နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေနှင့် မိမိနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Economic Growth) ကို အထောက်အပံ့ ပြုပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုများ (Investments) လိုအပ်ပေသည်။
ဤတွင် ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးဆက်အနေနှင့် ကုန်ထုတ်လုပ်မှုပမာဏ တိုးမြင့်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြင့်ခြင်း၊ နည်းပညာ အဆင့်အတန်း မြင့်မားခြင်းတို့ ဖြစ်စေရန်နှင့် ပြည်ပပို့ကုန် အချိုးအစားနှင့် ပြည်ပပို့ကုန် အရေအတွက်တို့လည်း မြင့်မား တိုးတက်လာစေရန် လိုအပ်ပေသည်။
ဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများမှ ကောင်းကျိုးများရှိမှသာ နိုင်ငံ၏ နိုင်ငံခြား အရန်ငွေကြေးပမာဏ (Foreign Currency Reserves) ၊ ပြည်တွင်း ဝယ်ယူစားသုံးနိုင်မှု ပမာဏ (Domestice Purchasing Power) တို့သည်လည်း တိုးတက် မြင့်မားလာစေမည် ဖြစ်သည်။
ဤကဲ့သို့ မဆောင်ရွက်နိုင်ပါက (တစ်နည်းအားဖြင့် မစီမံနိုင်ပါက) ရသင့်ရထိုက်သော အကျိုးအမြတ်များထက် ဘေးထွက်ဆိုးကျိုးများ (Side-Fffects) ကို ရင်ဆိုင်ရလေ့ရှိသည်။ ဥပမာအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ အနည်းငယ် တိုးတက်လာသော်လည်း ကုန်သွယ်ကုန်များ (Tradable Goods) ထုတ်လုပ် တင်ပို့ရောင်းချခြင်းထက် ကုန်သွယ် မဟုတ်ကုန်များ (Non-Tradable Goods) ပိုမိုရင်းနှီးမြှုပ်နှံခြင်း ပုံသဏ္ဌာန် ပိုမိုအားကောင်း လာတတ်ပြီး ပြည်တွင်း ကုန်ဈေးနှုန်းများလည်း မြင့်မား တိုးမြင့်လာလေ့ရှိသည်။ ယင်း၏အကျိုးဆက်မှာ စားသုံးကုန်ဈေးနှုန်းများ တက်လာလေ့ရှိခြင်း၊ ဝယ်ယူစားသုံးနိုင်စွမ်းအား ကျဆင်းလာလေ့ ရှိခြင်း၊ ပြည်တွင်း စုဆောင်းမှုနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ တက်သင့်သလောက် မတက်ခြင်းတို့အပြင် ပြည်တွင်း ကုန်ထုတ်လုပ်သူများ၏ ပြည်ပပို့ကုန် ထုတ်ကုန်များ တစ်စတစ်စ လျော့နည်း ကျဆင်းလာတတ်လေ့ ရှိသည်။
အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအနေနှင့် အဓိက ရင်ဆိုင်ရသော ပြဿနာမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု (နိုင်ငံသားတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ) ကို ပိုမိုမြင့်မားလာအောင် မဆောင်ရွက်နိုင်သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) ကိုသာ ပိုမိုအားထား ဆောင်ရွက်လေ့ရှိသည်။
တစ်ဖန် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ အားနည်းရခြင်းနှင့် အပြန်အလှန်အားဖြင့် ပြည်တွင်း ဘဏ်တိုးနှုန်း မြင့်မားနေခြင်း၊ အစိုးရ၏ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က မထိန်းကျောင်းနိုင်ခြင်းအပြင် ပြည်တွင်း ပဋိပက္ခများကို ပြေလည်အောင် ဖြေရှင်းနိုင်စွမ်း မရှိခြင်း အစရှိသော အကြောင်းတရားများ၏ ရလဒ်အဖြစ် အကျိုးတရားများအဖြစ် ရင်ဆိုင်ရလေ့ရှိပြီး ယင်းကို ကောင်းစွာဖြေရှင်းနိုင်မှသာ ရေရှည် စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Sustainable Economic Growth) ကို ရရှိနိုင်မည် ဖြစ်သည်။
ယင်းအပြင် ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် ကျင့်သုံးသော နိုင်ငံများတွင်မူ အစိုးရ၏ ဘဏ္ဍာရေးရငွေနှင့် သုံးငွေပုံသဏ္ဌာန်၊ သဘာဝ သယံဇာတများ ခွဲဝေသုံးစွဲမှု ပုံသဏ္ဌာန်၊ ဝင်ငွေခွဲဝေမှု ပုံသဏ္ဌာန်တို့ကို နိုင်ငံရေးပါတီများ၏ စီးပွားရေး မူဝါဒများ၏ အဓိကကျောရိုးအဖြစ် ထားရှိလေ့ရှိပြီး နိုင်ငံသားတို့၏ အခြေခံ စားဝတ်နေရေး အခြေအနေနှင့်တကွ နိုင်ငံ၏ စီးပွားရေး ပုံသဏ္ဌာန်မှာ တိုးတက် ကောင်းမွန်လာလေ့ ရှိသည်။ မြန်မာနိုင်ငံအနေနှင့် ၁၉၈၉ ခုနှစ်မှ ယနေ့ ၂၀၁၄ ခုနှစ်အထိ စာရင်းများအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ FDI မှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံခန့် ရှိလာပြီး ပြည်တွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၄၅၇၃ ကျပ်ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံခန့်) သာရှိနေသည်ကို နှိုင်းယှဉ် တွေ့မြင်ရသည်။
အဓိပ္ပာယ်မှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် GDP ၏အချိုးထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် GDP ၏ အချိုးက အဆမတန် မြင့်မားနေခြင်းပင် ဖြစ်သည်။
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
No comments:
Post a Comment