရောဂါ ခံစားနေရသူတွေမှာ ထိုအက်စစ်ပမာဏ လျော့နည်းနေတတ်ကြောင်း၊ ထိုအက်စစ် ပမာဏ မြင့်အောင် လုပ်ပေးပြီးနောက် စိတ်ကျရောဂါလက္ခဏာတွေသက်သာလာကြောင်း တွေ့ရပါတယ်။
 


 
 
 
၅။ အသက်ရှည်ဖို့ အစားအစာတွေ ထဲမှာ ပန်းဂေါ်ဖီစိမ်း (Brocoli)၊
 ငရုတ်  သီးတောင့်၊ အချဉ်ဓာတ်ပါတဲ့ အသီး၊ ကြက်သွန်ဖြူ၊ ဘလူးဘယ်ရီး၊ ဒိန်ချဉ်၊ ငါးသေတ္တာ၊ အဆီများငါး၊ ပဲပိစပ်၊ အယ်လ်မွန်စေ့၊ ဟင်းနုနယ်၊ အုပ်ဂျုံ(Oat)နဲ့ ခရမ်းချဉ်သီးတွေ ပါရှိပါတယ်။
 
 
၆။ ဆေးလိပ်ဖြတ်ခြင်းကို မြန်မြန်လုပ်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ငါးနှစ်အကြာမှာ ဘယ်ရောဂါနဲ့မဆို သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းထိ လျော့ကျသွားနိုင်ကြောင်း တွေ့ရလို့ပါ။
 
 
 
 



 
၇။ဗီတာမင်စီများများစားပေးပါ။ဗီတာမင်စီက ကိုယ်ခံစွမ်းအားကောင်း စေတဲ့အပြင် သွားနဲ့သွားဖုံးကျန်းမာရေး၊ သံဓာတ်စုပ်ယူရေးတို့အတွက် လည်း အရေးပါတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။


 



 
 
 
 
၈။ ခရမ်းရောင် အသီးအနှံ တွေဖြစ်တဲ့ ခရမ်းသီး၊ ဆီးသီး၊ စပျစ်သီးတို့မှာပါတဲ့ ရောင်ခြယ်ဓာတ်တွေဟာ အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
 
 
 
 
၉။ အိုမီဂါ ၃ အဆီဓာတ် တွေဟာ ဦးနှောက်ကျန်းမာရေး စွမ်းအား၊ မျက်စိကျန်းမာရေး၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေသလို အရေပြားကိုလည်း နူးညံ့ ချောမွေ့စေနိုင်ပါတယ်။ အဓိက ရရှိတဲ့ နေရာကတော့ ငါးကြီးဆီမှ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဓာတ်ကို အစားအစာတွေကနေ အလုံအလောက် မရရှိနိုင်တာကြောင့် ဆေးဝါးအဖြစ် မှီဝဲပေးဖို့ လိုပါတယ်။ ငါးကြီးဆီ တစ်နေ့ကို နှစ်လုံးလောက် သောက်ပေးသင့်ပါတယ်။
 


 
 
 
 
၁၀။ အရေပြားအလေးချိန် ဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းရှိပါတယ်။
၁၁။ ကြိုးခုန်ခြင်းက ခြေထောက်နဲ့ ပခုံးကို ကြံ့ခိုင်သန်မာစေနိုင်သလို နာရီဝက်အတွင်း ကယ်လိုရီ ၁၄၆၃ ကီလိုဂျူး (KJ) ကျစေနိုင်ပါတယ်။
 
 
 
 
 
 
၁၂။အိမ်မွေးတိရစ္ဆာန်တွေကကျန်းမာရေးကိုအထောက်အပံ့ပေးနိုင်ပါ တယ်။ အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေဟာ တော်ရုံတန်ရုံ နေမကောင်း ဖြစ်ခဲသလို နေမကောင်းဖြစ်ပါကလည်း ပိုပြီးမြန်မြန်ပြန်ကောင်းတတ် ပါတယ်။
၁၃။ နှလုံးရောဂါဟာ အမျိုးသမီးတွေမှာ မီးယပ် သွေးဆုံးပြီးနောက် ဖြစ်နိုင်ခြေများစွာ တိုးလာတတ်ပါတယ်။ ဒါကြောင့် မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေအနေနဲ့နှလုံးကျန်းမာရေးကိုအထူးဂရုစိုက်ပေးသင့်ပါ တယ်။
 
 
 
 
 
၁၄။ အိပ်ရေးဝဝအိပ်ခြင်း က နာကျင်မှုတွေကို ပိုခံနိုင်ရည်ရှိကြောင်း တွေ့ရပါတယ်။ အိပ်စက်ခြင်းက နာကျင်မှုကို ဟန့်တားပေးတဲ့ အင်ဒိုဖင်း (Endorphin) ဟော်မုန်းတွေကို လွှင့်ထုတ်ပေးခြင်းကြောင့်ပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ခြောက်နာရီမှ ရှစ်နာရီကြာ အိပ်ချိန်ရှိအောင် ဂရု စိုက်ပေးပါ။
 
 
 
၁၅။ လက်တိုဖာရင် (Lactoferrin) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်တွေ့ရတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ခုခံအားဆဲလ်တွေကနေ ရောဂါပိုးတိုက်ဖျက်ရာမှာ ကူညီဖို့ လွှင့်ထုတ်ပေးပါတယ်။ Lactoferrin ပါတဲ့ အားဆေးတွေကို ခုခံအားဆဲလ်လုပ်ငန်းဆောင်တာကောင်းစေဖို့ သောက်ပေးနိုင်ပါတယ်။
၁၆။ အိုင်အိုဒင်းဓာတ် ဟာ လူတိုင်းအတွက် အရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့စို့ကလေးတွေနဲ့ ကလေးငယ်တွေမှာ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးတိုးတက်ဖို့ အိုင်အိုဒင်းဓာတ် အရေးကြီးပါတယ်။ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားတွေကတော့ ပင်လယ်စာ၊ ငါး၊ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥတို့ပဲ ဖြစ်ပါတယ်။




 

၁၇။ ခရမ်းချဉ်သီး မှာ ဗီတာမင်စီများစွာ ပါဝင်ခြင်းကြောင့် အသားအရေကို လှပစေနိုင်သလို ခုခံအားလည်းကောင်းစေနိုင်ပါတယ်။
 





 
၁၈။ ဗီတာမင်မျိုးစုံပါရှိတဲ့ အားဆေး ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဂျင်းဆင်းပါရှိတဲ့ အားဆေးကို ပိုအစွမ်းထက်ပါတယ်။
 





 
 
 
၁၉။ ယောကဂကျင့်စဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက ခန္ဓာကိုယ်အတွင်း အားကောင်းစေဖို့၊ ကျန်းမာကြံ့ခိုင်စေဖို့၊ အသက်ရှည်စေဖို့အတွက် ကျင့်ကြံခဲ့ကြပါတယ်။
 
၂၀။ ဘယ်ရီသီးတွေဟာ ကျန်းမာရေးကို ကောင်းစေပါတယ်။ Raspberry သီးဖျော်ရည်ဟာ အစာအိမ်ရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကို သတ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ထိုဖျော်ရည်တွေကို စူပါမားကက်တွေမှာ ရှာတွေ့နိုင်ပါတယ်။
Ref: Good Health

အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ

by FNG on January 31, 2013   
မိုးအေး
အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့မရ ထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့ ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။
အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ ပူးပေါင်းဖို့လိုတဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေဟာ အသွင်ကူးပြောင်းရေးအကြိုကာလ စပြီဆိုတာနဲ့ အာဏာရှိသူကိုရော၊ အာဏာရှိမယ်လို့ ယူဆရသူတွေကိုရော၊ တချိန်ချိန်မှာ အာဏာရှိလာနိုင်ချေရှိတဲ့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ပါ ပူးပေါင်းဖို့ လိုလာပါတယ်။ အာဏာရှိသူတွေနဲ့ မဟာမိတ်လုပ်ရတာက ခရိုနီအစဉ်အလာမို့ ပြသနာမရှိပေမဲ့ အာဏာမရှိသူ တနည်းအားဖြင့် အတိုက်အခံတွေနဲ့ မဟာမိတ်လုပ်ရချိန်မှာတော့ ခရိုနီရဲ့ မူလအဓိပါယ်သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။
တချို့ကတော့လဲ ခရိုနီရဲ့ မူလပထမ အဓိပ္ပါယ်ဟာ မိတ်ကောင်းဆွေကောင်း၊ ငယ်ပေါင်းရင်းချာ ဆိုတဲ့ အဓိပ္ပါယ်ရှိတာမို့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ မိတ်ဆွေဖြစ်ရေးကို ခရိုနီတွေအနေနဲ့ မဖြစ်မနေ လုပ်လာရတယ်လို့ ယူဆပါတယ်။ အတိုက်အခံဘ၀ကတဲက မိတ်ဆွေဖွဲ့ထားမှ အာဏာရလာချိန်မှာ ငယ်ပေါင်းရင်းချာ ဆက်ဆံရေးမျိုး ရနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ အတိုက်အခံနဲ့ မဟာမိတ်လုပ်လာတာဟာ ခရိုနီဂုဏ်ပုဒ် ပျက်စီးစေဖို့ မဟုတ်ပဲ ခရိုနီရဲ့  အသွင်ကူးပြောင်းရေးအကြိုကာလ ရင်းနှီးမြုပ်နှံမူတခုသာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
 

ခရိုနီနဲ့ အာဏာသံသရာ

အသွင်ကူးပြောင်းရေးရဲ့ တချိန်ချိန်မှာ အတိုက်အခံတွေလဲ အာဏာရလာနိုင်တယ် ဆိုတာကို ခရိုနီတွေက သဘောပေါက်ပါတယ်။ အာဏာရလာတဲ့ အတိုက်အခံနဲ့ ပေါင်းရသလို အတိုက်အခံပြန်ဖြစ်သွားတဲ့ အာဏာမဲ့တွေနဲ့လဲ ပေါင်းပါတယ်။ အာဏာရှိသူရော အာဏာပြန်ရလာမဲ့ အတိုက်အခံတွေကိုရော မိတ်ဆွေကောင်းတွေလုပ် ပေါင်းသင်းရင်းပဲ ခရိုနီဂုဏ်ကို ဆက်လက်ထိမ်း သိမ်းသွားဖို့ ကျိုးစားကြလေ့ရှိပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာကတော့ ခရိုနီတိုင်း ခရိုနီဘ၀နဲ့ပဲ တသက်လုံး ရပ်တည်သွားကြသလားဆိုတဲ့ မေးခွန်းပါ။
တချို့ခရိုနီလုပ်ငန်းရှင်တွေကတော့ ခရိုနီဂုဏ်ပုဒ်ကို လုံးဝဖျက်ဆီးလိုက်ပြီး အတိုက်အခံတွေနဲ့ပဲ တသက်လုံး ပေါင်းသွားတာတွေလဲ ရှိတတ်ပါတယ်။ ခရိုနီလုပ်ငန်းရှင်အဖြစ်ကနေ အသွင်ကူးပြောင်းရေး လူချမ်းသာဘ၀ကို ပြောင်းလဲရပ်တည်ပါတယ်။ အာဏာရှိသူနဲ့ ခပ်ကင်းကင်းနေပြီး အတိုက် အခံမှန်သမျှကို ကူညီပံ့ပိုးပါတယ်။ ခေတ်ပျက်စဉ်က ချမ်းသာကြွယ်ဝလာမှုတွေကို အသွင်ကူးပြောင်းရေးကာလ လိုအပ်ချက်တွေအတွက် ပြန်လည်ပေးဆပ်ဖို့ ကျိုးစားပါတယ်။ အသွင်ကူးပြောင်းရေး လူချမ်းသာတွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ရုရှားက ခေတ်ပျက်သူဌေး မီခိုလ်း (မီခေးလ်) ခိုဒေါ်-ကောဗ့်စကီး ဖြစ်ပါတယ်။

ခိုဒေါ်ကောဗ့်စကီး ဘယ်သူလဲ

ခိုဒေါ်ကောဗ့်စကီးဟာ ၁၉၆၃ ခုနှစ်မှာ မော်စကိုမြို့တော်မှာ မွေးဖွါးကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူက ဂျူး-လူမျိုး အင်ဂျီနီယာတဦးဖြစ်ပြီး ခိုဒေါ်ကော့ဗ်စကီးကိုယ်တိုင်လဲ ဓါတုအင်ဂျီနီယာဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ တက္က သိုလ်ကျောင်းသားဘ၀မှာပဲ ကွန်မြူနစ်ပါတီရဲ့ လူငယ်ခေါင်းဆောင် ဖြစ်လာပါတယ်။ ၁၉၈၆ ခုနှစ် ဓါတုအင်ဂျီနီယာနဲ့ ဘွဲ့ရပြီးချိန်မှာ အဲဒီအချိန်က သမ္မတ ဂေါ်ဘာချော့ရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သဘောကျပြီး စီးပွါးရေးနယ်ထဲကို ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အကူအညီနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံဖို့ နိုင်ငံတော်ချေးငွေ အမြောက်အများ ရခဲ့သူပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်မှာ ခိုဒေါ်ကော့ဗ်စကီးဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်တဦး ဖြစ်နေပါပြီ။ ရုရှားနိုင်ငံရဲ့  ပထမဆုံး ပုဂ္ဂလိကဘဏ် ထူထောင်ခွင့်ရခဲ့သလို မီလျှံနာသူဌေးတယောက် ဖြစ်လာပါတယ်။

၁၉၉၂-ခုနှစ်မှာ သမ္မတယဲ့လ်ဆင်က ခိုဒေါ်ကော့ဗ်စကီးကို စွမ်းအင်နဲ့ လောင်စာဆီဆိုင်ရာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုကော်မတီရဲ့ ဥက္ကဌတာဝန် ပေးအပ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတယဲ့လ်ဆင်အစိုးရ ခွင့်ပြုချက်နဲ့ ခိုဒေါ် ကော့ဗ်စကီးဟာ Yukos-ယူကိုစ့်ဆိုတဲ့ ရေနံကုမ္ပဏီ ထူထောင်ခွင့်ရခဲ့ပါတယ်။ ခိုဒေါ်ကော့ဗ်စကီးရဲ့ စီမံခန့်ခွဲမူနဲ့ ယူကိုစ့်ကုမ္ပဏီဟာ နိုင်ငံတကာ မှာ နာမည်ရလာပါတယ်။ ၂၀၀၀ ခုနှစ်မှာ ရုရှားရေနံထုတ်လုပ်မူရဲ့  ၂၀ ရာခိုင်နှုန်းကို ယူကိုစ့်-ကုမ္ပဏီကပဲ တာဝန်ယူရတဲ့အဆင့်ထိ အောင်မြင်မူရရှိလာပါတယ်။ ကမ္ဘာ့ပုဂ္ဂလိကပိုင် ရေနံကုမဏီတွေရဲ့ ထိပ်ဆုံးစရင်းမှာ ပါဝင်လာပါတယ်။ အဲဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးကို နိုင်ငံတကာစီးပွါးရေး အသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာရသလို ရုရှားရဲ့  အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

ခေတ်ပျက်သူဌေးရဲ့ ဒီမိုကရေစီအိပ်မက်

ခိုဒေါ်ကောဗ့်စကီးနဲ့ တခြားရုရှားခေတ်ပျက်သူဌေးတွေ မတူတာတခုကတော့ လူငယ်တွေအပေါ် ထားရှိတဲ့ အနာဂတ်ရည်မှန်းချက် ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမူတွေကို ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် တစုံတရာ ဖန်တီးပေးခဲ့ရမယ်၊ ရင်းနှီးမြုပ်နှံပေးခဲ့ရမယ်လို့ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ရုရှားလူငယ်တို်င်းဟာ သူ့လိုမျိုး အခွင့်အရေးရခဲ့မယ်ဆိုရင် သူ့လိုပဲ ချမ်းသာ ကြွယ်ဝလာသူတွေ ဖြစ်လာမယ်လို့လဲ ယူဆသူပါ။ နိုင်ငံရေးအယူအဆနဲ့ ပတ်သက်ရင်လဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ လမ်းညွန်ဒီမိုကရေစီ ဆိုတဲ့ အယူအဆတွေကို ခိုဒေါ်ကော့ဗ်စကီးက ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲဖြစ်တယ်လို့ ယုံကြည်သူပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေလဲ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံရေးစင်မြင့်ထက်မှာ ပါဝင်ခွင့် ရှိသင့်တယ်လို့ သူက ယူဆပါတယ်။ ရှုရှားရဲ့  အနာဂတ်နိုင်ငံရေးဟာ မျိုးဆက်သစ်တွေရဲ့ ပညာရေးအပေါ် လုံးဝမှီတည်နေတယ်လို့လဲ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်သူပါ။ သူ ယုံကြည်တဲ့အတိုင်းပဲ ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် ဒီမိုကရေစီ မျိုးစေ့ချနိုင်ဖို့ဆိုပြီး the-Open-Russian-Foundation ဆိုတဲ့ ဖေါင်ဒေးရှင်း ထူထောင်ပြီး နိုင်ငံရေး-လူမူရေး-လူ့အခွင့်အရေးနဲ့-နည်းပညာသင်တန်းတွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးပါတယ်။ သူ့သားကြီးဖြစ်တဲ့ ပါဗယ်-ခိုဒေါ် ကော့ဗ်စကီးကို အမေရိကန်နိုင်ငံကို သွားရောက်ပညာသင်စေခဲ့သလို တခြားအရည်အချင်းရှိတဲ့ လူငယ်တွေကိုလဲ နိုင်ငံရပ်ခြားမှာ သွားရောက်သင်ယူနိုင်ဖို့ ပညာသင်စားရိတ် ထောက်ပံ့ပေးတာတွေ လုပ်ပါတယ်။
ငွေကြေးမတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေကို ခိုဒေါ်ကော့ဗ်စကီးက နှောင်ကြိုးမဲ့ အကူအညီတွေ ပေးပါတယ်။ နိုင်ငံရေးပါတီတခုထဲကို ကူညီပေးတာမျိုးကိုတော့ သူက လုံးဝဆန့်ကျင်ပါတယ်။ နိုင်ငံရေးပါတီတွေ များများရှိလေ ရုရှားလူငယ်တွေကြားမှာ နိုင်ငံရေးအမြင် ပိုနိုးကြားလာလိမ့်မယ်လို့ ခိုဒေါ် ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရအစိုးရကို စောင့်ကြည့်ဖိအားပေးရမဲ့ အတိုက်အခံတွေ၊ အစိုးရမဟုတ်တဲ့ လူမူအခြေပြုအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့လဲ သူက ယူဆပါတယ်။ ယူဆတဲ့အတိုင်းလဲ လိုအပ်တဲ့ အကူအညီမှန်သမျှကို ခိုဒေါ်ကော့ဗ်စကီးက ထောက်ပံ့ပေးပါတယ်။ သူနဲ့ခေတ်ပြိုင် ခေတ်ပျက်သူဌေးတွေကိုလဲ လူ့အခွင့်အရေးဖေါင်ဒေးရှင်းတွေ လူသားချင်စာနာကူညီရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရုရှားလူ့အဖွဲ့အစည်းကို တုန့်ပြန်ကျေးဇူးဆပ်ကြဖို့ စည်းရုံးခဲ့သူလဲဖြစ်ပါတယ်။
ခောတ်ပျက်သူဌေးတွေပဲ ကောင်းစားနေတယ်ဆိုပြီး အသွင်ကူးပြောင်း ရေးကာလကို စိတ်ပျက်နေတဲ့ ရုရှားလူထုဟာ ခိုဒေါ်ကော့ဗ်စကီး ရပ်တည်ချက်ကို အသိအမှတ်ပြု လေးစားခဲ့ကြပါတယ်။ သမ္မတယဲ့လ်ဆင်လက်ထက်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့  စီမန်ကိန်းတွေ၊ ရည်ရွယ်ချက်တွေဟာ တစုံတရာ အနှောက်အယှက် မရှိခဲ့ပေမဲ့ သမ္မတ ဗလာဒီမာပူတင်လက်ထက်မှာတော့ ပြသနာပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ခရိုနီလဲ ပါဝင်ခွင့်ရှိတယ်

၂၀၀၃-ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ ပူတင်ဟာ ခေတ်ပျက်သူဌေးတွေကို သမ္မတနန်းတော်ကို ခေါ်ယူပါတယ်။ ခရိုနီတွေဟာ ခရိုနီလိုပဲ ရပ်တည်ဖို့နဲ့ အတိုက်အခံတွေနဲ့ ကင်းကင်းနေဖို့၊ နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့ ပူတင်က သတိပေးပါတယ်။ ဒီဆွေးနွေးပွဲကို ရုရှားရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွင့်ပြသဖို့ ပူတင်က စီစဉ်ခဲ့တာပါ။ ပူတင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့ ခေတ်ပျက်သူဌေးတွေကို သူဘယ်လို အမိန့်ပေးညွန်ကြားတယ်၊ သြဇာဘယ်လိုညောင်းတယ် ဆိုတာကို ရုရှားပြည်သူတွေကို ပြသချင်တဲ့အတွက်ပါ။ အစည်းအဝေးတက်လာတဲ့ ခေတ်ပျက်သူဌေးအားလုံးက ပူတင် ပြောသမျှကို တစုံတရာ ပြန်မပြောရဲခဲ့ကြပါဘူး။ ဒါပေမဲ့ ခိုဒေါ်ကော့ဗ်စကီးကတော့ ခရိုနီဟာ ခရိုနီပဲ ဖြစ်ရမယ်ဆိုတဲ့ ပူတင်ရဲ့ အယူအဆကို လက်မခံပါဘူး။ ခရိုနီပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ရုရှားနိုင်ငံရဲ့  ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသားတိုင်း ပါဝင်ခွင့်ရှိသင့်တယ်လို့ ပူတင်ကို တုန့်ပြန်ပါတယ်။ ရုရှားရဲ့ အဓိကပြသနာဟာ ခရိုနီတွေဆိုတာထက် အစိုးရ၀န်ကြီးဌာနတွေရဲ့  အကျင့်ပျက်ခြားမူတွေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ် သမ္မတ ပူတင်အနေနဲ့ အကျင့်ပျက်ခြစားမူတွေကို ဘက်မလိုက်ပဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုတယ်လို့လဲ ခိုဒေါ် ကော့ဗ်စကီးက ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရူနေရတဲ့ ရုရှားပြည်သူတွေဟာ ပူတင်ကို အချက်အလက်အတိအကျနဲ့ ပြန်ပြောရဲတဲ့ ခိုဒေါ်ကော့ဗ်စကီးကို သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ကို တုန့်ပြန်ပြောဆိုခဲ့မူဟာ ခိုဒေါ်ကော့ဗ်စကီးအတွက်တော့ ကံကြမ္မာအလှဲ့အပြောင်းတခု ဖြစ်လာစေပါတယ်။

နိုင်ငံခြားမသွားဘဲ ထောင်ထဲသွားဖို့ ရွေးချယ်ခဲ့သူ

ပူတင်နဲ့ အစည်းအဝေးပြီးချိန်ကစလို့ ရုရှားထောက်လှမ်းရေးတွေဟာ ခိုဒေါ်ကော့ဗ်စကီးနဲ့ ရင်းနှီးသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီး ဖေါင်ဒေးရှင်းအကူအညီနဲ့ ပညာသင်နေတဲ့ ခလေးမိဘတွေကို အကျပ်ကိုင်ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ တခြားခေတ်ပျက်သူဌေးတွေလို ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံကနေ ထွက်ပြေးသွားဖို့ နည်းမျိုးစုံနဲ့ ခိုဒေါ် ကော့ဗ်စကီးကို ဖိအားပေးပါတယ်။ ဒါပေမဲ့ ခိုဒေါ် ကောဗ့်စကီးဟာ တခြားလူတွေလို တိုင်းပြည်က ထွက်မသွားတဲ့အပြင် လူငယ်တွေ ပညာရေးအတွက် နောက်ထပ် ဖေါင်ဒေးရှင်းအသစ်တွေ ထူထောင်ပါတယ်။ အတိုက်အခံပါတီတွေကိုလဲ အရင်အတိုင်း အကူအညီပေးပါတယ်။
၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပူတင်ရဲ့  ထောက်လှမ်းရေးအဖွဲ့က ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးပါတယ်။ အခွန်တိမ်းရှောင်မှု၊ အကျင့်ပျက်ခြစားမှု စတာတွေနဲ့ စွဲချက်တင်ပြီး ထောင် ၈ နှစ် ချမှတ်ခဲ့ပါတယ်။ သူ့ ဖက်က လိုက်ပါပေးတဲ့ ရှေ့နေတွေ ထောက်ခံသူတွေ အားလုံးကိုပါ ပူတင် ထောက်လှမ်းရေးက နည်းမျိုးစုံနဲ့ စွဲချက်တင် ဖမ်းဆီးတာ ရှေ့နေလိုင်စင်ပိတ်တာတွေ လုပ်ခဲ့တာပါ။ ထောင်မချခင်မှာ ပူတင်ဟာ ခိုဒေါ်ကော့ဗ်စကီးကို အပြစ်ရှိကြောင်း ၀န်ခံပြောမယ်ဆိုရင် ပြန်လွတ်ပေးမယ်၊ ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံခြားကို ထွက်ခွါနေထိုင်ခွင့် ပေးမယ်ဆိုပြီး နည်းမျိုးစုံနဲ့ စည်းရုံနားချဖို့ ကျိုးစားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ လူချမ်းသာတဦးလိုနေရမဲ့ ဘ၀ထက် ရုရှားမှာပဲ အကျဉ်းသားဘ၀နဲ့ နေရတာက အနာဂါတ် ရုရှားမျိုးဆက်သစ်တွေအတွက် စံနမူနာကောင်းဖြစ်တယ်ဆိုပြီး ခိုဒေါ်ကော့ဗ်စကီးဟာ အပြစ်ရှိကြောင်း ၀န်ခံဖို့ ငြင်းဆိုပြီး အကျဉ်းသားဘ၀ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ခိုဒေါ်ကော့ဗ်စကီး

ခိုဒေါ်ကော့ဗ်စကီးဟာ အကျဉ်း ထောင်ထဲကနေ ရုရှားနိုင်ငံတော် အနာဂါတ်နဲ့ပတ်သက်လို့ သူ့အယူ အဆအတွေးအခေါ်တွေကို ဆောင်း ပါးပုံစံရေးပြီး ထောင်ပြင်ကိုခိုး ထုတ်ပါ တယ်။ထောင်ထဲကနေဆောင်းပါး တွေ ရေးနေတဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အမိန့်နဲ့ အလုပ်ကြမ်းရဲဘက် စခန်းကို ပို့ပါ တယ်။ ရဲဘက်စခန်းမှာပဲ ရုရှားရေနံထုတ်လုပ်မူနဲ့ပတ်သက်လို့ သူ့သဘောထားအမြင် စီးပွါးရေးစာတမ်းတစောင် ရေးသားပြုစုခဲ့သူပါ။ လွတ်လပ်ခြင်းအရသာနဲ့ ပတ်သက်လို့ ထောင်ထဲက ရေးပို့တာတွေကို ခိုဒေါ်ကော့ဗ်စကီး ထောက်ခံသူတွေက စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်လာချိန်မှာတော့ တခန်းထဲအတူနေ ရာဇ၀တ်အကျဉ်းသားတဦးက ခိုဒေါ်ကောဗ့်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကျိုးစားပါတယ်။ ဒီလုပ်ကြံမူဟာ ပူတင်အစိုးရရဲ့ လက်ချက်လို့ အများက ယူဆပါတယ်။ မတရားဖမ်းဆီး ထောင်ချထားတဲ့အပြင် ထောင်ထဲမှာပါ လုပ်ကြံသတ်ဖြတ်ဖို့ ကျိုးစားလာချိန်မှာတော့ နိုင်ငံတကာသတင်းမီဒီယာတွေက ပူတင်ကို ဝေဖန်ရေးသားလာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးထားတာဟာ ပူတင်ရဲ့နိုင်ငံရေးလုပ်ကြံမူတခု ဖြစ်တယ်လို့ ထောက်ပြလာပါတယ်။ အမေရိကန်မှာ ပညာသင်နေတဲ့သားဖြစ်သူ ပါဗယ်ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အစိုးရက ပြည်တော်ပြန်ဝင်ခွင့်ပေးဖို့ ငြင်းဆိုပါတယ်။ အဖေကိုလဲဖမ်း သားကိုလဲ ပြန်လာခွင့်မပေးချိန်မှာတော့ ရုရှားမှာရော နိုင်ငံတကာမှာပါ ခိုဒေါ်ကော့ဗ်စကီး ပြန်လွတ်ပေးရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာပါတယ်။ တချိန်က ခေတ်ပျက်သူဌေးလို့ လူသိများခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးဟာ ရုရှားနိုင်ငံရဲ့  အထင်ရှားဆုံး အကျဉ်းသားတယောက် ဖြစ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ အကျင့်ပျက်ခြစားမူနဲ့ ဖမ်းဆီးထောင် ချခံရတာမဟုတ်ပဲ သူ့ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံနေရတာလို့ နိုင်ငံတကာကပါ အသိအမှတ်ပြုလာပါတယ်။ ခောတ်ပျက်သူဌေးကနေ ယုံကြည်ချက်ကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာပါတယ်။
ပူတင် အကြောက်ရဆုံး လူသား
ခိုဒေါ်ကော့ဗ်စကီးကို ချမှတ်ထားတဲ့ ပြစ်ဒဏ်အရ ၂၀၁၁ ခုနှစ်ထဲမှာ ပြန်လွတ်ပေးရမှာပါ။ ဒါပေမဲ့ ပြန်လွတ်ပေးရမဲ့ရက် မတိုင်ခင်လေးမှာပဲ နောက်ထပ် စွဲချက်အသစ်တွေနဲ့ ထောင် ၅ နှစ် ထပ်ချပါတယ်။ ပြန်လွတ်မပေးပဲ နောက်အမှုတပ် ထောင်ချတဲ့အပေါ် နိုင်ငံတကာအစိုးရတွေကရော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေကပါ ပူတင်ကို ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံတကာဖိအားတွေ များလာသလို ခိုဒေါ်ကော့ဗ်စကီးကို ပြန်လွတ်ပေးရေး တောင်းဆိုပွဲတွေ အရှိန်မြင့်လာချိန်မှာ ထောင်ဒဏ် ၂ နှစ် လျော့ပေါ့ပေးပါတယ်။ ဆိုလိုတာကတော့ နောက်အမှု မတပ်ဘူးဆိုရင် သူဟာ ၂၀၁၄ ခုနှစ်ထဲမှာ ထောင်က ပြန်လွတ်လာတော့မှာပါ။ ခိုဒေါ်ကော့ဗ်စကီး ထောက်ခံသူတွေကတော့ ပူတင်ကို အယုံအကြည် မရှိကြပါဘူး။ လွတ်ရက်စေ့ခါနီးမှာ နောက်ထပ်အမူတွေနဲ့ ထောင်ထပ်ချနိုင်တယ်လို့ ယူဆနေပါတယ်။ ပူတင်အနေနဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပြန်လွတ်ပေးရတဲ့ သတ္တိမရှိဘူးလို့လဲ သုံးသပ်ပါတယ်။ ခိုဒေါ်ကော့ဗ်စကီးရဲ့ ပုံရိပ်နဲ့အတွေးအခေါ်တွေ ရုရှားလူငယ်ကြားမှာ ရေပန်းစားလာမူဟာ ပူတင်ကို အကြောက်တရားတွေ ပိုဖိစီးလာတဲ့ အခြေအနေလို့လဲ တချို့က ယူဆပါတယ်။ အဲဒီလိုအခြေအနေမှာပဲ ထောင်ထဲကနေ ခိုဒေါ်ကော့ဗ်စကီ ရေးသားပေးပို့တဲ့ ဆောင်းပါးတွေ စုစည်းပြီး ပူတင်ရဲ့ အကျဉ်းသားဆိုတဲ့ စာအုပ်တအုပ် ထွက်ရှိလာပါတယ်။ လောလောဆယ် ရုရှားဘာသာနဲ့ ထုတ်ဝေထားပြီး ဘာသာစကား တော်တော်များများနဲ့ နိုင်ငံတကာကို ဖြန့်ချီဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ရုရှားမှာ ပူတင်ရဲ့ အကျဉ်းသားစာအုပ်ဟာ အရောင်းရအကောင်းဆုံး စာရင်းဝင်ခဲ့သလို စာအုပ်မိတ်ဆက်ပွဲကို ရုရှား စာပေလောကက အထင်ကရ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာပါ။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒေါ်စုနဲ့ ပါဗယ်တို့ တွေ့ဆုံခဲ့တဲ့သတင်းဟာ ဥရောပသတင်းမီဒီယာတွေမှာ အထူးရေပန်းစားခဲ့တဲ့ သတင်းတပုဒ်လဲဖြစ်ပါတယ်)။
ဆက်တိုက်ဆိုသလိုပဲ ခိုဒေါ်ကော့ဗ်စကီးဘ၀ကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လဲ ထွက်ပေါ်လာပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို ရုရှားမှာ ရုံတင်မပြဖို့ ပူတင်အစိုးရက ညွန်ကြားထားပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ နိုင်ငံတော်ပိုင်တွေကို ခိုးယူထားတဲ့ ခေတ်ပျက်သူဌေး သူခိုးတယောက်အနေနဲ့ပဲ ပူတင်အစိုးရက ၀ါဒဖြန့်ချီနေဆဲပါ။
ခိုဒေါ်ကော့ဗ်စကီးတွေ များများလိုသလား
ခောတ်ပျက်သူဌေး ခရိုနီစီးပွါးရေးလုပ်ငန်းရှင်ဆိုတဲ့ ဘ၀ကနေ ရုရှားနိုင်ငံရဲ့ နာမည်အကြီးဆုံး နိုင်ငံရေး အကျဉ်းသားတဦး ဖြစ်လာတဲ့ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်ကို သုံးသပ်ကြည့်ရမယ်ဆိုရင်…အာဏာရှိသူနဲ့ လုံးဝမပေါင်းပဲ အတိုက်အခံတွေကိုပဲကူညီအားပေးသူတဦး။  ခေတ်ပျက် သူဌေးဘ၀က ချမ်းသာကြွယ်ဝလာမှုတွေကို မျိုးဆက် သစ်ခလေးလူငယ်တွေရဲ့ ပညာရေးအကူအညီတွေမှာ ပုံအောသုံးစွဲခဲ့သူ။ ရုရှားရဲ့ကြောက်စရာအကောင်းဆုံး လူလို့ တင်စားတဲ့ ဗလာဒီမာပူတင်ကို ရဲရဲဝန့်ဝန့် ရင်ဆိုင်ခဲ့သူ။ နိုင်ငံရပ်ခြားကို ထွက်ပြီး စည်းဇိမ်ခံနေနိုင်တဲ့ဘ၀ကို စွန့်ပြီး ပူတင်ရဲ့ အကျဉ်းသားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့သူဆိုတာ တွေ့ရမှာပါ။ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်နဲ့ပဲ ရုရှားရဲ့  တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီးနေတာ၊ ဒီမိုကရေစီတန်ဖိုး ကင်းမဲ့နေတာကို နိုင်ငံတကာကရော ရုရှားလူထုကပါ သဘောပေါက်လာတာပါ။
အသွင်ကူးပြောင်းရေးအကြိုကာလမှာ ရုရှားလူထုက ခေတ်ပျက်သူဌေးတွေကို စက်ဆုပ်ရွံ့ရှာစရာ အကောင်းဆုံးလူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ သူတို့ လေးစားအားကျလာသူကတော့ တချိန်က ရွံရှာမုန်းတီးခဲ့သူတွေထဲမှာပါခဲ့တဲ့ ခေတ်ပျက်သူဌေးဟောင်း ခိုဒေါ်ကောဗ့်စကီး ဖြစ်လာပါတယ်။
ခိုဒေါ်ကော့ဗ်စကီးအနေနဲ့ ဖေါင်ဒေးရှင်းထောင်ပေးရုံ၊ ပညာတော်သင်ကြေးထောက်ပံ့ပေးရုံ၊ အတိုက်အခံတွေကို ကူညီပေးရုံသက်သက်နဲ့ အများရဲ့  ယုံကြည်လေးစားမူကို ရခဲ့တာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပူတင်ရဲ့အကျဉ်းသားဘ၀နဲ့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ခဲ့လို့ အများက လေးစားလာတာပါ။
ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအကြိုကာလမှာလဲ ခရိုနီပဲ ခေါ်ခေါ် ခေတ်ပျက်သူဌေးလို့ပဲ သုံးသုံး အသွင်ကူးပြောင်းရေး လူချမ်းသာလို့ပဲ အမည်တပ်တပ် ခိုဒေါ်ကော့ဗ်စကီးလို ပုဂ္ဂိုလ်မျိုးတွေ ပေါ်မလာနိုင်ဘူးလို့ တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ထိတော့ မတွေ့ရသေးဘူးလို့ပဲ ပြောရမှာပါ။
မိုးအေး
မှီငြမ်း
- Russia´s crony capitalism- the swing of the pendulum by Vladimir Gelman, 14 November 2011
- http://www.khodorkovsky.com
- http://www.kinolorber.com/khodorkovsky
- Khodorkovsky to be freed in 2014 after sentence cut (BBC- 20 December 2012)
- The Top of the World, Then Prison in Siberia by Stephen Holden , 29 November, 2011, The New York Times)
- Khodorkovsky, Seven magazine review by Jenny McCartney 06 March, 2012, the telegraph)
- Khodorkovsky Documentary (Filmed, directed and produced by Cyril Tuschi)
- The Oligarchs by David E. Hoffman
- http://www.khodorkovsky-movie.com
 
Ref:FGN

နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

၂၀ရာစုနှစ် ဒုတိယပိုင်းတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၌ အစိုးရများ၏ စီးပွားရေးကဏ္ဍ သိသိသာသာ ကြီးမားလာခဲ့ပါသည်။ အလားတူပင် ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း ကိုလိုနီဘ၀မှ လွတ်မြောက်လာခြင်း၊ နိုင်ငံအတွက် စက်မှု လက်မှု တည်ထောင်ရန် လိုအပ်လာခြင်းတို့ကြောင့် အစိုးရ၏ အခန်းကဏ္ဍ ကြီးမားလာခဲ့ပါသည်။ အစိုးရက စွမ်းအားစုများကို စုစည်းကာ စီးပွားရေး တိုးတက်မှု ရရှိအောင် ကြိုးစားအားထုတ်လာခဲ့ကြပါသည်။ သို့သော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အစိုးရ၏ အသုံးစရိတ်မှာ နည်းပါးနေဆဲ ဖြစ်ပါသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အစိုးရ အသုံးစရိတ် အများစုကို ပင်စင်၊ လူမှုဖူလုံရေး၊ အလုပ်လက်မဲ့ ခံစားခွင့် အစရှိသည်တို့အတွက် အသုံးပြုမှု များပြားပါသည်။ သို့သော် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပညာရေး၊ ကျန်းမာရေး စသည်တို့အတွက် အသုံးပြုမှု နည်းပါးပြီး နိုင်ငံပိုင် လုပ်ငန်းများကို အထောက်အပံ့ ပေး၇န်အတွက် အများဆုံး အသုံးပြုကြရသည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အရ စီးပွားရေး လုပ်ငန်းများကို အစိုးရက ၀င်ရောက် ဆောင်ရွက်နေရသည်။ စင်စစ် အချို့နိုင်ငံပိုင် လုပ်ငန်းများသည် ပုဂ္ဂလိက လုပ်ငန်းများက ဆောင်ရွက်သင့်ပြီး ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ် ရရှိနိုင်ပါသည်။ သို့သော် အချို့ လုပ်ငန်းများကို အစိုးရက မိမိတို့ ထိန်းချုပ်မှုအောက်တွင် ထားရှိလိုကြသည်။ ဆင်းရဲသော နိုင်ငံများ၌ တိုင်းပြည်ဝင်ငွေ (ဂျီဒီပီ)တွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ အချိုးအစား ကြီးမားကြောင်း တွေ့ရသည်။

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများသည် စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြု၊ မပြု ဆိုသည့် အပေါ် အမြင် ကွဲပြားမှု ရှိပါသည်။

အထင်ကရ စီးပွားရေး လုပ်ငန်းကြီးများ ခေတ်မီတိုးတက်ရန် အတွက် အစိုးရကသာ လိုအပ်သော ရင်းနှီးမြှုပ်နှံမှု အပြည့်အ၀ လုပ်နိုင်စွမ်း ရှိခြင်း၊ အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိသဖြင့် လောင်စာ၊ အိမ်ယာ၊ သယ်ယူ ပို့ဆောင်ရေး ကဲ့သို့သော အခြေခံ ကုန်စည်များ၏ ဈေးနှုန်းသည် အများ လက်မခံနိုင်လောက်အောင် မြင့်မားခြင်း မရှိစေရန် ကာကွယ်နိုင်ခြင်း၊ လူအများအပြား အလုပ်အကိုင် ရရှိစေနိုင်ခြင်း ဟူသော ကောင်းကျိုးများကို ထောက်ပြကြပါသည်။

သို့သော်လည်း တစ်ဘက်တွင် နိုင်ငံပိုင် လုပ်ငန်းများသည် စွမ်းဆောင်ရည် နိမ့်ကျမှု ရှိပါသည်။ အဓိက အားနည်းချက်မှာ နိုင်ငံပိုင် လုပ်ငန်းများ၏ မန်နေဂျာများက အမြတ်ရရှိရန် ကြိုးပမ်းအားထုတ်စေမည့် မက်လုံး လုံးဝ မရှိခြင်း ဖြစ်ပါသည်။ အစိုးရ၏ ထောက်ပံ့ကြေး ရရှိနိုင်ခြင်း၊ အတိုးနှုန်း သက်သာစွာ ချေးငွေ ရရှိနိုင်ခြင်း၊ ဒေ၀ါလီ ခံရမည့် အန္တရာယ် မရှိခြင်း၊ အစိုးရက ရောင်းဈေးကို မတန်တဆ နှိမ့်ချထားခြင်း၊ ပိုလျှံဝန်ထမ်းများအား ထုတ်ပယ်ခွင့် မရှိခြင်း စသည့် အားနည်းချက်များ ရှိပါသည်။

စွမ်းဆောင်ရည် နိမ့်ပြီး လေလွင့်ဆုံးရှုံးမှု များလျှင် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို သေချာပေါက် ထိခိုက်သည်။ ဘတ်ဂျက်လိုငွေကို ငွေစက္ကူရိုက် ဖြေရှင်းရာမှ ငွေဖောင်းပွစေခြင်း၊ ချေးငွေရယူရာမှ ပြည်တွင်း ပြည်ပ ကြွေးမြီများပြားခြင်း၊ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး မတည်မငြိမ် ဖြစ်ကာ စီးပွားရေး တိုးတက်ရန် အလားအလာ အခွင့်အလမ်းများကိုလည်း ထိခိုက်စေပါသည်။ သို့ဖြစ်ရာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ မည်သည့် အတိုင်းအတာအထိ ထားရှိသင့်သည်ကို စဉ်းစားလာကြပါသည်။

ယခုခေတ်တွင် အစိုးရ၏ နယ်ပယ် (Scope of the Government) နှင့်၊ အစိုးရ၏ စွမ်းရည် (Capacity of the Government) ကို ယှဉ်တွဲ၍ စဉ်းစားလာကြပါသည်။ အဓိကအားဖြင့် တစ်ဘက်တွင် အစိုးရ၏ နယ်ပယ် ကျယ်ပြန့်ပြီး အစိုးရ၏ စွမ်းရည် နိမ့်ကျနေလျှင် မနိုင်မနည်း ဖြစ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

အစိုးရက ဈေးကွက် (သို့) ပုဂ္ဂလိကက ဆောင်ရွက်ခြင်း မပြုနိုင်သော နယ်ပယ်များ၌သာ ၀င်ရောက် ဆောင်ရွက်သင့်ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် ပြုလာကြပါသည်။ ပုဂ္ဂလိက (သို့) ဈေးကွက်က အဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်သော ကိစ္စ ၅ခု ရှိပါသည်။ ၎င်းတို့ကို ဈေးကွက်၏ အားနည်းချက်များ (Market Failures) ဟူ၍ ခေါ်ဝေါ်လေ့ ရှိပါသည်။ ၎င်းတို့မှာ

ကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လမ်းတံတားများ၊ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ဟူသော အများပြည်သူ ကောင်းကျိုး ရှိစေမည့် ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို လုံလောက်အောင် ထုတ်လုပ် ဖြည့်ဆည်းမပေးနိုင်ခြင်း
မိမိတို့ လုပ်ငန်း အပြင်ဘက်တွင် ကောင်းကျိုး ဖြစ်စေနိုင်သည့် (Positive Externalities) ပညာရေး၊ ကျန်းမာရေး ကဲ့သို့သော လုပ်ငန်းမျိုးကို ထုတ်လုပ်ဆောင်ရွက်မှု နည်းပါးခြင်း၊ စီးကရက် ကဲ့သို့သော ဆိုးကျိုး ဖြစ်စေနိုင်သည့် (Negative Externalities) လုပ်ငန်းမျိုးကို ထုတ်လုပ်ဆောင်ရွက်မှု များခြင်း
လျှပ်စစ်နှင့် ရေပေးဝေရေး လုပ်ငန်းများ ကဲ့သို့သော သဘာဝအရ လက်ဝါးကြီးအုပ် လုပ်ကိုင်နိုင်သော လုပ်ငန်းများတွင် ထုတ်လုပ်မှု နှိမ့်ချကာ ဈေးတင်ထားလေ့ ရှိခြင်း
အငြိမ်းစား ခံစားခွင့်၊ ကျန်းမာရေး ခံစားခွင့်၊ အလုပ်လက်မဲ့ ခံစားခွင့်တို့ကဲ့သို့သော လူမှု ဖူလုံရေး ခံစားခွင့်များ အပြည့်အ၀ မပေးနိုင်ခြင်း
ဈေးကွက်အတွင်း ပါဝင်သူအားလုံး တပြေးညီ သတင်းအချက်အလက် မရရှိနိုင်ကြခြင်း (ဥပမာ- စားသုံးသူများသည် မိမိတို့ကို အန္တရာယ် ဖြစ်စေနိုင်သည့် ဆေးဝါးများ၊ အစားအသောက်များ အကြောင်းကို ကောင်းစွာ မသိရှိကြခြင်း) တို့ ဖြစ်ပါသည်။

အထက်ပါ အားနည်းချက်များကြောင့် အစိုးရက စီးပွားရေး လုပ်ငန်းများ ၀င်ရောက်ဆောင်ရွက်ရာတွင်လည်း အကောင်းဆုံးရလဒ် ထွက်ပေးမည်ဟု မမျှော်လင့်နိုင်ပါ။ စွမ်းရည် နိမ့်ကျခြင်း၊ အကျင့်ပျက်ခြင်း၊ ရည်ရွယ်ချက် မပြတ်သားခြင်း၊ ၀န်ထမ်းများက လုပ်ငန်းသဘာဝကို ကောင်းစွာ နားမလည်ခြင်း၊ အစရှိသော အားနည်းချက်များ တွေ့ကြုံရပါသည်။ (အမေရိကန် ပြည်ထောင်စုတွင် ပုဂ္ဂလိက အကျဉ်းထောင်များ ပြုလုပ်စေကာ အစိုးရက ထောက်ပံ့သည့် သာဓကပင် ရှိပါသည်။)

အစိုးရက စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုရသည့် ငွေများကို ပညာရေး၊ ကျန်းမာရေးတို့ အတွက် လွှဲပြောင်း တိုးမြှင့် အသုံးပြုနိုင်သည့် သာဓကများ ရှိပါသည်။

တဖန် အစိုးရ လုပ်ခဲ့သော လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများက ဆောင်ရွက်ခြင်း ပြုနိုင်ရန်၊ စည်းမျဉ်း စည်းကမ်းများ ဖြေလျှော့ပေးသောနည်း၊ ပုဂ္ဂလိက လုပ်ငန်းများ ကြီးထွား တိုးတက်လာစေရန် ဆောင်ရွက်သောနည်း (Market Liberalization) ကိုလည်း အသုံးပြုကြပါသည်။
ခင်မောင်ညို (ဘောဂဗေဒ)
ReflKhitlunge

ရှောင်စေချင်သည့် တညင်းသီး

အားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ့ လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။ တညင်းသီးမှာ လူကို အကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေးနိုင်တဲ့ အဆိပ်ဓာတ် ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့ အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင့် တတ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင့်တာကို Djenkilism လို့ ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ့ အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နဲ့ သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင့်မှု အများဆုံး တွေ့ရပါတယ်။ တညင်းသီးပေါတဲ့ ရာသီမှာ အဆိုးဆုံးအဖြစ်များပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျ ကုသမှုမခံယူရင် သေဆုံးဖို့လမ်း ပိုများတယ်လို့ ဆိုပါတယ်။ တညင်းသီး အဆိပ်ရဲ့ ဖွဲ့စည်းပုံ မော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလို သီထားတဲ့ပုံ ဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ့တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်မှာ အဆိပ်တွေ ၀င်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေးပါတယ်။ ကျောက်ကပ်ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုယ်ထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားရပါတယ်။ ဒါပေမယ့် တညင်းသီးအဆိပ် မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို့ သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီး ဆိုးလာတဲ့အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝ သွားလို့မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure) လို့ ခေါ်ပါတယ်။ ကျောက်ကပ် သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီ ကုသနိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။ တညင်းသီးစားမယ်ဆိုရင် တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ့ အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည့်ဝသွားတဲ့အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ ပြုတ်တဲ့အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့ ပြုတ်ရမှာ ဖြစ်ပါတယ်။ ပြုတ်ပြီတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော့ အန္တရာယ် တော်တော် လျော့သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့် ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော့ 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စားရင်တော့ အဆိပ်တွေ တော်တော်လေး လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။ အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီး စားပြီးတဲ့အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ၀င်နေပြီလို့ ဆိုလိုတာပါပဲ။ တညင်းသီး အဆိပ်နဲ့ပတ်သက်ပြီး WHO (1970), South East Journal of Tropical Medicine (1978) စသဖြင့် ထုတ်ပြန် ရေးသားထားတာတွေလည်း ရှိပါတယ်လို့ ဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေးတဲ့ ဒီလိုအသီးကို တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။ (မြဝတီ)
Ref:khitlunge

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးသားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများက ကူညီလုပ်ကိုင်မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများမှ အကွက်ဝယ်ယူ ဦးဆောင်ကူညီ လုပ်ကိုင်ပေးမှုများသည် ၆၀ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီး ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံး
နေရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
''ကျောက်စိမ်း ကျောက်မျက် တင်ပို့ခြင်းကို အမေရိကန်အစိုးက ကန့်သတ်ထားတဲ့ အကြောင်းအရင်းကတော့ သူတို့ ပိတ်ပင် ကန့်သတ်ထားတဲ့သူတွေက ကျောက်မျက် ကျောက်စိမ်းအသင်းမှာ ပါဝင်နေလို့ ဖြစ်မယ်လို့ ယူဆပါတယ်။အရင် အစိုးရလက်ထက်က ခရိုနီတွေက ကျောက်မျက်အသင်းမှာ တာဝန်ယူထားတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံး
နေရတဲ့အတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။
အမေရိကန်အစိုးရက ကန့်သတ်ထားတဲ့ သူတွေ ကျောက်မျက်အသင်းမှာ တာဝန်တွေ မယူထားဘူးဆိုရင် ပတ်ဆို့မှုတွေ ရုပ်သိမ်းသွားနိုင်ပါတယ်''ဟု ဦးလှဆွေက ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးက ရရှိတဲ့ ငွေကြေးများကို ခ၀ါချရာတွင် ကျောက်စိမ်း ကျောက်မျက်က ရတယ်လို့ စာရင်းပြလျင် ငွေမဲမှ ငွေဖြူဖြစ်ဖို့ လွယ်ကူကြောင်း၊ မူးယစ်ဆေးဝါး နာမည်ပျက်ရှိသည့် အဖွဲ့အစည်း ကျောထောက်နောက်ခံ ကုမ္ပဏီများကိုလည်း လုပ်ကွက် ချထားပေးခြင်းများကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း ဦးလှဆွေက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုမှ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ရာတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ထွက်ကုန်များမပါရှိဘဲ ချန်လှပ်ခဲ့ခြင်းအပေါ် လုံးဝပြေလျော့ပေးရေး အမေရိကန်အစိုးရသို့ တောင်းဆိုပေးသွား ရန်အဆိုအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်၌ ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ လုပ်ငန်းရှင်တွေကို မြန်မာတွေ ဘယ်လိုယှဉ်မှာလဲ

 

၂၀၁၅ ခုနှစ်၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) စတင်ချိန်တွင် မြန်မာပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့်နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ယခုအချိန်ကတည်းက ပြုလုပ်ထားသင့်ပြီး လုပ်ခ သက်သာရေးကိုသာ ဂရုစိုက်မှု မလုပ်သင့်တော့ကြောင်း စီးပွားရေး ပညာရှင်များက သတိပေးနေကြသည်။

“နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အတွေးအခေါ်၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သား၊ လုပ်အားခတွေက အရေးကြီးတယ်။ ဒါကို ပြန်ကြည့်မယ်ဆိုရင်လည်း လုပ်အားခ သက်သာဖို့က အဓိက မကျတော့ဘူး။ လုပ်အားခ သက်သာဖို့ ပြိုင်တဲ့ခေတ် မဟုတ်တော့ဘူး” ဟု ဖိလစ်ပိုင် အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာ စီးပွားရေးပညာရှင် ဒေါက်တာမျိုးသန့် ကပြောသည်။

AEC အစီအစဉ်အရ အာဆီယံနိုင်ငံများအားလုံးတွင် ဈေးကွက် တခုတည်းပုံစံ ဖြစ်ရန် အကောင်အထည် ဖော်မည်ဖြစ်သည်။ အခြား အာဆီယံနိုင်ငံများမှလည်း မြန်မာ ပြည်တွင်း လုပ်ငန်းရှင်များနှင့် တန်းတူ အခွင့်အရေးများဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့်နှင့် အခွန်ကင်းမဲ့စွာ ကူးသန်းရောင်းဝယ်နိုင်ခွင့်များ ရလာကြမည် ဖြစ်သည်။

“Logistic က အရေးကြီးတယ်။ အချိန်မီ ရောက်လား၊ အချိန်လျော့ပြီး ရောက်လား ဆိုတာတွေ၊ လျှပ်စစ်ဓါတ်အား သက်သာတာလား ဆိုတာတွေလည်း အရေးကြီးတယ်။ ပြီးတော့ အဓိက အရေးကြီးတာ သိပ်မပြောဖြစ်တဲ့ ကုန်ထုတ်လုပ်မှုစွမ်းအား ဘယ်လောက်ရှိလဲက အဓိက ကျတယ်။ သတ်မှတ်ထားတဲ့ လုပ်ခလစာအပေါ်မှာ ကုန်ထုတ်လုပ်မှု ဘယ်လောက်ရှိလဲ ဆိုတာတွေက အဓိက ကျတယ်” ဟု သူက ဆက်ပြောသည်။

AEC ဖြစ်လာချိန်တွင် သယံဇာတ ပေါများပြီး အာရှ၏ ဆုံချက်တခု ဖြစ်သော မြန်မာအတွက် အလားအလာများ ရှိသော်လည်း ယှဉ်ပြိုင်မှု ပိုကြီးမားလာမည်ဖြစ်၍ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ပြင်ဆင်ထားသင့်သည်ဟုလည်း “အခုကတည်းက အစပြုနိုင်မှ ကြိုးစားနိုင်မှ တော်ရုံကျမယ်။ ကျနော်တို့ နိုင်ငံ အနေနဲ့က ပြိုင်ရမယ့် အဆင့်တွေ အများကြီးရှိတယ်” ဟု ဒေါက်တာမျိုးသန့် က ဆိုသည်။

ပြည်တွင်းလုပ်ငန်းများအနေဖြင့် ဆွေးနွေးပွဲများ များများ ပြုလုပ်၍ ပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် လိုအပ်ပြီး ပညာရှင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်ဖို့လိုအပ်ကြောင်း သူက ပြောသည်။

AEC နှင့် အပြောင်းအလဲ

အာဆီယံ စီးပွားရေး အသိုက်အဝန်း စတင်ချိန်တွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ကား ကုမ္ပဏီများ၊ လျှစ်စစ်ကဏ္ဍ၊ ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သစ်လုပ်ငန်း၊ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ၊ ရာဘာခြံလုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများတွင် အာဆီယံ ၁၀ နိုင်ငံအတွင်း လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်ခွင့် ရလာမည် ဖြစ်သည်။

တနိုင်ငံနှင့် တနိုင်ငံ ကုန်စည်တင်ပို့မှုများမှာလည်း အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်၍ ယင်းအခြေအနေတွင် အာဆီယံနိုင်ငံများအတွင်း ကုန်စည်စီးဆင်းမှု ပမာဏနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ တိုးလာမည် ဖြစ်သည်။

“မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေက အာဆီယံထဲမှာ အချမ်းသာဆုံးပဲ။ ကျန်တဲ့ ဘရူနိုင်း၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက သူတို့ရဲ့အောက်မှာပဲ ရှိတယ်။ ဒီတော့ တကယ် ယှဉ်ပြိုင်ရတော့မယ့် အချိန် ရောက်ရင် ကျနော်တို့နိုင်ငံအနေနဲ့ သူတို့ကို မီဖို့ မနည်း ကြိုးစားရမယ်” ဟု Myanmar Marketing Committee – Myanmar Tourism Federation ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင်လည်း ထို ချမ်းသာနိုင်ငံများ နောက်မှ လိုက်နေရသည်။ ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သော မြန်မာခရီးသွားလုပ်ငန်းသည် ယမန်နှစ်က ခရီးသည် သုံးသိန်း ရှစ်သောင်းကျော် လည်ပတ်ရောက်ရှိခဲ့သော်လည်း ယင်းပမာဏသည် လာအိုနိုင်ငံသို့ ဝင်သော ဧည့်သည်ပမာဏထက်ပင် နည်းပါးကြောင်း ၎င်းက ဆက်ပြောသည်။

“အခုအချိန်မှာ ကမ္ဘာတဝှန်းက ခရီးသွား ဧည့်သည်တွေ စီးပွားရေးသမားတွေက မြန်မာနိုင်ငံကို ဝင်လာနေကြပြီ။ အဓိက အခက်အခဲက အခြေခံအဆောက်အအုံတွေ မလောက်ဘူး။ ၂၀၁၅ မှာ အာဆီယံ စီးပွားရေး အသိုက်အမြုံအနေနဲ့ တခုတည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှု အခြေခံဒေသဖြစ်ဖို့ ပြင်ဆင်တဲ့အခါ ခရီးသွား လုပ်ငန်းတွေအတွက် အခြေခံအဆောက်အအုံတွေက အဓိကကျတဲ့အခန်းက ပါဝင်နေတယ်။ ခရီးသွားလုပ်ငန်းတွေအတွက် ဝန်ဆောင်မှုတွေက ဟိုတယ်လုပ်ငန်းအပြင် သယ်ယူပို့ဆောင်ရေး၊ စားသောက်ရေးတွေကပါ ပြည့်စုံဖို့ လိုအပ်တယ်” ဟု ဦးဖြိုးဝေရာဇာ ကပြောသည်။

ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှု

AEC စတင်ချိန်တွင် အာဆီယံ ၁၀ နိုင်ငံလုံးမှာ တခုတည်းသော ရင်းနှီးမြှုပ်နှံမှု ဈေးကွက် အတွင်းတွင် ပါဝင်လာမည်ဖြစ်၍ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် အခြား အာဆီယံနိုင်ငံများနှင့် ကွာခြားနေလျှင် အခက်အခဲရှိနိုင်ကြောင်းလည်း သမ္မတ အကြံပေး တဦးဖြစ်သော စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး က ဆိုသည်။

“ကိုယ့်နိုင်ငံက စီးပွားရေးပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲမှု အခုမှ စပြီးလုပ်တာဖြစ်လို့ အခြား အာဆီယံနိုင်ငံတွေရဲ့ အတွေ့အကြုံတွေ အားနည်းချက်တွေကို ချိန်ဆပြီး လုပ်ဖို့ အခွင့်အလမ်းတခု ဖြစ်တယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ စီပွားရေးနဲ့ပတ်သက်ပြီး ပညာ၊ ရင်းနှီး မြှုပ်နှံမှုပိုင်းတွေကို ကြည့်မယ်ဆိုရင် ဒီအာဆီယံနိုင်ငံတွေကို လေ့လာအတုယူပြီး လုပ်ဆောင်သင့်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည်လည်း အာဆီယံထဲက တနိုင်ငံဖြစ်သောကြောင့် ရင်းနှီးမြှု့ပ်နှံလိုသူများက အခြားအာဆီယံနိုင်ငံများနှင့်နှိုင်းဆပြီး ဝင်ရောက်လာမည်ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် အခြား အာဆီယံနိုင်ငံတွေထက် အားကောင်းဖို့လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အခါ ပြဿနာ ဖြစ်နိုင်သော လုပ်ငန်း ကဏ္ဍများတွင် နိုင်ငံတော်က အခက်အခဲဖြစ်နေသော ပြည်တွင်းလုပ်ငန်းရှင်များအတွက် မြေတောင်မြှောက် အားပေးဖို့လိုအပ်ကြောင်း ဒေါက်တာဇော်ဦး က ပြောသည်။

ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများသို့ ပြေးဆွဲသော KMA Shipping Company Limited အမှုဆောင် အရာရှိချုပ် ဦးဆွေလင်း ကလည်း အလားတူ အကြံပြုထားသည်။

“ဒီမှာက အခုမှ ပွင့်လင်းလာတဲ့ နိုင်ငံဖြစ်လို့ သင်္ဘော လုပ်ငန်းကလည်း ပြည်တွင်းက အခုနောက်ပိုင်းမှ လုပ်လာတာဖြစ်လို့ ပြိုင်ဆိုင်မှုက ပိုကြီးတယ်။ နိုင်ငံခြား သင်္ဘောလိုင်းတွေက ဒီလုပ်ငန်းမှာ ရပ်တည်လာတာ ကြာလို့ အားသာချက် ပိုရှိတယ်။ သူတို့ကို လိုက်မီဖို့ဆိုတာ အများကြီး လိုသေးတယ်။ ဒါပေမယ့် နိုင်ငံတော်က ကိုယ့်နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတွေကို တဖက်တလမ်းက ပံ့ပိုးပေးမယ်ဆိုရင် ယှဉ်ပြိုင်ရတာ တပန်းသာနိုင်ပါတယ်” ဟု ဆိုသည်။

AEC စတင်သည့်အချိန်တွင် မြန်မာနိုင်ငံတွင်းမှ ငွေကြေးတတ်နိုင်သူများမှလည်း အခြား အာဆီယံ နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံခွင့် ရရှိမည်ဖြစ်၍ အခွင့်အလမ်းများ ပိုများလာနိုင်သလို စိန်ခေါ်မှုများလည်း ပို၍ များလာမည် ဖြစ်သည်။

AEC နှင့် ဈေးကွက်

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်သာ ရှိသော်လည်း AEC စတင်ချိန်တွင် အာဆီယံ ၁၀ နိုင်ငံ ပေါင်းလိုက်ပါက လူဦးရေ သန်း ၆၀၁ သန်း ရှိလာမည်ဖြစ်၍ ဈေးကွက်သည်လည်း ၁၀ ဆ ကြီးမားလာမည် ဖြစ်သည်။

ထိုကြီးမားလာသည့် ဈေးကွက်အတွင်း မိမိနိုင်ငံ၏ထုတ်ကုန်ပစ္စည်းများ ထိုးဖေါက်နိုင်ရန်မှာ အခြားနိုင်ငံများ၏ ထုတ်ကုန်အရည်အသွေး၊ ဈေးနှုန်းများနှင့် ယှဉ်ပြိုင် ထိုးဖေါက်ဖို့လိုအပ်ကြောင်း ပါရမီ စွမ်းအင်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ အကြီးတန်း အကြံပေးအရာရှိ ဦးတင်ချို က ပြောသည်။

“ဒီလိုအခြေအနေမှာ ဝန်ဆောင်မှုတွေက သူများနဲ့ ယှဉ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ မြန်မာနိုင်ငံက ဆိုရှယ်လစ် စီးပွားရေး စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင် ကြီးပြင်းလာရတော့ ဆိုရှယ်လစ်စနစ်က ရောင်းသူဈေးကွက်။အခုခေတ်ကဝယ်သူဈေးကွက်။ဒါပေမယ့်ဒီနိုင်ငံမှာက အုပ်ချုပ်သူလူတန်းစားတွေမှာ တောင် ဒါကို နားမလည်တာတွေ ရှိနေသေးတယ်။ ဒါကြောင့် သူများနိုင်ငံနဲ့ယှဉ်တဲ့အချိန်မှာ ကိုယ်က ဘယ်လောက်ထိဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မလဲဆိုတာ တော်တော်အရေးကြီးတယ်” ဟု ဆိုသည်။

AEC စတင်ချိန်သည် အခြား အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာချိန်ထိ နောက်ကျနေမည်ဆိုပါက အချို့သောလုပ်ငန်းများမှာပျက်စီးဆုံးရှုံးသွားနိုင်ကြောင်း ဦးတင်ချို က သုံးသပ်သည်။

ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသည်လည်း နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီး မဖြစ်ရန် လိုအပ်ကြောင်းလည်း “ကိုယ့်နိုင်ငံသား လုပ်ငန်းတွေရဲ့အကျိုးစီးပွားကိုကာကွယ်ပေးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်မလာနိုင်အောင် တားဆီးတဲ့ ဥပဒေမျိုးဖြစ်နေရင်ပြည်တွင်းကရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကအရမ်းအရေးကြီးတယ်” ဟု ဦးဝင်းချို က ဆိုသည်။

မြန်မာနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်/သွင်းကုန် ပမာဏ

ယခုနှစ် ဖေဖေါ်ဝါရီလအထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀,၄၃၁.၄၅၄ တန်ဖိုး ရင်းနှီးမြှုပ်နှံထားပြီး အများဆုံးမှာ စွမ်းအင်ကဏ္ဍတွင် ဖြစ်သည်။ ၎င်းနောက်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် သတ္တု တူးဖေါ်ရေး လုပ်ငန်းများ ရှိသည်။

တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ယင်းနောက်တွင် ထိုင်းနှင့် ဟောင်ကောင်တို့မှာ အသီးသီးရပ်တည်နေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖေါ်ပြထားသည်။

ပို့ကုန်/သွင်းကုန် ကဏ္ဍတွင်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ပနိုင်ငံများသို့ ဒေါ်လာသန်းပေါင်း ၉,၁၃၅.၆ သန်း တင်ပို့နိုင်ပြီး ၉,၀၃၅.၀၆ သန်းဖိုး တင်သွင်းခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ဒေါ်လာ သန်းပေါင်း ၃,၂၃၀.၇၁၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ၃,၃၈၃.၃၂၅ သန်းဖိုး တင်သွင်းခဲ့သည်။

စက်မှုကုန်ချောကို အများဆုံးတင်ပို့နိုင်ပြီး လယ်ယာထွက်မှာ ဒုတိယအများဆုံး ပို့ကုန်ဖြစ်ကာ တတိယအနေဖြင့် သတ္တုတွင်းထွင်းထွက်ပစ္စည်းများ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။

ပြည်တွင်းလုပ်ငန်းများ၏ ၉၀% ခန့်မှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်ပြီး ယင်းလုပ်ငန်းများသည် အခြေခံလူတန်းစားအထိ အလုပ်အကိုင် ဖန်တီးပေးသော လုပ်ငန်းများဖြစ်၍ အသေးစား၊ အလတ်စားလုပ်ငန်းများရေရှည် ရပ်တည်နိုင်ရေးမှာလည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ပြည်တွင်းရှိ လုပ်ငန်းများတွင် အကြီးစားလုပ်ငန်း ၄,၈၀၈ ခု၊ အလတ်စားလုပ်ငန်း ၇,၂၈၇ ခုနှင့် အသေးစားလုပ်ငန်း ၃၁,၁၃၇ ခု၊ စုစုပေါင်း ၄၃,၂၃၂ ခု ရှိပြီး ယင်းအချိုးကို ပြန်ကြည့်ပါက အကြီးစားလုပ်ငန်းမှာ ၁၁ % သာ ရှိပြီး အလတ်စားက ၁၆ % နှင့် အသေးစားလုပ်ငန်းများက ၇၂ % ရှိကြောင်း စက်မှုဝန်ကြီးဌာနရှိ စာရင်းဇယားများအရ သိရရှိသည်။

ပြည်တွင်း လုပ်ငန်းအုပ်စုများတွင် စားသောက်ကုန်လုပ်ငန်းက ၆၃.၅၁ %၊ နေထိုင်ရေး ၁၃. ၅၇ %၊ လူသုံးကုန် ၇.၅၈ %၊ အိမ်သုံးပစ္စည်း လုပ်ငန်းမှာ ၃.၉၈ % စသည်ဖြင့် အသီးသီး ရပ်တည်နေကြောင်းလည်း ယင်းစာရင်းများတွင် ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။ ။
 
Ref:mizimaburmese
 
အားရစရာကောင်းလိုက်တဲ့ ရာခိုင်နှုန်းတွေဘဲ!!! နိုင်ငံတကာလုပ်ငန်းရှင်တွေကို ဘယ်လို့လုပ်ယှဉ်နိုင် ကျမလဲ? နည်းပညာတွေကုန်ကြမ်းတွေ၊တည်မြဲတဲ့ ဥပဒေမရှိ၊ ဘာဆိုဘာမှတည်ငြိမ်တာမရှိတဲ့?... စိတ်ကူးယှဉ်နေသေးတာဘဲရှိပါသေးတယ်.... လုပ်ရမဲ့ အရေးကြီးဆုံးကျ ဥပဒေစိုးမိုးရေးပါဘဲ!
“ကိုယ့်နိုင်ငံသား လုပ်ငန်းတွေရဲ့အကျိုးစီးပွားကိုကာကွယ်ပေးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာနိုင် အောင် တားဆီးတဲ့ဥပဒေမျိုးဖြစ်နေရင်ပြည်တွင်းကရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကအရမ်းအရေးကြီးတယ်”

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ




ဘော်ဆိုင်းဒေသမှ တူးဖော်ဆဲ သတ္တုတွင်း တခု (ဓာတ်ပုံ - ကိုဖိုးသား)
1234

 

ရှမ်းပြည်နယ် ဘော်ဆိုင်းဒေသသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၃၇၀ အမြင့်တွင် တည်ရှိပြီး ခဲသတ္တုများ ထွက်ရှိသောကြေင့် အလွန် နာမည်ကြီးသော ဒေသဖြစ်သည်။ ဒေသခံ တိုင်းရင်းသား အများစုမှာ ဘိုးစဉ်ဘောင်ဆက် တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းကြသူများ ဖြစ်သည်။
ဘော်ဆိုင်းဒေသသည် ရှမ်းပြည်နယ်၊ ကလောမြို့နယ်အတွင်း တည်ရှိသော ကျေးရွာအုပ်စုကြီးတခုဖြစ်သည်။ ကျောက်တောင်၊ ကန်ပြင်၊ ဂတ်တဲစု၊ ဆင်တောင်၊ သဖန်းပင်၊ တံတားကန်၊ ကန်ဦး၊ ပြင်သာ၊ ရွာဟောင်း၊ ဆီစက်၊ ရေဖြူကန်၊ ဖူးရဲ၊ ညောင်ကိုင်း၊ မြို့ဆိုး အစရှိသော ကျေးရွာများ ပါဝင်သည်။
လက်ဖက်စိုနှင့် လက်ဖက်ခြောက်၊ သနပ်ဖက်၊ ပြောင်းနှင့် တခြား တောင်ယာထွက် သီနှံများမှာ ဤဒေသ၏ အဓိက ထွက်ကုန်များဖြစ်သည်။ မိမိတို့ဒေသတွင် အဖိုးတန် သတ္တုသိုက်ကြီး ရှိနေခြင်းကြောင့် မိမိတို့ဘ၀များ၊ ရိုးရာဓလေ့ စရိုက်များနှင့် သဘာဝပတ်ဝန်းကျင် အလှတရားများ တဖြည်းဖြည်း ပျောက်ကွယ်ရတော့မည်ကို သိရှိသူများရှိသလို မသိနားမလည်သည့် ရိုးသားသော ဒေသခံ တိုင်းရင်းသားများလည်း ရှိကြသည်။
အမြင်ကျယ်သော ဒေသခံတချို့က တာဝန်သိ ပြည်သူ့သတင်းသမားများကို သတင်းပေးကြသဖြင့် ထိုဒေသသို့ ၅ ကြိမ်ထက် မနည်းသွားရောက်လေ့လာကာ သတင်းအချက်အလက်များ စုဆောင်းခဲ့ပါသည်။
ဘော်ဆိုင်းဒေသသို့ သတ္တုတူးဖော်ရေး ကုမ္ပဏီများ စတင် ရောက်ရှိလာခဲ့ခြင်းနှင့် ပတ်သက်၍ ဒေသခံ ကုန်သည်တဦးက “၂၀၁၂ ခုနှစ် နှစ်စပိုင်းလောက်ကပဲဗျ၊ ဒီဒေသကို သတ္တုကုမ္ပဏီတွေ ၀င်ရောက်လုပ်ကိုင်နေတာ။ တရားဝင်လား၊ တရားမ၀င်လားတော့ မသိဘူးဗျ။ အစောပိုင်းကာလမှာ တော့ပ်တန်းစတား ကုမ္ပဏီက သတ္တုတွင်းဝန်ကြီးဌာနနဲ့ ဖက်စပ်လုပ်ကိုင် ဆောင်ရွက်နေတာတော့ရှိတယ်” ဟု ပြောသည်။
ဘော်ဆိုင်းဒေသတွင် သတ္တုတူးဖော်ရေး ကုမ္ပဏီများ အမည် အမျိုးမျိုးဖြင့် လာရောက် လုပ်ကိုင်လျှက်ရှိခြင်းနှင့် ပတ်သက်၍ ဒေသခံတချို့က နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် စသည်ဖြင့် သက်ဆိုင်ရာ အဆင့်ဆင့်ကို အကြောင်းကြား စုံစမ်းသော်လည်း တာဝန်ရှိသူများက တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိဟု သိရသည်။ ကောင်းသောအင်အားကြယ် အမည်ရှိ ကုမ္ပဏီသည် ထိုဒေသတွင် လုပ်ကွက် ၁၀ ခုအထိ လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။
ဒေသအတွင်း ထွက်ရှိသည့် သယံဇာတများကို တူးဖော်ထုတ်ယူနိုင်ရန် ဒေသခံ တိုင်းရင်းသားများ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံမြေများကို ဖြတ်၍ စက်ယန္တရားကြီးများဖြင့် လမ်းများ ဖောက်လုပ်ခဲ့ကြကြောင်း၊ မြေစာများ၊ ကျောက်ခဲစ များသည် လက်ဖက်ခြံများ၊ လိမ္မော်ခြံများနှင့် တခြား သီးနှံစိုက်ခင်းများသို့ ရောက်ရှိကာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ခြံတွေကို ဖြတ်ပြီး စက်ကြီးနဲ့ ထိုးသွားတယ်။ မသိလိုက်ဘူး။ နောက်တော့မှ သိတော့ ခြံက တော်တော်များများ ပျက်စီးနေပြီ။ ရွာအုပ်ချုပ်ရေးမှူးကို သွားတိုင်တော့မှ သူတို့ကြိုက်သလိုပေးတဲ့ လျော်ကြေးငွေကို ရတယ်။ တကယ်တော့ ပျက်စီးသွားတဲ့ သီးနှံပင်တွေ၊ လမ်းဖောက်လို့ ပေးလိုက်ရတဲ့ ခြံမြေတွေရဲ့ တန်ဖိုးက အဲဒီထက်မကဘူး။ အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော်စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင်တဦးက ပြောသည်။
ဖူးရဲရွာခံ ဓနုတိုင်းရင်းသူတဦးက သူ့အတွေ့အကြုံများနှင့် ပတ်သက်၍ “ကျမ အိမ်ထောင်ကျကတည်းက ဒီခြံကို အိမ်သားဘက်က အမွေပေးလို့ ခြံစိုက်စားခဲ့တာ။ အခု ကျမသား ၄ ယောက်လည်း အရွယ်ရောက်နေပြီ။ ကျမတို့ခြံရဲ့ အထက်ပိုင်းမှာ အခု သတ္တုတွေ တူးနေတယ်။ ခြံထဲမှာရှိတဲ့ စားပင်သီးပင်တွေ ပျက်ကုန်တယ်။ မိုင်းခွဲတဲ့ ကျောက်တုံးတွေက လွင့်လာတယ်။ ခြံထဲကိုတောင် မဆင်းရဲတော့ဘူး။ အသက်အန္တရာယ် စိုးရိမ်နေရတယ်။ ထောပတ်ပင်တွေ၊ တညင်းပင်တွေ၊ ပျားလိမ္မော်ပင်တွေ၊ လက်ဖက်ပင်တွေနဲ့ တခြားသီးနှံပင်တွေလည်း ဗြုန်း (မြေစာခဲ၊ ကျောက်ခဲ) တွေကျလို အကုန်ပျက်စီးသွားတယ်” ဟု ပြောပြသည်။
သတ္တုတူးဖော်ရာတွင် ကျောက်မိုင်းခွဲမှုများကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် ခွဲမည်ဟု အနီးဝန်းကျင်ရှိ ဒေသခံများအား အသိပေး အကြောင်းကြားခြင်း မရှိကြောင်း၊ သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအတွက်လည်း တစုံတရာ ကြိုတင်ကာကွယ် လုပ်ဆောင်ပေးခြင်းများလည်း မရှိကြောင်း သိရသည်။
“ရေဖြူကန်ဆိုတာ ရေထွက်တခုပဲ။ ဒီဒေသတခုလုံး အားကိုးနေရတာ။ ဟိုဘက် ကျောက်ထပ်-နောင်လွယ်ကနေ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စု၊ စမ်းချောင်ရွာ အထိပဲ။ ဒီ ရေဖြူကန် ရေထွက်နဲ့ ဆက်နေတာ။ အဲဒီအနီးမှာ သတ္တုသန့်စင်ဆေးတဲ့ အလုပ်ရုံတခုကို တည်ဆောက်ထားတယ် ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ အခုအချိန်မှာတော့ ကလေးတချို့ ခဲဆိပ်သင့်တဲ့ လက္ခဏာမျိုး တွေ့နေရပြီ။ နောင် ပိုဆိုးလာနိုင်တယ်။ နည်းစနစ်မှန်မှန် လုပ်ကိုင်တယ်ဆိုရင် အကြောင်း မဟုတ်ဘူး။ ကိုယ်လုပ်ချင်သလို လုပ်မယ်ဆိုရင် ဒုက္ခပါပဲဗျာ။ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမယ်ဆိုတာ မသိအောင်ပါပဲဗျာ” ဟု ဒေသခံ တိုင်းရင်းသားတဦးက ပြောသည်။
အစိုးရသတ္တုတွင်း ၀န်ထမ်းဟောင်းတဦး “ဒါတွေက အားလုံးကို သန့်စင်ပြီးမှ ထုတ်လုပ်တယ်။ အားလုံးဟာ High Grate တွေ ထုတ်တယ်။ အခုဟာ လုံးဝကို သန့်စင်ပြီးတာတွေ ထုတ်နေတယ်။ ရှင်းရှင်းပြောမယ်၊ ကြက်သားပေါင် စားပြီးတော့မှ အရိုးကိုဟင်းချို ကျိုလိုက်တဲ့ ပုံစံမျိုးတွေ လုပ်နေကြတယ်။ အဲဒီ သတ္တုတွင်းက ကားတွေ ညမှာ ၀င်လာတယ်။ ညမှာပဲ ပြန်ထွက်သွားတယ်။ အစီးရေ မှတ်လို့တောင် မရဘူးဖြစ်နေတယ်” ဟု ဆိုသည်။
ကောင်းသောအင်အားကြယ် ကုမ္ပဏီမှ မြန်မာနိုင်ငံတာဝန်ခံ ဖြစ်သူ မစ္စတာ လောရုံအား ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေက မေးမြန်းခဲ့ရာ “မိမိတို့ ကုမ္ပဏီဟာ တရုတ် နိုင်ငံရှိ အင်အားကြီးသော ကုမ္ပကြီးတခုပါ။ အခုလို မြန်မာနိုင်ငံ ဘော်ဆိုင်းဒေသမှာ လုပ်ကိုင်ဆောင်ရွက်နေခြင်းဟာ မိမိတို့၏ တရုတ်နိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံသံရုံးတို့ရဲ့ သဘောတူညီမှုဖြင့် လုပ်ကိုင် ဆောင်ရွက်နေခြင်းသာဖြစ်ပြီး မိမိတို့ အနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ဒီဒေသ မီးလင်းရေးနှင့် သောက်သုံးရေကန်များကို တူးဖော်ဆောင်ရွက်သွားမှာပါ” ဟု စကားပြန်မှ တဆင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကုမ္ပဏီက ဆီစက်ရွာအနီးတွင် တနေ့လျှင် သန့်စင်ပြီး သတ္တုတန် တထောင်ကျ စက်ရုံ တခုကိုလည်း တည်ဆောက်နေပြီး စက်ရုံပြီးစီးပါ ဒေသခံများကို ဦးစားပေး ခန့်အပ်သွားမည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးတင်မောင်တိုးက “ဒီ ဘော်ဆိုင်းဒေသက ဖွံ့ဖြိုးမှု အရမ်းနောက်ကျတယ်၊ ခေါင်တယ်ပေါ့နော်။ ဒီဒေသမှာ အဖိုးတန်တဲ့သတ္တုတွေ ထွက်တယ်။ ဒီသတ္တုတွေကို တိုင်းတပါးကလာပြီး တူးယူကြတယ်၊ အကျိုးအမြတ် ယူသွားတယ်။ ဒီဒေသက ဒေသခံတွေ ဘာမှ အကျိုးအမြတ် မရရှိဘူး။ အကျိုးအမြတ်ဆိုတာက ဥပမာ – ဒေသမီးလင်းရေး၊ ရေကန်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းနဲ့ တခြားလိုအပ်တဲ့ လုပ်ဆောင်မှုတွေကို တွေ့ချင်ပါတယ်။ ဒါတွေလည်း ဒေသလိုအပ်ချက်ပါ။ ဒါမျိုးတွေကို ဒေသအကျိုးအတွက် မြင်ချင်ပါတယ်” ဟု ပြောသည်။
ဦးတင်မောင်တိုးက ဆက်လက်၍ “ကျနော်တို့ တိုင်းပြည်ဟာလည်း အခုမှ ဒီမိုကရေစီကို ဖော်ဆောင်ကာစ တိုင်းပြည်တခု ဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ ထိုက်သင့်တဲ့ အခွန်ငွေတွေက တိုင်းပြည်ရဲ့ ဘဏ္ဍာအခွန်ငွေထဲကိုလည်း မရောက်၊ ပြည်သူတွေဆီကိုလည်း မရောက်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကို ရောက်သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ် နိုင်တယ်။ ဒါကြောင့် တတ်နိုင်သမျှ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ အနေနဲ့ တရားဝင် ထင်သာမြင်သာ ရှိအောင် ပွင့်ပွင့်လင်းလင်း လုပ်ကိုင် ဆောင်ရွက်သင့်တယ်။ ဒါမှသာ ဒေသခံများအနေနဲ့လည်း သဘောတူ လက်ခံလာနိုင်မယ်။ ဒါဟာလည်း ဒေသခံတွေရဲ့ ဆန္ဒဖြစ်ပါတယ်” ဟု ဆိုသည်။
ကောင်းသောအင်အားကြယ် ကုမ္ပဏီက ကျောက်နီကျေးရွာအုပ်စု၊ သရက်ပင်လှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ပွေးအား လာရောက်ညှိနှိုင်းခဲ့ကြောင်း၊ ရွာ၏အထက် ပေ ၇၀၀ ကျော်မြင့်သော နေရာတွင် တူးဖော်ရန် လာရောက် ပြောဆိုခြင်းဖြစ်ကြောင်း၊ မိမိတို့ တူးဖော်သည့် နေရာကို သစ်တောပလပ်မြေ၊ တပ်မြေအဖြစ် ထောက်ခံပေးရန် စစ်တပ်မှ ဗိုလ်မှူးအဆင့် အမည်သုံး၍ ဖိအားပေး ပြောဆိုပြောဆိုကြောင်း သိရသည်။
သရက်ပင်လှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ပွေးက “ကျနော့်ကို လာပြောတယ်။ လက်မခံဘူး။ ရွာသူရွာသားတွေကမှ လက်မခံတာ။ ကျနော်လည်း သဘောမတူဘူး။ ရွာက လူငယ်တွေ လာပြောလို့ သိတယ်။ ကွင်းဆင်းလေ့လာတယ်။ ကုမ္ပဏီအမည်၊ တာဝန်ခံအမည်၊ အားလုံးကို သိတယ်။ ကျနော့်ကိုလာပြီး ညှိတယ်။ ကျနော်က မထောက်ခံဘူး။ ရွာမှာရှိတဲ့ သူတွေက သဘောမတူတာ၊ အများရဲ့ဆန္ဒကိုပဲကြည့်ရမှပေါ့” ဟု ပြောသည်။
သရက်ပင်လှကျေးရွာသည် တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုအတွင်း ပါရှိပြီး ဒေသခံ အများစုမှာ ဓနုတိုင်းရင်းသားများ ဖြစ်သည်။
သတ္တုတူးဖော်ရာနေရာသို့ ဒေသခံ ဓနုတိုင်းရင်းသားလူငယ်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးတို့နှင့် အတူ သွားရောက်လေ့လာကာ သတ္တုတူးဖော်ရေးကို ပြည်ထောင်စု သတ္တုတွင်း ဝန်ကြီးဌာန သို့မဟုတ် ပြည်နယ် အစိုးရတို့နှင့် မည်သို့ သဘောတူထားပြီး မည်ကဲ့သို့ လုပ်ကိုင်ဆောက်ရွက်နေကြောင်း မေးမြန်းခဲ့ရာ ကုမ္ပဏီတာဝန်ခံမှ ရေရာစွာ ဖြေဆိုနိုင်ခြင်း မရှိပေ။
ဆက်လက်၍ အဆိုပါ သတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် ပတ်သက်ပြီး တာဝန်ယူထားသည့် ဗိုလ်မှူးဆိုသူကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းက “ကျနော်တို့ လုပ်ငန်းကို ရပ်ဆိုင်းထားပါတယ်။ ဒေသခံတွေက သဘောမတူလို့ပါ။ ၁၀ ရက်အတွင်း ဒီလုပ်ငန်းကို အပြီးပြောင်းရွှေ့ပေးမှာပါ။ ဒေသခံတွေရဲ့ ဆန္ဒကို လိုက်လျောပေးရမှာပါ” ဟု ဖြေကြားသွားသည်။
ထို့အပြင် မီဒီယာများတွင် ဖော်ပြမည်ကို စိုးရိမ်ကြောင်းလည်း အဆိုပါ ဗိုလ်မှူးက ဆက်လက်ပြောသည်။
နိုင်ငံရေး စိတ်ဝင်စားသူ ဒေသခံ လူငယ်တဦးက “ကျနော်တို့ အထိမ်းအမှတ်ပွဲတွေလုပ်တယ်၊ ငြိမ်းချမ်းရေးနေ့ ပွဲတွေလုပ်တယ်၊ ဘာပဲလုပ်လုပ် အမြဲတမ်းပဲ အချိန်နဲ့အညီ အဖွဲ့အစည်းတွေက စောင့်ကြည့်နေတာ။ ဘော်ဆိုင်းလို ဒေသမျိုးမှာ တရားမ၀င် သတ္တုတူးနေတယ်၊ ဒါတွေကို မသိဘူးပြောရင် ကျနော်ကတော့ မယုံဘူး” ဟု ဆိုသည်။
နိုင်ငံတော်ပြန်တမ်းဝင် အရာရှိဟောင်းတဦးက “နည်းနည်း ပွင့်လင်းလာလို့ ဒါမျိုး ပြောရဲကြတာ။ အရင်တုန်းကဆိုရင် မပြောရဲကြဘူး။ ရှမ်းပြည်နယ်မှာ သဘာဝအရင်းအမြစ်တွေ အများကြီးရှိတယ်။ အသုံးမချတတ်တာ၊ အသုံးမချ နိုင်တာကတော့ နာကျည်းဖို့ကောင်းတယ်။ ဒေသခံ တိုင်းရင်းသားတွေရဲ့ ရိုး သားမှုတွေကို အသုံးချနေပြီး ခေတ်သစ် မြေရှင်ပဒေသရာဇ်စနစ်ကို ကိုယ်စားပြုချင်တဲ့ အာဏာရှင် အကျိုးပြု ခရိုနီများ မိမိတို့ အာဏာတည်မြဲရေး၊ မိမိတို့ ကိုယ်ကျိုးစီးပွား တိုးပွားရေး စတဲ့ အတ္တတွေကိုပဲ ကြည့်ပြီး ရှေ့တန်းတင်နေခဲ့မယ်ဆိုရင်တော့ နိုင်ငံတော်သမ္မတကြီး ပြောဆိုနေတာ၊ လုပ်ဆောင်နေတာတွေကို အလေးမထားသလို ဖြစ်နေမှပဲ” ဟု ပြောသည်။
ဘော်ဆိုင်းဒေသနည်းတူ ရှမ်းပြည်နယ် တခြားသော ဒေသများတွင်လည်း အလားတူ ဒေသခံများ၏ အကျိုးစီးပွား တစုံတရာ မရရှိဘဲ စီးပွားရေးကုမ္ပဏီများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ညှိနှိုင်းကာ သယံဇာတ ထုတ်ယူမှုများ ရှိနေကြောင်း၊ ဒေသခံများက မသိနားမလည်ခြင်း၊ ဝေးလံခေါင်သီပြီး ဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် စီးပွားရေး လုပ်ငန်းများနှင့် အာဏာပိုင်များက သဘာဝ သယံဇာတများကို စိတ်ကြိုက် ခြယ်လှယ်မှုများ ရှိနေကြောင်း သိရသည်။
(ကိုဖိုးသားသည် ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် Citizen Journalist တဦးဖြစ်ပြီး အပျော်တမ်း ဓာတ်ပုံရိုက်ကူးသူ၊ သတင်းနှင့် ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်
Ref:irrawaddyburmese

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!