Popular Posts!

Thursday, August 28, 2014

တရုတ်ငွေဘီလီယံ ၂၀၀ ခန့် တရားမ၀င်နှစ်စဉ် စီးဝင်မှုများကို တင်းကျပ်စွာ စိစစ်သင့်ဟု ဆို


Written by  ထင်လင်းအောင်

ပြည်တွင်းသို့ နိုင်ငံခြားငွေပမာဏများစွာ တရားမ၀င်ပုံစံများဖြင့် စီးဝင်လာမှုများသည် ငွေကြေးဖောင်းပွမှုများအတွက် တွန်းအားဖြစ်ကာ အခြားသော စီးပွားရေးဆိုင်ရာ အနုတ်လက္ခဏာများကို ဖြစ်စေနိုင်သဖြင့် စိစစ်မှုများကို ပိုမိုဆောင်ရွက်သွားရမည့် ကိစ္စဖြစ်သည်ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က သြဂုတ် ၂၇ ရက်တွင် ပြောသည်။
တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် တရားမ၀င်သောနည်းလမ်းများဖြင့် နှစ်စဉ် တရုတ်ယွမ်ငွေ ဘီလီယံ ၂၀၀ ခန့် (ကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ)ကို မြန်မာနိုင်ငံသို့ တင်သွင်းမှုရှိနေသည်ဟု တရုတ်စီးပွားရေးပညာရှင်များနှင့် ကျွမ်းကျင်သူများက သုံးသပ်ပြောသည်ဟု တရုတ်နိုင်ငံတွင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသော ဆီကျူရီတီဂျာနယ် (China Securities Journal)၌ ရေးသားဖော်ပြထားသည်။ ယင်းနှင့်စပ်လျဉ်း၍ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ဒေါက်တာအောင်ထွန်းသက်က အထက်ပါအတိုင်း မှတ်ချက်ပေးပြောခြင်း ဖြစ်သည်။
“နိုင်ငံခြားငွေတွေ အများကြီး ပြည်တွင်းကို စီးဝင်တာက ကောင်းပါတယ်။ တစ်ခုပဲရှိတယ်။ Forgien Exchange Flow အရ တရားဝင်စီးဝင်တာမျိုးပဲ ဖြစ်ဖို့လိုတယ်။ မဟုတ်ရင် ငွေကြေးဖောင်းပွတာ၊ စီးပွားရေးလုပ်ငန်းတွေမှာ ဆက်စပ်တဲ့ မကောင်းတဲ့ အကျိုးဆက်တွေ အများကြီးဖြစ်နိုင်တယ်။ ၀င်လာတဲ့ငွေရဲ့ ဇာစ်မြစ်ကလည်း ဘယ်ကမှန်းမသိတော့ ငွေကြေးခ၀ါချတာတွေလည်း ဖြစ်နိုင်တယ်။ ဒါတွေက တင်းတင်းကျပ်ကျပ် စိစစ်ရမယ့်ကိစ္စတွေပါ”ဟု ၎င်းက ပြောသည်။
နိုင်ငံခြားငွေကြေးများ တရားမ၀င်စီးဝင်မှုများကြောင့် အခွန်အကောက်များလည်း ဆုံးရှုံးနိုင်ကာ အိမ်ခြံမြေ၊ ကျောက်မျက်နှင့် ထုတ်ကုန်ပစ္စည်းများအပေါ်တွင် ဈေးနှုန်းဆွဲတင်မှုများမှာ နောက်ဆက်တွဲ အကျိုးဆက်များအဖြစ် သက်ရောက်လာနိုင်သည်ဟု ထောက်ပြပြောဆိုသည်။
၅၁ ကြိမ်အဖြစ် နောက်ဆုံးပြုလုပ်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံ၏ ကျောက်မျက်ပြပွဲတွင် တရုတ်နိုင်ငံ၏ သုံးစွဲငွေမှာ ယွမ် ၂၃ ဘီလီယံရှိခဲ့ခြင်းဖြစ်ရာ တရားမ၀င်ငွေကြေးများဖြင့် ပေးချေသွားနိုင်သဖြင့် ငွေကြေး မှောင်ခိုပို့ရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်ဟု ဆီကျူရီတီဂျာနယ်၌ ဖော်ပြသည့် သတင်းတွင် ပါရှိသည်။
ထို့အပြင် မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီကဲ့သို့နေရာများတွင် တရုတ် ကမ္ဘာလှည့်ခရီးသွား အရေအတွက် တိုးတက်လာခြင်းနှင့် နယ်စပ်ကုန်သွယ်မှုများ တိုးတက်လာနေခြင်းများက တရုတ်ယွမ်ငွေများကို စီးဆင်းမှုအတွက် ရေပန်းစားနေစေသည်ဟု သုံးသပ်ချက်များကိုလည်း ထည့်သွင်းရေးသားထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် ငွေကြေးခ၀ါချမှုဥပဒေအရ ငွေကြေးခ၀ါချမှုများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (FIU) ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုသို့ ငွေကြေးစီးဆင်းမှုများအတွက် လေဆိပ်၊ ရေကြောင်း၊ နယ်စပ်ကုန်သွယ်မှုအသီးသီးကို စိစစ်နိုင်ရေး စီမံထားသည်ဟု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စ.စ.စ) ဦးစီးအရာရှိ ဦးသူရိန်အောင်က ပြောသည်။
FIU အဖွဲ့၌ တွဲဖက် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည့် ဦးသူရိန်အောင်က “ဒီလိုကိစ္စတွေက တကယ်သိရဖို့တော့ ခက်တယ်။ ဒါပေမဲ့ ကုန်သွယ်အဖွဲ့အစည်းတွေ၊ ဘဏ်တွေကို သတ်မှတ်ငွေပမာဏ တစ်ခု ရောက်လာရင် သတင်းပို့ပေးဖို့တော့ ပြောထားတယ်။ (သတင်းပို့တယ်ဆိုတာကတော့ အလုပ်မလုပ်ခိုင်းတာ မဟုတ်ဘူး။ အဲဒါလေးကိုလည်း အဓိပ္ပာယ်ကောက်မလွဲစေချင်ဘူး။) ဒီပုံစံနဲ့ပဲသွားရမှာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း စုံစမ်းမှုတွေလုပ်ပြီး ကြီးကြပ်သွားဖို့တော့ စီမံချက်ရှိပါတယ်”ဟု ပြော သည်။
မြန်မာနိုင်ငံတွင် ကျောက်မျက်ရောင်းဝယ်ခြင်း၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပြုခြင်းနှင့် နယ်စပ်မှ ကုန်သွယ်မှုပြုခြင်းများတွင် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်အများစု ၀င်ရောက်နေလျက်ရှိပြီး ကုန်သွယ်မှုများတွင် တရုတ်အစိုးရ၏ မူဝါဒများနှင့် ဆန့်ကျင်သည့် ကုန်သွယ်ဆောင်ရွက်မှုများ ရှိနေခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု၌ တရုတ်က ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

Ref:mizimaburmese
င်လင်းအောင်

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!