Written by: အငယ်ထွေး၊ နီလာဦး
ဈေးကစားမှုများကြောင့် အတိုင်းထက်လွန် မြင့်တက်လာသော ရန်ကုန်မြို့၏ နေထိုင်မှုပြဿနာအား ဖြေရှင်းနိုင်ရန် လက်သင့်ရာပေး၍ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်နေခြင်းထက် အစိုးရအနေဖြင့် Housing Policy ကို ခိုင်ခိုင်မာမာရေးဆွဲပြီး ဖြေရှင်းရန်လိုနေကြောင်း လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်ကြသည်။
မြန်မာ့အိမ်ခြံမြေဈေးကွက်၊ အထူးသဖြင့် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် စီးပွားရေးအရ တံခါးပွင့်လာခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်း၊ တရားမဝင်ငွေကြေးများ အိမ်ခြံမြေကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလာခြင်း စသည့်အကြောင်းတရားများကြောင့် တရိပ်ရပ်တက်လာခဲ့ပြီး အခြေခံလူတန်းစားများသာမက လူလတ်တန်းစားများကိုပါ များစွာရိုက်ခတ်မှု ရှိလာခဲ့သည်။ ယင်းအနေအထားများကြောင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးမှုနောက်အကျဆုံး နိုင်ငံစာရင်းတွင် ပါဝင်နေဆဲဖြစ်သော်လည်း အိမ်ခြံမြေဈေးကို လေ့လာကြည့်ပါက World class တွင် ဘာစီလိုနာနှင့် တစ်တန်းတည်းသွားနေကြောင်းလည်း သိရသည်။
“တကယ်တော့ အစိုးရက Housing Policy တစ်ခုကို ခိုင်ခိုင်မာမာ ရေးဆွဲသင့်တယ်။ ဒါပေမဲ့ ဒီပေါ်လစီက တကယ့်လက်ရှိ အခြေအနေနဲ့ ကိုက်ညီရမယ်။ ပြီးရင် အစိုးရက ပြည်သူကို သူ့ level နဲ့သူ အဆင့်မြှင့်ပေးရမယ်။ တကယ်တော့ low cost ဆိုတာ အစစ်က အစိုးရက စိုက်ရတယ်။ ဥပမာ မြေဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာ။ quality နှိမ်လိုက်တာ။ အခန်းကျဉ်းလိုက်တာကို ခေါ်တာမဟုတ်ပါဘူး။ အစိုးရ Subsidize တစ်ခုခုလုပ်တာကို low cost လို့ခေါ်တာပါ။ အစိုးရက မစိုက်ထုတ်ရင်တော့ မလွယ်ဘူး။ မလေးရှားမှာ အစိုးရဘတ်ဂျက်ရဲ့ ၅ ရာခိုင်နှုန်းကို Housing အတွက်ထားတယ်။ စင်ကာပူမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း ထည့်တယ်။ မြန်မာနိုင်ငံမှာ တစ်ကျပ်မှမထည့်ဘူး။ နောက်တစ်ခုက Affordable Housing ကျတော့ ငွေကြေးထောက်ပံ့ပေးရတယ်။ အိမ်ဝယ်တဲ့အချိန်မှာ mortgate နဲ့ ရောင်းပေးရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ Financial market ကောင်းဖို့တော့ လိုတယ်။ အဲတော့ မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်မလဲ။ နောက်တစ်ခုက ကျူးကျော်ပြဿနာကို ဘယ်လိုရှင်းမလဲပေါ့။ တကယ်လုပ်မယ်ဆိုရင် အများကြီးပါ။ နောက်တစ်ခုက Cross subsidize ဆိုတာရှိတယ်။ မလေးရှားမှာ (၃ဝ၊ ၇ဝ)အင်ဒိုနီးရှားမှာ (၁၊ ၃၊ ၆)။ မလေးရှားမှာ Developer တစ်ယောက်က အိမ်အလုံး ၁ဝဝ ထုတ်ရင် ၃ဝ ရာခိုင်ခိုင်နှုန်း low cost ထုတ်ရတယ်။ ပြီးတော့ cross subsidize လုပ်တယ်။ သူဌေးဆီက ပိုက်ဆံကိုယူပြီး ဆင်းရဲသားကိုပေးတယ်။ အစိုးရဆိုတာ တကယ်တော့ Wealth Distribution လုပ်ရတာပဲ။ ဒါပေမဲ့ မြန်မာပြည်မှာ လွဲနေတာက ဆင်းရဲသားရဲ့ ပိုက်ဆံကိုယူပြီးတော့ သူဌေးကိုပေးနေသလို ဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့သည် တစ်နိုင်ငံလုံး လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့်ရှိလာပြီး နိုင်ငံအတွင်း၌ သဘာဝလူဦးရေတိုးနှုန်းကြောင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများပြားသည့် မြို့ပြဒေသများသို့ ကျေးလက်ဒေသများမှ ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေတိုးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာပြီး အခြေခံအဆောက်အအုံနှင့် ပြည်သူ့အိမ်ရာ လိုအပ်ချက်မှာလည်း မြင့်တက်လျက်ရှိသည်။
ယင်းအနေအထားတွင် ရန်ကုန်မြို့တွင် အိမ်ရာဈေးနှုန်းကြီးမြင့်မှုကို ထိန်းနိုင်ရန်ရည်ရွယ်၍ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပြီး လူနေသိပ်သည်းမှုနည်းပါး မြို့နယ်များတွင် အကောင်အထည်ဖော်ရန် အစီအစဉ်များ ရှိနေသည်။
ရန်ကုန်မြို့တွင် လက်ရှိတန်ဖိုးမျှတအိမ်ရာ စီမံကိန်းများအဖြစ် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဗိုလ်ဗထူးစီမံကိန်း၊ ဗိုလ်မင်းရောင်စီမံကိန်းများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းအကောင်အထည်ဖော်လျက် ရှိသည်။ ထို့ပြင် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာများကို ရောင်းချရန်အတွက် လျှောက်လွှာများကို စာတိုက်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇူလိုင်လဆန်းပိုင်းမှ ဇူလိုင် ၃၁ ရက်အထိ လျှောက်ထားစေခဲ့ရာ လျှောက်ထားသူ တစ်သိန်းခန့်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
“တန်ဖိုးနည်းအိမ်ရာတွေလို့ ဆိုပေမယ့် အမှန်တကယ်မှာ အခြေခံလူတန်းစားမပြောနဲ့ လူလတ်တန်းစားတောင် မဝယ်နိုင်ဘူး။ ဒါက “တန်ဖိုးနည်းအိမ်ရာရဲ့ အဓိကလိုအပ်ချက်ပဲ။ အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ပြီး ဆောက်တယ်ဆိုရင် ဈေးနှုန်းတွေက သင့်တင်မျှတမှု ရှိရမှာပေါ့။ အခုဟာက ဈေးတွေအရမ်းမြောက်နေတယ်။ နောက်ပြီး တန်ဖိုးနည်းအိမ်ရာတွေရဲ့ အရည်အသွေးကလည်း သူတို့ပြောတဲ့ဈေးနဲ့ မတန်ဘူး။ အမှန်ကတော့ ခရိုနီတစ်စု လုပ်စားနေကြတာပါ” ဟု ယုဇနဥယျာဉ်မြို့တော်မှ ကိုဇော်ချစ်က ပြောကြားသည်။
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာတွင် စုစုပေါင်း တိုက် ၂၄ လုံး စုစုပေါင်း ၅၇၆ ခန်းကိုသာ လက်ရှိရောင်းချပေးမည်ဖြစ်သောကြောင့် လျှောက်ထားသူဦးရေနှင့် အခန်းရောင်းချပေးမှုအချိုးမှာ အဆ ၂ဝဝ နီးပါး ကွာဟနေပြီး မဲနှိုက်သည့်စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခန်းများကို အရစ်ကျငွေပေးချေစနစ်နှင့် ဘဏ်ချေးငွေစနစ် နှစ်မျိုးနှင့် ရောင်းချသွားမည်ဖြစ်ပြီး ဘဏ်ချေးငွေစနစ်တွင် လေးနှစ်အထိ အရစ်ကျဖြင့် ငွေပေးချေနိုင်ကြောင်း၊ အရစ်ကျဝယ်ယူလိုသူများ အနေဖြင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနနှင့် ဆက်သွယ်ကာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ရမည်ဟု သိရသည်။
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာများရှိ တိုက်ခန်းဈေးန်းများမှာ အနည်းဆုံး ကျပ်သိန်း ၁၁ဝ မှ အများဆုံး ကျပ်သိန်း ၁၂ဝ ထိရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာမှ အခန်းပေါင်း ၄ဝဝ ကျော်အား ဝယ်ယူရန် လျှောက်ရာတွင်မူ လျှောက်ထားသူပေါင်း ၁၃ဝဝဝ ကျော်ရှိခဲ့ကာ အခန်းတန်ဖိုးမှာ ကျပ်သိန်း ၂ဝဝ မှ ၃ဝဝ ကျော်ထိရှိခဲ့သည်ဟု သိရသည်။
ဝင်ငွေကို အမှတ် ၃ဝ အထိပေးထားတာ တွေ့တယ်။ ဝင်ငွေနည်းလေ အမှတ်ပိုပေးလေပဲ။ အသက်ကြီးရင် အမှတ်ပိုပေးတယ်။ နောက်တစ်ခုက မာရီရယ်စတေးထပ် လူပျိုလား၊ အပျိုလား၊ အိမ်ထောင်ရှိလား ပြန်ခွဲတယ်။ အဲဒီအထဲမှာ မသန်းစွမ်းပါရင် လေးမှတ်ထပ်ဆောင်းပေးတယ်။ နောက် ကျန်းမာရေးကောင်းမကောင်း . . . . .
အလားတူ စီမံကိန်းများ အကောင်အထည်ဖော်ရာ၌လည်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ ရွေးချယ်ရာ၌ ထင်သာမြင်သာရှိစွာ ဆောင်ရွက်ရန်နှင့် နိုင်ငံနှင့်လူမျိုးအကျိုး ရှေးရှုဆောင်ရွက်သင့်ကြောင်း မှန်မှန်ကန်ကန် လုပ်ဆောင်မည့် အာမခံချက်ရှိသော နိုင်ငံတကာ ကုမ္ပဏီကြီးများကိုလည်း သုံးသပ်မှုများ ရှိနေသည်။
“တကယ်တမ်းတော့ ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခိုင်းလိုက်ရင် ဈေးကွက်က သူ့ဟာသူ ဆုံးဖြတ်သွားမှာပေါ့။ အရာရာ လိုက်ထိန်းချုပ်ထားတာ မကောင်းဘူး။ ပြိုင်ဆိုင်မှု သူ့ဟာသူရှိရင်လည်း ဆောက်ပြီးလို့ ပြန်ရောင်းတယ်။ ရောင်းတဲ့သူတွေက သူတို့အခန်းထွက်ချင်တော့ ဈေးလျှော့ရောင်းတယ်။ ဒီလိုနည်းမျိုးပဲ ဖြစ်ရမှာပေါ့” ဟု စက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“အခုဆောက်တဲ့ အိမ်ရာတွေက အရည်အသွေးညံ့တယ်။ လေး၊ ငါးနှစ်တောင် ခံမှာမဟုတ်ဘူး။ နောက်ပြီးတော့ နံရံတစ်ခုနဲ့တစ်ခုက အုတ်တစ်လုံးစာပဲ ခြားတယ်။ အိမ်ရာဈေးနှုန်းတွေကလည်း ပွင့်လင်းမြင်သာမှုရှိစွာ အိမ်လိုချင်နေတဲ့ လူထုကို ချမပြဘူး။ ဝယ်ချင်တဲ့သူ ဘယ်လောက်များနေလဲဆိုရင် လိုသလောက်မရလို့ မဲစနစ်နဲ့ ခွဲပြီးရောင်းမယ်ပြောတယ်။ ဒါကိုကြည့်မယ်ဆိုရင် ရန်ကုန်မှာ အိမ်ရာမဲ့တွေ ဘယ်လောက်များနေလဲဆိုတာ သိနိုင်ပါတယ်” ဟု သာကေတမြို့နယ်မှ ဦးထွန်းသောင်းက ပြောကြားသည်။
ရန်ကုန်မြို့ဧရိယာသည် ၁၉၅ဝ ခုနှစ်က ၈၆ စတုရန်းကီလိုမီတာ ရှိခဲ့ကာ လူဦးရေတစ်သန်း ရှိခဲ့ကြောင်း ၁၉၇၄ ခုနှစ်တွင် ၂၁ဝ စတုရန်းကီလိုမီတာရှိကာ လူဦးရေနှစ်သန်း ရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ၅၉၂ စတုရန်းကီလိုမီတာရှိကာ လူဦးရေသုံးသန်း ရှိခဲ့ကြောင်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ရန်ကုန်မြို့ဧရိယာသည် ၇၉၄ ဒသမ ၄၃ စတုရန်းကီလိုမီတာရှိကာ လူဦးရေအားဖြင့် ၅ ဒသမ ၁၄ သန်းရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှရရှိသော သတင်းအရ သိရသည်။
“မြို့သစ်တည်မယ်ဆိုရင်တော့ အိမ်ရာလိုအပ်ချက်တွေ မြင့်လာမှာပေါ့။ အခုလိုအပ်ချက်အတိုင်းကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ နောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလုပ်တဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေလည်း ထွက်ပေါ်လာဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘဏ္ဍာငွေကန့်သတ်ချက်တွေ၊ အခက်အခဲတွေရှိတယ်။ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်မှာလုပ်ရင် တောင်ပိုင်းနဲ့မြောက်ပိုင်းခရိုင်ကလည်း သူတို့ဆီမှာ ဘာကြောင့်မလုပ်ပေးလဲဆိုပြီး ပြောဆိုမှုတွေ ရှိလာနိုင်တယ်။ နောက်ပြီး အခုမြို့သစ်စီမံကိန်းတည်မယ့် ကုမ္ပဏီက တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂ဝဝဝဝ ကို လှူဖို့ရှိပေမယ့် အဲဒီအခန်းအကုန်လုံးက နိုင်ငံတော်ဆိုတဲ့ ခေါင်းစဉ်အောက်ကို လှူမှာဆိုတော့ ရန်ကုန်အတွက် အကုန်လုံးရနိုင်မယ်တော့ မပြောနိုင်သေးဘူး။ အများစု ဖြည့်ဆည်းပေးနိုင်မယ်လို့တော့ ယူဆပါတယ်။ အခု တန်ဖိုးနည်းအိမ်ရာတွေအတွက် လျှောက်လွှာတွေခေါ်တော့ လျှောက်တဲ့သူက ပေးနိုင်တဲ့အခန်းထက် အဆပေါင်းများစွာ များပြားနေတယ်။ တချို့လည်း အမှန်တကယ်လိုအပ်တဲ့သူတွေ လက်ထဲကို မရောက်ဘူးလို့ ကြားသိရတယ်။ အစိုးရအဖွဲ့ဘက်ကတော့ လျှောက်လွှာတွေအပေါ်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း စီမံခန့်ခွဲမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့၌ အိမ်ခန်းများဖော်ဆောင်ရာတွင် ၂ဝဝ၄-၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၉-၂ဝ၁ဝ အထိ ငါးနှစ်အတွင်း အိမ်ခန်း ၃၆ဝဝဝ အား တစ်နှစ်ပျမ်းမျှ အိမ်ခန်း ၇၂ဝဝ နှုန်းဖြင့် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေကဏ္ဍမှာ Sector Evaluation ပြုလုပ်ဖို့ လိုပါတယ်။ အိမ်ရာကဏ္ဍကြီးကို တစ်နိုင်ငံလုံး ခြုံငုံကြည့်တာ ပြည်ထောင်စုအလုပ်ပါ။ နောက်တစ်ခုက Rule and Regulation ပိုင်းပေါ့။ ပြီးတော့မှ Rule and Regulation ပိုင်း၊ ဒါလည်း ပြည်ထောင်စုအလုပ် နောက်တစ်ခု Fascilitation ပိုင်းပါ။ Monitoring နဲ့ Advocacy ကျတော့ ခက်တယ်။ ဘာကြောင့်လဲဆိုတော့ Colour ပါနေတယ်။ ဆိုတော့ Housing Delivery မှာတော့ ပြည်ထောင်စုကလည်း ချချင်တယ်။ ရန်ကုန်အစိုးရကလည်း ချချင်တယ်။ အဲဒီ Housing Delivery မှာ ပြဿနာက အိမ်ဘယ်လိုရွေးမလဲဆိုတဲ့ပြဿနာ၊ မဲစနစ်ကြီးကတော့ သိပ်မမှန်ဘူးလို့ ထင်တယ်။ Resource Allocation မှာ အစိုးရဆိုတာ သူဌေးပိုက်ဆံယူပြီး ဆင်းရဲသားပေးရတာ။ မလေးရှားကတော့ ရှင်းတယ်။ သူက Supply နဲ့ Demand ကမျှတယ်။ သူက ကြိုက်တဲ့သူလျှောက် အမှတ်တွေပေးပြီး စီထားတယ်။ စီထားတဲ့အတွက် လူတစ်ယောက်ရဲ့ လျှောက်ထားမှုက အဆင့် ၂ဝဝဝဝ မှာရှိတယ် ဆိုပါတော့။ ဒီနှစ်တိုက်ခန်း ၃ဝဝဝဝ ဆောက်ရင် သေချာတယ် အဲဒီလူရမယ်။ အဆင့်လေးသောင်းမှာရှိလို့ အိမ်နှစ်သောင်းပဲ ထုတ်မရဘူး။ Registration ကို စဉ်ထားလိုက်တာ။ ပြီးရင် ပွင့်လင်းမြင်သာမှုရှိရှိ Website မှာ တင်ထားတယ်။ ဝင်ငွေကို အမှတ် ၃ဝ အထိပေးထားတာ တွေ့တယ်။ ဝင်ငွေနည်းလေ အမှတ်ပိုပေးလေပဲ။ အသက်ကြီးရင် အမှတ်ပိုပေးတယ်။ နောက်တစ်ခုက မာရီရယ်စတေးထပ် လူပျိုလား၊ အပျိုလား၊ အိမ်ထောင်ရှိလား ပြန်ခွဲတယ်။ အဲဒီအထဲမှာ မသန်းစွမ်းပါရင် လေးမှတ်ထပ်ဆောင်းပေးတယ်။ နောက် ကျန်းမာရေးကောင်းမကောင်း၊ လက်ရှိအိမ်ရဲ့ အနေအထားတွေပေါ်မှာ မူတည်ပြီး အမှတ်တွေပေးတယ်။ ဆိုတာက လိုအပ်ချက်မြင့်နေတဲ့သူကို ဦးစားပေးပြီး အိမ်ထုတ်ပေးတဲ့စနစ်ကို ကျင့်သုံးနေကြတာ တွေ့ရတယ်။ နောက်တစ်ခုက အိမ်မှာလူဘယ်နှစ်ယောက်ရှိလဲ။ ဒါပေမဲ့ သူက နှစ်နှစ်သုံးနှစ်တော့ စောင့်ရတယ်။ အမှတ်စနစ်နဲ့ပေးတယ်။ သတ်မှတ်ထားတဲ့ Criteria တွေတော့ ရှိတယ်။ ရဲနဲ့စစ်သားကို နှစ်မှတ်ပိုပေးတယ်။ စုစုပေါင်းအမှတ် ၁ဝဝ ပေးထားပြီး အမှတ်အနည်းအများပေါ် မူတည်ပြီး ဦးစားပေးထုတ်ပေးတယ်” ဟု မြို့ရွာနှင့်အိုးအိမ် ဦးစီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် အစီအစဉ်တစ်ခုကို သမ္မတရုံး ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂ဝ၁၂ ခုနှစ်အတွင်း စတင်စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ တိုက်ခန်းပေါင်းတစ်သောင်းကျော်အား ဆောက်လုပ်ရန် ဧရာဝန်နှင့် ရတနာအိမ်ရာ စီမံကိန်းများကို ရွှေတောင်၊ ACE၊ ဒဂုံအင်တာနေရှင်နယ်၊ အေအိုင်၊ original ကဲ့သို့သော အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီများကသာ ရရှိကြကြောင်း စုစုပေါင်း ကုမ္ပဏီ ၂ဝ ဝန်းကျင်ကို တည်ဆောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။
ပွင့်လင်းမြင်သာမှုရှိအောင်လုပ်လည်း Supply နဲ့ Demand က မမျှတဲ့အတွက် အပြောခံရမှာပဲ။ ဥပမာ ရောင်းစားမဲ့သူက ရသွားရင် ကျန်တဲ့သူက ဝေဖန်မယ်။ ရှင်းရှင်းပြောရရင် အဲဒီကုမ္ပဏီကြီးတွေကလည်း လူသားထဲက လူသားဆိုတော့ သူတို့ကလည်း အရောင်းပြပြီး ပေါက်ဈေးနဲ့ရောင်းချင်တယ်။ ဆိုလိုတာက အစိုးရက တစ်ခန်းကို ၂၄ဝ နဲ့ ရောင်းခိုင်းတယ်ဆိုရင် ရောင်းပြီးပြီဆိုတဲ့သဘော လုပ်လိုက်တာပေါ့။ တကယ်တန်းကျတော့ ပေါက်ဈေးဖြစ်တဲ့ ၄ဝဝ၊ ၅ဝဝ လောက်နဲ့ ရောင်းချင်တယ်။ ဖြစ်သင့်တာက ကြားခံအဖွဲ့ပဲရှာလိုက်။ မြန်မာနိုင်ငံမှာ ဘယ်လောက်ဈေးတက်မလဲ တက် Demand သာတက်လို့ကတော့ ဘာမှမလုပ်ရဲစရာ မရှိဘူး။ ဒါမှမဟုတ်ရင်လည်း အပြိုင်ဖွင့်ပေးလိုက်။ တစ်ရက်ပြန်ကျသွားမှာပဲ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
Ref;neweleven
No comments:
Post a Comment