Popular Posts!
Friday, September 12, 2014
Foreign Domestic Workers (အိမ်အကူ၊ အိမ်ဖောလုပ်ငန်း၊ စင်ကာပူ) အကြောင်းသိကောင်းစရာ ဥပဒေ
Foreign Domestic Worker အကြောင်း သိကောင်းစရာ
Inbox
x
အေးငြိမ်း
5:49 PM (5 hours ago)
to me
HOME ဟု ရေးပြီး ဖွဘုတ်ပေါ်တင်လိုက်ရာမှ ဟိုလူတက်၊ ဒီလူတက်၊ ဟိုကရှယ်၊ ဒီကရှယ်ဖြင့် ကျွန်ုပ်မှာ အလိုလို နေရင်း ရွှေမန်းတင်မောင်ဖြစ် (ဟုတ်ပေါင်) နာမည်ကြီး (Name with font size 76) လာရလေ၏။ သို့ပြီးတကား ဟိုကမက်ဆေ့ပို့၊ သည်က ဖုံးခေါ်၊ ဖွဘုတ်ကျူရွမ်း (ဟုတ်ပေါင်) ချက်ရွမ်းမှ အကူအညီတောင်းဖြင့် ကျွန်ုပ်မှာ အလွန် အလုပ်ရှုပ်နေလေသော ဟူသတတ်။
အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်ရေးစဉ်က FDW - Foreign Domestic Worker (ကျေးဇူးပြု၍ maid ဟူ၍သော် လည်းကောင်း၊ အိမ်ဖော်ဟူ၍သော်လည်းကောင်း မသုံးပါနှင့်) များနှင့်ပတ်သက်၍ အနည်းငယ် ထည့်ရေးခဲ့ ၏။ သို့သော် အပြည့်အစုံမဟုတ်။ ယခု သည်အကြောင်း အပြည့်အစုံရေးလိုက်ရလျှင်ဖြင့် ၇ ရက်သားသမီးတို့ အကျိုးများ လိမ့်မည်ဟု ယူဆပါသဖြင့် (အခြားရေးစရာများ ဘေးဖယ်ထားလျက်) ဤစာကို ရေးပါသတည်း။
ဤစာများမှာ Government Gazette ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်၊ ည ၇း၀၀ နာရီတွင် ပထမအကြိမ် ထုတ်ပြန်ထားသော အီလက်ထရောနစ် အက်ဒီရှင် EMPLOYMENT OF FOREIGN MANPOWER ACT; EMPLOYMENT OF FOREIGN MANPOWER (WORK PASSES) REGULATIONS 2012 မှ ဖြစ်ပါသည်။
Foreign Domestic Worker ကို ရှေ့တွင် FDW ဟု သုံးစွဲသွားပါမည်။
မှတ်ချက်။            ။ ၁။ ဥပဒေကြီးတစ်ခုလုံးကို ဘာသာပြန်ထားခြင်းမဟုတ်ပါ။ Domestic worker များနှင့် ပတ်သက်သော အပိုင်းကိုသာ ထုတ်နုတ်ပြန်ဆိုထားခြင်း ဖြစ်၏။
၂။ ဥပဒေပါစာသားများအတိုင်း အတိအကျပြန်ဆိုထားခြင်းမဟုတ်ဘဲ မူရင်းအဓိပ္ပာယ်မပျောက်စေဘဲ အများနားလည်အောင် ရေးသားထားခြင်းဖြစ်ပါသည်။
=====================
၁။ အလုပ်ရှင်သည် FDW ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ကုန်ကျမှုအစုစုကို ကျခံရမည်။
၂။ အလုပ်ရှင်သည် FDW အတွက် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရန် လိုအပ်သော ပံ့ပိုးမှုများ လုပ်ပေးရမည်။ ထိုအထဲတွင်
    အောက်ပါတို့ပါဝင်၏။
၁) မြေညီထပ် သို့မဟုတ် ၀ရံတာဘက်တွင်ရှိသော ပြူတင်းပေါက်များမှ အပ ကျန်ပြူတင်းပေါက်များ၏ အပြင်ဘက် မျက်နှာပြင်၊ လက်လှမ်းမမီသောနေရာများကို သန့်ရှင်းရေး မလုပ်ခိုင်းရ။
၂) အထက် အပိုဒ် (၁) တွင်ဖော်ပြထားသော ပြူတင်းပေါက်များကို သန့်ရှင်းရေးလုပ်ခိုင်းရာတွင် -
က) ပြူတင်းပေါက် အကာအရံတန်းများ (grille) ကို သော့ခတ်ထား (သို့မဟုတ်) မပွင့်နိုင်စေရန် ခိုင်ခိုင်မြဲမြဲတုပ်နှောင်ထား ရမည်။
ခ) FDW သည် ပြူတင်းပေါက်အတွင်းဘက် အခန်းထဲ၌ပင် ရှိနေရမည်။
ဂ) လက်မှအပ FDW ၏ ခန္ဓာကိုယ်သည် အပြင်ဘက်သို့ ကိုင်းထွက်မနေစေရ။
ဃ) အထက် အပိုဒ် က၊ ခ၊ ဂ တို့တွင်ဖော်ပြထားသည်တို့ သေချာစေရန် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်၏ကိုယ်စား အရွယ်ရောက်သူ တစ်ဦးဦး၏ ကြီးကြပ်မှုအောက်တွင်သာ လုပ်စေရမည်။
၃။ အပိုဒ် (၂) တွင် ဖော်ပြထားသည်နှင့်ပတ်သက်၍ အလုပ်ခန့်ထားစဉ်အတွင်း FDW အား ၎င်း၏ ဘေးအန္တရာယ်ကင်းစေရေး အတွက် အန္တရာယ်တစုံတရာ မကျရောက်စေရ။ ထိုသို့အန္တရာယ်ကင်းရန် FDW သည် သင်တန်းတွင်ပို့ချလိုက်သည့်အတိုင်း၊ သက်ဆိုင်ရာ သင်တန်းစာအုပ်များတွင် ညွှန်ပြထားသည့်အတိုင်း လိုက်နာလုပ်ကိုင်ရမည်။ 
၎။ အလုပ်ရှင်သည် FDW အတွက် သင့်တော်သော နေရာထိုင်ခင်း စီစဉ်ပေးရမည်။ ထိုနေရာထိုင်ခင်းသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။
၅။ FDW သည် ၀ပ်ပါမစ်ကဒ်ပြားထဲ၌ ဖော်ပြထားသည့် လိပ်စာတွင်နေထိုင်ကြောင်း အလုပ်ရှင်သည် သေချာစေရမည်။
၆။ FDW ၏ ပုံသေလစာကို သတ်မှတ်ထားသော နောက်ဆုံးလခထုတ်ရက်မှ ၇ ရက်ထက်ပိုပြီး နောက်မကျစေဘဲ ထုတ်ပေး ရမည်။ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်တွင် သတ်မှတ်ထားသော လစာကာလမှာ တစ်လထက် မပိုစေရ။
၇။ FDW သည် လစာမဲ့ခွင့်နှင့် စင်ကာပူပြင်ပတွင် ရောက်ရှိနေသည်မှ အပ အလုပ်ရှင်သည် (အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ) -
က) WP လျှောက်ထားစဉ်အခါက ဖော်ပြထားသည့် ပုံသေလစာထက် မလျော့နည်းစေရဘဲ
ခ) အပိုင်း (၂)၊ အပိုဒ် ၅ (က) တွင်ဖော်ပြထားသကဲ့သို့ ပြန်လည်ညှိနှိုင်းထားသည့် လခထက် မလျော့နည်းစေရဘဲ ထုတ်ပေး ရမည်။
ထိုသို့ထုတ်ပေးရာတွင် သတ်မှတ်ထားသော နောက်ဆုံးလခထုတ်ရက်မှ ၇ ရက်ထက်ပိုပြီး နောက်မကျစေဘဲ ထုတ်ပေး ရမည်။ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်တွင် သတ်မှတ်ထားသော လစာကာလမှာ တစ်လထက် မပိုစေရ။
၇က။ အပိုဒ် ၆၊ ၇၊ ၇ခ တို့တွင်ဖော်ပြထားသည့် ပုံသေလစာဆိုသည်မှာ စုစုပေါင်းအခြေခံလစာ နှင့် လစဉ်ပုံသေခံစားခွင့်များကို ဆိုလိုသည်။
၇ခ။ အပိုဒ် ၇ တွင်ဖော်ပြထားသည့် ပြန်လည်ညှိနိုင်းထားသည့် လစာဟူသည် အပိုင်း ၂၊ အပိုဒ် ၅က အရ ပြန်လည် ညှိနှိုင်း ထားသော လခကိုဆိုလိုသည်။
၇ဂ။ အခြေခံလစာဆိုရာတွင် လတိုင်းပြောင်းလဲမနေသော ပေးစရာရှိသမျှအားလုံးပါသည့် ကန်ထရိုက်စာချုပ်ထဲတွင် ဖော်ပြထားသည့် ပုံသေလစာကို ဆိုလိုသည်။ သို့ရာတွင် ထိုလစာ၌ အောက်ပါတို့မပါဝင်ပါ။
က) အခြားခံစားခွင့်များ
ခ) အချိန်ပိုလုပ်အားခ၊ ဘိုးနပ်၊ ကော်မရှင်၊ နှစ်စဉ်ထပ်ဆောင်းပေးငွေ
ဂ) အခြားမည်သည့် ပေးငွေမဆို
ဃ) အလုပ်ခန့်ထားမှုအတွက် ကုန်ကျစရိတ်များ
င) စွမ်းဆောင်ရည်အတွက်ပေးသော ဆုကြေးငွေများ
စ) အလုပ်ရှင်က ပေးစရာရှိသော ငွေကြေးများ
ဆ) ဘောက်ဆူး၊ စုငွေ၊ ပင်စင်ကြေး စသည်
၇ဃ။ လစဉ်ပုံသေခံစားခွင့်ဆိုရာတွင် တစ်လနှင့်တစ်လ ပြောင်းလဲမနေသော ပုံသေခံစားခွင့်ကို ဆိုလိုသည်။ အထက် အပိုဒ် ၇ဂ။ ခ) မှ ဆ) အထိ ငွေကြေးများမပါဝင်ပါ။
၈။ MOM မှ လိုအပ်ချက်အရ ပြုလုပ်ရသော ဆေးစစ်ခြင်းများအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်မှ ကျခံရမည်။
၉။ အလုပ်ရှင်သည် ၎င်းကိုယ်တိုင် သို့မဟုတ် ၎င်းကိုယ်စားအခြားသူတစ်ဦးဦးအား FDW ကို အနိုင်အထက်မလုပ်ရ။ FDW အား အနိုင်အထက်ပြုခြင်းတွင် အောက်ပါတို့ပါဝင်သည်။
က) ကိုယ်ထိလက်ရောက် သို့မဟုတ် နသားပါးယားပြုခြင်း သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာ ခြိမ်းခြောက်မှုပြုခြင်း 
ခ) အလုပ်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက FDW ၏ ဘေးအန္တရာယ်ကင်းရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ထိခိုက်ဒဏ်ရာရစေခြင်း
ဂ) အလုပ်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက FDW ၏ ဘေးအန္တရာယ်ကင်းရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ထိခိုက်ဒဏ်ရာရစေနိုင်ခြင်းကို လျစ်လျူရှုထားခြင်း၊ သို့မဟုတ် ပစ်ပယ်ထားခြင်း
ဃ) အလုပ်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက FDW ၏ လူမှုဖူလုံရေး (welfare) ကို ထိခိုက်ပျက်ပြားစေခြင်း
၁၀။ အလုပ်ရှင်သည် FDW အား -
က) နေ့စဉ် နားချိန် လုံလောက်စွာပေးရမည်။
ခ) ၂၀၁၃၊ ဇန္န၀ါရီလ ၁ ရက်နေ့တွင် ထုတ်ပေးထားသော သို့မဟုတ် အသစ်လဲထားသော ၀ပ်ပါမစ်သမားများအတွက် နားရက် သတ်မှတ်ခြင်းမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ပါအတိုင်း ဖြစ်သည်။
၁၁။ အပိုဒ် ၁၂၊ ၁၃၊ ၁၄ တို့မှာ ၂၀၁၃၊ ဇန္န၀ါရီလ ၁ ရက်နေ့တွင် ထုတ်ပေးထားသော သို့မဟုတ် အသစ်လဲထားသော ၀ပ်ပါမစ် သမားများအတွက် ဖြစ်သည်။
၁၂။ အပိုဒ် ၁၃ အရ တနင်္ဂနွေနှင့် အများပြည်သူ အလုပ်ပိတ်ရက်များအပါအ၀င် အလုပ်ရှင်သည် FDW အား ၇ ရက်တွင် (လုပ်အားခမရသော) နားရက်တစ်ရက်ပေးရမည်။ ထိုနားရက်သည် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူထားသည့် အတိုင်း ၇ ရက်တစ်ပတ်အတွင်း မည်သည့်ရက်မဆို ဖြစ်နိုင်သည်။ 
၁၃။ အကယ်၍ အောက်ပါအတိုင်း အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုထားမည်ဆိုပါက အပိုဒ် ၁၂ တွင် မည်သို့ပင်ဆိုစေကာမူ အလုပ်ရှင်သည် FDW ကို နားရက် ၁ ရက်ပေးရန်မလိုပေ။ စာချုပ်၌ပါသည့်အတိုင်း ထို နားရက်၌ အလုပ်လုပ်ခြင်းအတွက် FDW သည် လုပ်အားခ ရရမည်။
က) အနားယူရက်တွင် အလုပ်လုပ်ရန်
ခ) အနားယူရက်တွင် အလုပ်လုပ်ခြင်းအတွက် -
၁) အခကြေးငွေမရပဲ နားရက် အစားတစ်ရက် ပြန်ပေးရန် (ထို အစားထိုးနားရက်သည် ထိုလအတွင်းသာဖြစ်ရမည်ဖြစ်ပြီး အလုပ်ရှင် အလုပ်သမားနှစ်ဦးနှစ်ဘက် သဘောတူထားရမည်။)
၂) ထို နားရက်တွင် အလုပ်လုပ်ခြင်းအတွက် သာမန်လုပ်ခထက် မလျော့နည်းသော လုပ်အားခကို ပေးရန်
၁၄။ အပိုဒ် ၁၂ နှင့် ၁၃ အတွက် -
က) တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်ကို နားရက်အဖြစ် ပေးပါမည်ဟု အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ထားပါမှ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်ကို နားရက်အဖြစ် သတ်မှတ်ပေးရမည်။
ခ) အကယ်၍ နားရက်အတွက် သတ်မှတ်ထားသော ၇ ရက်သည် ၂ လတွင် ခွပါနေပါက မည်သည့်လတွင် နားရက်ယူမည်ကို
အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ထားရမည်။
ဂ) အပိုဒ် ၁၃ တွင်ဖော်ပြထားသော နားရက်တွင် အလုပ်လုပ်ခြင်းအတွက် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ထားရမည်။
ဃ) အပိုဒ် ၁၃၊ ခ) ၂) တွင်ဖော်ပြထားသော နားရက်တွင် အလုပ်လုပ်ခြင်းအတွက် တစ်ရက်လုပ်ခ အခကြေးငွေမှာ အခြေခံ လစာကို ၂၆ နှင့်စား၍ တန်ဘိုးဖြစ်သည်။
င) ထို နားရက်တွင် အလုပ်လုပ်ခြင်းအတွက် ရရမည့် လုပ်ခကို အလုပ်ရှင်က FDW အား လာမည့် အနီးဆုံးထုတ်ရမည့် လခတွင် ထည့်ပေးရမည်။
၁၅။ အလုပ်ရှင်သည် FDW အား တရားမ၀င်သော၊ အကျင့်ပျက်စေသော၊ ကိုယ်ကျင့်တရားအရ မလိုလားအပ်သော မည်သည့်အပြုအမူ၊ အလုပ်မျိုးကိုမှ ခွင့်မပြုရ။
၁၆။ အလုပ်ရှင်သည် FDW ၏ မူရင်း ၀ပ်ပါမစ်ကဒ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိ။ FDW အားသာ မူရင်း ၀ပ်ပါမစ်ကဒ်ကို သိမ်းဆည်းထားစေရမည်။
၁၇။ အကယ်၍ ၀ပ်ပါမစ်ကဒ်ပေါ်တွင် ဖော်ပြထားသော အိမ်လိပ်စာပြောင်းသွားသည်ဆိုပါက အလုပ်ရှင်သည် MOM သို့ ပြောင်းသည်မှ ၁၄ ရက်အတွင်း အကြောင်းကြားရမည်။
၁၈။ အကယ်၍ FDW သည် စင်ကာပူနိုင်ငံအတွင်း သေဆုံးခဲ့ပါက အလုပ်ရှင်သည် သေဆုံးသူ FDW ၏ မိသားစု၏ ဆုံးဖြတ်ချက်အရ -
က) အောက်ပါစရိတ်များကို ကျခံရမည်။
၁) စင်ကာပူနိုင်ငံအတွင်း သဂြိုဟ်စရိတ်
၂) စင်ကာပူနိုင်ငံ၌ သဂြိုဟ်ပြီး ပြာအိုးကို မိခင်နိုင်ငံသို့ ပြန်ပို့စရိတ်
၃) အလောင်းကို မိခင်နိုင်ငံသို့ ပြန်ပို့စရိတ်
ခ) FDW ၏ ကျန်ခဲ့သော ပစ္စည်းများကို မိသားစုထံ ပြန်ပို့စရိတ်
ဂ) FDW အားပေးရန်ကျန်ရှိသော လခအားလုံး
၁၉။ အလုပ်ရှင်သည် အလုပ်ရှာအေးဂျင့်မှသော်လည်းကောင်း၊ အခြားသူတစ်ဦး တစ်ယောက်ထံမှသော်လည်းကောင်း FDW အား အလုပ်ခန့်ထားခြင်းအတွက် အခကြေးငွေ တစ်စုံတစ်ရာ မတောင်းရ။
ဝပ်ပါမစ်အား ပယ်ဖျက်ခြင်း (cancellation) နှင့် FDW အား ပြန်မပို့မီနှင့် ပြန်ပို့ချိန်တွင် ရှိသော တာဝန်များ
၂၀။ ၀ပ်ပါမစ်အား ပယ်ဖျက်ပြီး အလုပ်ရှင်သည် ၀ပ်ပါမစ်ကဒ်ကို ၇ ရက်အတွင်း MOM သို့ ပြန်ပို့ရမည်။
၂၀က။ အလုပ်ရှင်သည် FDW စင်ကာပူတွင်ရှိနေစဉ်အတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ကုန်ကျမှုအစုစုကို ကျခံရမည်။
၂၀ခ။ အလုပ်ရှင်သည် FDW အတွက် သင့်တော်သော နေရာထိုင်ခင်း စီစဉ်ပေးရမည်။ ထိုနေရာထိုင်ခင်းသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။
၂၁။ အပိုဒ် ၂၂ တွင် ဖော်ပြထားသကဲ့သို့ FDW ၏ ၀ပ်ပါမစ်ကဒ် သက်တမ်းကုန်လျှင် သို့မဟုတ် ပယ်ဖျက်ခံရလျှင် (နှင့်) ထို FDW အား အခြားအလုပ်ရှင်အသစ်ထံ အလုပ်ခန့်မထားမီ အလုပ်ရှင်သည် FDW ကို မိခင်နိုင်ငံထံပြန်ပို့ရန် လေဆိပ်သို့ လိုက်ပို့ရမည်။
၂၂။ အပိုဒ် ၂၁ တွင်ဖော်ပြထားသည်မှအပ အောက်ပါအခြေအနေတွင် အလုပ်ရှင်သည် FDW ကို မိခင်နိုင်ငံထံ ပြန်ပို့နိုင်သည်။
၁) FDW သည် အိမ်ပြန်ချင်ပါသည်ဟု တောင်းဆိုလာလျှင် (နှင့်) အလုပ်ရှင်သည် ပြန်မပို့မီ MOM သို့ ကြိုတင်အကြောင်းကြား ထားလျှင်
၂) MOM က ပြန်ပို့ခိုင်းလျှင်
၂၃။ MOM က ခွင့်ပြုသည်မှလွဲ၍ မည်သည့်အကြောင်းကြောင့် ပြန်ပို့သည်ဖြစ်စေ FDW အား ပြန်ပို့စရိတ်ကို အလုပ်ရှင်က ကျခံရမည်။ အလုပ်ရှင်သည် FDW အား ၎င်းရစရာရှိသော လခနှင့် အခကြေးငွေအားလုံးကို ပြန်မပို့မီ အကျေပေးရမည်။
=============== ပြီး၏။ ===============
Ref:
No. S 569 : EMPLOYMENT OF FOREIGN MANPOWER ACT; EMPLOYMENT OF FOREIGN MANPOWER (WORK PASSES) REGULATIONS 2012, FOURTH SCHEDULE, PART I.
CONDITIONS TO BE COMPLIED WITH BY EMPLOYER OF FOREIGN EMPLOYEE WHO IS DOMESTIC WORKER ISSUED WITH WORK PERMIT
Foreign Domestic Worker အကြောင်း သိကောင်းစရာ အပိုင်း (၂)
အေးငြိမ်း <phonemyatnyein@gmail.com>Tue, Apr 1, 2014 at 11:18 PM
To: uzawaung@gmail.com
FDW ဋီကာ
ယခင်ဆောင်းပါးက FDW နှင့် ပတ်သက်သည့် ဥပဒေကို အကျဉ်းရုံးရေးထားခြင်းဖြစ်သဖြင့် အချက်အလက်များသာ ပါ၏။ ဥပဒေဖြစ်သောကြောင့် ထိုအချက်အလက် အသေးစိတ်များကို ရှင်းပြမထား။ အခြား သိသင့်သိထိုက်သည်များကိုရော သိဘို့မကောင်းပါသလော။ အမှန်ပင် ကောင်း၏။
            ယခု ထိုအကြောင်း အသေးစိတ်ရေးပါမည်။ အသေးစိတ်ဖြစ်သဖြင့် အတော်ရှည်ပါမည်။ မူရင်း MOM website တွင် ဖော်ပြထားသည်ပင် ၄၃ မျက်နှာရှိ၏။ သို့သော်လည်း အူမချေးခါးမကျန် အကုန်လျှောက်ရေးမနေဘဲ လိုသလောက်သာ ထုတ်နုတ် ဖော်ပြပါမည်။ ဦးချစ်ရွှေကတော့ ခင်ဗျားဟာ ကောင်းတော့ကောင်းပါတယ်ဗျာ၊ ဒါပေမဲ့ အရှည်ကြီးဆိုတော့ (ဟေ့လူ၊ ဘာတွေလျှောက်တွေးနေတာလဲ၊ ဆောင်းပါးကိုပြောတာပါဗျ) စိတ်ပျက်ပျက်သွားတယ် ဆိုလေ၏။ ဘကြီးချစ်ရွှေ ကဲ့သို့ စိတ်မပျက်လိုသူများ မဖတ်ပါလေနှင့်။ ယခင်ဆောင်းပါးနှင့် လုံလောက်ပါသည်။
            ယခု ရေးထားသည်များမှာ စင်ကာပူအစိုးရ website ဖြစ်သော http://www.mom.gov.sg မှ ဖြစ်ပါသည်။ အီးလို ဖတ်ရမှ အားရသူများ http://www.mom.gov.sg/foreign-manpower/passes-visas/work-permit-fdw...  တွင် ဖတ်နိုင်ပါသည်။
၁။ အလုပ်ရှင်အတွက် လိုအပ်ချက်
            FDW ခန့်ထားမည့် အလုပ်ရှင်သည် အသက် ၂၁ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ဘင့်ခရပ် (bankrupt) ဖြစ်သူမဟုတ် စေရ။ FDW ခန့်ထားလျှင် ဘာတွေလိုက်နာရမည်ဆိုသည့်အကြောင်းနှင့် တာဝန်ဝတ္တရားများကိုသိရန် ၃ နာရီ သင်တန်း သွားတက်ရမည်။ ယခုမှ FDW အသစ်ခန့်ထားမည့် အလုပ်ရှင်များ၊ FDW မကြာခဏ ပြောင်းနေသူ (၃လ တစ်ကြိမ်ခန့်) အလုပ်ရှင်များ ထိုသင်တန်းကို တက်ရန် လို၏။ ၀ပ်ပါမစ်လျှောက်လွှာမတင်မီ အနည်းဆုံး ၂ ရက်အလိုတွင် ထိုသင်တန်း ပြီးဆုံးထားရမည်။ ထိုသင်တန်းကို စင်ကာပူပိုလီတွင် တက်နိုင်ပြီး သင်တန်းကြေး ၃၀ ဖြစ်သည်။
ကြီးတောင့်ကြီးမားကျမှ ကျောင်းသွားတက်ရမှာ ပျင်းသူများအဖို့ online EOP (Employers' Orientation Programme) တက်လို့ရပါသည်။ သင်တန်းကြေး ၄၀ ဖြစ်၏။ သို့သော် နာတာရှည်ရောဂါဖြစ်နေသူ၊ လမ်းမလျှောက်နိုင်သူ၊ အသက် ၆၀ ကျော်သဖြင့် သွားလာရေး ခက်ခဲသူ စသည်တို့ကိုမူ ထိုသင်တန်းမှ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။
တစ်နှစ်အတွင်း FDW လေးယောက်ထက် ပိုပြောင်းခြင်း
             တစ်နှစ်အတွင်း FDW လေးယောက်ထက် ပိုပြောင်းသော အလုပ်ရှင်များသည် နောက်တစ်ကြိမ် FDW ထပ်မံခန့် ထားလိုလျှင် သင်တန်းပြန်တက် သို့မဟုတ် MOM မှ အင်တာဗျူးပါမည်။
နာမည်ပျက်စာရင်းသွင်းခြင်း
            FDW ခန့်ထားရန် မသင့်တော်ဟု သတ်မှတ်ခံထားရသော အလုပ်ရှင်များအား နောက်ထပ် FDW ၀ပ်ပါမစ် လျှောက်ထားခွင့် မရှိ သို့မဟုတ် လက်ရှိ FDW ၀ပ်ပါမစ်ကို သက်တမ်းတိုးခွင့်မပြုပါ။ အောက်ပါအမှုများကျူးလွန်သူ အလုပ်ရှင်များကို နာမည်ပျက်စာရင်း သွင်းမည်။
Ø FDW အား ကိုယ်ထိလက်ရောက် နှင့်/သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ နှိပ်ကွပ်ခြင်း
Ø FDW အား မတရားသဖြင့်ပြုခြင်း၊ နှိပ်စက်ခြင်း။ ဥပမာ -
Ø လခမပေးဘဲထားခြင်း နှင့်/သို့မဟုတ်
Ø ထမင်းဝအောင် မကျွေးခြင်း၊ နားချိန်အလုံအလောက် မပေးခြင်း
Ø အန္တရာယ်ရှိသောအလုပ်များကို စေခိုင်းခြင်း၊ ဥပမာ - အထပ်မြင့်တွင်ရှိသော တိုက်ခန်း၏ ပြူတင်းပေါက် အပြင်ဘက် မျက်နှာပြင်ကို သန့်ရှင်းခိုင်းခြင်း
Ø တိုက်ခန်းအပြင်ဘက်တွင် အန္တရာယ်မကင်းစွာ အ၀တ်လှန်းခိုင်းခြင်း
Ø တရားမ၀င် FDW ခန့်ထားခြင်း
၂။ FDW အတွက် လိုအပ်ချက်
Ø မိန်းမဖြစ်ရမည်။
Ø အတည်ပြုထားသော နိုင်ငံများ (ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မကာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ သီရိလင်္ကာ၊ တိုင်ဝမ်း နှင့် ထိုင်း) မှ ဖြစ်ရမည်။
Ø ၀ပ်ပါမစ်လျှောက်ချိန်တွင် အသက် ၂၃ နှစ်အထက်၊ ၅၀ နှစ် အောက် ဖြစ်ရမည်။
Ø အနည်းဆုံး ၈ နှစ်ပညာသင်ခဲ့ဖူးသူဖြစ်ရမည်။ သတ်မှတ်ထားသော အောင်လက်မှတ်များ ရှိရမည်။
Ø မှတ်ချက်။  ။ မြန်မာအတွက် အခြေခံပညာအထက်တန်း (သောက်ကျိုးနဲ၊ မိတ်လုပ်တာတောင် ဆယ်တန်းတဲ့)
Ø စင်ကာပူရောက်ပြီး သုံးရက်အတွင်း SIP (Settling-in Programme) တက်ရမည်။ (၀ပ်ပါမစ်ထုတ်မပေးမီ)
Ø အလုပ်ရှင်၏ အိုင်စီ (NRIC) တွင်ဖော်ပြထားသည့်လိပ်စာအား FDW ၏ အလုပ်လုပ်ကိုင်သည့်နေရာအဖြစ် ခန့်ထားပေးရမည်။
Ø အလုပ်ရှင်၏ ဆွေမျိုးမဖြစ်စေရ။
Ø IPA (In-Principle Approval) ထုတ်မပေးမီနှင့် security bond $5000 တင်မပြီးမီ စင်ကာပူသို့ ရောက်မနေစေရ။ (သို့သော် လက်ရှိအလုပ်ရှင်တစ်ဦးထံ၌လုပ်ကိုင်နေပြီး နောက်ထပ်အလုပ်ရှင်အသစ်အတွက် ထပ်လျှောက်လိုသူများမပါ။)
ပထမဆုံးအကြိမ် အလုပ်ခန့်အပ်သော FDW
ပထမဦးဆုံးအကြိမ် အလုပ်ခန့်အပ်သော FDW ဆိုသည်မှာ -
Ø အလုပ်ခန့်ထားကြောင်း မှတ်တမ်းမှတ်ရာ MOM ၌ မရှိခြင်း
Ø အလုပ်ခန့်ထားကြောင်း မှတ်တမ်းမှတ်ရာ MOM ၌ ရှိသည့်တိုင် ယခင်လျှောက်ထားသောအလုပ်အတွက် ၀ပ်ပါမစ်ကဒ်ကို ထုတ်မယူခြင်း၊ ၀ပ်ပါမစ်ကဒ် ထုတ်ယူသည့်တိုင် ခဏသာ အလုပ်လုပ်ခြင်း၊ ၀ပ်ပါမစ်ကဒ်လျှောက်ထားသော်လည်း စင်ကာပူတွင် အလုပ်မလုပ်ခြင်း
၃။ ၀ပ်ပါမစ်လျှောက်ပြီး စင်ကာပူမရောက်ခင်
၎။ ပုံသေလစာ
            ပုံသေလစာဆိုသည်မှာ အခြေခံလစာ နှင့် လစဉ်ပုံသေခံစားခွင့် နှစ်ရပ်ပေါင်းဖြစ်သည်။ အခြေခံလစာဆိုရာတွင် လတိုင်းပြောင်းလဲမနေသော ပေးစရာရှိသမျှအားလုံးပါသည့် ကန်ထရိုက်စာချုပ်ထဲတွင် ဖော်ပြထားသော ပုံသေလစာကို ဆိုလိုသည်။ ထိုလစာ၌ အောက်ပါတို့မပါဝင်ပါ။
က) အခြားခံစားခွင့်များ
ခ) အချိန်ပိုလုပ်အားခ၊ ဘိုးနပ်၊ ကော်မရှင်၊ နှစ်စဉ်ထပ်ဆောင်းပေးငွေ
ဂ) အခြားမည်သည့် ပေးငွေမဆို
ဃ) အလုပ်ခန့်ထားမှုအတွက် ကုန်ကျစရိတ်များ
င) စွမ်းဆောင်ရည်အတွက်ပေးသော ဆုကြေးငွေများ
စ) အလုပ်ရှင်က ပေးစရာရှိသော ငွေကြေးများ
ဆ) ဘောက်ဆူး၊ စုငွေ၊ ပင်စင်ကြေး စသည်
လစဉ်ပုံသေခံစားခွင့်ဆိုသည်မှာ တစ်လနှင့်တစ်လ ပြောင်းလဲမနေသော ပုံသေခံစားခွင့် (ဥပမာ - စားစရိတ်နှင့် နေစရိတ်) ဖြစ်၏။ လစဉ်ပုံသေခံစားခွင့်ထဲ၌ အထက်တွင် ဖော်ပြထားခဲ့သည့် ခ) မှ ဆ) အထိ ငွေကြေးများမပါဝင်ပါ။ ထိုပုံသေ ခံစားခွင့်သည် အလုပ်သမား၏ လုပ်ရည်ကိုင်ရည်ကောင်းခြင်းမကောင်းခြင်း၊ ဆေးခွင့်၊ လုပ်သက်ခွင့်ယူခြင်းမယူခြင်းနှင့် မသက်ဆိုင်။ ပုံသေပေးရမည့် ခံစားခွင့်ဖြစ်သည်။
၅။ စင်ကာပူရောက်လာသည့်အခါ
စင်ကာပူသို့လာသည့်အခါ IPA သို့မဟုတ် Letter of Notification ကို ယူလာရမည်။ စင်ကာပူ လ.၀.က တွင် ထိုစာများကို ပြရန်လိုသည်။ ရောက်ပြီဆိုသည်နှင့် အောက်ပါတို့ကို အမြန်ပြုလုပ်ရမည်။
ü  SIP သင်တန်းတက်ခြင်း
ü  ဆေးစစ်ခြင်း
ü  ၀ပ်ပါမစ်လျှောက်ခြင်း
            SIP မှာ တစ်ရက်သင်တန်းဖြစ်၏။ မော်ဂျူး ၅ ခုပါသည်။ ၎င်းတို့မှာ -
၁။ စင်ကာပူဆိုတာဘာလဲ
၂။ အလုပ်ခန့်ထားခြင်းဆိုင်ရာ သိမှတ်စရာများ
၃။ အိမ်၌ ဘေးအန္တရာယ်ကင်းရှင်းရေး
၎။ အခြားနေရာများ၌ ဘေးအန္တရာယ်ကင်းရှင်းရေး
၅။ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ဖိစီးမှုကို ဖြေရှင်းနည်း - တို့ဖြစ်၏။
            ပိုမိုထိရောက်စေရန် SIP ကို မိခင်ဘာသာ (မြန်မာဘာသာ) ဖြင့်သင်ပေးပါသည်။ အေးဂျင့်များအနေနှင့် SIP တက်ပြီး သော FDW ကိုသာ အလုပ်ရှင်အိမ်သို့ ပို့ရမည်။ အလုပ်ရှင်အိမ်မပို့မီစပ်ကြား အေးဂျင့်သည် FDW ကို ကောင်းမွန်စွာ ထားရ မည်၊ လုံလုံလောက်လောက်ကျွေးရမည်။
(လက်တွေ့တွင်မူ အေးဂျင့်လုပ်သူများက FDW အားလုံးကို သူ့အိမ်တွင် ကျည်ကပ်အတွင်း ကျည်ဆံများထိုးထည့်သကဲ့သို့ ထည့်၊ သော့ခတ်လှောင်ထားကာ ခေါက်ဆွဲခြောက်ထုပ်များ ထားပေးထားတာသာ ဖြစ်ပါသည်။ ဗိုက်ဆာလာရင် ကိုယ့်ဘာသာကိုယ် ရေနွေးကြို၊ ခေါက်ဆွဲပြုတ်သောက်။) (အာ၊ ကျည်ကပ်ထဲ ကျည်ထိုးတာ မမြင်ဖူးရင် youtube မှာကြည့်ပေါ့လဗျာ။) 
            အကယ်၍ အကြောင်းမညီညွတ်၍ FDW သည် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ခွင့်မရ၊ ပြန်ပို့ရမည်ဆိုပါက ကုန်ကျစရိတ် အားလုံးကို အေးဂျင့်ကသာ ကျခံရမည်။ (ဘာကွ၊ေ-ာက်ရေးမပါတာ။ ဒါ - သူတို့အသုံးမကျလို့ ပြန်ရတဲ့ကိစ္စ၊ ငါက ဘာကိစ္စ ကုန်ကျစရိတ်ခံရမလဲ။) (မှန်ပါသည်ခင်ဗျား။ လက်တွေ့တွင် ကိုရွှေအေးဂျင့်များက FDW များထံမှ ရသမျှကို ကျောက်ခဲမှဆီညှစ်သကဲ့သို့ အသားကုန်ညှစ်ယူကြပါသည်။)
အောက်ပါတို့မှာ အလုပ်ရှင်များနှင့်သာ သက်ဆိုင်သဖြင့် သိရုံလောက်သာ အကြမ်းရေးပါမည်။
၆။ ဘေးအန္တရာယ်ကင်းရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခြင်း
            အေးဂျင့်သည် အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးအကြားတွင် ဘေးအန္တရာယ်ကင်းရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုရန် ဆောင်ရွက်ပေးရမည်။ သည်ကိစ္စကို FDW အား အလုပ်ရှင်အိမ်မပို့မီ အပြီးဆောင်ရွက်ထားရမည်။ (သို့သော် လက်ရှိလုပ်နေသူများအား သက်တမ်းတိုးသည့်ကိစ္စများတွင်မူ မလိုပါ။) ထိုစာချုပ်အတွင်း၌ ပြတင်းတံခါး အပြင်ဘက်ကို သန့်ရှင်းရေးလုပ်ခြင်းအတွက် MOM မှလိုအပ်ချက်များကို သေချာစွာ သိနားလည်စေရန် ရှင်းလင်းပြောပြရမည်။
            FDW အနေနှင့်လည်း အလုပ်ရှင်၏ ပြတင်းတံခါးအပြင်ဘက် သန့်ရှင်းရေးလုပ်မည်ဆိုခြင်းကို သိရှိကြောင်း လက်မှတ် ရေးထိုးရမည်။ ထိုစာချုပ်တွင် အေးဂျင့်၊ အလုပ်ရှင်၊ FDW အားလုံးလက်မှတ်ရေးထိုးပြီး တစ်ယောက်မိတ္တူတစ်စောင်စီ ယူထား ရမည်။
၇။ ဆေးစစ်ခြင်း
            စင်ကာပူရောက်ပြီး ၁၄ ရက်အတွင်း ဆေးစစ်ရမည်။ ဆေးစစ်အောင်မှ ၀ပ်ပါမစ်ကဒ် ထုတ်ပေးမည်။ (တီဗီ၊ HIV၊ ငှက်ဖျား၊ ဆစ်ဖလစ် စသည်) ရှိနေသဖြင့် ဆေးစစ်မအောင်သူများကို ပြန်ပို့မည်ဖြစ်သည်။ အလုပ်လုပ်ရန် သင့်တော်သော ကျန်းမာရေးရှိမရှိကိုလည်း စစ်ဆေးပါမည်။ (၉၆ပါး ရောဂါကင်းပြီး လုံးဝ ဒေါင်ဒေါင်မြည်နေရမည်ဟု မဆိုလိုပါ။) အလုပ်ရှင်က အခြားရောဂါများ စစ်ချင်သေးသည်ဆိုလျှင်လည်း စစ်ခွင့်ရှိသည်။ ဆေးစစ်ချက်ကို ဆရာဝန်ထံမှ တောင်းကြည့်နိုင်သည်။
၈။ ၀ပ်ပါမစ် လျှောက်ထားခြင်း
            ထို့နောက် FDW ၏ ပတ်စ်ပို့၊ White Card၊ ဆေးစစ်ပုံစံ၊ ၀ပ်ပါမစ်လျှောက်လွှာ၊ security bond များပူးတွဲကာ ၀ပ်ပါမစ်ကဒ် လျှောက်ထားနိုင်သည်။
၉။ MOM သို့ သတင်းပေးခြင်း
၁။ အလုပ်ရှင်ပြောင်းခြင်း
Ø FDW ၏ ၀ပ်ပါမစ်သက်တမ်းမကုန်မီ တစ်လအလိုတွင် အလုပ်ရှင်အသစ်သည် ၀ပ်ပါမစ်အသစ်ထပ်လျှောက်ရမည်။
Ø လက်ရှိအလုပ်လုပ်နေသော အလုပ်ရှင်သည် FDW ကို ၆ လတစ်ကြိမ် ပုံမှန်ဆေးစစ်ထားကြောင်း သေချာစေရမည်။
Ø အလုပ်ရှင်အသစ်၏လိပ်စာနှင့် ၀ပ်ပါမစ်ကဒ်အသစ်ထွက်လာမှသာလျှင် FDW သည် အလုပ်ရှင်အသစ်ထံ အလုပ်စ၀င်နိုင်သည်။
Ø အကယ်၍ အလုပ်သစ်ပြောင်းခြင်း မအောင်မြင်ပါက လက်ရှိအလုပ်ရှင်သည် FDW ၏ ၀ပ်ပါမစ်ကို cancel လုပ်ပြီး သို့မဟုတ် သက်တမ်းကုန်ပြီးနောက် ၇ ရက်အတွင်း FDW အား မိခင်နိုင်ငံသို့ ပြန်ပို့ရမည်။
၂။ လိပ်စာပြောင်းလျှင် အနီးဆုံးရဲစခန်း သို့မဟုတ် လ.၀.က (ICA) ရုံးသို့ သတင်းပို့ရမည်။
၃။ FDW ၏ ပတ်စ်ပို့နံပါတ်ပြောင်းလျှင်၊ သက်တမ်းတိုးခဲ့လျှင် သတင်းပို့ရမည်။
၎။ အကယ်၍ FDW သည် အကျင့်မကောင်း၊ သဘောထားဆိုးခဲ့သည်ဆိုပါက MOM သို့ သတင်းပို့နိုင်သည်။
၅။ အကယ်၍ FDW သည် ကိုယ်ဝန်ရှိခဲ့ပါက FDW ၏ အမည်၊ ၀ပ်ပါမစ်နံပါတ်၊ ကြင်သူ (ဟုတ်ပေါင်) လင်ယောက်ျား၏ နိုင်ငံသားခံယူထားသောတိုင်းပြည် စသည်တို့ကို ဖော်ပြ၍ အကြောင်းကြားရမည်။
၆။ အကယ်၍ FDW တစ်ဦးပျောက်ဆုံးခဲ့ပါက ရဲစခန်းသို့ အမြန်ဆုံးအကြောင်းကြားကာ ၎င်း၏ ၀ပ်ပါမစ်ကို cancel လုပ်ရမည်။
၇။ FDW ပျောက်ဆုံး၍ ၀ပ်ပါမစ်ကဒ် cancel လုပ်ရပါက deposit တင်ထားသော ဒေါ်လာ ၅၀၀၀ ဆုံးမည်။ (ထို FDW ကို ပြန်တွေ့လျှင် သို့မဟုတ် ပြန်လာခဲ့လျှင် ထို ၅၀၀၀ ရရန် ပြန်လျှောက်နိုင်သည်။)
၈။ အကယ်၍ FDW တစ်ဦး သေဆုံးခဲ့ပါက MOM သို့ သေဆုံးကြောင်းသိပြီး ၁၂ နာရီအတွင်း သတင်းပို့ရမည်။ သတင်းပို့ရန်
ရဲသို့သတင်းပို့ပါ။
FDW ၏ အမည်၊ ၀ပ်ပါမစ်နံပါတ်၊ သေဆုံးရခြင်းအကြောင်းရင်း၊ သေသည့်နေ့၊ အချိန်၊ နေရာ၊ အလုပ်ရှင်အမည် နှင့် ဆက်သွယ်ရန်နံပါတ်၊ သေဆုံးကြောင်းလက်မှတ်၊ သဂြိုဟ်မည်ဆိုလျှင် သဂြိုဟ်ခွင့်လက်မှတ်၊ အလောင်းကို မိခင်တိုင်းပြည်သို့ ပြန်ပို့မည်ဆိုပါက ပြန်ပို့မည့် လေယာဉ်လက်မှတ် တို့ကို ပူးတွဲလျှက် MOM သို့ အီးမေးပို့ အကြောင်းကြားရမည်။
အလုပ်ရှင်များအတွက် လမ်းညွှန်
ရောက်စ အခက်အခဲများ
၁။ FDW များသည် မည်သည့်ဒေသမှ လာမှန်းမသိ။ ထို့ကြောင့် ဆက်သွယ်ရန် ဘာသာစကားအခက်အခဲ ရှိနိုင်သည်။
၂။ မြို့ပြအသုံးအဆောင်များ (ဂက်စ်မီးဖို၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ မီးပူ၊ ဖုံစုပ်စက် စသည်) တို့ကို သုံးတတ်ချင်မှ သုံးတတ်မည်။
၃။ အထပ်မြင့်များတွင် နေသားကျချင်မှ ကျမည်။
၎။ ကလေးများကို ထိန်းကျောင်းရာတွင် သူတို့အလေ့အထနှင့် တူချင်မှတူမည်။
ကျန်းမာရေး
အနားယူခြင်း
ကောင်းစွာ အနားယူပါစေ။ (အထူးသဖြင့် ညပိုင်းတွင် လုံလောက်စွာအိပ်စက်ပါစေ။)
၁ - ၁ - ၂၀၁၃ နေ့မှစကာ ၇ ရက်တစ်ပတ်လျှင် တစ်ရက်နားခွင့်ပေးရန် သတ်မှတ်ထားသည်။
အကယ်၍ FDW သည် နားရက်တွင်အလုပ်လုပ်လိုသည့်ဆန္ဒရှိပါက ထိုရက်အတွက် ပိုက်ဆံပေးရမည်။
နေရာထိုင်ခင်း
Ø လေလုံမိုးလုံ နေရာထိုင်ခင်း စီစဉ်ပေးရမည်။
Ø မွေ့ယာ၊ ခေါင်းအုံး၊ စောင် စသည် ပေးရမည်။
Ø လေ၀င်လေထွက် ကောင်းကောင်း လုံလောက်ရမည်။ မလုံလောက်လျှင် ပန်ကာစီစဉ်ပေးရမည်။ 
Ø အန္တရာယ်ဖြစ်စေနိုင်သောနေရာတွင် မအိပ်စေရ။ ဥပမာ - ပြိုလဲကျတတ်သော စင်အနီး
Ø (တကယ့်လက်တွေ့မှာတော့ ကျောတစ်နေရာစာပဲ ချသာလောက်တဲ့ ကျပ်သိပ်နေတဲ့ စတိုခန်းထဲမှာ အိပ်ခိုင်းတာတွေလည်း ရှိတာပဲ။)
Ø အရွယ်ရောက်ကာလသား သို့မဟုတ် ဆယ်ကျော်သက်လူငယ်များနှင့် အတူမအိပ်ခိုင်းရ။
Ø ဖြစ်နိုင်လျှင် FDW အတွက် အခန်းသီးသန့်စီစဉ်ပေးရမည်။ မဖြစ်နိုင်ပါက အနားယူရန် လုံလောက်သောအခန်း အနားယူနေစဉ် အနှောင့်အယှက်မပြုနိုင်သောအခန်း (privacy) စီစဉ်ပေးရမည်။
ဆေးကုသမှုခံယူခြင်း
လိုအပ်သမျှ ဆေးကုသမှုအားလုံး စီစဉ်ပေးရမည်။ ဆေးကုသစရိတ်အားလုံးကို အလုပ်ရှင်မှ ကျခံရမည်။
ဆေးအာမခံ စင်းဒေါ်လာ တစ်သောင်းခွဲတင်ထားရမည်။ ဆေးကုသစရိတ်များကို ထိုအာမခံကုမ္ပဏီမှ တောင်းယူနိုင်သည်။
ထိခိုက်မှုအာမခံ စင်းဒေါ်လာ လေးသောင်းတင်ထားရမည်။ ထိခိုက်ရှနာမှုများအတွက် ထိုအာမခံကုမ္ပဏီထံမှ လျော်ကြေး တောင်းနိုင်သည်။
ပြင်ပအဆက်အသွယ်
FDW သည် ရောက်စ၌ အိမ်လွမ်းနေတတ်မည်။ အထီးကျန်ဆန်နေမည်။ ဤသည်တို့ကိုကုစားရန် သူ့ကို အိမ်နှင့် ဖုံးပြောခြင်း၊ အခြားမိတ်ဆွေများနှင့် ပြောဆိုဆက်ဆံခြင်းများကို ခွင့်ပြုရမည်။
            FDW သည် တောမှလာသူဖြစ်လျှင် အပြောအဆို၊ ပေါင်းသင်းဆက်ဆံရေး မပြေမပြစ်ဖြစ်နေတတ်သည်။ ဤသည် ကို အိမ်ရှင်က နားလည်ပြီး မိမိ မိသားစုဝင်တစ်ဦးကဲ့သို့ ပြုမူဆက်ဆံရန်၊ မိမိ မိသားစုများနှင့် ချစ်ခင်ရင်းနှီးလာရန် ပြုပြင် ပေးရမည်။ အချင်းချင်းနားလည်မှုလွဲစေမည့် အချင်းအရာများကို ပြေလည်အောင် ဖြေရှင်းပေးခြင်းဖြင့် မိသားစုနှင့် FDW အကြား ပြဿနာကို လျှော့ချနိုင်သည်။ ဤနည်းအားဖြင့် FDW ၏ လုပ်ကိုင်ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေသည်။
အလုပ်ခန့်ထားခြင်း ဥပဒေ
            မိမိအိမ်တွင် FDW အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် အလုပ်ရှင်တွင် တာဝန်ရှိသည်။ ဤသည်တို့ကို ၃ နာရီသင်တန်းတွင် လေ့ကျင့်သင်ကြားပေးပြီး ဖြစ်၏။
            FDW သည် (နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ) Employment Act နှင့် အကြုံးမ၀င်ပါ။ တစ်နေ့ကို ဘယ်နှစ်   နာရီအလုပ်လုပ်ရမည်၊ မည်သည့်ရက်တွင်နားရမည်၊ တနင်္ဂနွေနှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် နား၊ မနား ဆိုသည်တို့ မှာ ပြောရခက်ပါသည်။ ဤသည်တို့ကို အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ဖြင့်သာ သတ်မှတ်ရမည်။ စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့ကဲ့သို့ အချိန်ပိုလုပ်အားခ၊ နားရက် စသည်တို့ကိုလည်း တွက်ချက်ရန် မလွယ်ကူပါ။
နှစ်ဦးသဘောတူစာချုပ်
            အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးကြား အငြင်းပွားမှုမရှိရလေအောင် နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုထားသင့်ပါသည်။ ဤစာချုပ်ကို အေးဂျင့်က ပြင်ဆင်ပေးနိုင်သည်။ အလုပ်ရှင်ဘက်မှ ပြဿနာရှာလာလျှင် FDW သည် MOM သို့ စောဒက တက်နိုင်သည်။ MOM က အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးကြားပြေလည်အောင် ညှိနှိုင်းပေးမည်။
လခ
            လုပ်ရမည့်လုပ်ငန်းအတိုင်းအတာပေါ်မူတည်၍ လခကို ညှိနိုင်သည်။ အလုပ်ရှင်သည် MOM သို့ တင်ပြထားသည့် လခအတိုင်း FDW အားပေးရမည်။ လခကို လခပေးရက်မှ ၇ ရက်ထက်ပိုပြီး နောက်မကျစေဘဲ ထုတ်ပေးရမည်။ လခတွက်ရန် သဘောတူထားသည့်ကာလသည် တစ်လထက် မပိုစေရ။ အလုပ်ရှင်သည် လခပေးသည့်မှတ်တမ်းများကို သိမ်းဆည်းထားရ မည်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက မေးလာခဲ့သော် ထုတ်ပြနိုင်ရမည်။
လဲဗီး (Levy)
            FDW စင်ကာပူရောက်ပြီးသည်၏ စတုတ္ထမြောက်နေ့မှစကာ လဲဗီးပေးရမည်။ လဲဗီးနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်၏။
လစဉ်
နေ့စဉ်
မှတ်ချက်
သာမန်
၂၆၅
၈.၇၂
တစ်လအပြည့်မလုပ်ရသော နေ့များအတွက် နေ့စဉ်နှုန်းဖြင့်တွက်သည်။
Concession
၁၂၀
၃.၉၅
ကလေးငယ်များ၊ မသန်မစွမ်းရှိသူများအတွက် အထူးနှုန်း
            လိပ်စာပြောင်းပါက ၁၄ ရက်အတွင်း MOM သို့ အကြောင်းကြားရမည်။
            FDW အား ဆက်လက်မခန့်ထားတော့လျှင် ၀ပ်ပါမစ် cancel မလုပ်မီ ပေးစရာရှိသမျှ အကုန်ရှင်းပေးရမည်။ ၀ပ်ပါမစ် cancel လုပ်ပြီးလျှင် FDW အား မိခင်နိုင်ငံသို့ ပြန်ပို့ရမည်။ ပျက်ကွက်ခဲ့ပါက တင်ထားသော security bond စင်းဒေါ်လာ ၅၀၀၀ ဆုံးမည်။
အငြင်းပွားခြင်း
            လူတို့သဘာဝ အလုပ်ရှင်နှင့် FDW တို့အကြား အငြင်းပွားမှုများ ပေါ်ပေါက်တတ်သည်။ ထိုသို့အငြင်းပွားမှုများ ပေါ်လာပါက ဦးစွာ အချင်းချင်းညှိပါ။ မပြေလည်သေးပါက အေးဂျင့်ခေါ်ပါ။ ဒါမှမရသေးလျှင် MOM သို့လာပါ။ FDW သည် မတရားပြုမူနေသည်ဟု သံသယရှိသည့်တိုင် အလုပ်ရှင်အနေနှင့် FDW ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခွင့် လုံးဝ မရှိပါ။ မကျေနပ်ဘူးလား။ MOM ဖုံးနံပါတ် 6438 5122 သို့ခေါ်ပါ။
မတရားသဖြင့် ပြုမူခြင်း
အလုပ်ရှင်က FDW အပေါ်မတရားသဖြင့်ပြုခြင်းအပေါ် MOM က ပြင်းပြင်းထန်ထန် ကိုင်တွယ်ပါသည်။ ဤကဲ့သို့ ကျူးလွန်ခြင်းအတွက် ပုလိပ် (ဟုတ်ပေါင်) ရဲက သေသေချာချာစစ်ဆေးပါလိမ့်မည်။ ပြစ်မှုကျူးလွန်ကြောင်းသေချာလျှင် ရုံးတင်တရားစွဲမည်၊ ထောင်ချမည်၊ ကြိမ်နှင့်ဆော်မည်၊ ငွေဒဏ်ရိုက်မည်။
            ဤကဲ့သို့ ပြစ်မှုကျူးလွန်ထားသူ အလုပ်ရှင်လင်မယားအား FDW ခန့််ထားခွင့်ကို တစ်သက်တာ ပိတ်ပင်မည်။
ကျူးလွန်သောပြစ်မှုအလိုက် ချမှတ်မည့် ပြစ်ဒဏ်များအနက် အချို့မှာ အောက်ပါတို့ဖြစ်ပါသည်။ (ယီးတီးယားတား လုပ်ချင်တဲ့သူတွေ မလုပ်ရဲအောင် ဒါလေးတော့ အပြည့်အစုံဖော်ပြလိုက်မဗျို့။)
ကျူးလွန်သောပြစ်မှု
ပြစ်ဒဏ်
ရည်ရွယ်ချက်ရှိရှိ နာကျင်စေခြင်း
ထောင် ၁ နှစ် နှင့်/သို့မဟုတ် ဒဏ်ငွေ စင်းဒေါ်လာ ၁၅၀၀
အန္တရာယ်များသော လက်နက် သို့မဟုတ် ပစ္စည်းဖြင့် ရည်ရွယ်ချက်ရှိရှိ နာကျင်စေခြင်း
ထောင် ၅ နှစ်၊ ကြိမ်ဒဏ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထိုသုံးမျိုးအနက် နှစ်မျိုး
ရည်ရွယ်ချက်ရှိရှိ အလွန်ပြင်းထန်စွာ နာကျင်စေခြင်း
ထောင် ၇ နှစ်၊ ကျူးလွန်သူများအား ကြိမ်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်မည်။
မတရားသဖြင့် အကျဉ်းချ/ချုပ်နှောင်ထားခြင်း
ထောင် ၁ နှစ် နှင့်/သို့မဟုတ် ဒဏ်ငွေ စင်းဒေါ်လာ ၁၀၀၀
မတရားသဖြင့် ၃ ရက် သို့မဟုတ် ထို့ထက်ပို၍ အကျဉ်းချ/ချုပ်နှောင်ထားခြင်း
ထောင် ၂ နှစ် နှင့်/သို့မဟုတ် ငွေဒဏ်
မတရားသဖြင့် ၁၀ ရက် သို့မဟုတ် ထို့ထက်ပို၍ အကျဉ်းချ/ချုပ်နှောင်ထားခြင်း
ထောင် ၃ နှစ် နှင့် ငွေဒဏ်
နသားပါးယားလုပ်လိုသောစိတ်ဖြင့် စကားနှင့် သော်လည်းကောင်း၊ လက်ဟန်ခြေဟန်နှင့်သော် လည်းကောင်း မြှုဆွယ်ခြင်း
ထောင် ၁ နှစ် နှင့်/သို့မဟုတ် ငွေဒဏ်
နသားပါးယားလုပ်လိုသောစိတ်ဖြင့် အတင်းရော အဓမ္မပါ တွန်းလှဲခြင်း စသဖြင့် ဗလက်ကာယပြုခြင်း
ထောင် ၂ နှစ်၊ ကြိမ်ဒဏ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထိုသုံးမျိုးအနက် နှစ်မျိုး
အတင်းရော အဓမ္မပါ ဗလက်ကာယပြုခြင်း
ထောင် ၂ နှစ် နှင့်/သို့မဟုတ် ငွေဒဏ် ။ နာကျင်စေပါက ကြိမ်ဒဏ်နှင့် ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်
နသားပါးယားပြုခြင်း (rape)
ထောင်ဒဏ် ၈ နှစ်မှ ၁၀ နှစ် နှင့်/သို့မဟုတ် ၁၂ ချက်ထက် မနည်းသော ကြိမ်ဒဏ် (မှတ်လဟ)
ရာဇ၀တ်မှုမြောက်သော ခြိမ်းခြောက်မှု
ထောင် ၂ နှစ် နှင့်/သို့မဟုတ် ငွေဒဏ်။ အကယ်၍ ခြိမ်းခြောက်မှု သည် အသက်အန္တရာယ်ရှိပါက သို့မဟုတ် အလွန်ပြင်းထန်စွာ နာကျင်စေနိုင်ပါက ထောင်ဒဏ် ၇ နှစ်နှင့်အထက် နှင့်/သို့မဟုတ် ငွေဒဏ်
တရားမ၀င် FDW ခန့်ထားသူများအား ငွေဒဏ် စင်းဒေါ်လာ ၅၀၀၀ ထိ တပ်ရိုက်နိုင်သည်။ ပြစ်မှုကျူးလွန်ကြောင်း သေချာသူ များအား FDW ခန့်ထားခြင်းကို တစ်သက်တာ ပိတ်မည်။ တင်ထားသော security deposit ၅၀၀၀ ဆုံးမည်။
အဲဒါပါဘဲဗျာ။
တော်ပြီဗျို့၊ ခင်ဗျားတို့ ဖတ်တဲ့သူတွေတော့ မပြောတတ်ဘူး။ ကျုပ်တော့ ရေးနေရင်း ပျင်းလွန်းမက ပျင်းလာလို့ မနည်းပြီးအောင် အတင်းတွန်းထိုးရေးလိုက်ရတယ်။
အားလုံးပြီးအောင် မပျင်းမရိဖတ်သူများကို ကျေးဇူးတင်ပါသည်။
ရေးသူကရေးတာတောင် အကုန်မဖတ်ရင်တော့ အဲဒီသူတွေကို လမ်းမှာတွေ့ရင် လဖက်ရည်မတိုက်ဘူးဗျာ၊ ဟင်းဟင်း။
အေးငြိမ်း
၁ ဧပြီ၊ ၂၀၁၄။ ည ၉း၃၅ နာရီ
PPE စာအုပ်ကို ဆက်ရေးပါမည်။
Ref:myanmar in Singapore
No comments:
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!