Popular Posts!

Thursday, August 28, 2014

ငွေဖြူမရှိသူကို ၀င်ငွေခွန်ဖြင့် အိမ်ခြံမြေ၀ယ်ယူခွင့်ပေးခြင်း ငွေကြေးခ၀ါချရန် တွန်းအားပေးသကဲ့သို့ဖြစ်


Written by  နိုင်နိုင်ဇော်

Yangon-Housing-1
ဝင်ငွေရလမ်းမဖော်ပြနိုင်ဘဲ အိမ်ခြံမြေ ၀ယ်ယူနေသူများအား ၃၀ ရာခိုင်နှုန်း အခွန်သက်မှတ်ချက်ဖြင့် ၀ယ်ရောင်း လုပ်ကိုင်ခွင့်မှာ ငွေကြေးခ၀ါချမှုကို တွန်းအားပေးနေသလို ဖြစ်နေကြောင်း စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။
အိမ်ခြံမြေဥပဒေအရ ၀င်ငွေရလမ်းဖော်ပြနိုင်သူများသည် အိမ်ခြံမြေ၀ယ်ယူရာတွင် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်းဖြင့် ၀ယ်ယူနေပြီး ၀င်ငွေရလမ်း မဖော်ပြနိုင်သူများကိုလည်း တံဆိပ်ခေါင်းခွန်နှင့် ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ခြင်းဖြင့် ၀ယ်ယူခွင့်ပြုနေခြင်းမှာ ငွေကြေးခ၀ါချလိုသူများအတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေသည်ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုခြင်း ဖြစ်သည်။
အိမ်ခြံမြေဥပဒေအကြံပေး ဒေါ်ဆွေဆွေမြင့်က “အိမ်ဝယ်မယ်ဆိုရင် ၀င်ငွေရလမ်း(ငွေဖြူ) မဖော်ပြနိုင်ဘူးဆိုရင် အိမ်ဝယ်လိုက်မယ်ဆိုရင် သူက တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်းအပြင် ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်း ဆောင်ခိုင်းတယ်။ ဒါက သူ့ကို အိမ်ပိုင်ဆိုင်ခွင့်ပေးတဲ့ သဘောပဲ။ အဲဒီကနေမှ သူက ပြန်ရောင်းမယ်ဆိုရင် ရောင်းရငွေက ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ပြီးသွားပြီဆိုရင်တော့ သူ့အတွက် ငွေဖြူပေါ်သွားတာပေါ့” ဟု ဆိုသည်။
အစိုးရမှ အိမ်ပိုင်ဆိုင်ခွင့်အတွက် အခွင့်အရေးပေးနေခြင်းဖြစ်သော်လည်း ငွေဖြူ၊ ငွေမည်း ပြောင်းလိုသူများအတွက် အခွင့်အရေးတစ်ရပ်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငွေဖြူ၊ ငွေမည်းပြောင်းလဲမှုမှာ လုပ်ငန်းတွင်းမှ ရရှိသည့် ငွေများကို အမြတ်ငွေအဖြစ် ပြောင်းထည့်ကာ ၀င်ငွေခွန် ပြန်လည်ဆောင်ခြင်းဖြင့်လည်း ငွေဖြူ၊ ငွေမည်း ပြောင်းလဲမှုများလည်း ရှိကြောင်း ၎င်းက ထပ်မံပြောသည်။
အာရှမြေအိမ်ခြံမြေအကျိုးဆောင် မန်နေဂျာ ဦးဆိုင်လီက “အခွန် ၃၀ ရာခိုင်နှုန်းမှာ ဈေးအရမ်းများသွားလို့ရှိရင် သက်သာခွင့်တွေ ထပ်ရှိသေးတယ်။ သိန်း ၃,၀၀၀ ကျော်သွားရင် အခွန်အချိုး နည်းနည်းနှိမ့်ပေးတာမျိုး ရှိသလို ရောင်းခွန် ၁၀ ရာခိုင်နှုန်းမှာလည်း သိန်း ၆,၀၀၀ ကျော်ရင် သက်သာခွင့်ရှိနေပြန်တယ်။ အစိုးရကတော့ အခွန်အဖြစ်ရရှိဖို့ ရည်ရွယ်ပေမယ့် ဒါမျိုးလုပ်စားနေတဲ့သူတွေလည်း ရှိပါတယ်”ဟု ဆိုသည်။
ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူများကြောင့် ပုံမှန်ထက် မြင့်တက်နေသော အိမ်ခြံမြေဈေးအား မီးထိုးပေးသလို ဖြစ်နေကြောင်း၊ စက်မှုဇုန်မြေကွက်များတွင် အများဆုံးဖြစ်နေပြီး ပုံမှန်စက်မှုလုပ်ငန်း ဆောင်ရွက်နေသူများအတွက် နစ်နာသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ရွှေပြည်သာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်က “အခုဆို စက်မှုဇုန်မြေတွေဆိုရင် တကယ်အလုပ်လုပ်သူတွေထက် အလုပ်မလုပ်ဘဲ မြေ၀ယ်ထားသူတွေ အများကြီးပါ။ သူတို့တွေ ဘယ်လို ရည်ရွယ်ချက်နဲ့ပဲဝယ်ဝယ် စက်မှုဇုန်ဈေးတွေ ပိုပိုကြီးလာတော့ အမှန်တကယ်မြေလိုတဲ့ လုပ်ငန်းရှင်တွေ လိုက်မ၀ယ်နိုင်တော့ဘူး”ဟု ဆိုသည်။
၂၀၁၄ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ သက်သာခွင့်များ မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်တွင် ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ၀ယ်ယူမှုတစ်ခု ပြုလုပ်ရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြနိုင်သော ၀င်ငွေများကို နုတ်ပယ်ပြီး ကျန်ငွေများကို အခွန်စည်းကြပ်ရာတွင် ၀င်ငွေ တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အား ၀င်ငွေခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁,၅၀၀ အား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း ၃,၀၀၀ အထိအား ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ အထက်အား ၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ကာ ၀ယ်ယူနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
Ref:mizizmaburmese

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!