Popular Posts!

Tuesday, August 12, 2014

၂၀၁၃-၂၀၁၄ခုနှစ် စည်းကြပ်နှစ်အတွက် တိုက်ခန်းများရောင်းဝယ်ခြင်းများအပေါ်စည်းကြပ်ရန်နှုန်းထားများ

ရန်ကုန် အိမ်ခြံမြေ ရောင်းဝယ်မှု အတွက် အခွန်စံနှုန်းများ ပြန်လည် ပြင်ဆင် သတ်မှတ် မည်

မြတ်ငြိမ်းအေး


ပြည်တွင်း အခွန်များဦးစီးဌာနက အိမ်ခြံမြေ အခွန်ဆောင်ရာတွင် ဈေးနှုန်းများ တစ် ပြေးညီဖြစ်စေရေးအတွက် ရန်ကုန်မြို့ အတွင်းရှိ မြို့နယ်များ၏ လမ်းအလိုက် တစ်ပေပတ်လည် မြေစံနှုန်းများကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် တရားဝင် ကြေညာ သတ်မှတ်ခဲ့ရာ ယခုအခါတွင်
ရန်ကုန် မြို့၏ ပြောင်းလဲလျက်ရှိသည့် အိမ်ခြံမြေဈေးနှုန်းများနှင့် ကိုက်ညီစေရန်အတွက် အသစ်ပြန်လည်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူ
များက ပြောသည်။
"ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းက ပြောင်းလဲနေတဲ့အတွက် လက်ရှိပြောင်းလဲနေတဲ့ ဈေးနှုန်းတွေပေါ်မှာ အခွန်ကောက်ခံ နိုင်ဖို့အတွက် ပြန်လည်ပြင်ဆင်ခဲ့တာပါ။ ရန်ကုန်မြို့မှာ အိမ်ဈေး၊ မြေဈေးတွေက ဈေးနှုန်းမြင့်တက်သွားတာတွေ ရှိသလို ကျသွားတာတွေလဲရှိနေပါတယ်။ ဈေးကွက်ထဲမှာ
အခုလက်ရှိပြောင်းလဲ နေတဲ့ ဈေးနှုန်းတွေနဲ့ ကိုက်ညီအောင် တစ်ပေပတ်လည် စံနှုန်းတွေကို ပြန်လည်ပြင်ဆင်ခဲ့တာပါ" ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ဌာနမှူး ဦးကျော်ကျော်က မြန်မာတိုင်း(မ်)ကို ပြော သည်။
အဆိုပါဌာနက လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ အိမ်ခြံမြေဈေးနှုန်းများနှင့် ယခု စံနှုန်း သတ်မှတ်ကောက်ခံလျက်ရှိသည့် ဈေးနှုန်းများကို နှိုင်းယှဉ်ကာ ပြန်လည် ပြင်ဆင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြထားကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့ စံနှုန်းအသစ်တွေကို ပြန်လည်ပြင်ဆင်ပြီးပါပြီ။ လက်ရှိဈေးကွက်ထဲကပေါက်ဈေးတွေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်ပြီး လျှော့သင့်တာလျှော့၊ တိုးသင့်တာတိုး၊ ပြောင်းလဲဖို့မလိုတာတွေကိုလည်း ဒီအတိုင်း ထားပြီး ပြန်ပြင်ဆင် သတ်မှတ်ထားတာတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကတစ်ဆင့် ပြည်ထောင်စုအစိုးရကို ဆက်ပြီးတင်ပြပါမယ်။ ပြည်ထောင်စု အစိုးရက အတည်ပြုပြီးရင်တော့ ပြည်သူတွေ ကို တရားဝင်ကြေညာသွားမှာပါ" ဟု ဦးကျော်ကျော်ကပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် သတ်မှတ်ခဲ့သည့် တစ်ပေပတ်လည် မြေစံနှုန်း များသည်ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေ ဈေးကွက်အတွင်း အမှန်တကယ်ဖြစ်ပေါ် နေသည့် တစ်ပေပတ်လည်ဈေးနှုန်းများထက် များစွာလျော့နည်းလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန် များဦးစီးဌာန ကာလတန်ဖိုးစိစစ်သတ်မှတ် ရေးအဖွဲ့က သတ်မှတ်ထားသည့် အခွန်နှုန်း ထားများတွင်ဥပမာအားဖြင့် မြို့လယ်ကောင်နေရာဖြစ်သော လမ်းမတော်၊ ပန်းဘဲတန်း၊ လသာမြို့နယ်တို့ရှိမဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည် လမ်းနှင့် ဗိုလ်ချုပ်လမ်းတို့ရှိအိမ်ခြံမြေ များကို အရောင်းအ၀ယ်ပြုလုပ်ပါက အခွန်ဆောင်ရန် သတ်မှတ်ထားသည့် တစ်ပေပတ်လည်မြေစံနှုန်းမှာ ကျပ် ၂၄၀,၀၀၀ ခန့် ဖြစ်သည်။
သို့သော် လက်ရှိ အဆိုပါနေရာများ၏ အိမ်ခြံမြေ ဈေးနှုန်းပေါက်ဈေးမှာ ပျမ်းမျှအားဖြင့် တစ်ပေပတ်လည်လျှင် ကျပ် ၇၀၀,၀၀၀ ခန့် ဖြစ်ပေါ်လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များကပြောသည်။
"အခွန်ဦးစီးဌာနက အခွန်ဆောင်ဖို့ အတွက် မြေစံနှုန်းတွေကို လက်ရှိပေါက်ဈေး တွေနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်နေမယ်ဆိုတော့ တချို့စံနှုန်းတွေလည်း များလာ နိုင်ပါတယ်။ လက်ရှိလျော့နည်းနေတဲ့ ဈေးနှုန်း မှာတောင် အခွန်ဆောင်သူတွေက နည်းပါး တာ စံနှုန်းကပိုပြီးမြင့်မယ်ဆိုရင်တော့ အခွန် ဆောင်တဲ့သူတွေ ပိုနည်းလာမှာကို စိုးရိမ် ရပါတယ်" ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။
ပြည်တွင်းအခွန်ဦးစီးဌာနက အိမ်ခြံမြေ အခွန်ပေးဆောင်နိုင်ရန် ယခုကဲ့သို့ တစ်ပေ ပတ်လည်မြေစံနှုန်းများကို သတ်မှတ်ပေးခြင်းသည်အခွန်ဆောင်ရာတွင်တပြေးညီတည်းဖြစ်ပေါ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ပိုမိုရှိစေရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းများကိုကန့်သတ် ထိန်းချုပ်မှုများ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ဌာနမှူး ဦးကျော်ကျော်က ပြောသည်။
"ကျွန်တော်တို့တွေ ရန်ကုန်မြို့ရဲ့ ဒီနေရာ ဒီလမ်းတွေမှာ ဒီစံနှုန်းနဲ့ ရောင်းပြီး ၀ယ်ပြီး ပစ္စည်းတွေကို အခွန်ကောက်ဖို့အတွက်ပဲ သတ်မှတ်ခဲ့တာပါ။ မြေဈေးအိမ်ဈေးတွေကိုချုပ်ကိုင်ဖို့အတွက်သတ်မှတ် ခဲ့တာမဟုတ် ပါဘူး။ ဒီလိုမျိုးသတ်မှတ်လိုက်တဲ့အတွက်အခွန်ဆောင်တဲ့သူတွေအတွက် အရင် ကထက် ပိုပြီးပွင့်လင်းမြင်သာမှု ရရှိနိုင်ပါတယ်။ အရင်က ပွင့်လင်းမြင်သာမှုအားနည်းခဲ့တော့ အခွန်ဆောင်တဲ့နေရာမှာ အခွန်ဆောင်သူတွေရဲ့ မကျေနပ်ချက်တွေ ရှိခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

Ref:http://myanmar.mmtimes.com/

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!